အင်းဝတွင် မင်းခေါင် လွန်လျှင် သားတော်သီဟသူနန်းတက်လေသည်။ နန်းတက်ပြီးနောက် ဟံသာဝတီမှ မင်းညီနောင်များ အချင်းချင်း မညီမညွတ်ဖြစ်သည်ကို သိသဖြင့် စုန်ဆင်းပြီး ဟံသာဝတီ မွန်ပိုင်နက်များကို တိုက်ခိုက်သည်။ ဒဂုံကို ဝန်းရံထားစဉ် ဒဂုံစား ဗညားရံ ကနှမဖြစ်သူ ရှင်စောပု ကိုဆက်သကာ စစ်ပြေငြိမ်းရန် အရေးဆိုသဖြင့် ရှင်စောပုကို သိမ်းပိုက်ကာ အင်းဝသို့ ပြန်လာလေသည်။ နန်းသက် သုံးနှစ်တွင် အောင်ပင်လယ်အရပ်သို့ တောကစားထွက်ရာတွင် မိဖုရားဖြစ်သူ ရှင်ဘို့မယ်၏ စီမံမှုဖြင့် အုန်းဘောင်စားလယ်သံဘွားလာရောက် လုပ်ကြံသောကြောင့် နတ်ရွာစံသဖြင့် သားဖြစ်သူ မင်းလှငယ် အင်းဝနန်းကို ဆက်ခံသည်။