စူဠသီဟနာဒသုတ်

ဝီကီပီးဒီးယား မှ

စူဠသီဟနာဒသုတ်တွင် ဗုဒ္ဓသာသနာတော်မှတပါး အခြားအယူဝါဒ ဂိုဏ်းဂဏများ၌ ပုဂ္ဂိုလ်လေးမျိုး စသောသီးသန့်ဗုဒ္ဓသာသနာတော်တွင်း ပုဂ္ဂလဓမ္မများ မရှိကြောင်း ဘုရားမြတ်စွာသည် ရဲဝံ့စွာ ဟောတော်မူသည်။[၁]


[၂] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ ရဟန်းတော်များအား ဟောကြားတော်မူသည့်သုတ်။

ဘုရားရှင်က ရဟန်းတော်များအား“ဣဓေဝ သမဏာ -(ပ)-သုညာ ပရပ္ပဝါဒါ သမဏေဘိ အညေဟိ” ဟု ဤသီဟနာဒ (၅)မျိုးကို ရဲဝံ့စွာ ပြောကြားကြကုန်လော့။ ပရိဗိုဇ်တို့က မေးလာလျှင် ဇာနတာ၊ ပဿတာ၊ အရဟတာ သမ္မာသမ္ဗုဘုရားရှင် ဟောကြားတော်မူအပ်သော တရားလေးပါးတို့ ငါတို့သန္တာန်ဝယ်ရှိနေသောကြောင့်ဟု ပြောဆိုကြောင်း ရဲဝံ့စွာ ပြောကြားကြ။ တိတ္ထိတို့က ထိုတရားလေးပါး ငါတို့မှာလည်း ရှိနေခြင်းကြောင့် သင်တို့နှင့်ငါတို့ မထူးခြားကြကြောင်း ပြောကြားကြလိမ့်မည်။

အကျင့်၏ပြီးဆုံးခြင်း ရည်မှန်းချက်ပန်းတိုင် တူ-မတူ မေးမြန်းခဲ့သော် အမှန်အတိုင်းဖြေဆိုသော တိတ္ထိယသည် တူ၏ဟု ဖြေဆိုပေလိမ့်မည်၊ ရည်မှန်း ချက်ပန်းတိုင်ကို မေးမြန်းလျှင် အကျင့်၏အပြီးအဆုံး (ရည်မှန်းချက်ပန်းတိုင်)သည် ရာဂကင်းသူ၊ ဒေါသကင်းသူ၊ မောဟကင်းသူ၊ တဏှာကင်းသူ၊ ဥပါဒါန်မရှိသူ၊ ဉာဏ်ပညာရှိသူ၊ ချစ်ခြင်း မုန်းခြင်းမရှိသူ၊ ပပဉ္စတရား၌ မမွေ့လျော်သူအားသာ ဖြစ်ပုံကို ဖြေဆိုလိမ့်မည်။

ပုထုဇဉ်တို့၏ အယူ(အမြင်)မှားခြင်းသည် ဘဝဒိဋ္ဌိ၊ ဝိဘဝဒိဋ္ဌိ ဟု (၂)မျိုးရှိပုံ ဘဝဒိဋ္ဌိကို စွဲမြဲစွာယူသောသူတို့သည် ဝိဘဝဒိဋ္ဌိနှင့် ဆန့်ကျင်ကြကုန်၏။ ဝိဘဝဒိဋ္ဌိကို စွဲမြဲစွာယူသောသူတို့သည် ဘဝဒိဋ္ဌိနှင့် ဆန့်ကျင်ကြကုန်၏။ ထိုဒိဋ္ဌိ နှစ်ပါးတို့၏ ဖြစ်ကြောင်း၊ ချုပ်ကြောင်း၊ သာယာဖွယ်၊ အပြစ်မှ ထွက်မြောက် ရာတို့ကို အမှန်အတိုင်း မသိကြခြင်းကြောင့် ရာဂ၊ ဒေါသ၊ မောဟ၊ တဏှာ၊ ဥပါဒါန်တို့ ရှိကြကုန်၏၊ ဉာဏ်ပညာမရှိကြကုန်၊ ချစ်ခြင်း၊ မုန်းခြင်းရှိကြကုန်၏။ ပပဉ္စတရားသုံးပါး၌ မွေ့လျော် ပျော်ပိုက်ကြကုန်ခြင်းကြောင့် ဇာတိ၊ ဇရာ၊ မရဏ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသဒုက္ခတို့မှ မလွတ်ကြကုန်။

ထိုဒိဋ္ဌိနှစ်ပါးတို့၏ အဿာဒ၊ အာဒီနဝနိဿရဏတို့ကို အမှန်အတိုင်း သိကြကုန်သော သမဏဗြဟ္မဏတို့သည် ရာဂ၊ ဒေါသ၊ မောဟ၊ တဏှာတို့မှ ကင်းလွတ်ကြကုန်၏၊ ဥပါဒါန်မရှိကုန် ဉာဏ်ပညာရှိကုန်၏။ ချစ်ခြင်း၊ မုန်းခြင်းတို့ မရှိတော့ကုန်၊ ပပဉ္စတရား၌ မမွေ့လျော် မပျော်ပိုက်ကြကုန်။ ဇာတိ၊ ဇရာ၊ မရဏ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ ဒုက္ခအပေါင်းမှ လွတ်မြောက်ကြကုန်၏။

သဗ္ဗုပါဒါနပရိညာဝါဒ ရှိကြကုန်သော သမဏဗြဟ္မဏတို့သည် ကာမုပါဒါန်၊ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန် ဟူသော မိမိတို့သိသော(၁)ပါး၊ (၂)ပါး၊ (၃)ပါးကိုသာပညတ်ကြကုန်၏။ အတ္တဝါဒုပါဒါန်ကို မပညတ်ကြကုန်။ ဤသဘောရှိကုန်သောဓမ္မဝိနယ၌ ဆရာ၊ ဓမ္မတို့၌ ကြည်ညိုခြင်းသည် မှန်ကန်သော ကြည်ညိုခြင်းဟု မဆိုနိုင်၊ သီလဖြည့် ကျင့်မူကိုလည်း မှန်ကန်သော ဖြည့်ကျင့်မူဟု မဆိုနိုင်။ သီတင်းသုံးဖော်တို့၌ နှစ်သက်မြတ်နိုးမှုကိုလည်း မှန်ကန် ၏ဟု မဆိုနိုင်၊ အဘယ်ကြောင့်နည်းဟူမူ ဒုရက္ခာတ၊ ဒုပ္ပဝေဒိတ၊ အနိယျာနိက၊ အနုပသမသံဝတ္တနိက၊ အသမ္မာသမ္ဗုဒ္ဓပဝေဒိတဓမ္မဝိနယ ဖြစ်သောကြောင့်တည်း။

ဥပါဒါန်လေးပါးလုံးကို ပိုင်းခြား၍သိသော ဓမ္မဝိနယ၌ ဆရာ (ဘုရားရှင်)၊ ဓမ္မတို့၌ ယုံကြည်ခြင်းကို မှန်ကန်သောကြည်ညိုခြင်း၊ မှန်ကန်သောသီလဖြည့် ကျင့်မှ၊ သီတင်းသုံးဖော်တို့အပေါ်၌ မှန်ကန်သော နှစ်သက်မြတ်နိုးမှဟု ဆိုနိုင်ခြင်းသည် သွာက္ခာတသုပ္ပဝေဒိတနိယျာနိက ဥပသမသံဝတ္တနိက သမ္မာသမ္ဗုဒ္ဓ ပဝေဒိတဖြစ်သောကြောင့်တည်း။

ဥပါဒါန်လေးပါးတို့၏ နိဒါန သမုဒယ ဇာတိက ပဘာဝသည် တဏှာဖြစ်ပုံ၊ တဏှာ၏နိဒါနအစရှိသည်သည် ဝေဒနာဖြစ်ပုံအစရှိသည်ဖြင့် အဝိဇ္ဇာတိုင်အောင် ပဋိလောမ ပဋိစ္စသမုပ္ပါဒဒေသနာတော်ကို ဟောတော်မူပြီး အဝိဇ္ဇာကိုပယ်လျှင် ဝိဇ္ဇာဖြစ်ပုံ၊ အဝိဇ္ဇာဝိရာဂ၊ ဝိဇ္ဇုပ္ပါဒဖြစ်လျှင် ဥပါဒါန်လေးပါးတို့၌ အစွဲအလမ်း မတောင့်တပုံ၊ ကိလေသာငြိမ်းအေးပုံ၊ ရဟန္တာဖြစ်ပုံတို့ကို ဟောကြားတော်မူသည့်သုတ်။

အဋ္ဌကထာ၌ လာဘသက္ကာရ ပစ္စယတိတ္ထိယပရိဒေဝဟူသော အဋ္ဌုပ္ပတို့ကြောင့် ဤသုတ်ကိုဟောတော်မူပုံ၊ လူ(သတ္တဝါ)တို့၏ စတုပ္ပမာဏ၊ စတုပ္ပသန္နဖြစ်ကြပုံကို အကျယ်ဖွင့်ပြချက်၊ ဘုရားရှင်၌ ပမာဏ၊ ပသန္နဖြစ်ကြပုံ မှတ်သားဖွယ် ရှင်းလင်းဖွင့်ဆိုချက်၊ တိတ္ထိတို့ လာဘသက္ကာရပရိဟီနဖြစ်ပုံ၊ ယင်းကိုအကြောင်းပြု၍ ပရိဒေဝ၊ ဝိရဝပြုကြပုံ၊ သီဟနာဒသမဏအဖွင့်များ ပရပ္ပဝါဒသည် မိစ္ဆာဒိဋ္ဌိ (၆၂)ပါး ဖြစ်သည်။ ထိုဗာဟိရကဝါဒ၌ ဖလဋ္ဌသမဏ (၄)ပါး၊ မဂ္ဂဋ္ဌသမဏ (၄)ပါး၊ စတုမဂ္ဂဌာယအာရဒ္ဓ ဝိပဿကသမဏ(၄)ပါးအားဖြင့် သမဏ(၁၂)မျိုးမှ ကင်းဆိတ်ပုံ၊ ပွတ်ဆောက်ဖျား၌ မုံညင်းစေ့ မတည်နိုင်၊ ရေအပြင်၌ မီးမတောက်နိုင်၊ ကျောက်ဖျာအပြင်၌ မျိုးစေ့မပေါက်နိုင်သကဲ့သို့ ဗာဟိရတိတ္ထာယတန၌ အထက်ပါ သမဏများမရှိကြပဲ အထက်ပါ ရဟန်းတော်(၁၂)ပါးတို့သည် ဗုဒ္ဓမြတ်စွာသာသနာတော်၌သာ ဖြစ်နိုင်ပုံ၊ အရိယာ ပုဂ္ဂိုလ်တို့ဖြစ်ရာခေတ် ဟုတ်၊ မဟုတ်ဟူသည် အရိယာအဋ္ဌင်္ဂိက မဂ်ရှိခြင်း၊ မရှိခြင်းပင်ဖြစ်သည်။

ခြင်္သေ့မင်း၊ ဆဒ္ဒန္တဆင်မင်း၊ ဝလာဟကအဿရာဇာ ခပ်သိမ်းသော လိုလား ချက်တို့ကို ဖြည့်ဆည်းပေးနိုင်သော ပတ္တမြားရတနာ၊ တိရပိင်္ဂလငါးမင်း၊ ဂဠုန်မင်း၊ ဓတရဋ္ဌဟင်္သာမင်း၊ စကြာမင်းတို့၏ ဖြစ်ရာအရပ်၊ မဖြစ်ရာအရပ်တို့ကဲ့သို့ အရိယ မဂ်တံတိုင်းဖြင့် ကာရံအပ်သော ဗုဒ္ဓမြတ်စွာသာသနာတော်၌သာ အရိယာရဟန်းတော်များ ပေါ်ထွန်းပုံ။

-သီဟနာဒ၊ တိတ္ထ၊ တိတ္တကရ၊ တိတ္ထိယ အဖွင့်များ၊

-အရိယသာဝကသည် ဘဝတစ်ပါးပြောင်းသွားသော်လည်း ငါးပါးသီလကို မလွန်ကျူးပုံ၊ ငါးပါးသီလသည် အရိယကန္တသီလ၊ သဟဓမ္မိကအဖွင့်၊ ဗြာဟ္မဏ နိဋ္ဌာ၊ မဟာတာပသနိဋ္ဌာ၊ ပရိဗ္ဗာဇကနိဋ္ဌာ၊ အာဇီဝကနိဋ္ဌာ၊ ဗုဒ္ဓသာသနနိဋ္ဌာများ၊ ရာဂရတ္တပုဂ္ဂိုလ် အစရှိသည်တို့အား နိဋ္ဌာမရှိနိုင်ပုံ၊ ရာဂနှင့်တဏှာ၊ ဥပါဒါန်၊ ဒိဋ္ဌိ(၂)မျိုး၊ ဒိဋ္ဌိသမုဒယ(၂)မျိုး၊ ပစ္စယသမုဒယ(၈)မျိုး၊ အတ္ထင်္ဂမနှစ်မျိုး၊ အဿာဒ၊ အာဒီနဝ၊ နိဿရဏအဖွင့်၊ ဥပါဒါန်အဖွင့်များ၊ အတ္ထသလ္လာပိကာ (သသက)ဥပမာ၊ အနိယျာနိကသာသနာ၊ ကာဠသိင်္ဂါလဝတ္ထု၊ နိယျာနိကသာသနာ၊ နိယျာနိကဝတ္ထုများ အစရှိသည်တို့ကို ဖွင့်ပြထားပါသည်။

ဋီကာ၌ ပါသဏ္ဍအယူများနှင့် ဖွင့်သင့်သောပုဒ်တို့ကို ဖွင့်ဆိုထားပါသည်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. ပါဠိစာပေသမိုင်း။ ဒေါ်အုန်း မဟာဝိဇ္ဇာ။ ဒုကြိမ်၊ ဇန်နဝါရီလ ၁၉၈၁။ သာသနာရေးဦးစီးဌာန။ ရန်ကုန်။
  2. -မ၊၁၊၉၂-၇။ မ၊မြန်၊၁၊၉၉-၁၀၅။ မ၊ဋ္ဌ၊၁၊၃၀၆-၃၂၄။ မ၊ဋီ၊၂၊၁-၁၄။ -မဇ္ဈိမနိကာယ၊ မူလပဏ္ဏာသ၊ ၂-သီဟနာဒဝဂ္ဂ၊ ပဌမသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ