ငဇင်ကာ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ငဇင်ကာ ဟူသည်၊ ဒီဘရီတို(Filip de Brito Nicote) ပင် ဖြစ်သည်ဟူသော အများ အယူအဆ မှားလေဟန်၊ မန္တလေး ပိဋကတ်တော် ပြန့်ပွားရေး ပုံနှိပ်တိုက်မှ၊ (၁၉၅၃ တွင်) မန္တလေး တက္ကသိုလ် သုတေသန အဖွဲ့ စာစဉ် (၂) အဖြစ်ဖြင့် ပုံနှိပ် ထုတ်ဝေသော၊ ပါမောက္ခ ဦးချမ်းမြ တည်းဖြတ်သည့် တောင်ငူဘုရင် နတ်သျှင်နောင်ဆိုရတုများ စာအုပ်၊ နိဒါန်း စာမျက်နှာ ၂၆ မှ ၂၈ ထိ 'ကုလား ငဇင်ကာ' ဟူသော စာပိုဒ်၌၊ ရေးသား ပါရှိသည်။ ဦးချမ်းမြပင်၊ ၁၉၃၉ ခုနှစ်က မြန်မာနိုင်ငံ သုတေသန အသင်း အတွက်၊ အဆိုပါ ရတုများကို တည်းဖြတ် ပေးခဲ့စဉ်ကလည်း၊ အထက်ပါ အယူအဆကို နိဒါန်း၌ တင်ပြ ခဲ့သည်ဟု ထင်ပါသည်။ ဦးချမ်းမြသည် ရန်ကုန် သူရိယတိုက်မှ ၁၉၁၈-ခု ပုံနှိပ်သည့် ဘုရင်ဂျီ ဘုန်းတော်ကြီး ဒေါင်ဘီနာရှူနှင့် အခွန်ဝန် သီရိဇေတရတ်ကျော်တို့ ဘာသာပြန်သော ပေါ်တူဂီရာဇဝင်ကို ကိုးကားလျက်၊ ငဇင်ကာ ဟူသော အမည်သည် မူရင်း ဇွင်ကာကူမှ ဖြစ်ပေါ်လာသော အမည်ဖြစ်၍၊ ဒီဘရီတို ဆိုသူနှင့် မဆိုင်ဟု ရေးသားခြင်း ဖြစ်သည်။

ငဇင်ကာ

ထို့ကြောင့်၊ မူလ ဖြစ်သော ပေါ်တုဂီ ရာဇဝင်၌ ရှာဖွေသော အခါတွင်၊ အောက်ပါအတိုင်း တွေ့ရပါသည်။ စာမျက်နှာ ၁၉ဝ အပိုဒ် ၈၄။

ဂိုဝါ စစ်ဘုရင်က၊ ပေါ်တူဂီမင်း အံတရိတ် အမိန့်အမှာ ပါချက် အတိုင်း၊ တိုက်သင်္ဘော ၁၂ စင်းတွင်၊ သေနတ်၊ အမြောက်၊ ဆေး၊ ခဲ၊ ယမ်း အပြည့်အစုံ၊ ရဲမက်ဗိုလ်ပါ ရိက္ခာ ဆန်ရေ အလုံအလောက်နှင့်၊ ဒီဘရီတူကို ဗိုလ်မှူး ခန့်၍၊ ခရစ်နှစ် ၁၅၇ဝ ပြည့်၊ သက္ကရာဇ် ၉၃၂ ခု တွင်၊ ဂိုဝါမြို့မှ ရခိုင်သို့ ချီသွား လုပ်ကြံ စေသည်။

ယင်းသို့ စေလွှတ်ခြင်း ခံရသော ဗိုလ်မှူး ဒီဘရီတူသည်၊ စစ်ရှုံး သဖြင့် ဂိုဝါသို့ ပြန်အရောက်တွင် အကွပ်မျက် ခံရသည် ဟူ၍ လည်းကောင်း၊ မိမိဘာသာ အဆုံး စီရင်သည် ဟူ၍ လည်းကောင်း အဆို နှစ်မျိုး ရှိကြသော်လည်း ဤတွင်ပင် ဒီဘရီ၏ ဘဝ လမ်းဆုံး၍၊ ၎င်းနှင့် သံလျက်နှင့် သက်ဆိုင်သူ၏ အကြောင်းကို၊ ဤ ပေါ်တူဂီ ရာဇဝင် စာမျက်နှာ ၁၉၈ အပိုဒ် ၈၇ ၌ …

ဂိုဝါ စစ်ဘုရင်က၊ ပဲခူးတိုင်း ပြည်တပြည်သို့ အကြည့်အရှု အရှာအဖွေ အပြုအစု ဇွင်ကာကူကို ဗိုလ်မှူး ခန့်ထား၍၊ သင်္ဘော ၁၂ စင်းတွင် အမြောက်သေနတ်၊ ဆေး၊ ခဲ၊ ယမ်း၊ အပြည့်အစုံ၊ ရဲမက် ဗိုလ်ပါ ရိက္ခာ ဆန်ရေ အလုံအလောက်နှင့်၊ ကုလား သိုးဆောင်းတို့ ခရစ်နှစ် ၁၆၀၆ ခု၊ မြန်မာတို့ သက္ကရာဇ် ၉၆၈ ခုတွင် ဂိုဝါမြို့မှ ပဲခူးသို့ ချီလာသည်။

ဟု ဖော်ပြ၏။ ယင်းအထောက်အထားများ အရ ဆိုလျှင် ဒီဘရီတူနှင့် ဇွင်ကာတူ တဦးစီ ဖြစ်သည်ဟု ဆိုရမည်ကဲ့သို့ ရှိသည်။

ပေါ်တူဂီရာဇဝင်၌ ပါသည့် အတိုင်း၊ သံလျင် တည်ပုံနှင့် ပျက်ပုံကို ဆက်လက်၍ ဖော်ပြဦးသည်။ ဇွင်ကာကူသည်၊ ဦးစွာ ပထမ ရခိုင်မင်းထံ ဝင်သည်။ ပဂေါနိုင်ငံ၌ အခြေစိုက်၍ ဆိပ်ကမ်း ဆောက်ခွင့် ပြုသင့်ကြောင်း၊ ရခိုင်မင်းက ပဲခူးမင်းသို့ ထောက်ခံစာ ရေးပေးလျှင် ဗိုလ်မှူး ဇွန်ကာကူက … မေတ္တာစာ ပေးလိုက်သည့် အရာမှာ အလွန်ကောင်းသည်ပင် ဖြစ်တော့သည်။ သာသာယာယာ အခွင့် ပေးလျှင်လည်း ကောင်းတော့သည်။ အကယ်၍ မပေးဘဲ နေခဲ့လျှင်လည်း၊ လျော့မည် မဟုတ်။ စစ်ဘုရင်က မိန့်မှာ လိုက်သည့် အတိုင်း၊ နိုင်အောင်ယူ၍ နေမည်ပင် ဖြစ်သည်ဟု ပြောဆို၍၊ ပဲခူးပြည် သံလျင် အရပ်သို့ လွှင့်သွား ဆိုက်ရောက် လေသတည်း။

(စာမျက်နှာ ၁၉၈၉၊ အပိုဒ် ၈၈)

ထိုသို့၊ ပေါ်တူဂီက သံလျင်၌ နေထိုင် ပြုစု၍ ရောင်းဝယ် လိုသည်ကို၊ ပဂေါမင်းက ဝမ်းသာစွာ လက်ခံပါသည်။ သို့သော်၊ ရှမ်းစစ်ကို ကူ၍ နှိမ်နှင်းပေးပါ ဆိုသဖြင့် ကူညီရ၏။ ရှမ်းတို့ ပြေးလျှင်၊ ပဂေါမင်း အားရ၍ နေလိုရာ နေပါတော့ဟု ခွင့်ပေးသည်။

ထိုအခါ ပေါတူဂီ ဗိုလ်မှူးက ကျွန်ုပ် ကြိုက်ရာ အရပ်တွင် နေပါမည်၊ ကျွဲရေ တစ်ချပ်ရာမျှသော နယ်မြေကို ပေးပါဟု တောင်းဆိုလျှင်၊ ပဲခူးမင်းက၊ အမှတ်မထင် ယူတော့ဟု အခွင့်ပေးသည်။ ထိုသို့ အခွင့်ရလျှင် ကျွဲရေ တစ်ချပ်ကို သေးသေးမျှင်မျှင် လှီး၍၊ သံလျင် အရပ်တွင် ကုန်းကောင်းရာမှာ တိုင်းတာ၍ ယူသည်။

(စာမျက်နှာ ၁၉၉၊ အပိုဒ် ၈၉)

ယင်းသို့ စဉ်းလဲသော်လည်း မူလ ကတိရှိသည် တကြောင်း၊ ရှမ်းတို့ကို တိုက်ခိုက်ပေးသည့် ကျေးဇူး ရှိသည် တကြောင်း၊ ပေါ်တူဂီတို့၏ လက်နက် အင်အားကို လေးစားသည် တကြောင်း၊ ထိုအကြောင်းတို့ကြောင့် ပဂေါမင်းက မကန့်မကွက်၊ မြို့တည်ရာ၌ပင် လူသူ မလောက်မင ရှိသည်ကို ကူညီ ပေးသဖြင့်၊ ခြောက်လနှင့် မြို့ပြီး၏။

သံလျင် မြို့ကိုလည်း၊ ထိုအခါ ကာလတွင် မြို့တည် ဗိသုကာ ဇွန်သရယိန၊ စီရင် ပြသ တည်လုပ်သည် ဖြစ်၍ ဗိသုကာ အမည်အတိုင်း သရယိန တွင်သည်။

(စာမျက်နှာ ၂၀၀၊ အပိုဒ် ၈၉)

ဤသို့၊ သံလျင်တွင် ပေါ်တူဂီတို့ အခြေစိုက် မိလျှင်၊ ရခိုင်မင်းက ကြောက်ရွံ့စိတ် ဖြစ်လာသဖြင့် တိုက်ဖျက် စေသည်။ ရခိုင်တို့ စစ်ရှုံး၍ စစ်ဦးစီး ရခိုင် မင်းသားလည်း အဖမ်း ခံရသည်။ သို့သော် ကောင်းမွန်စွာ ထား၍ ရခိုင်မင်းက အကျေအအေး ပြောဆို တောင်းပန် သဖြင့်၊ ပြန်၍ လွှတ်လိုက်သည်။ ဤအတွင်းဝယ်၊ အင်းဝမင်းက တောင်ငူမင်းကို ဖမ်းယူပြီးမှ၊ တောင်ငူ၌ပင် လက်အောက်ခံမင်း ပြုစေပြန်ရာ တောင်ငူမင်းက သံလျင်ကို အကူအညီ တောင်းသည်။ ဂိုဝါမှ ခွင့်ပြုချက်ကို တောင်းခံ၍၊ ရခိုင်တွင် ရှိသော ပေါ်တူဂီ အမျိုးသား အားလုံးကို စုရုံး ခေါ်ယူ၍၊ ဇွန်ဒေကရ သီယာ ဆိုသူကို အမှူးထားလျက် တောင်ငူသို့ ချီစေသည်။ တောင်ငူကို ရလျှင် နတ်သျှင်နောင်နှင့် လူ ၃,၀၀ဝ ကျော် သံလျင်သို့ ပါလာသည်။ အဝမင်းက တောင်ငူကို တိုက်စေလျှင် အမြောက် သေနတ် ထူထပ် လှသောကြောင့်၊ ကာလ ကြာမြင့်စွာ မြို့အနီးအနား ကိုမျှ မချဉ်းကပ်နိုင် ရှိရသည်။ ပြီးမှ -

မြန်မာတို့က မြေကို တူးဆွ၍ ချဉ်းကပ်သည်။ မြို့ အနီးအပါးသို့ ရောက်လျှင် တွင်းထဲမှ နေသည်ဖြစ်၍၊ အမြောက်ခင်း မသာ ရှိသည်တွင် ပေါ်တူဂီ တို့က (၈၇ နတ်) နှင့် ပစ်လျှင် တွင်းထဲမှာ (၈၇ နတ်) ကွဲ၍ လူအများ ထိခိုက် သေဆုံးသည်တွင်၊ မဟာဓမ္မရာဇာ(အနောက်ဖက်လွန်မင်း)၏ ရဲမက် စစ်သည်တို့ သတိရ၍ တွင်းကို ပျဉ်မိုးသည်။ ညည့်/နေ့ မနေမနား တိုက်ခိုက်ရသည်။

(စာမျက်နှာ ၂၀၇၊ အပိုဒ် ၉၄)

ယင်းသို့ တွင်းအောင်းသော်လည်း ချမ်းသာရာ ရကြသည် မဟုတ်ချေ။ ပေါ်တူဂီတို့က ဗိုလ်မှူး ဇွန်ကာကူ ကိုယ်တိုင် ခေါင်းဆောင်လျက် နတ်သျှင်နောင် နံနက် ၄ ချက်မတီးမီ အရှေ့ တံခါးက ထွက်၍၊ မြို့နား ပတ်လည် ကျုံးကဲ့သို့ တူးပြီးလျှင်၊ တွင်းထဲမှာ ရှိနေသည့် တပ်ရင်းသို့ ရောက်လျှင် မင်းမဟာ ဓမ္မရာဇာ၏ ရဲမက်တို့ တစ်ယောက်မျှ မသိကြ။ ပေါတုဂီတို့ ကြည့်လျှင် တွင်းတွင် ပုန်းလျက် ကာလျက် နေသည့် အရာများကို မမြင်ရသောကြောင့်၊ သေနတ် တချက် ပစ်ဖောက်သည်တွင် မင်းမဟာ ဓမ္မရာဇာ၏ ရဲမက်တို့၊ ဖြိုးဖြိုးဖျဖျ ထကာဟစ်ကြော် ခေါ်ကြလျှင်၊ လှည်းရထား အမြောက် (၈၇ လက်) သေနတ် ပါသမျှတို့ကို မရပ်မဆိုင်း မနေမနား၊ လက်ဝဲ လက်ျာ တောင် မြောက် ကျုံးမြောင်း (ကဲ့သို့) တွင်းတူးနေသည့် တလျှောက်ကို ပစ်ဖောက် လေလျှင်၊ မင်းမဟာ ဓမ္မရာဇာ၏ ရဲမက်တို့ ကျုံးတွင်းတွင် အများ ထိခိုက် သေဆုံးကြ၍ မရပ်မခံနိုင် လွတ်မိလွတ်ရာ တက်ပြေး ဆုတ်ခွာ ကြရသည်။ တွင်းအောင်း နေသမျှ လူတို့တွင် အနည်းငယ်မျှသာ လွတ်သည်။

(စာမျက်နှာ ၂၀၈ - ၉၊ စာပိုဒ် ၉၅)

သို့သော်…မြောက်မျက်နှာက မြန်မာတို့ ထံသို့ စစ်ကူ လာသဖြင့် ပေါ်တူဂီ မြို့တွင်းသို့ ပြန်၍ ဝင်ခဲ့ရသည်။ ဤတိုက်ပွဲတွင် ဗိုလ်မှူး ဇွင်ကာကူ၏ ပေါင်၌ သေနတ်ဒဏ်ရာ အနည်းငယ် ရသည်။ ရန်သူ အင်အားနှင့် နှိုင်းစာလှျင် ပေါ်တူဂီ အင်အား နည်းလှသည်ကို ဗိုလ်မှူး ဇွင်ကာကူ ပြောသည့် အနေဖြင့် ကျွန်ုပ်တို့ လူအင်အားနှင့် မင်းမဟာ ဓမ္မရာဇာ၏ လူအင်အားကို ငလွင်ငပြင် ကျင်းပ၍ တိုက်ရသည့် အရာ၊ လင်ပန်းနား ဆားစု ခန့်မှျသာ ရှိချေသည်။ လက်ခုပ်နှင့် ကျုံး၍ ယူသော်လည်း ရလွယ် ခမန်းပင် ရှိချေသည်။

(စာမျက်နှာ ၂၀၉၊ စာပိုဒ် ၉၆)

ဟု ဖော်ပြထားသည်။ ထိုအတွင်း ပဂေါမင်း လူနှင့် တောင်ငူမင်း လူများကလည်း စိတ်ဓာတ် ကျဆင်းလျက် ရန်သူဘက်သို့ ပြေးဝင်သည်လည်း အများ ရှိသည်။ တောင်ငူမင်းကို အပ်လျှင် စစ်ပြေငြိမ်းမည်ဟု ကမ်းလှမ်း လာသည်ကိုလည်း ငြင်းဆို လိုက်၏။ ဤသို့ ဒုက္ခ ရောက်လျက် ရှိစဉ် ကမ်းတွင် ဆိုက်ကပ် ထားသော သင်္ဘော နှစ်စင်းလည်း မီးဘောင်လွှတ်၍ မီးတိုက် သဖြင့် ပျက်စီး ဆုံးပါးရသည်။ စစ်တကောင်းမှ လေမသင့်၍ ရခိုင်သို့ ရောက်လာသော ပေါ်တူဂီအမျိုးသား မာရကျစ်ဓမ္မေက သံလျင် သတင်းကို ကြားလျှင် ကူညီရန် မိမိ သဘောဖြင့် ခရီး ဆက်လက် လာသည် မှာလည်း မြန်မာတို့က လှည့်ဖြား ဖမ်းယူသည်။ ပြီးမှ ဖမ်းမိသူတို့ကို နား၊ နှာ ဖြတ်၍ စာဆွဲကာ လှေငယ်နှင့် သံလျင်သို့ မျှောလိုက်သည်။ ဤမျှရက်စက်သည်ကို မြင်လျှင် တောင်ငူမင်းသည် စိတ်နာ၍ ငါလည်း ပေါ်တူဂီ အမျိုးသားတို့ အသင်းဝင် ဖြစ်လိုသည် ဆိုသဖြင့် ဘုန်းတော်ကြီး ရုဇာရူနှင့် အံတော်နီ အာလမေတူ နှစ်ပါးတို့က ခရစ်ဘာသာဝင် ဖြစ်အောင် ဆောင်ရွက်၍ ပေးရသည်။

သံလျင် မြို့တွင်းသားတို့ အင်အား ကုန်ခမ်း၍ လာသည် မှန်သော်လည်း ၁၆၁၂ - ခု၊ နှစ်သစ်ကူးနေ့တွင် မြန်မာတို့ မြောက်မျက်နှာမှ တက်၍ မြို့တွင်းသို့ လူ ၁၅၀ဝ ကျော် ဝင်မိသော်လည်း ဝင်မိသမှျ တယောက်မကျန် သေရသည်။ ထို့နောက် ၃ ရက်ကြာလှျင် မြို့တွင်းမှ ပဂေါသား တို့ဟု ထင်ရသော လူတစုက ညအချိန် အရှေ့တံခါးကို ဖွင့်ပေးသဖြင့် မြို့ပေါက်၍ ဇွင်ကာကူနှင့် နတ်သျှင်နောင် တို့ကို ဖမ်းမိသည်။ သံလျင်တွင် ဇွင်ကာကူ ကြီးစိုး နေသည်မှာ ၆ နှစ်နှင့် ၃ လကျော် ကြာသည်။

(စာမျက်နှာ ၂၁၆၊ အပိုဒ် ၁၀၃)

ဇွင်ကာကူနှင့် နတ်သျှင်နောင် တို့ကို တနေ့ တည်းပင် ကွပ်မျက်ရာ ရဲဝံ့စွာ အသေခံကြသည်။ သံလျင် တိုက်ပွဲမှာလည်း ၂ လကျော် ကြာသည်။ တိုက်ပွဲ အကြောင်းကို ထိုက်တန်သည့် အလျောက် ပေါ်တူဂီတို့၏ အစွမ်းကို ဖော်ထုတ်လျက် ဤသို့ ရေးခဲ့၏။

ပေါ်တူဂီ ဗိုလ်မှူး ဇွင်ကာကူမှာ ကုလားဖြူ ၅၃၀၊ (ကပ္ပလီ) ၅၀၀၊ လူပေါင်း ၁၅၀ဝ နှင့် သို့စင် အဓိပတိ မြန်မာ ရှင်ဘုရင်ကို ကြည်းကြောင်း ရေကြောင်း၊ ဆင်လုံး မြင်းရင်း ရဲမက် ဗိုလ်ပါ မရေမတွက် နိုင်သော တပ်အပေါင်း တို့နှင့် ၂ လ ကျော်ခန့် ဆီးခံ တိုက်လှန်သည် အရာ ပြောပ၍ မကုန်နိုင်အောင်ပင် ရှိပေသည်။

(စာမျက်နှာ ၂၁၇၊ အပိုဒ် ၁၀၃)

ပေါ်တူဂီ ရာဇဝင်ကို ကိုးကားလျက် ဦးချမ်းမြက ဒီဘရီတူနှင့် ဇွင်ကာကူ တို့မှာ တဦးစီ ဖြစ်၍ သံလျင်တွင် တပ်စွဲလျက် နတ်သျှင်နောင်နှင့် ပူးတွဲကာ အနောက်ဘက် လွန်မင်းကို ရန်စစ်ဖက် ပြိုင်ဝံ့သူကား ဇွင်ကာကူ ဆိုသူ ဖြစ်သည်ဟု စတင် ဖော်ထုတ် ခဲ့သော်လည်း ရှေးအထက်ကျော် ကာလက စ၍ ရာဇဝင် သုတေသီ တို့က ဦးချမ်းမြ ကဲ့သို့ မယူဆ ကြချေ။ ဤနေရာတွင် ပေါ်တူဂီ ဘာသာဖြင့် ရေးသားထားသော ခေတ်ပြိုင် မှတ်တမ်း တို့ကို ရှာဖွေ ရရှိနိုင်ပါမူ အထူး လျောကန် သင့်မြတ်မည် ဖြစ်သော်လည်း အခိုက်အတန့် အားဖြင့် လက်လှမ်း မီနိုင်ပါသောကြောင့် စုရုံး၍ ရနိုင်သမှျသော တစ်ဆင့် စကား မှတ်တမ်း အထောက်အထား တို့ကိုသာ တင်ပြ နိုင်ပါသည်။

ပထမဆုံး တင်ပြ လိုသည်ကား ၁၈၂၉ - ခုနှစ်က လစ်ဘွန်တွင် ပုံနှိပ်သော ပဂေါနိုင်ငံအကြောင်း အကျဉ်း ဖော်ပြချက် စာအုပ်ပါ အကြောင်းအရာတို့ ဖြစ်ပါသည်။ ဤစာအုပ်မှာ မူလအားဖြင့် စပိန် ဘာသာနှင့် ၁၆၁၇ ခု ကပင်လှျင် လစ်ဘွန်မှ ထုတ်ဝေခဲ့ဖူး (J.l.Ma Callum: "Olk Kingdom of Pegu". JBRS XXIII. Iii. 130 တွင် ကြည့်ပါ) ရာ စာရေးသူ၏ အမည်ကား Manuelde Abreu Mousinho ဖြစ်၏။ ယင်းကို ပေါ်တူဂီ ဘာသာဖြင့် ၁၈၂၉ တွင် ထပ်မံ ပုံနှိပ်လျက် ထိုမူမှ တဆင့် Alexander Macgocgor က အင်္ဂလိပ် ဘာသာပြန်၍ မြန်မာနိုင်ငံ သုတေသန ဂျာနယ်တွင် ထည့်သွင်း ခဲ့ပါသည် (JBRS XVI, ii. 101-38)။ အချုပ်အားဖြင့် ၁၆၁၇ ခုနှစ်ကပင် ပထမ ပုံနှိပ်ဖူးသော စာအုပ် ဖြစ်ခြင်းကြောင့် ခေတ်ပြိုင် မှတ်တမ်း အဝင်အပါပင် ဖြစ်ပါသည်။ ယင်းစာအုပ် အရ ဆိုင်ရာ အချက်အလက် များကို အောက်၌ ဖော်ပြပါမည်။

ပေါ်တူဂီနိုင်ငံ ဒေါရောမိညောနယ်သား ဆာလ်ဗာဒေါရိဘေရော ဒီဇူဇာသည် စင်စစ်အားဖြင့် သံလျင်ကို တည်သူ ဖြစ်ပါသည်။ ၎င်းသည် အိန္ဒိယ၌ ခုနစ်နှစ်၊ သီဟိုဠ်၌ ခြောက်နှစ် အမှုထမ်းပြီး ကပ္ပတိန် ရာထူး အထိ ကြီးမြင့် ပြီးသည့်နောက် ပေါ်တူဂီသို့ အပြန်တွင် လေမိုး အခန့်မသင့် သဖြင့် ခရစ်နှစ် ၁၆၀ဝ ပြည့်နှစ် ဇွန်လတွင် သံလျင် ဆိပ်သို့ ရောက်လာရာ ပဂေါမင်းက တောင်ငူမင်းကို အညံ့ခံ ပြီးသည်မှာ တဆယ့် ရှစ်ရက်မျှသာ ရှိသေးကြောင်း တွေ့ရသည်။ ထိုအချိန်၌ ရခိုင်မင်းလည်း လှေကြီး လှေငယ် တရာမျှနှင့် သံလျင်တွင် ရှိနေလျက် ထိုမင်း၏ ထံပါးတွင် အမှုထမ်းလျက် ရှိသော ပေါ်တူဂီ အမျိုးသား တို့ကို တွေ့ရှိရ၏။ ယင်းတို့အနက် ထင်ရှားသူကား ဖိလစ်ဒီဘရစ်တို ဒီနိကိုတေ (Filip de brito denicote) ပင် ဖြစ်ပါသည်။ ထိုသူမှာ လစ္စဘွန်းမြို့သားဖြစ်၍ ရွှေတိုက်စိုးဟု အနက်သဘော သက်ရောက်သော ဆန်ဂါဘွဲ့ကို ခံယူသူ ဖြစ်ပါသည်။ ရခိုင်မင်း၏ ကျေးဇူးတော်ကို ခံယူလျက် ဤအရပ် ဒေသတို့၌ အနှစ် နှစ်ဆယ်မျှ ကုန်သွယ် နေသူလည်း ဖြစ်သည်။ ဤအရပ်၌ မက်မောစရာကား ပင်လယ်ကူး သင်္ဘောဆောက်ရန် ကျွန်းသစ် ပေါခြင်းဖြစ်ရာ ယခုကဲ့သို့ ပြည်ရွာ မငြိမ်မသက် ရှိစဉ် အခွင့်ကောင်း ယူ၍ နေရာ ယူလျှင် ရနိုင်ကြောင်းကို ဒီဇူဇာနှင့် ဒီဘရီနိတို တို့ စကား စပ်မိကြသည်။ ဒီဘရီတိုက ရခိုင် မင်းထံ၌ ကုန်လှောင်ရုံ အခွင့် ယူပေးသော အခါတွင် ဒီဇူဇာက မြေနှင့် သစ်ကို သုံး၍ ခံတပ် တခုကို စတင် ဆောက်ခဲ့သည်။ ဤအတွင်းဝယ် ပဂေါမင်း၏ ဘဏ္ဍာကို ရခိုင်မင်းနှင့် တောင်ငူမင်းတို့ ခွဲဝေ ယူရေး အတွက် ရွှေတိုက်စိုး ဖြစ်သူ ဒီဘရီတိုကို တောင်ငူသို့ စေလွှတ်သဖြင့် ခြောက်လကြာမျှ သွားခဲ့ရ သေးသည်။ ပသီဘာသာဝင် တို့က ပေါ်တူဂီ တို့ကို သံလျက်၌ အဆောက်အဦ တည်ဆောက်ခွင့် မပြုသင့်ကြောင်း ပြောသော်လည်း ရခိုင်မင်းက မနာယူခဲ့ချေ။ ရခိုင်မင်း ပြန်လျှင် ခံတပ်ကြီးလည်း အထင်အရှား ဖြစ်လာတော့၏။ ထိုအခါတွင်မှ ရခိုင်မင်းက ရွံ့ကြောက်လာကာ ဒေသဆိုင်ရာ ဗညားတို့နှင့် ပြည်မင်းကို တားမြစ်စေသည်။ ခရစ်နှစ် ၁၆၀၁ ခုနှစ်ဦး၌ တိုက်ခိုက် လာသော ပြည်မင်း၏ စစ်သည်တို့ကို သံလျင် မြို့တွင်းက ကောင်းစွာ ခုခံ တွန်းလှန် နိုင်ခဲ့သည်။ ပြည်မင်း တပ်ပျက်လျှင် ဒီဇူဇာသည် ခံတပ်ကို ပို၍ ခိုင်လုံအောင် ပြုပြင် မွမ်းမံပြန်၏။ ဒုတိယ တိုက်လာသူကား လောဗညား ဖြစ်သည်။ ထိုရန်စစ် ကိုလည်း ကောင်းစွာ ဖြိုခွင်းနိုင်သည့်ပြင် ဒီဇူဇာ ကိုယ်တိုင် လောဗညားကို သတ်လိုက်ရ၏။ ပဂေါနိုင်ငံ၌ မင်းအမည် မခံသော်လည်း တန်ခိုး အကြီးဆုံးကား လောဗညား၏ ယောက္ခမ ဖြစ်သူ ဒလဗညား ဖြစ်ရာ သမက်၏ ကံဆိုးပုံကို သိရှိရ ပြီးနောက် ကြီးစွာသော တပ်ဖွဲ့နှင့် ပေါ်တူဂီ တို့ကို ဝိုင်းလာသည်။ ရံသည်လည်း ခုနစ်လ ကျော်ခဲ့လှျင် မြို့တွင်းလူတို့ များစွာ စိတ်ဝမ်းငယ်လျက် ရှိကြရသည်။ ဒီဇူဇာတွင် ပေါ်တူဂီ အမျိုးသား ငါးဦး၊ အဘပေါ်တူဂီ မှ မွေးသူ ခုနစ်ဦးနှင့် တိုင်းရင်းသား ခရစ်ယာန် အယူရှိသူ ခြောက်ဦး အားဖြင့် အစုစု တဆယ့်ရှစ်ဦးသာ အကူအပံ့ ရှိ၏။ ထိုသူတို့ ထွက်ပြေးမည် စိုး၍ ဒီဇူဇာသည် မိမိပိုင် သင်္ဘောများကို ညအခါ ရန်သူ မီးတင် ရှို့လေဟန် ဆောင်လျက် မီးတိုက် ဖျက်ဆီး လိုက်သည်။ ဤအခြေအနေ၌ ရှစ်လ ရှိလှျင် အံ့ဩဖွယ် ကြုံတွေ့ရ သည်ကား ဂိုဝါမှ စစ်ကူရောက်လာခြင်း ဖြစ်၏။ ၎င်းတို့သည် ယခုကဲ့သို့ ရန်သူကို ရန်သူမထင် စွမ်းအင် သတ္တိ ရှိသည်ကို ဂိုဝါ ဘုရင်ခံချုပ်က အထူး ချီးကျူးလျက် ဒီဘရီတိုကို ကပ္ပတိန် ရာထူးပင် ပေးလိုက်သည်။ ရခိုင်မင်း စေသဖြင့် ဘေးအန္တရာယ် ကင်းဝေးရာ ဘင်္ဂလား၌ တချိန်လုံး ရောက်နေသော ဒီဘရီတိုသည် မထိုက်တန်ဘဲ အချီးကျူး ခံရသော်လည်း ဒီဇူဇာက သဘောထား ကြီးစွာဖြင့် ဘုရင်ခံချုပ်၏ စာများကို ဒီဘရီတို့ ထံသို့ အရောက် ပေးပို့ လိုက်ရ၏။ ထိုနောက် (? ၁၆၀၂ - ခု) မေလတွင် သင်္ဘောများ လာပြန်ရာ ပေါ်တူဂီ ဘုရင်က ဒီဘရစ်တိုကို ချီးမွမ်းသောစာ ပါ၍ လာပြန်သည်။ ထိုစာကိုလည်း အထက်နည်း ပို့ပေးသည်။ ဗညားဒလသည် မိမိ အစွမ်းဖြင့် ပေါ်တူဂီ တို့ကို မနိုင်လျှင် ယခင် ပဂေါမင်း၏ အနွယ်တော်ကို မင်းမြှောက်မည် ခေါ်ယူလျှင် ယခင် ကျေးဟောင်း ကွျန်ဟောင်း တို့သည် အကူအညီ ပေးလာမည်ဟု တွက်၍ မစင်ဂါကို ပင့်သည်။ မစင်ဂါ ရောက်လာ၍ ဘိသိက်ပွဲ ပြင်ဆင် နေဆဲမှာပင် ဒီဇူဇာက ညအခါ တိတ်တဆိတ် လှေဖြင့် သွား၍ ထိုမင်းကို သတ်ခဲ့သည်။ ထိုအခါတွင်မှ ဗညားဒလသည် မိမိ ပိုင်ဆိုင်ရာ ဒလသို့ ဆုတ်ခွာ သွား၍ ဒီဇူဇာ လိုက်တိုက်လျှင် ပြည်အရောက် ဆန်တက် ပြေးလေသည်။ ဒီဇူဇာ၏ အစွမ်းသည်ကား ဝေးနီး ကျော်ကြားလျက် ဗညား တဆယ့် ငါးဦး ပေါင်း၍ သစ္စာ ခံလာသည်။ နန်းကျ ပဂေါမင်း မှာလည်း ၎င်း မှီခိုနေသော တောင်ငူမင်းက သတ်သဖြင့် သေရသည်။ ထီးမွေ ဆက်ခံနိုင်သူ တောင်ငူ မင်းကလည်း ဒီဇူဇာ မင်းပြုပါတော့ဟု သံစေ၍ ပြောလာသည်။ မစင်ဂါ ဘွဲ့ကိုပင် ယူရန်လည်း ရွှေပြားတွင် ရေး၍ ပေးလိုက်၏။ ဆိုသည့် အတိုင်းပင် ဒီဇူဇာက မစင်ဂါဘွဲ့ ယူ၍ မင်းပြုသည်။ အဝမင်း ကပင် ယင်းကို အသိအမှတ် ပြုကြောင်း သံစေလာ၏။ ထို့နောက်ဝယ် သံလျင် ခံတပ်ကို ထာဝစဉ် မြဲအောင် များစွာ ချဲ့ထွင် ပြုပြင် ပြန်သည်။ ဘုရင်ခံချုပ် အေရတ်စ်ဒီဆယ်ဒည ထံမှလည်း ပို့မြဲ ချီးမွမ်းစာကို ဒီဘရီတိုထံ ပို့ပြန်သည်။ ဒီဘရီတို မှာလည်း ယခုမှပင် သံလျင်သို့ လာခွင့်ရ၍ ဒီဇူဇာက အသာတကြည် ကြိုယူလျက် ပေါ်တူဂီမင်း၏ သစ္စာတော်ခံ ပီပီ မိမိကိုယ်တိုင် ကြိုးစား ထူထောင်ရသော မြို့ကို ဒီဘရီတို လက်တွင်းသို့ ကြည်ဖြူစွာ အပ်နှင်း ခဲ့သည်။ ထို့ပြင် ပဂေါဘက်တွင် ထကြွသည်များ ကိုပါ သွားရောက် နှိမ်နှင်း ပေးပြီးလှျင် ၁၆၀၃ ခု၊ မတ်လတွင် သံလျင်မှ ထွက်ခွာ၍ သွားခဲ့ လေသည်။ ဤတွင် ကျွန်ုပ်တို့ မှတ်သားရမည်မှာ သံလျင်ကို ခရစ်နှစ် ၁၆၀ဝ ပြည့်နှစ် ဇွန်လ လွန်မှ ထူထောင်၍ ဒီဘရီတိုမှာ ၁၆၀၃ ခုနှစ်ဦး တွင်မှ သံလျင်သို့ လာရောက် နေထိုင်ကြောင်း ဖြစ်ပါသည်။

ဒုတိယ အားဖြင့် ဆာအာသာဖယ်ရာ ရေး၍ ၁၈၈၃ ခုနှစ်က ပုံနှိပ်ခဲ့သော မြန်မာ ရာဇဝင် စာအုပ် (စာမျက်နှာ ၁၂၄ မှ ၁၃ဝ အတွင်း) ၌ ရေးသား ပါရှိသော ဒီဘရီတို၏ အကြောင်းပင် ဖြစ်ပါသည်။ ဖယ်ရာ ရေးသားသော အချက်အလက် များမှာ ဟက်ကလွတ် ခရီးသွား မှတ်တမ်းများ အတွဲ (၁၀) တွင် ပါသော ဂျက်စဝတ် ရဟန်းတော် ဗောဗစ်၏ ၁၆၀ဝ ခရီးသွား မှတ်တမ်း (စာမျက်နှာ ၂၁၆) နှင့် လစ်ဘွန်တွင် ၁၆၆၆ ခုနှစ်က စ၍ ပုံနှိပ်ခဲ့သော မင်နုရယ် ဒိဖရီယာ ဒီဇူဇာ ရေးသည့် အာရှ ပေါတုဂီ ခေါ် အာရှတိုက်ရှိ ပေါတုဂီများ အကြောင်း စာအုပ် သုံးတွဲတွင် တတိယတွဲ၌ ဖော်ပြ ပါရှိသည့် အတိုင်း ဖြစ်ပါသည်။ ယင်းစာအုပ်ကို ကပ္ပိတန် ဂျွန်စတီဗင်စ်က ပုံနှိပ် ထုတ်ဝေခဲ့၏။ ဤတွင် ဖော်ပြ ပါရှိသည်ကား ရခိုင် မင်းမှုထမ်း ဒီဘရီတိုသည် သင်္ဘော အစေခံငယ် ဘဝမှ ဘုရင့် ကွျန်ယုံတော် ဖြစ်လာ၍ သံလျင်တွင် ဆိပ်ကမ်းခွန် ကြီးကြပ်ရေး၏ အလို့ငှာ ခရစ်နှစ် ၁၆၀ဝ ပြည့်နှစ်တွင် ပို့ထားသူ ဖြစ်ရကား အခြား ပေါ်တူဂီ အမျိုးသားတို့ အပေါ်၌ ဩဇာရှိသူ မဟုတ်ချေ။ သို့သော် ရခိုင်မင်းက စေလွှတ်ထားသူ ဖြစ်လျက် ရခိုင်ကို ပုန်စား ပုန်ကန်ပြု၍ မိမိ တန်ခိုးကြီးရန် အခွင့်သာ သဖြင့် အခွန်ရုံးကို ကာကွယ်ရန်ဟု အကြောင်းပြချက်ဖြင့် ခံတပ်ငယ် စတင်၍ ဆောက်သည်။ ပေါ်တူဂီ အရာရှိ ဆာလ်ဗာ ဒေါရီဘေရော၏ အကူအညီဖြင့် အခြား ရခိုင် မင်းမှုထမ်း တို့ကို နှင်ထုတ်သည်။ ထိုနောက် ဂိုဝါ ဘုရင်ခံချုပ်ထံ သွား၍ ၎င်းအား အသိအမှတ် ပြုပါရန် ခွင့်ပန်သည်။ ဤသို့ ဒီဘရီတို မရှိခိုက်တွင် ရခိုင်မင်း စစ်သည်နှင့် ပြည်မင်း စစ်သည်တို့ ပေါင်း၍ သံလျင်ကို ရှစ်လ ဝိုင်းဝန်း တိုက်ခိုက်လျှင် ရိုဘေရောက အညံ့မခံဘဲ၊ ရဲဝံ့စွာ ခုခံ၍ လက်အောက်ငယ်သားတို့ ငတ်မွတ် သဖြင့် ထွက်ပြေး လိုစိတ် မမွေးနိုင်အောင် ဆိပ်ကမ်းတွင် ရှိသော သင်္ဘော သုံးစင်းကို မီးရှို့ ပစ်လိုက်သည်။ စစ်ကူ ရောက်လာသော အခါ၌ ရိဘေရော၏ ကြိုးစားချက်ဖြင့် ဒေသဆိုင်ရာ တိုင်းရင်းသား အကြီးအကဲများက ဒီဘရီတိုကို မင်းဟု အသိအမှတ် ပြုလာကြသည်။ ဒီဘရီတိုသည် ဘုရင်ခံချုပ်၏ တူမ ဒေါ်ညာလွီဇာဒီဆယ်ဒညနှင့် လက်ဆက်ပြီးနောက် ကပ္ပိတန် ဂျင်နရယ် ဟူသော ဘွဲ့ဖြင့် သံလျင်သို့ ပြန်လာကာ ခံတပ်ကို ပြုပြင်ခြင်း၊ မြို့၏ နယ်နိမိတ်ကို သတ်မှတ်ခြင်း၊ ခရစ် ဘုရားကျောင်းတော် ဆောက်ခြင်း တို့ကို ပြုသည်။ ရခိုင်မင်းနှင့် တောင်ငူမင်းတို့ ပေါင်း၍ စစ်သည်များ လွှတ်သည်ကိုလည်း နိုင်သည့်ပြင် ရခိုင် မင်းသားကိုပင် ဖမ်းမိသည်။ ရန်သူ ရေတပ်ကို နိုင်နင်းသူကား ပင်နရို ဆိုသူ ဖြစ်၏။ ၁၆၀၄ ခုတွင် တကြိမ် တိုက်လာပြန်သော အခါ ပင်နရိုသည် ရေတိုက်ပွဲ တခု၌ ရန်သူ့လက်သို့ ကျအံ့ဆဲဆဲတွင် မိမိသင်္ဘောကို ဖောက်ခွဲ၍ အသေခံ လိုက်သည်။ သို့သော် ရန်သူတို့က သံလျင်ကို မသိမ်းယူနိုင်ချေ။ ရခိုင် မင်းသား ကိုလည်း တောင်းသော ရွှေဒင်္ဂါး ငါးသောင်း ပေး၍ ရွေးယူရ၏။ ဒီဘရိတိုကား ယခု အခါတွင် များစွာ အခြေခိုင်လျက် ရှိချေပြီ။ ပတ်ဝန်းကျင်မှ မြို့စား ရွာစားက အညံ့ခံ ကြသည့်ပြင် တောင်ငူမင်းက မဟာမိတ် ဖြစ်လိုကြောင်း ကမ်းလှမ်း လာသည်။ ဒီဘရီတို၏သား ဆိုင်မွန်ကို ယိုးဒယား လက်အောက်ခံ မုတ္တမစား ဗညားဒလ၏ သမီးနှင့် ပေးစား လိုက်သည်တွင် ပေါတူဂီ အရောင်းအဝယ်သည် ပို၍ နယ်ကျယ် လာသည်။ နောက်ဆုံး၌ တောင်ငူမင်း နတ်သျှင်နောင် ကိုယ်တိုင် သံလျင်တွင် ခိုဝင် လာရသည်။ အနောက်ဘက်လွန်မင်း လာရောက် တိုက်ခိုက်ပုံနှင့် သံလျင် ကျဆုံးပုံ တို့ကိုကား အထက်က ရေးပြီး ဖြစ်သည့် အတိုင်း ဖြစ်၍ အထူး နောက်ထပ် ရေးဘွယ် မရှိချေ။ ဆာ အယ်သာဖယ်ရာ ရေးပုံမျိုး အတိုင်းပင် ဂျီအီး ဟာဗေ ကလည်း ၎င်း၏ မြန်မာ ရာဇဝင်ကျမ်း (Longmans 1925) စာမျက်နှာ ၁၈၅ - ၉ တို့၌ ထောက်ခံ ရေးသား ထားပါသည်။

တတိယ အားဖြင့် ၁၉၁၅ ခုနှစ်က သတိုး သီရိသုဓမ္မ ဂျေအက်စ် ဗာနီဗယ် ရှာဖွေ တွေ့ရှိသည့် ၁၈၄၃ ခု၊ မေလ ၂၈ ရက် တနင်္ဂနွေ နေ့တွင် ရေကူး ပြီးစီးသော 'သံလျင် ရာဇဝင်'၊ မြန်မာနိုင်ငံ သုတေသန ဂျာနယ်၊ အတွဲ ၅ စာမျက်နှာ ၁ - ၁၁၊ ၄၉ - ၅၇၊ နှင့် ၁၂၉ - ၅၁ တွင် ပါသော ငဇင်ကာ ဆိုင်ရာ အကြောင်းအချက် များကို ထုတ်နုတ် ဖော်ပြ လိုပါသည်။ ဤတွင် အထက်ပါ ရာဇဝင်ကို အင်္ဂလိပ် ပြန်သော ဂျေအက်စ် ဗာနီဗာက မှတ်ချက် ၂၂ ၌ ငဇင်္ကာ ဟူသည် ဖိလစ် ဒီဘရီတို ဒီနိကိုတေ ဖြစ်ကြောင်း ဖော်ပြခဲ့၏။

ရခိုင်မြို့က ဘရင်ဂျီ ကုလား ငဇင်္ကာသည်။ သိမ်ဂုတ္တရကုန်း၊ ရွှေဆံတော် ဘုရား၊ ရှင်စီ စေတီကောင်းမှု၊ ခေါင်းလောင်းကြီးကို ချ၍၊ အမြောက် သွန်းမည် ကြံသည်တွင်၊ ဘုရားရှင် တံခိုးတော်ကြောင့်၊ ပန် အလွဲတွင် သင်္ဘောနှင့် တကွ နစ်မွန်း၍ အမြောက် မသွန်းရ ရှိသည်တွင် ငဇင်္ကာသည်၊ အနောက်ဘက် လွန်မင်း တရားကြီး ပြည်မြို့ကို အလိုတော် ပြည့်သည်နှစ် (သကရစ် ၉၇၄)၊ လက်နက် ကိရိယာ၊ ဆေး၊ ခဲယမ်း၊ လက်ဆောင် ပဏ္ဍာ အများနှင့်၊ ကျွန်တော့်ကို သံလျင်မြို့တွင် မြို့ရာ သားရေ တချပ်ရာ၊ သနားတော်မူပါ၊ အသနားတော် ခံ၍၊ မြေ သားရေ တချပ်ရာ သနားတော် မူသည်တွင် ငဇင်္ကာသည်၊ သရေကို နန်းငင်၍၊ အရှေ့ အနောက် တောင်မြောက် သရေကြိုး တဆန့်စီ တိုင်းထွာပြီးလျှင် မြို့တည်လေသည် …။ အနောက်လွန်မင်း တရားကြီး တောင်ငူသို့ ၉၇၆ ခုတွင် ချီ၍ လုပ်ကြံတော် မူသည်၊ အလိုတော် ပြည့်လှျင် တောင်ငူ ဘထွေးတော် နတ်သျှင်နောင်ကို စည်းစိမ် (မ) ပျက် သနားတော် မူသည်။ တူတော် အနောက်လွန် ကျွန်မခံလိုပြီ၊ ငဇင်္ကာ အစီရင်ကို ပါတော့မည်၊ ရာဇသံမှာ စာနှင့် ကြက်ရုမ်းပင်စား တို့ကို သံလျင်မြို့ ငဇင်္ကာ ထံသို့ စေလွှတ်သည်တွင်၊ ကြက်ရုမ်းပင်စား တို့နှင့် ငဇင်္ကာကို ဗိုလ်လုံး တပ်ရင်း အများ တောင်ငူသို့ ရောက်လာ၍၊ ဘဝရှင် မင်းတရားက ထားခဲ့သည်။ ဝန်ရှင်တော် ဗိုလ်မှူး တပ်မှူး၊ လှံကိုင် အစောင့်အနေ တို့က ဆီးကြို တိုက်လန်လျှင်၊ ဝန်ရှင်တော် ဆင်ဦးပေါ်တွင် လက်နက်သင့်၍ ဆုံးသည်နှင့်၊ ရဲမက် လက်နက်ကိုင်တို့ မခံမရပ်နိုင်၊ ရွှေဘဝါးအောက် အင်းဝသို့ ထွက်ပြေး၍ တောင်ငူမြို့ကို ကုလားတို့ ရလေသည်။ ၉၀၁ ခု၊ သံလျင်သို့ ချီတော်မူသည်၊ သံလျင်မြို့ကို အောင်တော်မူလျှင်၊ ဘထွေးတော်ကို စစ်ကြော မေးမြန်း၍၊ သာသနာတော်ဖျက် လူဆိုး လူသွမ်းတို့နှင့် ပေါင်းဘက်သသူ ဖြစ်သည်။ ဘထွေးတော် ဖြစ်သော်လည်း၊ မထားသင့် အမိန့်တော် ရှိ၍၊ ရင်ကို ဖွင့်စေသည်။ ငဇင်္ကာ ကိုလည်း သာသနာတော်ကို ဖျက်၍ ပစ်သည်ဆို၍ သံလျင်မြို့ ရုံးရှေ့တွင် သံတံကျင် တင်သည်။ စီရင် ကွပ်မျက်တော် မူပြီးလျှင် သံလျင်မြို့ ကိုလည်း သင်္ဘောဆိပ် ဖြစ်၍ သင်္ဘော အစီးအကြို ကင်းစောင့်၊ ကင်းရဲလှေ ၁၂ စင်း ခန့်တော်မူသည်။ (JBRS V,ii, 49)

ဤရာဇဝင်၌ပင် ဆက်လက်၍ ဖော်ပြသည်ကား ရခိုင်မင်းက ငဇင်္ကာ ထံသို့ သင်္ဘော ၃ စင်း စစ်ကူ လွှတ်လိုက် သည်မှာလည်း အရောက် နောက်ကျသဖြင့် မြန်မာမင်းက ရသည်။ မိမိကို ပုန်စား ပုန်ကန် ပြုခဲ့သူကို ကူညီခြင်း မှာလည်း ဆန်းသည်ဟု ထင်မိပါသည်။ ထိုသင်္ဘော ၃ စင်းသား တို့ကို သစ္စာတော် ပေး၍ အမှုတော်ကို ဆက်လက် ထမ်းရွက် စေသည်။ ငဇင်္ကာ၏ ဆွေသား မျိုးသား တို့ကိုမူ တပယင်းတွင် နေရာပေး၍ နေထိုင် ကြစေသည်။ ငဇင်္ကာ ပေါတူဂီ အမှုထမ်း တို့ကို ကြောက်ရစ်၊ ပနက်၊ ယင်းတော် မြို့ရွာများ၌ လည်းကောင်း၊ ကုလား အမှုထမ်း တို့ကို မြေတူး၌ လည်းကောင်း နေရာ ချထားတော် မူသည်။ ယင်းဖော်ပြချက်ပါ အချက်တို့နှင့် အထက်က ညွှန်းခဲ့သော ဘရင်ဂျီ ဘုန်းတော်ကြီး ဒေါင်ဘီနာရှုနှင့် အခွန်ဝန် သီရိဇေတရက်ကျော်တို့ ဘာသာပြန်သည့် ပေါတူဂီ ရာဇဝင်နှင့် တူညီသော အချက်များ ရှိ၍ ငဇင်္ကာကို သာသနာဖျက်ဟု စွပ်စွဲချက် တခုကိုသာ ချန်လှပ်၍ ထားသည်ကို တွေ့ရသည်။ ထို့ပြင် သံလျင် တိုက်ပွဲကိုကား ပေါတုဂီ ရာဇဝင်က ပိုမို စုံလင်အောင် ဖော်ပြပေသည်။ သံလျင် ရာဇဝင်နှင့် ပေါတူဂီ ရာဇဝင် နှစ်ကျမ်းကို နှိုင်းယှဉ်လျက် သတိုး သီရိသုဓမ္မ ဂျေအက်စ် ဗာနိဗယ်ကပင် မြန်မာနိုင်ငံ သုတေသန ဂျာနယ် အတွဲ ၂ အပိုင်း ၂ စာမျက်နှာ ၁၆၁ - ရ တွင် (မေ့ပျောက် နေခဲ့သော ရာဇဝင်ကျမ်း တစောင်) ဟု ဆောင်းပါး ရေးခဲ့ဖူးပါသည်။ သံလျင် ရာဇဝင်ပါ သက္ကရစ်များကား မှန်နိုင်မည် မထင်၊ ငဇင်္ကာသည် သံလျင်ကို ခရစ်နှစ် ၁၆၀ဝ ခု၊ ဇွန်လ၌ ခေတ္တ ရောက်လာ၍ တဖန် ၁၆၀၃ ခု၊ နှစ်ဦးမှ စ၍ သံလျင်မြို့၌ လာရောက် နေခဲ့ရာ ၁၆၁၃ ခု၊ နှစ်သစ် ကူးပြီးစ မကြာမီ အတွင်းမှပင် ကွပ်မျက် ခံရသည်။

စတုတ္ထ တင်ပြ လိုသည်မှာ၊ ဦးချမ်းမြသည် ၁၉၃၉ ခုနှစ်က စ၍ ၁၉၅၃ ခု နှစ်လောက် ရောက်သည်အ ထိ ငဇင်ကာ ဟူသော အမည်သည် မူရင်း ဇွင်ကာကူမှ ဖြစ်ပေါ်လာ၍ ဒီဘရီတို ဆိုသူနှင့် မဆိုင်ဟူသော အယူအဆကို အနည်းဆုံး ၁၉၅၈ ခုတွင် စွန့်လွှတ်၍ ဒီဘရီတို ကိုပင် မြန်မာတို့က ငဇင်ကာဟု မှတ်ယူ ရေးသားကြောင်း ရှေးအယူအဆ ကိုပင် ပြန်၍ လက်ခံ လိုက်ဟန် တူပါသည်။ အဘယ့်ကြောင့်ဆိုသော် (မြဝတီ အတွဲ ၄၊ အမှတ် ၁၀၊ ၁၉၅၆ ခု၊ ဩဂုတ်လ၊ စာမျက်နှာ ၁၇၂ - ၁၈၁) တွင် မြကေတု (ဦးချမ်းမြ) ၏ 'နတ်သျှင်နောင် သစ္စာ မဖောက်' ဆောင်းပါး၌ အဆိုပါ ကိစ္စကို ပြန်၍ မရေးသည့် အပြင်၊ ဆရာ ကိုးကားသော သာသနာပြု ရန်းဗောဗစ်၏ မှတ်တမ်း ထုတ်နုတ်ချက်၌ ဒီဘရီတိုဟု ပါရှိသည်ကို ငြင်းချက် မထုတ်ဘဲ လက်ခံ၍ ကိုးကားသည်ကို တွေ့ရပါသည်။

ငဇင်ကာ၏ အမည်နှင့် ပတ်သက်၍ အယူအဆ နှစ်မျိုး တွေ့ရပါသည်။ ဂျီ အီး ဟာဗေး၏ ရာဇဝင် (စာမျက်နှာ ၁၈၉) ၌ ဒီဘရီတိုကား သူနှင့် ဖက်ပြိုင်ရသော တိုင်းရင်းသား မင်းများ နည်းတူ စဉ်းလဲသည်။ လူအများက ၎င်းအပေါ်တွင် မည်သို့သော သဘော ထားသည်ကို အမည်မှန် ပျောက်လျက် ငဇင်ကာဟု ခေါ်ခြင်းဖြင့် ထင်ရှား၏။ ထိုအခါ သင်္ဘောဆိပ်များ၌ သုံးစွဲလေ့ ရှိသော ဘန်းစကား အရ ဆန်ဂါ ဟူသည် (လူကောင်း) ဟု ဆိုလို၏။ ပန်ချာပီ ဘာသာ ဆန်ဂါသည် ကောင်း၏ဟု အဓိပ္ပာယ်ရသည်။ P.W. Schmidt ဂျာမန်လို ဘာသာပြန်၍ ဗီယန်နာမှာ ၁၉၀၆ ခုနှစ်က ပုံနှိပ် ထုတ်ဝေဖူး၍ R. Halliday က တဖန် ၁၉၂၃ တွင် မြန်မာနိုင်ငံ သုတေသန ဂျာနယ် အတွဲ ၁၃ အပိုင်း ၁ စာမျက်နှာ ၁ - ၆၇ အထိ၊ မူလကျမ်းနှင့် တကွ အင်္ဂလိပ် ဘာသာပြန်နှင့် မှတ်စုများပါ ပူးတွဲ၍ ထုတ်ဝေ ဖူးသော သပတ် ရာဇဝင် ဒတောင်သ္နိရောင် ခေါ် မင်းတို့ အကြောင်း ဟူသည့် မွန်ရာဇဝင်တွင် နိုင်ငံခြားသား သင်္ဘောသူကြီး ကပ္ပီတာန် ဇရာသည် သံလျင်၌ ၁၂ နှစ် မင်းမူ၍ အဝမင်း က သက္ကရစ် ၉၇၄ ခု၊ တန်ခူး လဆန်း ၈ ရက် ဗုဒ္ဓဟူး နေ့တွင် လာရောက် တိုက်သည် ပါရှိရာ၊ (JBRS, XII, I, 26 and 59) ထိုကပ္ပီတာန် ဇရာသည် Captain. General (Capitem General) ကို ဆိုလိုသည်။ ဒီဘရီတိုသည် ဂိုဝါ ဘုရင်ခံချုပ် ထံမှ ထိုရာထူးကို ရယူ ခဲ့သည်လည်း မှန်၏။ ထို့ကြောင့် C.O.Blagden က ငဇင်ကာ ဟူသော အမည်သည် အဆိုပါ ကပ္ပီတာန် ဇရာမှ ရွေ့လျော၍ လာအံ့လောဟု ကြံဆမိကြောင်းကို မြန်မာနိုင်ငံ သုတေသန ဂျာနယ် (JBRS, III, I, 80) ၌ တခါက ရေးဖူးသည်။ (ဦးဝန်က စစ်တကောင်းနယ်ရှိ ဒိယန်ဂါ Dianga အရပ် အမည်နှင့် ငဇင်္ကာ ဆင်ဆင်ရှိသည်ဟု ပြောဖူး ပါသည်။) ငဇင်ကာ၏ သားမယားတို့ အကြောင်း သိသမျှ ရေးရပေဦးမည်။ ငဇင်ကာသည် ဂိုဝါ ဘုရင်ခံချုပ်၏ တူမ ဒေါ်ညာလီဇာဒီဆယ်ဒညနှင့် လက်ထပ်ကြောင်းကို လည်းကောင်း၊ (ဒီဖရိယာ ဒီဇူဇာ၏ စာအုပ်အတွဲ ၃၊ စာမျက်နှာ ၂၃၈ - ၉ ကြည့်၊) သားဆိုင်မွန်ကို မုတ္တမစား သမီးနှင့် ပေးစားသည်ကို လည်းကောင်း (ဟက်ကလွတ် အတွဲ ၁၀၊ ဗောမစ်၏ ၁၆၀ဝ ခရီးသွား မှတ်တမ်းကြည့်)၊ အထက်က တွေ့ခဲ့ရပြီ။ ဤတွင် သံလျင်၌ မင်းမူသော တဆယ့်နှစ်နှစ် အတွင်းမှာပင် ဒေါ်ညာလီဇာနှင့် လက်ထပ်ခြင်း၊ သားဆိုင်မွန်ကို မယား ပေးစားခြင်း ပြုသဖြင့် ဆိုင်မွန်၏ အမိသည် ဒေါ်ညာလီဇာ မဖြစ်နိုင်ချေ။ ငဇင်ကာကို သံတံကျင် တင်ရာ နှစ်ရက်ကြာမှ သေသည်။ မယား ဒေါ်ညာလီဇာကို အနောက်ဘက် လွန်မင်းက သိမ်းပိုက်တော်မူမည် အကြံနှင့် စင်ကြယ်စေရန် မြစ်တွင်းဝယ် သုံးရက် ထားခဲ့၏။ ပြီးမှ ရှေ့တော်သို့ သွင်းလျှင် အမျက်စောင်းမာန် ခက်ထန်လှ သဖြင့် အစေခံ ကျွန်မ ရိုးရိုး အနေနှင့် အဝသို့ ပို့လိုက်သည်။ သားဖြစ်သူ ဆိုင်မွန်ကိုလည်း မုတ္တမစားအား သတ်ရန် စေခိုင်းသဖြင့် သတ်ရသည်။ ဤမျှဖြင့် ငဇင်ကာ၏ အမျိုးအဆက် ကုန်ပြီဟု မဆိုသာချေ။ တိုင်းရင်းသူနှင့် ရသော သားသမီးများ အကြောင်းကို ကျောက်စာ တခုတွင် တွေ့ရ ပြန်ပါသည်။ (မြန်မာနိုင်ငံ ကမ္ပည်း ကျောက်စာဝန်၏ ၁၉၁၅ ခု နှစ်ပတ်လည် အစီရင်ခံစာ၊ အပိုဒ် ၃၃ နှင့် ဟာဗေ၊ ရာဇဝင် စာမျက်နှာ ၁၈၉ ကြည့်)။ ထိုကျောက်စာကား ဟင်သာတခရိုင် ကုန်းပြင် ရွာ၏မြောက် ၂ ဖာလုံကွာတွင် ရှိသော သီတာရွာ၊ မြသိန်းတန် ဘုရား၌ ရှိပါသည်။ ခရစ်နှစ် ၁၈၇၁ ခုတွင် ရေးထိုးသော ကျောက်စာ ဖြစ်သော်လည်း အသင့်အတင့် အားကိုး လောက်သည်ဟု ယူဆ မိပါသည်။ ကျောက်စာ အတ္ထုပ္ပတ္တိကား သနားဖွယ်လည်း ဖြစ်သည်။ ရာဇဝင်တွင် လူသိနည်းသော အစိတ်အပိုင်းလည်း ဖြစ်သည်။ ထို့ကြောင့် မူရင်း အတိုင်း ရေးကူး ဖော်ပြ လိုက်ပါသည်။

ဇေယျတု။ ဘုနာပရံ။ တံပဒီပတိုင်း။ ရတနာ။ ပူရ။ အင်းဝ ပြည့်ရှင်။ အနောက် သံလွင် မင်းတရားကြီးသည်။ ပဲကူး ဟံသာဝတီမြို့တွင် မြိုးကွျင်း သက္ကရာဇ် ၉၇ဝ ပြည့်။ ၁၂ နှစ် နန်းစံသော သံလွင်မြို့သား ကုလား ငဇင်ဂါ။ လောင်းကြိုက်မြို့သူ ရခိုင်မ။ မိဖုရား စောသဒ္ဓာ သားတော် နန္ဓဘရ သမီးတော် သုပဘာဒေဝီ။ ဘိုးတော်။ မင်းစောထွတ် တို့ကို။ လက်ရ ဖန်းယူရာ၊ သံလွင်မြို့သား ကုလား မောင်ဇင်ဂါ ကိုသာ မိ၍။ ရာဇဝတ်ဖြင့် ကွပ်ညှပ်တော် မူသည်။ ဘိုးတော်နှင့် တကွ။ မိဖုရား သ္မီားတို့ကို။ မမိ၍။ ဘိုးတော်ကား၊ မွန်မြို့ပိုင် အနောက်ချောင်း လက်တက်သို့ ထွက်ပျေး တိန်းရှောင် ပုံး၍ နေသောကြောင့်။ ဖိုးတော်ချောင်း (ခေါ်) သည်၊ မိဖုရား စောသဒ္ဒာသည်၊ သားတော် နန္ဒာဘရ။ သ္မီးတော် သုပဘာဒေဝီ တို့နှင့် တကွ လောင်းကျိုက်မြို့သို့ ထွက်ပြေး တိန်းရှောင် ပြံလာရာ၊ ကျိုက်ပွင့်ပဒေါမြို့၊ အနောက်ချောင်းကုံးပြင် ရွာတွင် မိဘုရာသည်၊ ဖျားသော ရောဂါနှင့် သေလေ၏ သားနှင့် သ္မီး မောင်နှမ နှစ်ယောံတို့ကို၊ ဓညဝဒီ အမတ် သူထိန်နှင့် တွေ့၍ ကောက်ယူ မွေး၍ ကြီးမျောက်သော ကာလ ဘုံမ်ပညာ လက္ခဏာနှင့် ပြည့်စုံသဖြင့်၊ မင်းမြိုးမှန်း သိ၍ ဗို (ဘာ) စုရုံး (ပြီ) လှျင် သက္ကရဇ်၊ ၉၈၅ ခုနှစ် တပို့တွဲလဆန်း ၅ ရက် ၆ ကျာနေ့ ကျိုက်ယသီမြို့ကို တည်၍၊ နန္ဒဘရသုဘာဒေဝီ ၎င်းမောင်နှမ နှစ်ယောက်တို့ကို မင်းမှျောက်၍ နန်းစံစေ၏။ မွန်တို့ဘာသာ၊ ကျိုက်ရသီမြို့ကို မြမ္မာဘာသာ သီတာမြို့ ခေါ်၏။ ထိုအကြောင်းကို အနောက်ဘက် သံလွင် မင်းတရား ကြားသိတော် မူလှျင်၊ ဖမ်းယူအံ့ဟု တက်တော်မူ၍၊ ၎င်းမောင်နှမ နှစ်ရောက် တို့သည်၊ ကျိုက်သထုံ လှံဒါးမြို့ အနီး ဂေါင်ပေါင်ကြီးတွင် ရွာသို့ ထွက်ပြေး တိန်းရှောင် ပုံး၍ နေကျလေ၏။ ၎င်းသံလွန် မင်းတရားကျီးသည် မတွေ့၍ ပျံလီသည်နောက် သက္ကရာဇ် ၉ (၈)၆ ခု တကူးလ အတွင်း မင်းသား၊ မင်းသ္မီး နှစ်ယောက်တို့သည် မိမိနေရင်း၊ သီတာမြို့သို့ ပျံလာရာ အင်ဂပူမြို့ အနောက်တောင် ပေါ်တွင် ခေတ္တခန် မြို့တီ၍ ၃ နှစ် နန်းစံပြီးမှ သီတာမြို့သို့ ကဆုံ လကျော်ကျော် ၁၂ ရက် တနင်္ဂနွေနေ့ ပျံရောက်တော် မူ၍ သက္ကရာဇ် ၉၈၉၊ ခုနှစ် တပေါင်းလဆန်း ရ ရက် သောကျာနေ့တွင်၊ နန်းဦးဘုရား၊ ကူနီဘုရားကို၊ တကျိမ် တည်တယ်၏၊ ၎င်းနောက် သုပဘာ ဒေဝီ မည်သော မင်းသမီးသည်၊ အညီန်ဧးရင် ကစားရား ဖြစ်သော တုံပျင်တောင်မူဇာ ပေါ်တွင် ရွှေဒန်းဦး ဘုရားကို တည်၏။ ထိုနောက် သက္ကရာဇ် ၉၉၉ ခု ပြာသိုလ အတွင်း ပျင်းစွာသော ဘေးတိုး ရင်ကျတ်နာနှင့် မောင်နန္ဒဘရ နတ်ရွာ စံလေ့၏ ကျံရစ်သော အလောင်းကို ရွှေနန်းဦး ဘုရား ဘီနပ်တော်၊ ပန်းတင်ကုံနားတွင် သံစကာ နံသာဒင်းတို့နှင့် သင်းကျို၏။ ၎င်းနောက် တပေါင်းလဆန်း ၁ ရက်၊ နှမတော်၊ သုပဘာဒေဝီ မင်းသမီးသည်၊ မောင်တော်ကို လွန့်ဆွပ်သော စိပ်နှင့် ပျင်းစွာ ဖျား၍ နတ်ရွာစံ၏။ ၎င်း အလောင်းတော်ကို ရွှေသား(တ)လာ မိဖုရား အသုံးအဆောင်နှင့် ကုံပျင် တောင်ပူဇာ ပေါ်တွင်၊ သုမ်မိရ ဇာပနာကို၊ သင်ကျိုမူတထား၏ ၎င်းမင်းသား မောင်နှင်းမ တို့သည်၊ တိတ်ပါးသော အယူနှင့်၊ နတ်စိန် ဖြစ်၏။

ယင်းနတ် မောင်နှမကို သီတာ မောင်နှမဟု ခေါ်၍ ပုသိမ် အနောက်ချောင်း ငါးသိုင်းချောင်း လေးမျက်နှာ နယ်သူနယ်သား တို့က ကိုးကွယ် ပူဇော်ကြသည်။ ငဝံမြစ် ခေါ် အနောက်ချောင်း မြစ်ရေလှျံချိန် မိုးအခါ၌ လှေပွဲ အကြီးအကျယ် ကျင်းပ၍ နတ်ပွဲ လုပ်သည်။ တပါတည်း မြသိန်းတန် ဘုရားပွဲလည်း လုပ်မြဲ ဖြစ်ပါသည်။ အထက် ဖော်ပြပါ ကျောက်စာကို သီတာနန်းဦး ဘုရား ဖြစ်သော မြသိန်းတန် စေတီကို ၁၈၇၁ ခုနှစ်က ပြုပြင်သော ဘုရားတကာ (ဖိုးလွန်းဘျေ) ဘုရားအမ (မဒွန်းအောင်) တို့က ရေးထိုးခဲ့သည်။

ဘရင်ဂျီ ဘာသာဝင် ပေါ်တုဂီ အမျိုးသား ဖြစ်၍ သံလျင်တွင် မင်းမူခဲ့သော ဒီဘရီတို့၏ သားနှင့် သမီးသည် သီတာ ကုန်းပြင်တွင် နတ်စိမ်းဖြစ်၍ နယ်သူနယ်သား တို့၏ အပူအဇော် အပအသကို ခံယူလျက် ရှိသည့် အရာမှာလည်း အံ့ဩဖွယ် တရပ် ဖြစ်သည်ဟု ဆိုချင် ပါတော့သည်။

မှတ်ချက် ။ ။ ဖော်ပြပါ ကျောက်စာကို ကျွန်တော် ငယ်စဉ်က နတ်ပွဲ သွားရင်း ကူးယူ ခဲ့ဖူးသော်လည်း သီတာ၏ အရှေ့တောင်ထောင့် ငါးမိုင်ခန့် အကွာတွင် ရှိသော ငါးသိုင်းချောင်း နေအိမ်ကို သောင်းကျန်းသူတို့ ၁၉၄၈ ခုနှစ်က မီးရှို့ ဖျက်ဆီးသည်တွင် ပါသွားသဖြင့် ပါမောက္ခ ဂျီ၊ အိပ်ချ်၊ လုစ် ထံမှ တဆင့် ကူးယူ ဖော်ပြ ရပါကြောင်း။

(ဒေါက်တာ သန်းထွန်း) [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. The Waves မဂ္ဂဇင်း 6/07. July. 2007