စူဠဟတ္ထိပဒေါပမသုတ်

ဝီကီပီးဒီးယား မှ

ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဇာဏုဿောဏိပုဏ္ဏားအား ဟောကြားတော်မူသည့်သုတ်။ တိုင်းခန်းလှည့်လည်လာသော ဇာဏုဿောဏိပုဏ္ဏားက ဝစ္ဆာယနအနွယ် ပိလောတိကပရိဗိုဇ်ကို လမ်း၌တွေ့မြင်ခြင်းကြောင့် အဘယ်မှပြန်လာသနည်း အစရှိသော မေးခွန်းများကို မေမြန်းပါသည်။

ပိလောတိကပရိဗိုဇ်က ရဟန်းဂေါတမထံက ပြန်ခဲ့ကြောင်း ရဟန်းဂေါတမ၏ ဉာဏ်ပညာစွမ်းရည်ကို မိမိမသိနိုင်ပုံ၊ ရဟန်းဂေါတမလို ပုဂ္ဂိုလ်မှသာ သိနိုင်မည် ဖြစ်ကြောင်း၊ ရဟန်းဂေါတမသည် ချီးမွမ်းထိုက်သူ အားလုံးတို့ထက် ချီးမွမ်းထိုက် နတ်၊ လူအားလုံးတို့ထက် မြင့်မြတ်သူ ဖြစ်ကြောင်း၊ ဆင်များနေရာ တောထဲ၌ ဆင်ခြေရာကိုကြည့်ရှုပြီး ဆင်၏ကြီးမားပုံကို ခန့်မှန်း၍ပြောပြသူကဲ့သို့ ရဟန်း ဂေါတမ၏ ဉာဏ်ခြေရာ လေးမျိုးကိုသိရသဖြင့် “သမ္မာသမ္ဗုဒ္ဓေါ ဘဂဝါ၊ သွာက္ခာတော ဘဂဝတာ ဓမ္မာ၊ သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော”ဟု ဆုံးဖြတ်ပုံ ဉာဏပဒလေးမျိုး၏ အကျယ်ကိုပြောဆိုရာ ဇာဏုဿောဏိဗြာဟ္မဏကြီး ရထားပေါ်မှဆင်းသက်၍ ဘုရားရှင် သီတင်းသုံးတော်မူရာဖက်သို့ လှည့်၍ “နမော တဿ” မဟာပဏာမဖြင့် လက်အုပ်ချီမိုးရှိခိုးပုံ၊ ဘုရားရှင်ထံတော်သို့ သွားရောက်ပြီး မိမိနှင့် ပိလောတိကပရိဗိုဇ်တို့ ဆွေးနွေးကြပုံ အပြည့်အစုံကို ဘုရားရှင်အား လျှောက်ထားပါသည်။

ဘုရားရှင်က ဟတ္ထိပဒေါပမဒေသနာတော်ကို အကျယ်အားဖြင့် သာမည ဖလသုတ်တော်နည်းတူ သီလ, သမာဓိ, ပညာတို့ကို အရဟတ္တဖိုလ် ရောက်သည် အထိ ဟောကြားတော်မူပြီး အရိယာသာဝက၏ “သမ္မာသမ္ဗုဒ္ဓေါ ဘဂဝါ” အစရှိသော ရတနာမြတ်သုံးပါးအား ဆုံးဖြတ်ကြည်ညိုပုံကို ဟောကြားတော် မူပါသည်။ ဇာဏုဿောဏိပုဏ္ဏားကြီး ဥပါသကာအဖြစ် ခံယူသွားပုံတို့ကို ဟောကြားတော်မူသည့်သုတ်။

အဋ္ဌကထာ၌ သဗ္ဗသေတဝဠဝါရထ၊ ရထားနှစ်မျိုးအနေအထား၊ ဇာဏုဿောဏိပုဏ္ဏား အခမ်းအနားဖြင့် သာဝတ္ထိမြို့တွင်းသို့ (၆)လတစ်ကြိမ် တိုင်းခန်း လှည့်လည်ထွက်ပုံ အစီအစဉ်၊ ပိလောတိက ပရိဗိုဇ်အကြောင်း၊ ပညာဝေယျတ္တိ၊ ပသတ္ထ ပသတ္တာပုဂ္ဂိုလ်များနှင့် ဖွင့်ဆိုချက်၊ စတ္တာရိပဒအဖွင့် ပညာရှင်များ ဘုရားရှင်အား ပြဿနာ ပြင်ဆင်ပြီးသော်လည်း မမေးခြင်းအကြောင်း မှတ်သားဖွယ်နှင့် မေတ္တာတော်စွမ်းအား ရူပဂ္ဂ အရှိန်အဝါ ဥဒါန၊ ဟတ္ထိပဒ၊ နာဂဝနိက-အဖွင့်များ ဒေသနာတော်နှင့် ဟတ္ထိပဒ ဥပမာန ဥပမေယျ နှိုင်းယှဉ်ချက်၊ မဇ္ဈိမပဒေသ နယ်ပယ်သတ်မှတ်ချက် သောဣမံ လောကံ အစရှိသော ပုဒ်တို့၏ ဖွင့်ဆိုချက်များသည် သီလက္ခန္ဓဝဂ္ဂ အဋ္ဌကထာ ဖွင့်ဆိုချက်များနှင့် တူပါသည်။

ဋီကာ၌လည်း မှတ်သားဖွယ်များကို ပြည့်ပြည့်စုံစုံ ထပ်ဆင့်၍ ဖွင့်ဆို ထားပါသည်။ [၁] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -မ၊၁၊၂၃၂-၂၄၁။ မ၊မြန်၊၁၊၂၄၀-၉။ မ၊ဋ္ဌ၊၂၊၉၈-၁၂၁။ မ၊ဋီ၊၂၊၁၄၃-၁၆၃။ -မဇ္ဈိမနိကာယ၊ မူလပဏ္ဏာသ၊ ၃-ဩပမ္မဝဂ္ဂ၊ သတ္တမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ