တထာဂတသုတ်

ဝီကီပီးဒီးယား မှ

(၃)သုတ် ရှိပါသည်။

[၁] အပဒ၊ ဒွိပဒ၊ စတုပ္ပဒ၊ ဗဟုပ္ပဒ၊ ရူပီ၊ အရူပီ၊ သညီ၊ အသညီ၊ နေဝသညီ နာသညီ သတ္တဝါအားလုံးတို့ထက် အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ဘုရားရှင်သည် အမြတ်ဆုံးဖြစ်သကဲ့သို့ ထို့အတူ ကုသိုလ်တရားအားလုံးတို့သည် အပ္ပမာဒ တရားလျှင် အကြောင်းရင်းရှိကုန်၏။ အပ္ပမာဒတရား၌ အကျုံးဝင်ပါဝင်ကုန်၏။ အပ္ပမာဒတရားကို ကုသိုလ်တရားအားလုံးတို့ထက် အမြတ်ဆုံးဟု ဟောကြားအပ်၏။ အပ္ပမာဒတရားနှင့် ပြည့်စုံသောရဟန်းသည် အဋ္ဌင်္ဂိကအရိယမဂ်ကို ပွားများလိမ့်မည်။ ကြိမ်ဖန်များစွာ အလေ့အလာပြုလိမ့်မည်။

ဤသာသနာတော်၌ ရဟန်းတော်သည် အဋ္ဌင်္ဂိကအရိယမဂ်ကို ဝိဝေကနိဿိတ၊ ဝိရာဂနိဿိတ၊ နိရောဓနိဿိတ၊ ဝေါဿဂ္ဂပရိဏာမီ ဖြစ်အောင်ပွားများ ကြိမ်ဖန် များစွာ အလေ့အလာပြု၏။

ရာဂဝိနယပရိယောသာန၊ ဒေါသဝိနယပရိယောသာန၊ မောဟဝိနယ ပရိယောသာန ဖြစ်အောင်ပွားများ၏။ ကြိမ်ဖန်များစွာ အလေ့အလာပြု၏။

အမတောဂဓ၊ အမတပရာယန၊ အမတပရိယောသာန ဖြစ်အောင်ပွားများ၏။ ကြိမ်ဖန်များစွာအလေ့အလာပြု၏။ နိဗ္ဗာနနိန္ဒ၊ နိဗ္ဗာနပေါဏ၊ နိဗ္ဗာနပဗ္ဘာရ ဖြစ်အောင်ပွားများ၏။ ကြိမ်ဖန်များစွာ အလေ့အလာပြု၏ဟု အရိယမဂ္ဂင် တစ်ပါးစီ တစ်ပါးစီ ပွားများပုံကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ အပ္ပမာဒတရား၏ မြင့်မြတ်ပုံကို ဖွင့်ဆိုထားပါသည်။


[၂] မြတ်စွာဘုရားသည် ဣဒ္ဓိပါဒ်လေးပါးတို့ကို ပွားများသည်ရှိသော် ဣဒ္ဓိပါဒ် လေးပါးတို့သည် အလွန်တွန့်တိုဆုတ်နစ်ခြင်း၊ အလွန်တက်ကြွခြင်းမရှိ၊ အဇ္ဈတ္တသန္တာန် ၌လည်း မကြုံ၊ ဗဟိဒ္ဓသန္တာန်၌လည်း မပြန့်လွင့်။ ရှေ့နောက်၊ အထက်အောက်၊ နေ့ ည၌အဖို့တို့၌ အမှတ်သညာရှိလျက်နေ၏။ ဤသို့မြှေးယှက်ခြင်းမရှိ ပွင့်လင်းသော စိတ်ဖြင့် အရောင်အလင်းရှိလာအောင် စိတ်ကိုပွားများ၏။ ဤဣဒ္ဓိပါဒ်လေးပါးတို့ကို ပွားများခြင်း၊ ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မြတ်စွာဘုရားသည် သို့ကလောက် တန်ခိုးအာနုဘော်ကြီးမား၏။ ဣဒ္ဓိဝိဓအဘိညဉ်ဖြင့် တန်ခိုးအမျိုးမျိုးဖြစ်အောင် ပြုနိုင်၏။ အာသဝေါတရားတို့ကုန်ခြင်းကြောင့် အာသဝ(ကိလေသာ) မရှိသော စေတောဝိ မုတ္တိ၊ ပညာဝိမုတ္တိကို မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် မျက်မှောက် ပြု ပြည့်စုံစေလျက် နေတော်မူ၏ဟု ဣဒ္ဓိပါဒ်တစ်ပါးစီ တစ်ပါးစီပွားများပုံကို ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။


[၃] မြတ်စွာဘုရားရှင်တို့အား သစ္စာလေးပါးတရားတို့၌ သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ်ဖြစ်ပုံကို ဓမ္မစက္ကပဝတ္တနသုတ် ဒေသနာတော်အတိုင်း ဘုရားရှင် ကာသိ နိုင်ငံ ဗာရာဏသီမြို့တော်အနီး ဣသိပတနမိဂဒါယ၌ ပဉ္စဝဂ္ဂီရဟန်းတော်တို့အား ဟောတော်မူသည့်သုတ်။ [၄]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၃၊၃၈-၄၀။ သံ၊မြန်၊၃၊၄၀-၂။ သံ၊ဋ္ဌ၊၃၊၁၇ဝ။ သံ၊ဋီ၊၂၊၄၁၀။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၅-အပ္ပမာဒပေယျာလဝဂ္ဂ၊ ပဌမသုတ်။
  2. -သံ၊၃၊၂၅၃-၄။ သံ၊မြန်၊၃၊၂၅၆-၇။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၇-ဣဒ္ဓိပါဒသံယုတ္တ၊ ၃-အယောဂုဠဝဂ္ဂ၊ ဒသမသုတ်။
  3. -သံ၊၃၊၃၇၁-၂။ သံ၊မြန်၊၃၊၃၇၇-၈။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၁၂-သစ္စသံယုတ္တ၊ ၂-ဓမ္မစက္ကပဝတ္တနဝဂ္ဂ၊ ဒုတိယသုတ်။
  4. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ