ကလိင်္ဂရသုတ်

ဝီကီပီးဒီးယား မှ

[၁] သစ်သားခေါင်းအုံးကို အုံးလျက် (နိုးနိုးကြားကြား) မမေ့မလျော့ ထက်ထက် သန်သန် အတတ်ပညာသင်ယူလျက် နေကြကုန်သော ယခုလိစ္ဆဝီမင်းတို့အား အဇာတသတ်မင်းသည် နှိပ်စက်နိုင်ရန် အခွင့်, နှိပ်စက်နိုင်ရန်အကြောင်းကို မရနိုင်၊ နူးညံ့သိမ်မွေ့သော နူးညံ့သိမ်မွေ့သည့်လက်ခြေရှိကြကုန်သော, နူးညံ့သောအိပ်ယာတို့၌ လဲသွတ်သောခေါင်းအုံးတို့၌ နေထွက်သည်တိုင်အောင် အိပ်ကြကုန်သော နောက်ပိုင်း လိစ္ဆဝီမင်းတို့သည် အဇာတသတ်မင်း၏ နှိပ်စက်ရန် အခွင့် နှိပ်စက်ရန် အကြောင်း ရလိမ့်မည်။

သစ်သားခေါင်းအုံး၌ အုံးကြကုန်လျက် ပဓာနအလုပ်၌ မမေ့မလျော့ ထက်ထက်သန်သန် အားထုတ်နေကြကုန်သော ယခုခေတ်ရဟန်းတော်တို့အား မာရ်ယုတ်သည် နှိပ်စက်ရန် အခွင့်အလမ်း အကြောင်းကို မရနိုင်၊ နူးညံ့သော နူးညံ့သိမ်မွေ့သော လက်ခြေရှိကြကုန်လျက် လဲသွတ်သောခေါင်းအုံးရှိကြကုန်သော နူးညံ့သောအိပ်ရာတို့၌ နေထွက်သည်တိုင်အောင်အိပ်ကြကုန်သော နောက်ပိုင်းရဟန်းတို့အား မာရ်ယုတ်သည် နှိပ်စက်ရန် အခွင့် နှိပ်စက်ရန် အကြောင်း ရလိမ့်မည်။ ထို့ကြောင့် သင်တို့သည် သစ်သားခေါင်းအုံး အုံးလျက် (နိုးနိုး ကြားကြား) ပဓာနအလုပ်၌ ထက်ထက် သန်သန် သတိရှိလျက် အားထုတ်နေကြရမည်-ဟု ဘုရားရှင် ဝေသာလီမြို့ ကူဋာဂါရကျောင်းတော်၌ ရဟန်းတို့အား ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌-လိစ္ဆဝီမင်းသားတို့ အက္ခဏဝေဓိ, ဝါလဝေဓိ အတတ်ပညာ ရှင်များဖြစ်အောင် အတတ်ပညာသင်ယူကြပုံ၊ ရှေးခေတ် ရဟန်းတော်များ ပဓာန အလုပ် အားထုတ်ကြပုံ၊ သီဟိုဠ်ကျွန်း၌ တချိန်က ပုထုဇဉ်ရဟန်း မရှိသလောက် အားလုံးနည်းပါး ရဟန္တာများသာဖြစ်ကြပြီး သာသနာတော်ထွန်းတောက်ခဲ့ပုံတို့ကို ဖွင့်ပြထားပါသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၄၅၇-၈။ သံ၊မြန်၊၁၊၄၄၆-၇။ သံ၊ဋ္ဌ၊၂၊၂၁၁-၂။ သံ၊ဋီ၊၂၊၁၉၁-၂။ -သံယုတ္တနိကာယ၊ နိဒါနဝဂ္ဂသံယုတ္တ၊ ၉-ဩပမ္မသံယုတ္တ၊ အဋ္ဌမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ