ဂိလာနသုတ်

ဝီကီပီးဒီးယား မှ

(၉)သုတ် ရှိပါသည်။

[၁] အညတရရဟန်း၏ လျှောက်ထားချက်အရ ရဟန်းငယ်တစ်ပါး မကျန်းမမာ ဖြစ်နေရာအရပ်သို့ ကြွရောက်တော်မူပြီး ရောဂါအကြောင်းနှင့် သီလဝိသုဒ္ဓဖြစ်ပုံကို မေးတော်မူ၍ ရာဂဝိရာဂအကျိုးငှါ တရားဟောတော်မူပုံကို မိန့်ကြားတော်မူပြီး အဇ္ဈတ္တိ ကာယတန (၆)ပါးတို့ကို တစ်ပါးစီ တစ်ပါးစီဖြင့် အနတ္တလက္ခဏသုတ် ဒေသနာတော် အတိုင်း ဟောတော်မူရာ ဒေသနာတော်၏အဆုံး၌ ဂိလာနရဟန်း သောတာပန်ဖြစ်ပုံကို ဟောတော်မူသည့်သုတ်။


[၂] အထက်သုတ်တော်အတိုင်း ဂိလာနရဟန်းအား ရောဂါဝေဒနာနှင့် သီလ ဝိသုဒ္ဓိကို မေးတော်မူ၍ အနုပါဒါပရိနိဗ္ဗာန်အကျိုးငှါ တရားဟောတော်မူပုံကို မိန့်တော်မူပြီး အဇ္ဈတ္တိကာယတန (၆)ပါးတို့ကို အနတ္တလက္ခဏသုတ်ဒေသနာတော်နည်းဖြင့် တစ်ပါးစီ တစ်ပါးစီဖြင့် ဟောကြားတော်မူရာ ဒေသနာတော်အဆုံး၌ ဂိလာနရဟန်း ရဟန္တာဖြစ်ပုံကို ဟောတော်မူသည့်သုတ်။


[၃] မဂဓနိုင်ငံ၊ ရာဇဂြိုဟ်မြို့ ပိပ္ပလိဂူ၌ မကျန်းမမာဖြစ်နေသော အရှင်မဟာကဿပထေရ်အား ကဿပဗောဇ္ဈင်ကို ဘုရားရှင်ကိုယ်တော်တိုင် ဟောတော်မူသည့်သုတ်။


[၄] မဂဓနိုင်ငံ၊ ရာဇဂြိုဟ်မြို့ ဂိဇ္ဈကုတ်တောင်၌ မကျန်းမမာဖြစ်နေသော အရှင်မဟာမောဂ္ဂလာန်မထေရ်အား မောဂ္ဂလာနဗောဇ္ဈင်ကို ဟောတော်မူသည့်သုတ်။


[၅] မဂဓနိုင်ငံ၊ ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်၌ မကျန်းမမာဖြစ်နေတော်မူသော ဘုရားရှင်အား အရှင်စုန္ဒထေရ်က ဘုရားရှင်ကိုယ်တော်တိုင် တိုက်တွန်းတော် မူချက်အရ ဗုဒ္ဓဗောဇ္ဈင်တို့ကို ဟောတော်မူသည့်သုတ်။


[၆] ဘုရားရှင် ဝဇ္ဇီနိုင်ငံ၊ ဝေသာလီမြို့တော်အနီး ဝေဠုဝရွာ၌ ဝါကပ်တော်မူစဉ် ဝါကပ်တော်မူပြီးရာအခါ၌ အပြင်းအထန် မာရဏန္တိက ရောဂါဝေဒနာ စွဲကပ်တော်မူပါသည်။ ဝေဒနာကင်းပျောက်ပြီး ကျောင်းရိပ်ဝယ် ခင်းထားသော နေရာတော်၌ သီတင်းသုံးတော်မူစဉ် အရှင်အာနန္ဒာ၏ လျှောက်ထားသည့်စကားကို အကြောင်းပြု၍ “မြတ်စွာဘုရားသည် တရားတော်ကို အတွင်းတရား, အပြင်တရားဟု နှစ်မျိုးထား၍ဟောတော်မမူကြောင်း၊ ဆရာစားချန်ထား၍လည်း ဟောတော်မမူကြောင်း၊ ရဟန်း သံဃာတော်များကိုလည်း ငါဘုရားသာ ဆောင်သွားမည်၊ ရဟန်းသံဃာသည် ငါဘုရားကိုသာ ဆရာဟူ၍ ညွှန်ပြရမည်”ဟု အကြံအစည် မရှိကြောင်း၊ ငါဘုရားသည် အိုမင်း လှပြီ၊ ကြီးရင့်လှပြီ၊ ကာလရှည်ကြာ တည်ခဲ့ပြီ၊ ပစ္ဆိမအရွယ်သို့ ရောက်နေပြီ၊ သက်တော်အားဖြင့် (၈၀)ရှိပြီ၊ လှည်းအိုကြီးကို ကြိမ်ကြိုးတို့ဖြင့် တုတ်နှောင်ဖွဲ့ချည်ပြီး သွားနေ သကဲ့သို့ ငါဘုရား၏ ခန္ဓာကိုယ်သည်လည်း သမာပတ်အဖွဲ့အစည်းဖြင့် ဖွဲ့တည်းချည်နှောင်၍ မျှတနေပေသည်။ “အာနန္ဒာ သတိပဋ္ဌာန်တရား လေးပါးတို့၌ ပြင်းထန်သော လုံ့လ၊ ထက်မြက်သောပညာ၊ ခိုင်မြဲသောသတိဖြင့် လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်၍ အတ္တဟူသော သတိပဋ္ဌာနဓမ္မ, လောကုတ္တရာဓမ္မကို မှီခိုစရာကျွန်း သဖွယ်, အားကိုးရာပြု၍ နေကြ၊ ဓမ္မမှတစ်ပါး အခြားကို အားကိုးရာပြု၍ မနေကြကုန် လင့်။ သိက္ခာသုံးပါးတို့၌ လိုလိုလားလား ကျင့်ကြကုန်သောရဟန်းတို့သည် အမြတ်ဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြလိမ့်မည်” အစရှိသည်ဖြင့် သတိပဋ္ဌာနဓမ္မကို ကျင့်သုံးနေထိုင်ကြရန် အသေးစိတ်အားဖြင့် ဟောကြားတော်မူသည့်သုတ်။


[၇] သက္ကနိုင်ငံ၊ ကပိလဝတ်မြို့တော် နိဂြောဓာရုံကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် မဟာနာမ် သာကီဝင်၏ လျှောက်ထားချက်အရ “ပညာရှိ ဥပါသကာ တစ်ယောက်သည် အပြင်းအထန် မကျန်းမမာဖျားနာနေသော ဥပါသကာ တစ်ယောက်အား “ဗုဒ္ဓါနုဿတိ, ဓမ္မာနုဿတိ, သံဃာနုဿတိ, သီလာနုဿတိ”-ဟူသော သက်သာ ရာရစေနိုင်သော တရားလေးပါးဖြင့် သက်သာရာ ရစေရမည်၊ မိဘ, သားသမီး, ဇနီး လူ့စည်းစိမ်, နတ်စည်းစိမ်, ဗြဟ္မစည်းစိမ်တို့၌ ငဲ့ကွက်နေသောစိတ်ကို လွတ်စေ၍ သက္ကာယနိရောဓ၌ စိတ်ကို ရောက်အောင် ဆောင်ရမည်”အစရှိသည်ဖြင့် ဟောတော်မူသည့်သုတ်။


[၈] ဤသုတ်၌ ဂိလာနပုဂ္ဂိုလ်သုံးမျိုးနှင့် ဂိလာနူပမပုဂ္ဂိုလ်သုံးမျိုးတို့ကို ဟောတော်မူပါသည်။

အဋ္ဌကထာ၌-ဂိလာနူပမပုဂ္ဂိုလ်တို့တွင် -ပထမဝါရဖြင့် “ပဒပရမပုဂ္ဂိုလ်”ကို၊ ဒုတိယဝါရဖြင့် “ဥဂ္ဃဋိတညူပုဂ္ဂိုလ်”ကို၊ တတိယဝါရဖြင့် “ဝိပဉ္စိတညူပုဂ္ဂိုလ်ကို ဟောတော်မူကြောင်း ဖွင့်ပြထားပါသည်။ ဥဂ္ဃဋိတညူပုဂ္ဂိုလ် အမျိုးအစားကိုလည်း ဖွင့်ပြထားပါသည်။ ဓမ္မဒေသနာ ခွင့်ပြုတော်မူခြင်းအကြောင်းကိုလည်း ဖွင့်ပြထားပါသည်။


[၉] (၁) ကာယေ အသုဘာနုပဿီ၊ (၂) အာဟာရေ ပဋိကူလသညီ၊ (၃) သဗ္ဗ လောကေ အနဘိရတသညီ၊ (၄) သဗ္ဗသင်္ခါရေသု အနိစ္စာနုပဿီ၊ (၅) မရဏ-သညာ ခေါ ပနဿ အဇ္ဈတ္တံ သူပဋ္ဌိတာ-ဟူသော တရားငါးမျိုးကို မစွန့်လွှတ်သော ဒုဗ္ဗလဂိလာန ရဟန်းသည် မျက်မှောက်ဘဝ၌ပင်လျှင် အရဟတ္တဖိုလ်ကို မျက်မှောက်ပြု နိုင်လိမ့်မည်ဟု ဟောတော်မူသည့်သုတ်။ [၁၀]


ဂိလာနသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် အားနည်းသော သူနာရဟန်းနှင့် ပတ်သက်၍ ရှုမှတ်ရမည့်တရားငါးမျိုးတို့ကို ဟောကြားတော်မူခဲ့သည်။[၁၁]

ဂိလာနသုတ်[ပြင်ဆင်ရန်]

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်းကြီး၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ညနေချမ်းအခါ၌ တစ်ပါးတည်း ကိန်းအောင်းတော်မူနေရာမှ ထတော်မူလျက် သူနာရဟန်းတို့နေရာကျောင်းသို့ ချည်းကပ်တော်မူ၏။

မြတ်စွာဘုရားသည် သူနာရဟန်းတစ်ပါးကို မြင်တော်မူသောကြောင့် ခင်းထားသော နေရာ၌ ထိုင်တော်မူလျက် ရဟန်းတို့ကို ခေါ်၍ -

ရဟန်းတို့ တရားငါးမျိုးတို့သည် အားနည်းသော မည်သည့်သူနာရဟန်းကိမဆို မစွန့်ကြကုန်မူ ထိုရဟန်းသည် “မကြာမီပင်လျှင် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုလျက် ရောက်၍ နေရလိမ့်မည်” ဟူသော အကျိုးကို (မချွတ်ရလိမ့်မည်) ဟု မျှော်လင့်အပ်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ -

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ခန္ဓာကိုယ်ပ မတင့်တယ်ဟု အဖန်တလဲလဲ ရှုလျက်နေ၏၊ (သုံးဆောင်အပ်သော) အာဟာရ၌ စက်ဆုပ်ဖွယ်ရှု အမှတ်ရှိ၍ အလုံးစုံသော လောက၌ မမွေ့လျော်ဖွယ်ဟု အမှတ်ရှိ၍ အလုံးစုံသော သင်္ခါရတရားတို့၌ အမြဲမရှိဟု ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ ထိုရဟန်းအား သေခြင်းကို အာရုံပြု၍ ဖြစ်သော အမှတ် ‘သညာ’ သည်မိမိသန္တာန်၌ ကောင်းစွာတည်၏။

ရဟန်းတို့ ဤတရားငါးမျိုးတို့သည် အားနည်းသော မည်သည့်သူနာရဟန်းကိမဆို မစွန့်ကြကုန်မူ ထိုရဟန်းသည် “မကြာမီပင်လျှင် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုလျက် ရောက်၍ နေရလိမ့်မည်” ဟူသော အကျိုးကို (မချွတ်ရလိမ့်မည်) ဟု မျှော်လင့်အပ်၏ ဟု (မိန့်တော်မူ၏)။[၁၁]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၂၊၂၇၂-၃။ သံ၊မြန်၊၂၊၂၆၄-၅။ -သံယုတ္တနိကာယ၊ သဠာယတနဝဂ္ဂသံယုတ္တ၊ ၁-သဠာယတနသံယုတ္တ၊ (၈) ဂိလာနဝဂ္ဂ၊ ပဌမသုတ်။
  2. -သံ၊၂၊၂၇၃-၄။ သံ၊မြန်၊၂၊၂၆၆-၇။ -သံယုတ္တနိကာယ၊ ... ဒုတိယသုတ်။
  3. -သံ၊၃၊၇၁-၂။ သံ၊မြန်၊၃၊၇၅-၆။ သံ၊ဋ္ဌ၊၃၊၁၈၅-၆။ သံ၊ဋီ၊၂၊၄၂၅။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၂-ဗောဇ္ဈင်္ဂသံယုတ္တ၊ ၂-ဂိလာနဝဂ္ဂ၊ စတုတ္ထသုတ်။
  4. -သံ၊၃၊၇၂။ သံ၊မြန်၊၃၊၇၆။ -သံယုတ္တနိကာယ၊ ... ပဉ္စမသုတ်။
  5. -သံ၊၃၊၇၃။ သံ၊မြန်၊၃၊၇၇။ -သံယုတ္တနိကာယ၊ ... ဆဋ္ဌသုတ်။
  6. -သံ၊၃၊၁၃၂-၄။ သံ၊မြန်၊၃၊၁၃၇-၉။ သံ၊ဋ္ဌ၊၃၊၂၃၅-၈။ -သံ၊ဋီ၊၂၊၄၇၁-၂။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၃-သတိပဋ္ဌာနသံယုတ္တ၊ ၁-အမ္ဗပါလီဝဂ္ဂ၊ နဝမသုတ်။
  7. -သံ၊၃၊၃၅၇-၉။ သံ၊မြန်၊၃၊၃၆၂-၄။ သံ၊ဋ္ဌ၊၃၊၃၃၄။ သံ၊ဋီ၊၂၊၅၃၀။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၁၁-သောတာပတ္တိသံယုတ္တ၊ ၆-သညဝဂ္ဂ၊ စတုတ္ထသုတ်။
  8. -အံ၊၁၊၁၁၈-၁၂၀။ အံ၊မြန်၊၁၊၁၃၆-၈။ အံ၊ဋ္ဌ၊၂၊၈၈-၉၀။ -အံ၊ဋီ၊၂၊၉၀-၉၁။ -အင်္ဂုတ္တရနိကာယ၊ တိကနိပါတ၊ ပဌမပဏ္ဏာသက၊ ၃-ပုဂ္ဂလဝဂ္ဂ၊ ဒုတိယသုတ်။
  9. -အံ၊၂၊၁၂၅။ အံ၊မြန်၊၂၊၁၅၅။ -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ တတိယပဏ္ဏာသက၊ (၁၃) ၃-ဂိလာနဝဂ္ဂ၊ ပဌမသုတ်။
  10. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  11. ၁၁.၀ ၁၁.၁ အင်္ဂုတ္တရနိကာယ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ပဉ္စကနိပါတ်၊ ၃-တတိယပဏ္ဏာသက (တတိယသုတ်ငါးဆယ်)၊ (၁၃) ၃ - ဂိလာနဝဂ် ၁ - ဂိလာနသုတ်