တဏှာသုတ်
ပိဋကတ် သုံးပုံ |
---|
ဝိနယပိဋက |
သုတ္တန်ပိဋကတ် |
အဘိဓမ္မာပိဋကတ် |
(၉) သုတ်ရှိပါသည်။
[၁] အညတရနတ်သား၏ လျှောက်ထားချက်အရ လောကကို တဏှာသည် ဆောင်အပ်၏။ တဏှာဖြင့် ဆွဲငင်အပ်၏။ အလုံးစုံသော (တဏှာနှင့်စပ်) သူတို့သည် တဏှာဟူသော တစ်ခုတည်းသောဓမ္မ၏အလိုသို့ လိုက်ပါနေကြရကုန်၏ဟု ဘုရားရှင် ဖြေကြားတော်မူသည့်သုတ်။
[၂] ရူပတဏှာအစရှိသော တဏှာ(၆)ပါးတရားတို့ကို တစ်ပါးစီ တစ်ပါးစီ အနတ္တ လက္ခဏသုတ် ဒေသနာတော်အတိုင်း အရှင်ရာဟုလာအား ဘုရားရှင် ဟောတော်မူသည့်သုတ်။
[၃] -ရူပတဏှာအစရှိသော တဏှာ (၆)ပါး၏ ဥပ္ပါဒသည် ဒုက္ခ၏ဥပ္ပါဒ။
-ရူပတဏှာအစရှိသော တဏှာ (၆)ပါး၏ ဌိတိသည် ရောဂါတို့၏ဌိတိ။
-ရူပတဏှာအစရှိသော တဏှာ (၆)ပါး၏ ပါတုဘာဝသည် ဇရာမရဏ၏ ပါတုဘာဝ။
-ရူပတဏှာအစရှိသော တဏှာ (၆)ပါး၏ နိရောဓသည် ဒုက္ခ၏နိရောဓ။
-ရူပတဏှာအစရှိသော တဏှာ (၆)ပါး၏ ဝူပသမသည် ရောဂါတို့၏ ဝူပသမ။
-ရူပတဏှာအစရှိသော တဏှာ (၆)ပါး၏ အတ္ထင်္ဂမသည် ဇရာမရဏ၏ အတ္ထင်္ဂမ။ ဖြစ်ပုံကို တစ်ပါးစီ တစ်ပါးစီ ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။
[၄] ရူပတဏှာအစရှိသော တဏှာ(၆)ပါးတို့၌ (ဖြစ်သော) ဆန္ဒရာဂသည် စိတ်၏ ဥပက္ကိလေသတည်း။ ဤတဏှာတရား (၆)ပါးတို့၌ စိတ်၏ဥပက္ကိလေသကို ပယ်ပြီးသောအခါ စိတ်သည် နေက္ခမ္မ၌ ညွတ်ကိုင်း၏။ နေက္ခမ္မ၌ ပွားများအပ် ထုံအပ်သော စိတ်သည် ထူးသောဉာဏ်ဖြင့်သိ၍ မျက်မှောက်ပြုအပ်သောတရားတို့၌ပြုရန် သင့်လျော်သည်ဖြစ်၍ထင်၏ဟု ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။
[၅] ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာဟူသော တဏှာသုံးပါးတို့ကို ထူးသောဉာဏ်ဖြင့် သိမြင်ရန်၊ ပိုင်းခြား၍သိမြင်ရန် ယင်းတို့ကို ကုန်စေရန် ပယ်စွန့်နိုင်ရန် အဋ္ဌင်္ဂိကအရိယာမဂ်ကို ဝိဝေကနိဿိတ, ဝိရာဂနိဿိတ, နိရောဓနိဿိတ, ဝေါဿဂ္ဂပရိဏာမီဖြစ်အောင် ပွားများရမည်ဟု အရိယာမဂ် တစ်ပါးစီ တစ်ပါးစီ ပွားများရန် ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။
[၆] တဏှာသည် လွှမ်းမိုးနှိပ်စက်အပ်သော ထက်ဝန်းကျင်မှ မြှေးယှက်ထားအပ်သောကြောင့် ရက်ကန်းသည်တို့၏ ချည်ထွေးကဲ့သို့လည်းကောင်း၊ စာပေါင်းသိုက်ကဲ့ သို့လည်းကောင်း၊ ဖြူဆံမြက် ဗြိတ်မြက်ကဲ့သို့ဖြစ်နေသော ဤသတ္တလောကသည် အပါယ၊ ဒုဂ္ဂတိ၊ ဝိနိပါတဖြစ်သော သံသရာဝဋ်ဆင်းရဲကို မလွန်မြောက်နိုင်။ ကွန်ယက် နှင့်တူသော ရွှေ့ပြောင်းလှည့်လည်တတ် ကပ်ငြိတတ်သောတဏှာဟူသည် တဏှာ ဝိစရိုက်တရား (၁၀၈)ပါးတို့ပေတည်း။ အဇ္ဈတ္တခန္ဓာငါးပါးကို စွဲ၍ဖြစ်သော တဏှာဝိစရိုက်တရား (၁၈)ပါး၊ ဗဟိဒ္ဓခန္ဓာ ငါးပါးကို စွဲ၍ဖြစ်သော တဏှာဝိစရိုက်တရား (၁၈)ပါး၊ နှစ်ခုပေါင်းလိုက်လျှင် ပစ္စုပ္ပန် တဏှာဝိစရိုက်တရား (၃၆)ပါး၊ အတိတ်တဏှာဝိစရိုက်တရား (၃၆)ပါး၊ အနာဂတ် တဏှာဝိစရိုက်တရား (၃၆)ပါးအားဖြင့် တဏှာဝိစရိုက်တရား (၁၀၈)ပါး ဖြစ်နေပုံကို ဘုရားရှင်က ရဟန်းတို့အား ဟောတော်မူသည့်သုတ်။
အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များ ရှိပါသည်။
[၇] ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာဟူသော တဏှာသုံးပါး၊ မာန ဩမာန အတိမာနဟူသော မာနသုံးပါးတို့ကို ပယ်ပြီးသောရဟန်းကို တဏှာကို အရဟတ္တမဂ်ဖြင့် ဖြတ်ပြီးသူ၊ သံယောဇဉ်တို့ကို လွန်မြောက်ပြီးသူ၊ မာနကို အရဟတ္တ မဂ်ဖြင့် အကြွင်းမဲ့ပယ်ခြင်းကြောင့် ဝဋ်ဆင်းရဲ၏အဆုံးကို ပြုပြီးသူဟု ဆိုအပ်ကြောင်း ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။
[၈] ဘဝတဏှာ၏ ရှေးအစွန်းသည် မထင်ရှား၊ ထိုသို့ မထင်ရှားသော်လည်း ဘဝတဏှာ၏အကြောင်းကား အဝိဇ္ဇာ၊ အဝိဇ္ဇာ၏အကြောင်းကား နီဝရဏငါးပါး၊ နီဝရဏငါးပါး၏အကြောင်းကား ဒုစရိုက်သုံးပါး၊ ဒုစရိုက်သုံးပါး၏အကြောင်းကား ဣန္ဒြိယအသံဝရ၊ ဣန္ဒြိယအသံဝရ၏အကြောင်းကား အသတာသမ္ပဇည၊ အသတာ သမ္ပဇည၏အကြောင်းကား အယောနိသောမနသိကာရ၊ အယောနိသောမနသိကာရ၏အကြောင်းကား အဿဒ္ဓိယ၊ အဿဒ္ဓိယ၏အကြောင်းကား အဿဒ္ဓမ္မဿဝန၊ အဿဒ္ဓမ္မဿဝန၏အကြောင်းကား အသပ္ပုရိသသံသေတည်း။
အသပ္ပုရိသသံသေဝပြည့်လျှင် အသဒ္ဓမ္မဿဝနပြည့်၏ အစရှိသည်ဖြင့် ဘဝတဏှာဖြစ်သည့်တိုင်အောင် အနုလောမ၊ ပဋိလောမဖြစ်နေပုံကို တောင်ထိပ်၌ မိုးရွာသောဥပမာဖြင့် ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူပါသည်။
ဝိဇ္ဇာဝိမုတ္တိ၏အကြောင်းကား ဗောဇ္ဈင် (၇)ပါး၊ ဗောဇ္ဈင် (၇)ပါး၏အကြောင်းကား သတိပဋ္ဌာန်လေးပါး၊ သတိဋ္ဌာန်လေးပါး၏အကြောင်းကား သုစရိုက်သုံးပါး၊ သုစရိုက်သုံးပါး၏အကြောင်းကား ဣန္ဒြိယသံဝရ၊ ဣန္ဒြိယသံဝရ၏အကြောင်းကား သတိသမ္ပဇည၊ သတိသမ္ပဇည၏အကြောင်းကား ယောနိသောမနသိကာရ၊ ယောနိသောမနသိကာရ၏အကြောင်းကား သဒ္ဓါ၊ သဒ္ဓါ၏အကြောင်းကား သဒ္ဓမ္မဿဝန၊ သဒ္ဓမ္မဿဝန၏အကြောင်းကား သပ္ပုရိသသံသေတည်း။ သပ္ပုရိသသံသေဝပြည့်လျှင် သဒ္ဓမ္မဿဝနပြည့်သည်အစရှိသည်ဖြင့် တောင်ပေါ်၌မိုးရွာသော ဥပမာဖြင့်ပင် အနုလောမ၊ ပဋိလာမဒေသနာနည်းဖြင့် ရဟန်းတို့အား ဘုရားရှင် အကျယ်ဟောတော်မူသည့်သုတ်။
[၉] ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာ-ဟု တဏှာသုံးပါးရှိကြောင်း၊ တဏှာယောဂနှင့် ယှဉ်ခြင်းကြောင့် ဘဝကြီးငယ်၌ တပ်မက်မောသော စိတ်ရှိကြကုန်သော ယောဂမရှိရာ နိဗ္ဗာန်, အရဟတ္တဖိုလ်ကို မရရှိကြကုန်သော သတ္တဝါတို့သည် မာရ်မင်း၏ ကျော့ကွင်းနှင့်တူသော ယောဂနှင့်ယှဉ်ခြင်းကြောင့် ပဋိသန္ဓေနေခြင်း၊ သေဆုံးရခြင်းသို့ရောက်ကုန်လျှက် သံသရာ၌ ဖြစ်ကြရကုန်၏။
ဘဝကြီးငယ်တို့၌ တပ်မက်မောမှုတဏှာ ကင်းပြီးကြကုန်သောပုဂ္ဂိုလ်တို့၌ တဏှာကို ပယ်ကြကုန်ပြီးသောကြောင့် အာသဝေါတရားတို့၏ ကုန်ဆုံးရာနိဗ္ဗာန်သို့ ရောက်ကြကုန်သဖြင့် နိဗ္ဗာန်တည်းဟူသော တစ်ဖက်ကမ်းသို့ ဆိုက်ရောက်ကြကုန်၏ ဟု ဘုရားရှင်အထံတော်မှ နာယူခဲ့ရပါကြောင်း ခုဇ္ဇုတ္တရာက သာမာဝတီအမှူးရှိ သော မိဖုရားငါးရာတို့အား ဟောကြားသည့်သုတ်။
အဋ္ဌကထာ၌ တဏှာသုံးပါးအဖွင့်၊ ယင်းတဏှာသုံးပါးကို အာရုံ (၆)ပါးဖြင့် ဝေဖန်လိုက်လျှင် တဏှာ (၁၈)ပါးဖြစ်ပုံ၊ ယင်းတဏှာ (၁၈)ပါးကို အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်ပါးဖြင့် ဝေဖန်လိုက်လျှင် တဏှာ (၃၆)ပါးဖြစ်ပုံ၊ ယင်း (၃၆)ပါးကို ပစ္စုပ္ပန် အတိတ် အနာဂတ် ကာလသုံးပါးနှင့် ဝေဖန်လိုက်လျှင် တဏှာ (၁၀၈)ပါးဖြစ်ပေါ်လာပုံ နှင့် သိမှတ်ဖွယ်ပုဒ်တို့ကို ဖွင့်ပြထားပါသည်။ [၁၀]
ကိုးကား
[ပြင်ဆင်ရန်]- ↑ -သံ၊၁၊၃၆။ သံ၊မြန်၊၁၊၃၆။ သံ၊ဋီ၊၁၊၁၃၂။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၁-ဒေဝတာသံယုတ္တ၊ ၇-အဒ္ဓဝဂ္ဂ၊ တတိယသုတ်။
- ↑ သံ၊၁၊၄၄၁။ သံ၊မြန်၊၁၊၄၃၁။ သံ၊ဋ္ဌ၊၂၊၁၉၆။ သံ၊ဋီ၊၂၊၁၇၉။ -သံယုတ္တနိကာယ၊ နိဒါနဝဂ္ဂသံယုတ္တ၊ ၇-ရာဟုလသံယုတ္တ၊ ပဌမဝဂ္ဂ၊ အဋ္ဌမသုတ်။
- ↑ -သံ၊၂၊၁၉၂။ သံ၊မြန်၊၂၊၁၈၃။ -သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၅-ဥပ္ပါဒသံယုတ္တ၊ အဋ္ဌမသုတ်။
- ↑ -သံ၊၂၊၁၉၆။ သံ၊မြန်၊၂၊၁၈၆။ -သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၆-ကိလေသသံယုတ္တ၊ အဋ္ဌမသုတ်။
- ↑ -သံ၊၃၊၅၃။ သံ၊မြန်၊၃၊၅၇။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၁-မဂ္ဂသံယုတ္တ၊ ၇-ဧသနာဝဂ္ဂ၊ ဒသမသုတ်။
- ↑ -အံ၊၁၊၅၃၂-၄။ အံ၊မြန်၊၁၅၄၈-၉။ အံ၊ဋ္ဌ၊၂၊၃၈၅-၈။ အံ၊ဋီ၊၂၊၃၈၂-၅။ -အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ စတုတ္ထပဏ္ဏာသက (၂၀)၅-မဟာဝဂ္ဂ၊ နဝမသုတ်။
- ↑ -အံ၊၂၊၃၈၇။ အံ၊မြန်၊၂၊၄၈၈-၉။ -အင်္ဂုတ္တရနိကာယ၊ ဆက္ကနိပါတ၊ ဒုတိယပဏ္ဏာသက၊ ၁၀-အာနိသံသဝဂ္ဂ၊ ဧကာဒသမသုတ်။
- ↑ -အံ၊၃၊၃၄၈-၃၅၀။ အံ၊မြန်၊၃၊၃၄၆-၉။ -အင်္ဂုတ္တရနိကာယ၊ ဒသကနိပါတ၊ ဒုတိယပဏ္ဏာသက၊ (၇)၂-ယမကဝဂ္ဂ၊ ဒုတိယသုတ်။
- ↑ -ဣတိဝုတ်၊၂၂၉။ ဣတိဝုတ်၊မြန်၊၂၁၃-၄။ ဣတိဝုတ်၊ဋ္ဌ၊၁၈၉-၁၉၁။ -ခုဒ္ဒကနိကာယ၊ ဣတိဝုတ္တက။ တိကနိပါတ၊ ပဌမဝဂ္ဂ၊ နဝမသုတ်။
- ↑ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ