ဂေါတမီသုတ်

ဝီကီပီးဒီးယား မှ

[၁] ဘုရားရှင် သက္ကနိုင်ငံ ကပိလဝတ္ထုမြို့တော် နိဂြောဓာရုံကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် မဟာပဇာပတိဂေါတမီကိုယ်တိုင် ဘိက္ခုနီပြုလိုကြောင်း လျှောက်ထားခဲ့ပါသည်၊ သုံးကြိမ်တိုင်တိုင် ဘုရားရှင်ခွင့်ပြုတော်မမူပါ၊ မိထွေးတော်ကြီးနှင့် သာကီဝင် မင်းသမီးများကိုယ်တိုင် ဆံပင်ကိုရိတ်ပယ်၍ ဖန်ရည်စွန်းသောအဝတ်တို့ ဝတ်ရုံကြပြီး ဆင်းရဲပင်ပန်းစွာ ဘုရားရှင်ရှိတော်မူရာ ဝေသာလီမြို့ မဟာဝုန်တော ကူဋာဂါရကျောင်းတော်သို့ စွန့်စွန့်စားစား လိုက်လာကြသည့်အခါ အရှင်အာနန္ဒာကိုယ်တိုင် ဘုရားရှင်အား ဘိက္ခုနီပြုခွင့် သုံးကြိမ်တိုင်တိုင် လျှောက်ထားတောင်းပန်ခဲ့ပါသည်၊ ဘုရားရှင် ခွင့်ပြုတော်မမူပါ၊ အရှင်အာနန္ဒာက မာတုဂါမများ ရဟန်းပြုခြင်းကြောင့် သာသန ဓမ္မများ ခံစားခွင့် ရှိနိုင်/မရှိနိုင်ကို လျှောက်ထားသည့်အခါ ရှိနိုင်ကြောင်း မိန့်ကြားတော်မူသဖြင့် မိထွေးတော်ကြီး၏ ဘုရားရှင်အား ကျေးဇူးများလှပုံကို လျှောက်ထား၍ ဆက်လက်ပြီး ရဟန်းမ ပြုခွင့်လျှောက်ထားသည့်အခါမှ “ဂရုဓမ်ရှစ်ပါးတရားကို လက်ခံကျင့်သုံးနိုင်လျှင် မိထွေးတော်ကြီး ရဟန်းမဖြစ်ကြောင်း” မိန့်ကြားတော်မူပါသည်။

အရှင်အာနန္ဒာထေရ်သည် ဘုရားရှင်ထံတော်မှ ဂရုဓမ်ရှစ်ပါးတို့ကို သင်ယူပြီး မိထွေးတော်ကြီးအား ဤဂရုဓမ်ရှစ်ပါးတို့ကို အသက်ထက်ဆုံးကျင့်နိုင်ပါလျှင် မိထွေးတော်ကြီး၏ ဘိက္ခုနီအဖြစ် ကိစ္စပြီးကြောင်း မိန့်ကြားသည့်အခါ မိထွေးတော်ကြီး က “ဥပမာစကားဖြင့် ဂရုဓမ်ရှစ်ပါးတို့ အသက်ထက်ဆုံး မလွန်ကျူးပဲ ကျင့်သုံးလိုက်နာ မည်ဖြစ်ကြောင်း ခံယူပါကြောင်း”လျှောက်ထားပါသည်။ အရှင်အာနန္ဒာက ဘုရားရှင်အား မိထွေးတော်ကြီး၏ လျှောက်ထားသည့်စကားတို့ကို လျှောက်ထားသည့်အခါ ဘုရားရှင်က “မာတုဂါမများ ဘိက္ခုနီဖြစ်လာခြင်းကြောင့် သာသနာတော် သဒ္ဓမ္မသည် အနှစ်ငါးရာသာတည်တော့မည်ဖြစ်ကြောင်း၊ ယောက်ျားနည်း၍ မိန်းမများနေသော အိမ်ဥပမာ, ရောဂါပိုးဝင်နေသော သလေးခင်း ဥပမာ, ကြံခင်း ဥပမာတို့ဖြင့် မိန့်တော်မူပြီး တဖက်ဆည်ကန်ပေါင်ရိုး ဥပမာဖြင့် ဂရုဓမ်ရှစ်ပါးတို့ကို ဘိက္ခုနီများ အသက် ထက်ဆုံး လွန်ကျူး၍ မကျင့်ကြရန် မိန့်ကြားတော်မူသည့်သုတ်။

(ဤဂရုဓမ်ရှစ်ပါးဖြင့် ဘိက္ခုနီသာသနာစတင်ခွင့်ပြုတော်မူသည့်သုတ်။)

အဋ္ဌကထာ၌-ဤဂေါတမီသုတ်ဖြစ်ပေါ်ချိန်၊ သာကီဝင်မင်းသမီးများမှာ မဟာသမယသုတ်တော်လာ ရဟန္တာအရှင်များ၏ ဇနီးများဖြစ်ပုံ၊ ဘိက္ခုနီသာသနာကို လွယ်လွယ်ကူကူခွင့်ပြုတော်မမူခြင်း အကြောင်း၊ ကပိလဝတ္ထုမှ ဝေသာလီသို့ (၅၁)ယူဇနာ ခရီးကို ခြေလျင်လာကြပုံ၊ ဘုရင်မင်းများက စောင့်ရှောက်ပို့ဆောင်ကြပုံ၊ အရှင်အာနန္ဒာ၏ မင်းမျိုးများကိစ္စမေးမြန်းချက်၊ အဘိဝါဒန, ပစ္စုဋ္ဌာန, အဉ္ဇလီကမ္မ, သာမိစိကမ္မ အဖွင့်၊ မိထွေးတော်ကြီး၏ ဒေါမနဿများ ငြိမ်းပျောက်သွားပုံ၊ တဖက်ဆည်ကန် ဥပမာ အဖွင့်၊ သာသနာနှစ်ငါးထောင်အဖွင့်တို့ကို လေ့လာနိုင်ပါသည်။

ဋီကာ၌-မဟာပဇာပတိအဖွင့် အာပါဒိကာ-အစရှိသောပုဒ်တို့၏အဖွင့် သဒ္ဓမ္မငါးထောင်နှင့် ဆက်စပ်၍ ဖွင့်ဆိုချက်ကို ပြည့်ပြည့်စုံစုံဖွင့်ပြထားပါသည်။ သာသနာတော်သုံးရပ် ဆက်စပ်ပုံကိုလည်း ဖွင့်ပြထားပါသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၃၊၁၀၁-၆။ အံ၊မြန်၊၃၊၁၀၁-၅။ အံ၊ဋ္ဌ၊၃၊၂၃၅-၈။ အံ၊ဋီ၊၃၊၂၄၂-၄။ -အင်္ဂုတ္တရနိကာယ၊ အဋ္ဌကနိပါတ၊ ဒုတိယပဏ္ဏာသက၊ (၆)၁-ဂေါတမီဝဂ္ဂ၊ ပဌမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ