ဂေါပကမောဂ္ဂလ္လာနသုတ်

ဝီကီပီးဒီးယား မှ

ဘုရားရှင် ပရိနိဗ္ဗာန်ဝင်စံ၍ မကြာမီ မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့တော် ဝေဠုဝန် ကျောင်းတော်၌ သီတင်းသုံးတော်မူနေသော အရှင်အာနန္ဒာသည် ဂေါပကမောဂ္ဂလ္လာန ပုဏ္ဏား လုပ်ငန်းဆောင်ရွက်နေသောအရပ်သို့ ကြွရောက်တော်မူသည့်အခါ ဂေါပကမောဂ္ဂလ္လာနပုဏ္ဏားက အရှင်အာနန္ဒာမထေရ်အား “အရဟံ သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ဘုရားဖြစ်နိုင်သောတရားအားလုံးကို အကုန်အစင်အခါခပ်သိမ်းသိနိုင်သော ရဟန်း တစ်ပါးမျှရှိပါသလော”ဟု မေးလျှောက်သဖြင့် အရှင်အာနန္ဒာမထေရ်က ထိုရဟန်းမျိုး မရှိပုံ၊ ဘုရားရှင်သည် မဖြစ်သေးသောအရိယာမဂ်ကို ဖြစ်စေပုံ၊ အရိယာမဂ်ကို ဟောတော်မူပုံ၊ ဘုရားရှင်သည်သာ မဂ္ဂညူ, မဂ္ဂဝိဒူ, မဂ္ဂကောဝိဒဖြစ်တော်မူပုံ၊ ဘုရားရှင် ဟောတော်မူသောအရိယာမဂ်သို့ အတုလိုက်၍ ရဟန်းတော်များ ကျင့်သုံးကြပုံတို့ကို မိန့်ကြားတော်မူပါသည်။

ထိုသို့စကားစမြည်ပြောဆို၍ မပြီးဆုံးသေးမီ ဝဿကာရပုဏ္ဏားရောက်ရှိလာပြီး အရှင်အာနန္ဒာနှင့် ဂေါပကမောဂ္ဂလ္လာနပုဏ္ဏားတို့ပြောဆိုနေကြသောစကားကို မေးလျှောက်ပြီး ဝဿကာရပုဏ္ဏားက “ဘုရားရှင် သက်တော်ထင်ရှားရှိတော်မူစဉ် မိမိ မရှိသည့်နောက် ကိုးကွယ်၍နေကြရမည့် ရဟန်းတစ်ပါး ကိုယ်တော်တိုင်ထားတော်မူ ခဲ့မှု ရှိ/ မရှိ၊ မထေရ်ကြီးများကိုယ်တိုင် ဘုရားရှင်အလား ရိုသေလေးစားနေကြရန် တင်မြှောက်ထားသည့် ရဟန်းတစ်ပါး ရှိ/မရှိ” မေးလျှောက်ထားပါသည်။ အရှင်အာနန္ဒာထေရ်က ထိုရဟန်းမျိုးမရှိကြောင်း ဖြေတော်မူပါသည်။ ထိုအခါ ဝဿကာရပုဏ္ဏားက အကြီးအကဲ ဦးစီးခေါင်းဆောင်မရှိပဲ ညီညီညွတ်ညွတ် နေနိုင်သော အကြောင်းကို မေးလျှောက်သည့်အခါ အရှင်အာနန္ဒာက “ငါတို့မှာ ကိုး ကွယ်ရာ ရှိပုံ၊ ဓမ္မကိုသာ ကိုးကွယ်ကြပုံ၊ ၁၅-ရက် တစ်ကြိမ် ဘုရားရှင်ပညတ်တော် မူထားသော သိက္ခာပုဒ်များကို ဂါမခေတ်အတွင်းရှိ ရဟန်းတော်များစည်းဝေးကြပြီး သိက္ခာပုဒ် ပါတိမောက်ကို ရွတ်ဖတ်၍ လွန်ကျူးသောရဟန်းကို ဓမ္မအတိုင်း ဆုံးမကြပုံ”ကို မိန့်ကြားတော်မူပါသည်။ ဤသို့ အကျယ်တဝင့်ရှင်းလင်း ဟောတော်မူသော်လည်း ဝဿကာရပုဏ္ဏားက နားမလည်သဖြင့် ပြန်လည်မေးလျှောက်ပြန်ရာ အရှင်အာနန္ဒာက “ဘုရားရှင်ကိုယ်တော်တိုင် “ပသာဒနီယတရား ၁၀-ပါး”ကို ဟောတော်မူခဲ့ပုံ၊ ထိုပသာဒ နီယတရားဆယ်ပါးကို မိမိတို့ အရိုအသေအလေးအမြတ်ထားပြီး မြတ်နိုးပူဇော်ကြပုံကို တစ်ပါးစီ တစ်ပါးစီဖြင့် ရှင်းလင်းမိန့်ကြားတော်မူပါသည်။

ဝေဿကာရပုဏ္ဏားက “ဝေသာလီမြို့ ကူဋာဂါရသာလာကျောင်းတော်၌ နေတော်မူစဉ် ဘုရားရှင်သည် ဈာန်တရားကို ချီးမွမ်းတော်မူပုံ”ကို လျှောက်ထားပါသည်။ အရှင်အာနန္ဒာထေရ်က “ဘုရားရှင်သည် နီဝရဏမကင်းသည့် ဈာန်ကို မချီးမွမ်းပုံ၊ နီဝရဏကင်းသည့် ရူပဈာန်လေးပါးနှင့်ပြည့်စုံသူကိုသာ ချီးမွမ်းတော်မူပုံ”ကို မိန့်ကြားတော်မူရာ ဝဿကာရပုဏ္ဏားက ဝေဠုဝန်ကျောင်းတော်ကို ချီးမွမ်းပြီး ပြန်လည် ထွက်သွားပုံ၊ ဂေါပကမောဂ္ဂလာနပုဏ္ဏား၏မေးခွန်း ဖြေဆိုပြီးပုံကို မိန့်ကြားတော်မူသည့်သုတ်။

အဋ္ဌကထာ-၌ အဇာတသတ်မင်း၏ စဏ္ဍပဇ္ဇောတမင်း၏အန္တရာယ်ကို သံသယရှိပုံ၊ ဤသုတ်ဖြစ်ပေါ်လာသည့်အချိန်၊ အရှင်အာနန္ဒာ၏ ဂေါပကမောဂ္ဂလာန ပုဏ္ဏားထံသို့ ကြွသွားတော်မူခြင်းအကြောင်း၊ ဝဿကာရပုဏ္ဏားက ရဟန်းတော်များသည် ရှေ့ကထက်ပို၍ ညီညီညွတ်ညွတ်ရှိကြခြင်း အကြောင်းကို မေးမြန်းပုံ၊ တိတ္ထိယတို့၏ သာဝကများဖြစ်သလို ဘုရားရှင်၏သာဝကများလည်း ဖြစ်နိုင်ပုံအကြောင်း၊ ဇမ္ဗူဒိပ်၌ သတင်းပျံ့နှံ့နေပုံ၊ ဝဿကာရပုဏ္ဏား၏ ဝေဠုဝန်ကျောင်းတော်ကို စောင့်ရှောက်ခြင်း အကြောင်းတို့ကို ဖွင့်ဆိုထားပါသည်။ [၁] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -မ၊၃၊၅၈-၆၆။ မ၊မြန်၊၃၊၆၂-၉။ မ၊ဋ္ဌ၊၄၊၇-၉။ မ၊ဋီ၊၃၊၂၆၀-၂။ -မဇ္ဈိမနိကာယ၊ ဥပရိပဏ္ဏာသက၊ ၁-ဒေဝဒဟဝဂ္ဂ၊ အဋ္ဌမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ