စူဠတဏှာသင်္ခယသုတ်

ဝီကီပီးဒီးယား မှ

ဘုရားရှင် သာဝတ္ထိမြို့တော်၊ ပုဗ္ဗာရုံကျောင်း မိဂါရမာတုပြသာဒ်၌ သီတင်းသုံးတော်မူစဉ် “တပ်မက်မှုကုန်ရာ (နိဗ္ဗာန်)ကို အာရုံပြု၍ လွတ်မြောက်သော စိတ် ရှိသူ, ဧကန်ပြီးဆုံးသူ, ဧကန်ဘေးကင်းခြင်းရှိသူ, ဧကန်မြတ်သောအကျင့်ကိုကျင့်သူ, ဧကန်ပြီးဆုံးသူ နတ်လူတို့ထက် မြင့်မြတ်သူဖြစ်ကြောင်းအကျင့်ကို အကျဉ်းအားဖြင့် ဟောတော်မူပါ”ဟု သိကြားမင်း မေးလျှောက်ချက်အရ ရဟန္တာဖြစ်နိုင်သည့်အကျင့်၏ အကျဉ်းချုပ်ကို ဟောတော်မူပါသည်။ ထိုတရားတော်ကို အနုမောဒနာပြုသော နတ်၏အသံကို ကြားသိတော်မူသဖြင့် အရှင်မောဂ္ဂလာန်ထေရ်သည် တာဝတိံသာ နတ်ပြည် သိကြားမင်းထံသို့ ကြွသွားတော်မူပြီး မေးမြန်းလေသည်။

ထိုအခါ၌ သိကြားမင်းသည် ဧကပုဏ္ဍရိကဥယျာဉ်တော်၌ နတ်တူရိယာ ငါးမျိုးတို့ဖြင့် နတ်စည်းစိမ်ခံစားနေချိန်ဖြစ်၍ “အလုပ်များ၍ မေ့လျော့သွားပါကြောင်း၊ နတ်အသူရာစစ်ပွဲအကြောင်း၊ ဝေဇယန္တာပြာသာဒ်၏ ကြီးကျယ်ခမ်းနားပုံအကြောင်းတို့ကို လျှောက်ထားပြီး သိကြားမင်းနှင့် ဝေဿဝဏ်နတ်မင်းကြီးတို့ အရှင်မောဂ္ဂလာန်ကို ဝေဇယန္တာပြာသာဒ်သို့ ပင့်ဆောင်၍ပြသပုံ၊ ဝေဇယန္တာပြာသာဒ်ကို ချီးကျူးပုံ။ အရှင်မောဂ္ဂလာန်က ဝေဇယန္တာပြာသာဒ်ကို ခြေမဖြင့်ခတ်၍ လှုပ်စေပုံ၊ ထိုအခါကျမှ တဏှာသင်္ခယသုတ်အကျဉ်းကို မေးမြန်းသည့်အခါ သိကြားမင်း၏ ဘုရားရှင်ထံတော်မှ နာယူခဲ့ရသော တဏှာသင်္ခယသုတ်တရားတော်ကို ပြန်လည်ဟောကြားပုံ၊ အရှင်မောဂ္ဂလာန်ထေရ်က ဘုရားရှင်အား လျှောက်ထားသဖြင့် ဘုရားရှင်က အရှင်မောဂ္ဂလာန်ထေရ်အား တဏှာသင်္ခယသုတ်တော်ကို ဟောကြားတော်မူပုံကို ပြဆိုသည့်သုတ်။

အဋ္ဌကထာ၌ ဝိသာခါနှင့် မဟလ္လတာတန်ဆာအကြောင်း၊ ပုဗ္ဗာရုံကျောင်းတော်ကြီး၏ ခမ်းနားပုံ၊ အခြားသူများနှင့်ဝိသာခါ, အနာထပိဏ်တို့ခြားနားပုံ၊ သာဝတ္ထိကျောင်းတော်ကြီးများနှင့် သီဟိုဠ်ကျွန်း အနုရာဓပူရကျောင်းတော်ကြီးများ နှိုင်းယှဉ်ချက်၊ ဘုရားရှင်၏ ချီးမြှောက်တော်မူပုံ သိကြားမင်း၏ တဏှာသင်္ခယအကျင့် အကျဉ်းချုပ်ကို နာယူလိုခြင်းအကြောင်း၊ တာဝတိံသာဥယျာဉ်ပွဲတော်အကြောင်း၊ တဏှာသင်္ခယ သုတ်အဖွင့်၊ ဘုရားရှင်အသံတော်၏ ပရိသတ်အပြင်သို့ မထွက်ပုံ၊ တူရိယာငါးမျိုး၊ သဒ္ဓါတရားရှိသူတို့၏ အလေးဂရုပြုသူများကိုတွေ့လျှင် အမြတ်တနိုး နှုတ်ခွန်းဆက်ပုံ၊ ရင်းနှီးသူများနှင့် တွေ့ဆုံကြသောသူတို့၏ နှုတ်ခွန်းဆက်စကားသဘာဝ၊ သိကြားမင်း၏ တာဝတိံသာနတ်တို့နှင့် ဆက်စပ်သည့်လုပ်ငန်း၊ နတ်တို့ မေ့လျော့တတ်ကြပုံ၊ အရှင်မောဂ္ဂလာန်ထေရ်၏ သိကြားမင်း၏ မေ့လျော့ပုံကို ပယ်ဖျောက်ခြင်းအကြောင်း၊ နတ်အသူရာစစ်ပွဲအကြောင်း၊ ဝေဿဝဏ်နတ်မင်းနှင့် သိကြားမင်းတို့ ရင်းနှီးကြပုံ၊ ဝေဇယန္တာပြာသာဒ်တုန်လှုပ်ပုံ-အစရှိသော ဖွင့်ဆိုချက်များ များစွာပါရှိပါသည်။ [၁] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -မ၊၁၊၃၁၈-၃၂၂။ မ၊မြန်၊၁၊၃၂၅-၉။ မ၊ဋ္ဌ၊၂၊၁၉၆-၂၀၅။ မ၊ဋီ၊၂၊၂၁၇-၂၂၂။ -မဇ္ဈိမနိကာယ၊ မူလပဏ္ဏာသ၊ ၄-မဟာယမကဝဂ္ဂ၊ သတ္တမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ