မာတိကာသို့ ခုန်သွားရန်

စက္ကဝတ္တိသုတ်

ဝီကီပီးဒီးယား မှ

(၃)သုတ် ရှိပါသည်။

[၁] ဤသုတ်တော်ကို ဘုရားရှင် မဂဓနိုင်ငံ မာတုလမြို့၌ ဟောတော်မူပါသည်။ “မိမိကိုယ်တိုင် သတိပဋ္ဌာန်လေးပါးဟူသော ဓမ္မကို မှီခိုရာ ကိုးကွယ်ရာပြု၍နေကြ၊ မိမိမှတစ်ပါး အခြားသူကို မှီခိုကိုးကွယ်၍မနေကြကုန်လင့်၊ ဘုရားရှင်ဟူသော ဖခင်၏ ဥစ္စာဖြစ်သော (သတိပဋ္ဌာန်ဓမ္မ)အာရုံ၌ လှည့်လည်ကျက်စားကြကုန်လော့၊ ဖခင်၏ ဥစ္စာဖြစ်သော (သတိပဋ္ဌာန်ဓမ္မ) အာရုံ၌ ကျက်စားနေကြသော သင်တို့အား (ဒေဝ ပုတ္တမာရ် မစ္စုမာရ် ကိလေသမာရ်)သည် နှိပ်စက်ဖို့ရန် အခွင့်အကြောင်းကို မရနိုင်၊ ကုသိုလ်တရားတို့ကို ဆောက်တည် ကျင့်သုံးခြင်းဟူသော အကြောင်းကြောင့် ဤကောင်းမှုအကျိုးသည် တစ်နေ့တခြား တိုးပွားလာသည်”ဟု မိန့်ကြားတော်မူပြီး ဒဠနေမိစကြာမင်းအကြောင်းကို ဟောတော်မူပါသည်။

ထိုဝတ္ထု၌ ဒဠနေမိစကြာမင်း သားတော်ကြီးကိုလွဲအပ်၍ ရဟန်းပြုသွားပုံ၊ စက္ကဝတ္တိအရိယကျင့်ဝတ် (၁၂)ပါး၊ စကြာရတနာဖြစ်ပေါ်လာပုံ၊ စကြာမင်း(၇)ဆက် တိုင်အောင်ဖြစ်ပေါ်ခဲ့ပုံ စကြာမင်းကျင့်ဝတ် ချွတ်ယွင်းလာရာအခါ၌ ဆင်းရဲသားများဖြစ် ပေါ်လာပုံ၊ “အဒိန္နာဒါနဖြစ်ပေါ်လာပုံ၊ ပါဏာတိပါတဖြစ်ပေါ်လာပုံ၊ သတ္တဝါတို့ အနှစ် ရှစ်သောင်းအထိ အသက်တမ်း အဆင်းတို့ ဆုတ်ယုတ်လာပုံ၊ မုသာဝါဒ ဖြစ်ပေါ် လာပုံ၊ အသက်တမ်းလေးသောင်းအထိ ဆုတ်ယုတ်ပုံ၊ ပိသုဏဝါစာဖြစ်ပေါ်လာပုံ၊ သတ္တဝါတို့အသက်တစ်သောင်းတမ်း၌ “သုဝဏ္ဏ”“ဒုဗ္ဗဏ္ဏ”ကွဲပြားလာခြင်းကြောင့် အဘိဇ္ဈာ, ကာမေသုမိစ္ဆာစာရ-တို့ဖြစ်ပေါ်လာပုံ၊ အသက်တမ်းငါးသောင်းအထိ ဆုတ်ယုတ်သွားပုံ၊ “ဖရုသဝါစာ သမ္ဖပ္ပလာပါ”တို့ဖြစ်ပေါ်လာပုံ၊ အသက်တမ်း (၂၅၀၀)မှ (၂၀၀၀)အထိ ဆုတ်ယုတ်သွားပုံ၊ “အဘိဇ္ဈာဗျာပါဒ”တို့ဖြစ်ပေါ်လာပုံ၊ အသက်တမ်း (၁၀၀၀)အထိ ဆုတ်ယုတ်သွားပုံ၊ မိစ္ဆာဒိဋ္ဌိဖြစ်ပေါ်လာပုံ၊ အသက်တမ်း (၅၀၀) အထိ ဆုတ်ယုတ်သွားပုံ “အဓမ္မရာဂ ဝိသမလောဘ မိစ္ဆာဓမ္မတို့ဖြစ်ပေါ်လာပုံ အသက်တမ်း (၂၅၀)မှ (၂၀၀) အထိ ဆုတ်ယုတ်သွားပုံ၊ “အမတ္တေယျတာ အပေတ္တေယျတာ အသာမညတာ အဗြဟ္မညတာ ကုလေ န ဇေဌာပစာယိတာ”တို့ ဖြစ်ပေါ်လာပုံ အသက်တမ်း (၁၀၀) အထိ ဆုတ်ယုတ်သွားပုံ၊ တဖြေးဖြေး (၁၀)နှစ်တမ်းအထိ၊ “သပ္ပိ တေလ နဝနီတ မဓု ဖာဏိတ လောဏ” အရသာငါးမျိုး ပျောက်ကွယ်သွားပုံ၊ လူးထမင်းသာ ထိုအခါ၌ အကောင်းဆုံးဖြစ်တော့ပုံ၊ ကုသလကမ္မပထတရား (၁၀)ပါးတို့ အကုန်လုံးပျောက်ကွယ်သွားပုံ အကုသလကမ္မပထတရားတို့ ထွန်းကားပုံ၊ မကောင်းမှုပြုသူများ အပူဇော်ခံကြရပုံ၊ ချီးမွမ်းမှုခံကြရပုံ၊ ဆိတ်, သိုး, ခွေး, ဝက်ကဲ့သို့ ပမာ ရောနှောရှုပ်ထွေးပြီး လောကဓမ္မပျက်စီးပုံ၊ အချင်းချင်း “အာဃာတ” “ဗျာပါဒ” “မနောပဒေါသ” အားကြီးကြပြီး သတ်ဖြတ်ကြပုံ၊ သတ္တန္တရကပ်ကြောင့် သတ္တဝါတို့ ပျက်စီးကြပုံ၊ အသွားရခက်ခဲသော တောအုပ်အစရှိသောအရပ်တို့သို့ ပြေးအောင်းသော သတ္တဝါတို့ အနည်းငယ်သာ ကျန်ရှိတော့ပုံ ထိုသတ္တဝါတို့အသိဉာဏ် ဖြစ်ပေါ်လာကြပြီး ပါဏာတိပါတမှ ရှောင်ကြဉ်၍ ကုသိုလ်ကောင်းမှုများ ဆောက်တည် ကျင့်သုံး ကြရာက အသက်တမ်း အဆင်းတို့ တဖြေးဖြေးတိုးတက်လာကြပုံ၊ အကုသိုလ်တရားတို့ကိုပယ်ရှားပြီး ကုသိုလ်ကောင်းမှုများကို ပြုကျင့်ကြခြင်းကြောင့် သတ္တဝါတို့ အနှစ် ရှစ်သောင်းအထိ အသက်ရှည်ကြပုံ၊ ထိုအခါ“ဣစ္ဆာ, အနသန, ဇရာ” ဟူသော ရောဂါသုံးမျိုးသာရှိပုံ၊ ဇမ္ဗူဒီပါကျွန်းသည် မြို့ရွာလူဦးရေတို့ ကြက်ပျံတစ်ကျ အထိ စည်ကားတိုးတက်ပုံ၊ သင်္ခစကြာမင်း ပေါ်လာပုံ၊ မေတ္တယျဘုရားရှင် ပွင့်တော်မူပုံ၊ သင်္ခစကြာမင်းရဟန်းပြုပုံ၊ ရဟန်းတော်တို့၏ “အာယု ဝဏ္ဏ သုခ ဘောဂ ဗလ” တရားတို့နှင့် ပြည့်စုံအောင် ကျင့်သုံးကြပုံ ကုသိုလ်တရားတို့ကို ဆောက်တည်ကျင့်သုံး ကြခြင်းကြောင့် လွှမ်းမိုးနိုင်ခဲသော ဒေဝပုတ္တမာရ် မစ္စုမာရ် ကိလေသမာရ်တို့ကို လွှမ်းမိုးနိုင်ပုံတို့ကို ဟောတော်မူပါသည်။

အဋ္ဌကထာ၌ ဤသုတ်တော်ကို မာတုလမြို့အပြင်ဖက် မာတုလ (ပညောင်) ပင်အောက်၌ ဟောတော်မူကြောင်း၊ “ဗီလုံး”ငှက်ငယ်ဝတ္ထု၊ ဝဋဂါမိကုသိုလ်၊ ဝိဝဋဂါမိ ကုသိုလ်အကြောင်း၊ စကြာရတနာရွှေ့ပုံအကြောင်း၊ မိဖအမွေ ခံစားထိုက် မထိုက်၊ ဓမ္မိကရက္ခာဝရဏဂုတ္တိ သံဝိဒဟန၊ စက္ကဝတ္တိအရိယကျင့်ဝတ် (၁၀)ပါး (၁၂)ပါးရေတွက်ပုံ ကပ်ကြီးသုံးပါးဆိုက်ရောက်ခြင်း အကြောင်းသုံးပါး၊ သတ္တဝါတို့လားရာဂတိ၊ သားစဉ်မြေးဆက်အသက်ရှည်ခြင်းအကြောင်း၊ သင်္ခစကြာမင်း၏ရှေးကောင်းမှု ရဟန်းတော်တို့၏ “အာယုဝဏ္ဏ သုခ ဘောဂ ဗလ”ဖွင့်ဆိုချက်များ၊ ဤသုတ်တော်ဒေသနာ ၏အဆုံး၌ ရဟန်းတော်နှစ်သောင်း ရဟန္တာဖြစ်ပုံ၊ သတ္တဝါ(၈၄၀၀၀)တို့ တရားသိမြင် ကျွတ်တမ်းဝင်ပုံတို့ကို ဖွင့်ပြထားပါသည်။

ဋီကာ၌ စကြာမင်းကျင့်ဝတ် ပြီးပြည့်စုံရာ နှစ်အပိုင်းအခြား၊ သားသမီးများ အသက်ရှည်နိုင်ပုံ အစရှိသည်တို့ကို ဖွင့်ပြထားပါသည်။


[၂] စကြာမင်းဖြစ်ပေါ်လာခြင်းကြောင့် ရတနာ ၇-ပါးတို့ ထင်ရှားစွာ ဖြစ်ပေါ်လာသည်။ ဘုရားရှင်ပွင့်တော်မူလာခြင်းကြောင့် ဗောဇ္ဈင်ရတနာ (၇)ပါး ထင်ရှားဖြစ်ပေါ်လာသည် ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။ \အဋ္ဌကထာ၌-ရာဇာ၊ စက္ကဝတ္တိ၊ ရတန၊ ပါတုဘာဝါ-ပုဒ်တို့၏အဖွင့်များ၊ စကြာမင်း ၏ရတနာ (၇)ပါးနှင့် ဗောဇ္ဈင်ရပါးတို့ နှိုင်းယှဉ်၍ ဖွင့်ဆိုချက်တို့ ပါရှိပါသည်။


[၃] ဤသုတ်၌“စကြာမင်းနှင့် ဘုရားရှင်တို့၏သဘာဝ စက္ကဝတ္တိ၊ ဓမ္မိကရက္ခာ ဝရဏဂုတ္တိဖြစ်ပုံကို” အကျယ်ပြောဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ -ဓမ္မ, ဓမ္မိက, ဓမ္မရာဇာ, သံဝိဒဟနာကာရအပ္ပဋိဝတ္တိ, ရက္ခ, အာဝရဏ, ဂုတ္တိ စသော ပုဒ်တို့၏ မှတ်သားဖွယ်အဖွင့်များ။

ဋီကာ၌ -စက္က(၇)မျိုး၊ စက္ကဝတ္တိ၊ စက္ကဝတ္တိဝတ္တ စသည်တို့ကို ဖွင့်ပြထားပါသည်။ [၄]


ဘုရားမြတ်စွာသည် တပည့်သား သာဝကရဟန်းများအား သတိပဋ္ဌာန်တရားလေးပါးတို့ကို မည်သို့လေ့ကျင့်စောင့်ထိန်းသင့်ကြောင်း ဟောကြားပုံနှင့် ဒဠှနေမိ စကြာဝတေးမင်းအကြောင်းကို ဖော်ပြသောသုတ် ဖြစ်သည်။[၅]

ကိုးကား[ပြင်ဆင်ရန်]

  1. -ဒီ၊၃၊၄၈-၆၅၊ ဒီ၊မြန်၊၃။၄၉-၆၉၊ ဒီ၊ဋ္ဌ၊၃၊၂၉-၄၂။ ဒီ၊ဋီ၊၃၊၂၄-၃၅။ -ဒီဃနိကာယ၊ ပါထိကဝဂ္ဂ၊ တတိယသုတ်။
  2. -သံ၊၃၊၈၇။ သံ၊မြန်၊၃၊၉၂။ သံ၊ဋ္ဌ၊၃၊၁၉၀-၂။ သံ၊ဋီ၊၂၊၄၂၉-၄၃၀။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၂-ဗောဇ္ဈင်္ဂသံယုတ္တ၊ ၅-စက္ကဝတ္တိဝဂ္ဂ၊ ဒုတိယသုတ်။
  3. -အံ၊၁၊၁၀၇-၉။ အံ၊မြန်၊၁၊၁၂၆-၇။ အံ၊ဋ္ဌ၊၂၊၇၇-၉။ အံ၊ဋီ၊၂၊၈၁-၃။ -အင်္ဂုတ္တရနိကာယ၊ တိကနိပါတ၊ ပဌမပဏ္ဏာသက၊ ၂-ရထကာရဝဂ္ဂ၊ စတုတ္ထသုတ်။
  4. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  5. ပါဠိစာပေသမိုင်း။ ဒေါ်အုန်း မဟာဝိဇ္ဇာ။ ဒုကြိမ်၊ ဇန်နဝါရီလ ၁၉၈၁။ သာသနာရေးဦးစီးဌာန။ ရန်ကုန်။