ကန္ဒရကသုတ်

ဝီကီပီးဒီးယား မှ

ဘုရားရှင် အင်္ဂတိုင်း စမ္ပာမြို့ ဂဂ္ဂရာရေကန်အနီး၌ ရဟန်းတော်များနှင့် အတူ သီတင်းသုံးနေတော်မူစဉ် ရောက်ရှိလာကြသော ဆင်ထိန်း၏သား “ပေဿနှင့် “ကန္ဒရက ပရိဗိုဇ်တို့တွင် ကန္ဒရကပရိဗိုဇ်၏လျှောက်ထားချက်အရ “ရဟန်းသံဃာတော်၏ (ဟန်ဆောင်မှုမပါ) ပင်ကိုယ်သဘာဝအားဖြင့်သာ ငြိမ်သက်မှုရှိပုံ နှစ်မျိုးကို” ဟောတော်မူပါသည်။ ထိုနှစ်မျိုးတို့တွင် သေက္ခပုဂ္ဂိုလ်များသည် သတိပဋ္ဌာန်လေးပါးပွားနေခြင်းကြောင့် ငြိမ်သက်မှုရှိပုံနှင့် သတိပဋ္ဌာန်လေးပါး အားထုတ်ပုံ၊ အားထုတ်ခြင်းကြောင့် လက်တွေ့ခံစားနိုင်သော အကျိုးတို့ကို ဟောကြားတော်မူပါသည်။ ။

ဆင်ထိန်း၏သား ပေဿက “ရှုပ်ပွနေသောလူ့လောက၌ သတိပဋ္ဌာန်လေးပါး ပွားများသင့်ပုံ၊ လူ့သဘာဝနှင့် တိရစ္ဆာန်သဘာဝတို့ခြားနားချက်ကို ရှင်းလင်းလျှောက်ထားပါသည်။ ဘုရားရှင်က ပေဿအား (၁) အတ္တန္တပ, အတ္တပရိတာပနာနုယောဂ မနုယုတ္တပုဂ္ဂိုလ်၊ (၂) ပရန္တပ, ပရပရိတာပနာနုယောဂ မနုယုတ္တပုဂ္ဂိုလ်၊ (၃) အတ္တန္တပ, အတ္တပရိတာပနာနုယောဂ မနုယုတ္တ, ပရန္တပ, ပရပရိတာပနာနုယောဂ မနုယုတ္တပုဂ္ဂိုလ်၊ (၄) နေဝအတ္တန္တပ, အတ္တပရိတာပနာနုယောဂ မနုယုတ္တ, နပရန္တပ, နပရပရိတာပနာ နုယောဂ မနုယုတ္တပုဂ္ဂိုလ်-ဟု ပုဂ္ဂိုလ်လေးမျိုးရှိပုံ၊ နောက်ဆုံးပုဂ္ဂိုလ်သည် နိစ္ဆာတ, နိဗ္ဗုတ, သီတိဘူတ, သုခပ္ပဋိသံဝေဒီ, ဗြဟ္မဘူတဖြစ်ပုံ၊ ဤပုဂ္ဂိုလ်လေးမျိုးတို့တွင် အဘယ် ပုဂ္ဂိုလ်သည် သင်၏စိတ်ကို နှစ်သက်စေနိုင်ပါသနည်း-ဟု မေးတော်မူပါသည်။

ထိုအခါ ပေဿ-က “နောက်ဆုံးပုဂ္ဂိုလ်သာ သူ၏စိတ်ကို နှစ်သက်စေနိုင်ပုံနှင့် နှစ်သက်စေနိုင်ခြင်း၏ အကြောင်းကို” လျှောက်ထားပြီး ပြန်သွားပါသည်။

ထိုအခါ ဘုရားရှင်က “ပေဿသည် ပညာရှိဖြစ်ပုံ၊ ထိုပုဂ္ဂိုလ်လေးမျိုး၏ အကျယ်ဒေသနာကို နာယူပြီးပါက အကျိုးများစွာဖြစ်နိုင်ပုံကို မိန့်ကြားတော်မူပြီး၊ ထိုပုဂ္ဂိုလ်လေးမျိုးအကျယ်ကို သီလ, သမာဓိ, ပညာ အထွတ်တပ်၍ ဟောတော်မူပါသည်။

အဋ္ဌကထာ၌-စမ္ပာမြို့တော်နှင့် ဂဂ္ဂရာရေကန်အကြောင်း၊ တုဏှီဘူတ ဖြစ်ပုံ၊ အစ္ဆရိယပုဒ်အဖွင့်၊ အစ္ဆရိယနှစ်မျိုး၊ ဥပသန္တ အတုနှင့် အစစ်၊ သမဏယက္ခ၊ ဤသုတ်၌ ဟောတော်မူသည့် သတိပဋ္ဌာန်၊ သဌ, ကူဋ၊ ဝင်္က, ဇိမှအဖွင့်၊ ပဏ္ဍိတ, မဟာပည ပုဂ္ဂိုလ် အစစ်၊ မဂ္ဂဖလဥပနိဿယ ပျက်စီးခြင်းအကြောင်း နှစ်မျိုး-အစရှိသော မှတ်သားဖွယ် ဖွင့်ဆိုချက်များကို လေ့လာနိုင်ပါသည်။ [၁] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -မ၊၂၊၁-၁၂။ မ၊မြန်၊၂၊၁-၁၄။ မ၊ဋ္ဌ၊၃၊၁-၈။ မ၊ဋီ၊၃၊၁-၆။ -မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသ၊ ၁-ဂဟပတိဝဂ္ဂ၊ ပဌမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ