ဇီဝကသုတ်

ဝီကီပီးဒီးယား မှ

ဘုရားရှင် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့ သမားတော်ကြီးဆရာဇီဝက၏ သရက် ဥယျာဉ်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် ဆရာဇီဝကရောက်ရှိလာပြီး ဘုရားရှင်အား အာဇီဝကများ၏ တိကောဋိပရိသုဒ္ဓမရှိသော အသားဘုဉ်းပေးမှုနှင့် စပ်လျဉ်း၍ စွပ်စွဲချက် မှန်၊ မမှန် လျှောက်ထားပါသည်။ ဘုရားရှင်က ထိုအာဇီဝကတို့ ပြောဆိုသောစကား မမှန်ကြောင်း မိန့်ကြားတော်မူပြီး၊ မြင်ခြင်း၊ ကြားခြင်း၊ ယုံမှား သံသယရှိခြင်းဟူသော အကြောင်းသုံးပါးဖြင့် အသားကို မဘုဉ်းပေး မသုံးဆောင် အပ်၊ မမြင်ခြင်း၊ မကြားခြင်း၊ ယုံမှားသံသယမရှိခြင်း ဟူသော အကြောင်းသုံးပါးဖြင့် အသားကို ဘုဉ်းပေးသုံးဆောင်ရမည်ဟု ငါဘုရား ဟောကြားတော်မူ၏။

ဘုရားရှင်က ဤငါဘုရား သာသနာတော်၌ ရဟန်းတော်တစ်ပါး ရွာ၊ နိဂုံး တစ်ခုခု၌ သီတင်းသုံးနေထိုင်ပြီး ဗြဟ္မဝိဟာရ တရား(၄)ပါးကို အရပ်လေး မျက်နှာ အထက်အောက်အရပ်မျက်နှာ အားလုံးပြန့်နှံ့နေအောင် “ဝိပုလ မဟဂ္ဂတ အပ္ပမာဏ အဝေရ အဗျာဗဇ္ဈ” -ဖြစ်အောင် ပွားများနေသည့်အခါ ဂဟပတိ ဂဟပတိပုတ္တ တစ်ဦးဦးက ဆွမ်းဘုဉ်းရန် ပင့်လျှောက်လာအံ့၊ ထိုရဟန်းတော်သည် ထိုပင့်ဖိတ်ရာအိမ်သို့ ကြွရောက်ပြီး ခင်းထားသောနေရာ၌ သီတင်းသုံးနေ၏။ ထိုရဟန်းတော်အား အလှူရှင်များက ပဏီတဆွမ်းခဲဖွယ်ဖြင့် ပြုစုလုပ်ကျွေး၏။ ထိုရဟန်းအား ဤဂဟပတိ ဂဟပတိပုတ္တသည် ပဏီတပိဏ္ဍပါတဖြင့် ပြုစုလုပ် ကျွေးပါမူ ကောင်းလေစွဟုလည်းကောင်း ဤဂဟပတိ ဂဟပတိပုတ္တသည် နောင်အခါ၌လည်း ပဏီတပိဏ္ဍပါတဖြင့် ပြုစုလုပ်ကျွေးပါမူ ကောင်းလေစွဟု လည်းကောင်း မကြံမစီ ထိုရဟန်းတော်သည် ထိုဆွမ်းကို အဂထိတ, အမုစ္ဆိတ, အနဇ္ဈောပန္န, အာဒီနဝဒဿာဝီ, နိဿရဏပည-ဖြစ်အောင် ဘုဉ်းပေးသုံးဆောင်၏။ ထိုရဟန်းတော်သည် ထိုဆွမ်းဘောဇဉ်ကို ဘုဉ်းပေးသုံးဆောင်ရာအခါ၌ အတ္တဗျာဗာဓ, ပရဗျာဗာဓ, ဥဘယ ဗျာဗာဓဖြစ်အောင် အားထုတ်နေသလောဟု ဘုရားရှင်က မေးမြန်းတော်မူပါသည်။

သမားတော်ကြီး ဆရာဇီဝကက ထိုသို့မဟုတ်ပါ ထိုရဟန်းတော်သည် ထိုအခါ၌ အနဝဇ္ဇအာဟာရကိုသာ ဘုဉ်းပေးနေပါ၏။ မြတ်စွာဘုရား ဗြဟ္မာသည် ဗြဟ္မဝိဟာရ တရား(၄)ပါးကို ပွားများလျက်နေ၏ ဟူသောစကားကို အကျွန်ုပ်ကြား ဖူးပါသည်။ မြတ်စွာဘုရား အကျွန်ုပ်သည် ထိုစကားကို ယခု မျက်ဝါးဝါးထင်ထင် တွေ့မြင်နေရပါပြီ မြတ်စွာဘုရားသည် ဗြဟ္မဝိဟာရဖြင့် နေလေ့ရှိသူဖြစ်ပါ၏ဟု လျှောက်၏။

ဇီဝက ဗျာပါဒကို ဖြစ်စေတတ်သော ရာဂ, ဒေါသ, မောဟကို ငါဘုရား ပယ်စွန့်ပြီးပြီ၊ အဝိဇ္ဇာ, တဏှာဟူသောအမြစ်ကို အကြွင်းမဲ့ ဖြတ်ပြီးပြီး ထန်းပင်၏ တည်နေရာကဲ့သို့ ဖြစ်အောင်ပြုပြီးပြီးနောက်ထပ် တစ်ဖန်မဖြစ်အောင် ပြုအပ်ပြီးပြီ။ နောင်အခါ (ငါဘုရားသန္တာန်ဝယ်)ဖြစ်ခြင်း မရှိတော့ပြီ။

ဇီဝက (ဗြဟ္မာကြီးသည် ဗျာပါဒအစရှိသော တရားတို့ကို ဝိက္ခမ္ဘနပဟာန်ဖြင့် ပယ်အပ်ပြီ၊ ငါဘုရားသည် သမုစ္ဆေဒပဟာန်ဖြင့် ပယ်အပ်ပြီဟူသော ဤစကားကို သင်ရည်ရွယ်၍ ပြောဆိုသည်ဖြစ်အံ့။ သင်၏ ထိုစကားကို ငါဘုရားခွင့်ပြု(ဝန်ခံ)တော်မူ၏ဟု ဘုရားရှင်က မိန့်တော်မူပြီး မြတ်စွာဘုရား ထိုစကားကိုသာရည်ရွယ်၍ လျှောက်ထားပါ၏ဟု သမားတော်ကြီး ဆရာဇီဝကက လျှောက်ထားပါသည်။

ဇီဝက “ငါဘုရားကိုဖြစ်စေ၊ ငါဘုရား၏ တပည့်သာဝကကိုဖြစ်စေ ရည်ရွယ်၍ သတ္တဝါကိုသတ်သောသူသည် အကြောင်းငါးမျိုးတို့ဖြင့် များစွာသော အကုသိုလ်ကို ပွားစေသူဖြစ်ကြောင်း၊ ထိုအကြောင်းငါးမျိုးနှင့် ဗြဟ္မဝိဟာရလေးပါး ပွားများပုံကို တစ်ပါးစီ တစ်ပါးစီ အကျယ်ဟောတော်မူပါသည်။ ဤသုတ်၌ တိကောဋိ ပရိသုဒ္ဓ မံသမစ္ဆကို ရဟန်းတော်များ ဘုဉ်းပေးကြောင်း, ဗြဟ္မဝိဟာရတရားကို တိုးပွားများကြောင်း, လှူမည်ဟုရည်ရွယ်၍ သတ္တဝါကိုသတ်သော အလှူရှင်တို့ များစွာသော အကုသိုလ်ပွားကြောင်းငါးပါးတို့ကို ဘုရားရှင် ဟောတော်မူပါသည်။

အဋ္ဌကထာ, ဋီကာတို့၌ ဇီဝက၏ အင္တပ္ပတ္တိအကျဉ်းနှင့် သိမှတ်ဖွယ် အနက်အဓိပ္ပါယ်များကို အကျယ်ဖွင့်ဆိုထားပါသည်။ [၁] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -မ၊၂၊၃၁-၅။ မ၊မြန်၊၂၊၃၇-၄၀။ မ၊ဋ္ဌ၊၃၊၃၂-၆။ မ၊ဋီ၊၃၊၂၄-၂၇။ -မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသ၊ ၁-ဂဟပတိဝဂ္ဂ၊ ပဉ္စမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ