ဒလဆုံးမင်းရဲကျော်စွာ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မောင်မင်းဖြူနတ် (ခေါ်) ဒလဆုံးမင်းရဲကျော်စွာ

မြန်မာ့သမိုင်းတွင် ရှိခဲ့ဖူးသည့် များပြားလှသော မင်းရဲကျော်စွာများအနက် အထင်ရှားဆုံးသောသူဖြစ်သည်။ အင်းဝဘုရင် ပထမမင်းခေါင်၏သားတော် အိမ်ရှေ့မင်း၊ လက်ရုံးတစ်ဆူသဖွယ်အားကိုးရသူ အဖြစ် ကျော်ကြားပါသည်။ မိခင်မှာ မောဝ်မင်းသမီးရှင်မိနှောက်ဖြစ်သည်။ ရှေ့ဘဝက ဟံသာဝတီဘုရင် ရာဇာဓိရာဇ်၏ သား ဗောလောအဲကျန်းထော(ဗောလောကျန်းဒေါ) ဖြစ်ခဲ့သည်ဟုဆိုသည်။ ထိုစဉ်က အရွယ်မရောက်ခင်ပင် ဆင်မြင်းလေ့ကျင့်သည်ကို ရာဇာဓိရာဇ်သိလျှင် "အရွယ်မရောက်မှီကပင် ဆင်မြင်းလေ့ကျင့်နေပေပြီ၊ အရွယ်ရောက်လျှင် ငါ့နန်းစည်းစိမ်လုလိမ့်မည်။"ဟုတွေးကာ သတ်စေသည်။ ဗောလောကျန်းဒေါလည်း သတ်ရန်စေလာသူတို့ကို တောင်းပန်ကာ လက်ဝတ်တန်ဆာတို့ကို ချွတ်ပြီး ရွှေမော်ဓောစေတီသို့လှုကာ နောင်ဘဝတွင် အင်းဝမင်းသားတော်ဖြစ်ကာ ရာဇာဓိရာဇ်နှင့် စီးချင်းထိုးစစ်ခင်းလိုကြောင်း ဆုပန်ခဲ့သည်။ ထိုမှလွန်လျှင် အင်းဝမင်း မင်းကြီးစွာစော်ကဲ၏ ဒုတိယသားတော် မင်းဆွေ၏ မိဖုရား ရှင်မိနှောက်ထံတွင် ဝင်စားလေသည်။ ကိုယ်ဝန်ရှိစဉ်ကပင် မိဖုရားသည် ဟံသာဝတီမှ မြေသင်းခဲ၊ မုတ္တမမှ သရက်သီးနှင့် ပြင်စလိုင်ကျွန်းမှ ရေအေးတို့ကိုသောက်သုံးရန် ချည်ခြင်းဖြစ်လေသည်။ သို့ဖြင့် မင်းဆွေလည်း သံတမန်တို့ကို လက်ဆောင်နှင့်တကွ ဟံသာဝတီသို့ စေလွှတ်ကာ တောင်းခံစေသည်။ ထိုအခါ ရာဇာဓိရာဇ်၏ ဟူးရားပညာရှိတို့က အရှည်ကိုမြင်သဖြင့် ရေအိမ်ရခုတို့မှ ရေပုပ်ကို အမွှေးနံ့ဖြင့်လည်းကောင်း၊ သရက်သီးတို့ကို မသန့်သည့် အဝတ်ဖြင့်ထုတ်၍ လည်းကောင်း၊ အိမ်ခြေရခုမှ မသန့်သည့် မြေပုပ်တို့ကိုလည်းကောင်း အသီးသီးစီရင်ကာ ပေးစေသည်။ အချိန်တန်၍ မွေးဖွားလှျင် မင်းဖြူဟု အမည်ပေးလေသည်။ မွေးစကာ ငိုလျှင် မည်သို့ချော့မော့သည်ဖြစ်စေ အငိုရပ်သည်မရှိဘဲ "လူကလေးကြီးလျှင် စစ်တပ်ကြီးစီရင်၍ ဟံသာဝတီကို တိုက်ခိုက်မင်းပြုစေမည်" ဟုချော့မှ တိတ်တော့သည်ဟုလည်းဆိုသည်။ နောင်တွင် ခမည်းတော်မင်းဆွေက မင်းခေါင်ဘွဲ့ဖြင့်နန်းတက်လျှင် မင်းရဲကျော်စွာဘွဲ့ဖြင့် အိမ်ရှေ့မင်းဖြစ်လာလေသည်။

အရွယ်မရောက်ခင်ပင် ဟံသာဝတီနှင့် စစ်ခင်းသည့်ဖခင်စစ်ရှုံးသဖြင့် မိခင်ရှင်မိနှောက်ကို ရာဇာဓိရာဇ် ဖမ်းဆီးရရှိသဖြင့် မိဖုရားအဖြစ် သိမ်းပိုက်လေသည်။ အသက် ၁၇ နှစ်တွင် ဖခင်ထံမှ ဟံသာဝတီကိုတိုက်မည်ဟု ခွင့်တောင်းကာ စစ်တပ်ကြီးဖြင့် တောင်ဖက်သို့ချီလေသည်။ ဟံသာဝတီကို တိုက်ရန်ခက်ခဲနေသေးသဖြင့် အနောက်ဖက်သို့လှည့်ကာ ရခိုင်ကို သိမ်းလေသည်။ ရခိုင်မှ ပြန်လျှင် ရှမ်းပြည်သို့တက်ကာ သိနီကို တိုက်သည်။ ထိုမှတဖန် အင်းဝသို့ပြန်လာပြီး ဟံသာဝတီနှင့် စစ်ခင်းနေသည့် ဖခင်အား စစ်ကူရန် လှေတပ်ကြီးဖွဲ့၍ စုန်လေသည်။

နှစ်ဖက်စစ်ဆိုင်ထားချိန်တွင် ပရိယယ်ဖြင့် နှစ်ဖက်သူရဲကောင်းများ စီးချင်းထိုးစေမည်ဟု ဆိုပြီး မွန်ဖက်မှ လဂွန်းအိန်၏လှေတစ်စီးကို လှေလေးစီးဖြင့် တိုက်ရာ လဂွန်းအိန် ပေါင်တွင် လှံချက်မိသဖြင့် အဖမ်းခံရပြီး ထိုဒဏ်ရာဖြင့်ပင် သေလေသည်။ ထို့နောက် အသက် ၂၅နှစ်ရှိ မင်းရဲကျော်စွာသည် ဟံသာဝတီနယ်အတွင်းသို့ စုန်ဆင်းတပ်ချကာ ထားလေသည်။ ရာဇာဓိရာဇ်လည်း ဇာတာမသန့်ဟု ဟူးရား၊ ပုဏ္ဏားတို့က ဟောကြားသောကြောင့် သားတော်ကြီး ဗညာကျန်းကို ထီးနန်းယာယီ လွှဲအပ်ကာ မုတ္တမသို့ သွားရောက်နေထိုင်သည်။ မင်းရဲကျော်စွာလည်း ထိုသတင်းကိုကြားရာ ပေါရိသာတ် ဘွဲ့သစ်ခံပြီးဟံသာဝတီထိချီတက်ဝိုင်းရံထားသည်။ (မြန်မာမူတွင် ဒလထိချီတက် တပ်စွဲသည် ဟုဆိုပါသည်။)နောက်ရာဇာဓိရာဇ်လည်း ဇာတာသန့်ချိန်ရောက်သော် ဗညားသစ်တသုံ ဘွဲ့သစ်ကိုခံကာ ဟံသာဝတီသို့ကိုယ်တော်တိုင်ချီတက် လာပြီး မင်းရဲကျော်စွာနှင့် ဆင်စီးထိုးရန်ချိန်းဆိုသည်။ မင်းရဲကျော်စွာ၏ပုဏ္ဏားများက ဇာတာမသန့်၍စစ်မထွက်ရန်၊ (၇) ရက်လွန်မှထွက်ရန် လျှောက်ကြသော်လည်း မွန်တပ်မှူး သမိန်အဝနံနိုင်မှ ပရိယာရ်ဖြင့် လာရောက်စိန်ခေါ်သည်ကို သီးမခံနိုင်ဖြစ်ကာ သေရည် အလွန်ရစ်မူးနေသည့်ကြားမှ ထွက်ကာစီးခြင်းထိုးလေသည်။ စီးချင်းထိုးရာ ဆင်တော်ရဲမြတ်စွာပေါ်မှ မြေသို့ကျကာခါးကျိုးပြီး အနားရှိဥသျှစ်ပင်ခြေရင်းသို့တွားသွားကာ နေလေရာ အင်းဝတပ်ပျက်၍စစ်ပွဲပြီးချိန်တွင် ရာဇာဓိရာဇ်ကရှာဖွေခေါ်ယူလာခဲ့ပြီး သမီးတော်နှင့်လက်ဆက်စေကာအိမ်ရှေ့အရာပေးမည်ဟုဆိုကာကုသစေသော်လည်း လက်မခံပဲငြင်းပယ်သည်။ဤသို့ဖြင့် ညရောက်သော် အနာသည်းလွန်းလှသဖြင့် သေဆုံးလေသည်။ (မြန်မာမူတွင် ဒလမြို့တိုက်ပွဲတွင် ကျသည်ဟုဆိုသည်။) [၁]သေလွန်ပြီးနောက် မြန်မာတို့ရိုးရာအရကိုးကွယ်သည့် အပြင် ၃၇ မင်းအနက်မှ ဒလဆုံးကိုကြီးကျော် (မောင်မင်းဖြူ)အဖြစ်ဘဝကူးသွားသည်ဟု အယူရှိကြလေသည်။

ရည်ညွန်းကိုးကား[ပြင်​ဆင်​ရန်​]

  1. ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း