မဟာဝဇိရဝိပဿနာဉာဏ်

ဝီကီပီးဒီးယား မှ

မဟာဝဇိရဝိပဿနာဉာဏ်တော်မြတ်ကြီးသည် စကြဝဠာကုဋေတစ်သိန်းဖြင့် ပိုင်းခြားအပ်သော နယ်မြေအတွင်း၌ အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါး အဇ္ဈတ္တ ဗဟိဒ္ဓဟူသော သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိကြသော ပဋိစ္စသမုပ္ပါဒ်အင်္ဂါ (၁၂)ရပ်တို့ကို ကလာပသမ္မသနနည်းအားဖြင့် ပေါင်းစုခြုံငုံ၍ လက္ခဏာယာဉ်သုံးချက်တင်ကာ ဝိပဿနာရှုပွားသုံးသပ်တော်မူသော ဉာဏ်တော်မြတ်ကြီးပင် ဖြစ်တော်မူပေသည်။ [၁] [၂]

ဘုရားအလောင်းတော်သည် ကဆုန်လပြည့်နေ့ မိုးသောက်ယံ (ညဉ့်၏ နောက်ပိုင်း)အချိန်၌ မဟာဝဇိရ ဝိပဿနာတရား ပွါးများ အားထုတ်တော်မူလေသည်။ [၃] [၃]

အားထုတ်တော်မူပုံအမြွက်မှာ[ပြင်ဆင်ရန်]

အာဏာခေတ်ဟုခေါ်သော စကြဝဠာတိုက်ပေါင်း ကုဋေတသိန်းတို့ရှိရာ စကြဝဠာ ရှိနေကြသော လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ကာလသုံးပါး၌ တကယ်စင်စစ် ဖြစ်ပွါးသော တရားအနှစ်ကို ဆင်ခြင်တော်မူသောအခါ စကြဝဠာ တတိုက်တတိုက်၌ လူတွေ နတ်တွေ ဗြဟ္မာတွေ မည်မျှပင် များနေစေကာမူ ပရမတ္ထ သဘာဝ ဓမ္မအစစ်အနေဖြင့် [၃]

ကာလသုံးပါး[ပြင်ဆင်ရန်]

အဝိဇ္ဇာ, သင်္ခါရ(ဟူသော အတိတ်အဓွန့်ကာလ အကြောင်းတရား)၊

ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ(ဟူသော ပစ္စုပ္ပန်အဓွန့်ကာလ အကျိုးတရား)၊

တဏှာ, ဥပါဒါန်, ကမ္မဘဝ(ဟူသော ပစ္စုပ္ပန်အဓွန့်ကာလ အကြောင်းတရား)တို့နှင့်

(ဥပပတ္တိဘဝဖြစ်သော) ဇာတိ, ဇရာ+မရဏ(ဟူသော အနာဂတ်အကျိုးတရား) ဤပဋိစ္စသမုပ္ပါဒ်အင်္ဂါ တဆယ့်နှစ်ပါးတည်းဟူသော ပရမတ္ထသဘာဝ ဓမ္မတရားကိုယ်ကို ကောင်းစွာ သိမြင်တော်မူလေသည်။[၃]

ပဋိစ္စသမုပ္ပါဒ်အင်္ဂါ တဆယ့်နှစ်ပါး[ပြင်ဆင်ရန်]

ဤစကြဝဠာတိုက်၌ ရှိနေကြသော လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ကာလသုံးပါး၌ တကယ်စင်စစ် ဖြစ်နေသော ပရမတ္ထသဘာဝ ဓမ္မတရားကို ဆင်ခြင်တော်မူသောအခါ အဝိဇ္ဇာ, သင်္ခါရ, ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ဘဝ, ဇာတိ, ဇရာ+မရဏဟူ၍ ပဋိစ္စသမုပ္ပါဒ်အင်္ဂါ တဆယ့်နှစ်ပါး တရားသား (ဝိပဿနာတင်ရမည့် တရားအစု)ကို ကောင်းစွာ သိမြင်တော်မူသကဲ့သို့ ကျန်သော စကြဝဠာတိုက်တို့၌ ရှိနေကြသော လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ကာလသုံးပါး၌ တကယ်စင်စစ် ဖြစ်နေသော ပရမတ္ထသဘာဝ ဓမ္မတရားသားကိုလည်း ဆင်ခြင်တော်မူ၏။ ထိုသို့ ဆင်ခြင်တော်မူသောအခါ ဤစကြဝဠာတိုက်၌ ရှိနေကြသော လူနတ်ဗြဟ္မာ သတ္တဝါတို့ နည်းတူပင် ပဋ္ဋိစ္စသမုပ္ပါဒ်အင်္ဂါ တဆယ့်နှစ်ပါးစီ တည်းဟူသော ဝိပဿနာတင်ရမည့် တရားအစုကို ကောင်းစွာ သိမြင်တော်မူလေသည်။[၃]

အလောင်းတော်သူမြတ်၏ ဝိပဿနာစာရ[ပြင်ဆင်ရန်]

ဤသို့ စကြဝဠာတိုက်ပေါင်း ကုဋေတသိန်း တည်းဟူသော အာဏာခေတ်အတွင်း ရှိနေကြသည့် လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ခန္ဓာအစဉ်ဝယ် ကာလသုံးပါး၌ တကယ်စင်စစ် ဖြစ်နေသော ပရမတ္ထသဘာဝ ဓမ္မတရားသားကို စဉ်းစား ဆင်ခြင်တော်မူသော အလောင်းတော်သူမြတ်၏ ဉာဏ်တော်ဖြင့် သိမြင်အပ်သော ဝိပဿနာတင်ရမည့် တရားအစုတို့ကား အဝိဇ္ဇာပေါင်း ကုဋေတသိန်း, သင်္ခါရပေါင်း ကုဋေတသိန်း, ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ဘဝ, ဇာတိ, ဇရာ+မရဏပေါင်းလည်း ကုဋေတသိန်းစီ ဖြစ်ရကား (၁၂-ရပ်ပေါင်းလျှင်) အလောင်းတော်သူမြတ်၏ ဝိပဿနာစာရခေါ်သော (ဝိပဿနာတင်ရမည့်) တရားသားတို့မှာ ကုဋေ တသန်းနှစ်သိန်းတို့ ဖြစ်လေကုန်သည်။[၃]

အာနာပါန စတုတ္ထဈာန် သမာပတ်ကို ဝင်စားခြင်း[ပြင်ဆင်ရန်]

အလွန်ထွေးရှုပ်၍ အခုတ်အထွင် ခဲယဉ်းလှသည့် တောအုပ်ကြီးကို ရှင်းလင်းခုတ်ထွင် သုတ်သင်သော ယောက်ျားသည် မိမိစွဲကိုင်သောဓားကို ကျောက်ပေါ်တင်၍ သွေးကာ သွေးကာ ထက်လှစွာသော မိမိဓားဖြင့် အလွန်ထွေးရှုပ်သည့် တောအုပ်ချုံပိပ္ပေါင်းအစုကို ရှင်းလင်းသုတ်သင်သကဲ့သို့ မြတ်စွာဘုရား အလောင်းတော်သည်လည်း တထောင့်ငါးရာ ကိလေသာတောအုပ် ချုံပိပ္ပေါင်းအစုကို ရှင်းလင်းသုတ်သင်ရန်အတွက် ကိုယ်တော်၏ လက်သုံးဖြစ်သော မဟာဝဇီရဝိပဿနာ ဉာဏ်ပညာဓားအသွား ထက်မြက်စေရန် အာနာပါန စတုတ္ထဈာန်သမာပတ် တည်းဟူသော ဓားသွေးသည့်ကျောက်၌ သွေးသွေးပြီးလျှင် (= အာနာပါန စတုတ္ထဈာန် သမာပတ်ကို ဝင်စား ဝင်စားပြီးလျှင်) ဖော်ပြရာပါ ကုဋေတသန်း နှစ်သိန်းသော ပဋိစ္စသမုပ္ပါဒ်အင်္ဂါ တရားအစုတို့ကို တခုစီ တခုစီ အနိစ္စလက္ခဏာယာဉ် တင်၍၎င်း, ဒုက္ခလက္ခဏာယာဉ် တင်၍၎င်း, အနတ္တလက္ခဏာယာဉ် တင်၍၎င်း ဆင်ခြင် သုံးသပ်တော်မူလေသည်။[၃]

ဉာဏ်တော်ပေါင်း ကုဋေ သုံးသန်း ခြောက်သိန်း[ပြင်ဆင်ရန်]

သို့ရကား ကုဋေတသန်း နှစ်သိန်းသော ပဋိစ္စသမုပ္ပါဒ်အင်္ဂါ တရားအစုတို့၌ တခုတခုလျှင် အနိစ္စဝိပဿနာဉာဏ်, ဒုက္ခဝိပဿနာဉာဏ်, အနတ္တဝိပဿနာဉာဏ်ဟူ၍ ဝိပဿနာဉာဏ် သုံးပါးစီ သုံးပါးစီ ဖြစ်သောကြောင့် ကုဋေ တသန်းနှစ်သိန်းကို တည်၊ သုံးဖြင့်မြှောက်ပွါး၍ မဟာဝဇိရ ဝိပဿနာ ဉာဏ်တော်ပေါင်း ကုဋေ သုံးသန်း ခြောက်သိန်း ဖြစ်လေသည်။[၄][၃]


ဘုရားအလောင်းတော်တိုင်းပင်လျှင် ဘုရားဖြစ်ခါနီး၌ ပဋိစ္စသမုပ္ပါဒ်တရားကို အနုလုံ ပဋိလုံအားဖြင့် သုံးသပ် ဆင်ခြင်တော်မူကြမြဲ ဓမ္မတာဖြစ်သည်။ ငါတို့မြတ်စွာဘုရား အလောင်းတော်သည်လည်း ရှေးဘုရားအလောင်းတော်တို့နည်းတူပင် (ဆိုအပ်ခဲ့ပြီးသည့်အတိုင်း) ပဋိစ္စသမုပ္ပါဒ်တရားကို အနုလုံ ပဋိလုံ သုံးသပ် ဆင်ခြင်တော်မူသည်။ ထိုအခါ ဇာတိခေတ် စကြဝဠာတိုက်ပေါင်း လောကဓာတ်တသောင်းလုံး ရေဆုံးအောင် တုန်လှုပ်လေသည်။[၃]


မြတ်စွာဘုရား အလောင်းတော်သည် ဆိုအပ်ခဲ့ပြီးသည့်အတိုင်း ဘုရားရှင်တိုင်း၏ဓမ္မတာ ပဋိစ္စသမုပ္ပါဒ်အင်္ဂါ တဆယ့်နှစ်ပါး တရားအစု၌ ကုဋေ သုံးသန်း ခြောက်သိန်းသော မဟာဝဇိရ ဝိပဿနာ သမ္မသနဉာဏ်ကို ဖြစ်စေတော်မူပြီးသောအခါ အာနာပါန စတုတ္ထဈာန်ကို တဖန် ဝင်စားတော်မူပြန်လေသည်။ (ထိုသို့ ဝင်စားတော်မူခြင်းမှာ ဥဒယဗ္ဗယဉာဏ် အစရှိသော အထက် ဝိပဿနာဉာဏ်ပညာ အသွားထက်စိမ့်သောငှါ အာနာပါန စတုတ္ထဈာန်သမာပတ် တည်းဟူသော ဓားသွေးသည့် ကျောက်ကောင်း၌ တဖန် သွေးတော်မူပြန်ခြင်းဖြစ်သည်။) ထိုသို့ အာနာပါန စတုတ္ထဈာန်ကို တဖန် ဝင်စားတော်မူပြီးလျှင် (= အထက် ဝိပဿနာ ဉာဏ်ပညာ အသွားထက်အောင် သွေးတော်မူပြီးလျှင်) ထိုဈာန်မှထ၍ ခန္ဓာငါးပါး တရားအစုတို့၌ ဥဒယဗ္ဗယဉာဏ် အစရှိသော အထက် အထက် ဝိပဿနာဉာဏ်ပညာများကို အလွယ်တကူ ဖြစ်ပွါးစေတော်မူလေသည်။[၃]


(ဤ၌။ ။အလောင်းတော်သူမြတ်သည် ရှေးရှေးသော ဘုရားရှင်တို့၏အထံ၌ ရဟန်းပြု၍ ပိဋကသုံးပုံကို သင်ကြားတတ်မြောက်ပြီးလျှင် ဝိပဿနာအလုပ် အားထုတ်တော်မူခဲ့ရာ ဥဒယဗ္ဗယဉာဏ်, ဘင်္ဂဉာဏ်, ဘယဉာဏ်, အာဒီန၀ဉာဏ်, နိဗ္ဗိဒါဉာဏ်, မုစ္စိတုကမျတာဉာဏ်, ပဋိသင်္ခါဉာဏ်, သင်္ခါရုပေက္ခာဉာဏ်တိုင်ရောက်အောင် လေ့လာပွါးများ အားထုတ်တော်မူခဲ့ဘူးသောကြောင့်၎င်း- ရှေးဖော်ပြရာပါ မဟာဝဇိရ ဝိပဿနာ သမ္မသနဉာဏ်တော်ပေါင်း ကုဋေ သုံးသန်း ခြောက်သိန်းတို့ဖြင့် လေ့လာပွါးများ ဉာဏ်ပညာအား အလွန်တရာ ကြီးမားလှသောကြောင့်၎င်း- အထက် အထက် ဝိပဿနာ ဉာဏ်ပညာများကို အလွယ်တကူ ရရှိတော်မူသည်ဟု ယုံကြည်စွာ မှတ်သားရာ၏။ ဇိနာလင်္ကာရဋီကာနှင့် သုတ်မဟာဝါဋီကာ မျက်နှာ ၅၅-ကို မှီငြမ်းပြုသည်။)

ကိုးကား[ပြင်ဆင်ရန်]

  1. (မ၊ဋီ၊၃၊၂၇၅-ကြည့်ပါ။)
  2. နိဗ္ဗာနဂါမိနိပဋိပဒါ - ပဉ္စမတွဲ ဖားအောက်တောရဆရာတော်
  3. ၃.၀၀ ၃.၀၁ ၃.၀၂ ၃.၀၃ ၃.၀၄ ၃.၀၅ ၃.၀၆ ၃.၀၇ ၃.၀၈ ၃.၀၉ မဟာဗုဒ္ဓဝင် ဒုတိယတွဲ မင်းကွန်းဆရာတော်
  4. (ဤမဟာဝဇီရဝိပဿနာဉာဏ် အကြောင်းအရာ အမြွက်သည် ဥပရိပဏ္ဏာသဋီကာ အနုပဒသုတ်အဖွင့် စာမျက်နှာ ၂၇၅-၌၎င်း၊ ဝိနည်း သာရတ္ထဒီပနီဋီကာ တတိယအုပ် မဟာခန္ဓက သာရိပုတ္တမောဂ္ဂလ္လာနပဗ္ဗဇ္ဇာ ကထာအဖွင့် စာမျက်နှာ ၂၂၉-၌၎င်း လာရှိသည်။)