ကမ္မဋ္ဌာန်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ကမ္မဋ္ဌာန်းဟူသည် ကမ္မဌာနဟူသော ပါဠိစကားကို မြန်မာလို ခေါ်ဝေါ်ခြင်း ဖြစ်၏။ ကမ္မဌာနဟူသော ပါဠိစကား သည် ကမ္မပုဒ်နှင့် ဌာနပုဒ်တွဲစပ်၍ ဖြစ်သော စကားတည်း။ ထိုနှစ်ပုဒ်တွင် ကမ္မပုဒ်မှာ အလုပ်ဟူသော အနက်ကိုဟော၏။ ဌာနပုဒ်မှာ တည်ရာဟူသော အနက်ကို ဟော၏။ ထို့ကြောင့် ဘာဝနာအလုပ်၏ တည်ရာဖြစ်သော အာရုံများကို ကမ္မဋ္ဌာန်း ဆိုသည်ဟု မှတ်ရမည်။

ဘာဝနာနှစ်မျိုး[ပြင်​ဆင်​ရန်​]

ဘာဝနာဟူသော ပုဒ်သည် မြန်မာလို တိုးပွားစေခြင်းဟု အဓိပ္ပါယ်ရ၏။ ဘာဝနာအလုပ်သည် စိတ်နှင့် ဆိုင်သဖြင့် မိမိစိတ်ဓာတ်၏ ဖြူစင်မှု တိုးပွားလာအောင် အားထုတ်ရသော အလုပ်မျိုးဟု ဆိုလိုသည်။ ထိုဘာဝနာသည် သမထဘာဝနာ၊ ဝိပဿနာဘာဝနာဟူ၍ နှစ်မျိုးရှိ၏။ ထိုနှစ်မျိုးတို့တွင် သမထ ဘာဝနာ၏ အာရုံဖြစ်သော ကမ္မဋ္ဌာန်းသည် ကသိုဏ်းဆယ်ပါး၊ အသုဘဆယ်ပါး၊ အနုဿတိဆယ်ပါး၊ အပ္ပပညာလေးပါး၊ အာဟာရေပဋိကုလသညာတစ်ပါး၊ စတုဓာတုဝဝတ္ထာန်တစ်ပါး၊ အာရုပ္ပလေးပါးအားဖြင့် လေးဆယ်ရှိ၏။ ဤလေးဆယ်သော ကမ္မဋ္ဌာန်းတို့တွင် တစ်ပါးပါးကို အာရုံပြု၍ ရှေးဦးစွာ ပွားများမှုကို ပရိကမ္မဘာဝနာဟု ခေါ်၏။ အထက်အထက် ဘာဝနာကို ပြုပြင်၍ ပေးတတ်သော အစစွာ သော ဘာဝနာဟု ဆိုလိုသည်။ ဤလေးဆယ်သော ကမ္မဋ္ဌာန်း တို့တွင် ဗုဒ္ဓါနုဿတိစသော အနုဿတိရှစ်ပါး၊ အာဟာရေ ပဋိကုလသညာ တစ်ပါး၊ စတုဓာတုဝဝတ္ထာန်တစ်ပါးဟူသော ဤဆယ်ပါးသော ကမ္မဋ္ဌာန်းတို့ကို ပွားများရာ၌ ဥပစာရ ဘာဝနာ တိုင်အောင်သာ ရောက်နိုင်၏။ အပ္ပနာဘာဝနာသို့ မရောက်နိုင်။ အပ္ပနာဘာဝနာဆိုသည်မှာ ဆိုင်ရာကမ္မဋ္ဌာန်း အာရုံ၌ စွဲမြဲစွာ သက်ဝင်တည်နေသော ဈာန်မဂ်ဖိုလ်တရား များကို ခေါ်သည်။ အိမ်အနီးအပါးကို အိမ်ဥပစာ ခေါ်သကဲ့သို့ ထို့အတူ အပ္ပနာဘာဝနာဖြစ်သော ဈာန်မဂ်ဖိုလ်တရား၏ အနီးအပါးဖြစ်သော ဘာဝနာအစဉ်ကို ဥပစာရဘာဝနာဟု ခေါ်သည်။ ဤဥပစာရဘာဝနာသည် ဥပစာရဘာဝနာသည် ဈာန်မဂ်ဖိုရအောင် အားထုတ် သော ယောဂီပုဂ္ဂိုလ်တို့အား စိတ်တည်ကြည်ခြင်း ဥပစာရသမာဓိမျှ အကျိုးရှိ၏။ ကြွင်းသော သုံးဆယ်သော ကမ္မဋ္ဌာန်းတို့၌ကား ပရိကမ္မဘာဝနာ၊ ဥပစာရဘာဝနာ၊ အပ္ပနာဘာဝနာဟု ဆိုအပ်သော ဘာဝနာသုံးပါးစလုံး ရအပ်သောကြောင့် စိတ်တည်ကြည်ခြင်း သမာဓိမျှသာမဟုတ်၊ ဆိုင်ရာ ကမ္မဋ္ဌာန်းအာရုံ၌ သက်ဝင်တည်နေသော ဈာန်တရားကိုလည်း ရနိုင်၏။

ဈာန်ဟူသည် အာရုံခြောက်ပါး၌ လွင့်ပါးချောက်ချား၍ နေသောစိတ်ကို တစ်ခုတည်းသော အာရုံ၌ စွဲမြဲစွာ သက်ဝင် စေ၍ စူးစူးစိုက်စိုက် တည်တည်တံ့တံ့ ရှုခြင်းသဘောရှိသော ဝိတက်ဝိစာရ ပီတိသုခ ဧကဂ္ဂတာ ဟူသော တရားငါးပါးတို့၏ အပေါင်းကို ဆိုသည်။

ဈာန်အင်္ဂါငါးပါး[ပြင်​ဆင်​ရန်​]

ဝိတက်စသော တရားတစ်ခုတစ်ခုစီကိုကား ဈာန်ဟုမဆိုရ။ ဈာန်၏ အစိတ်အစိတ်ဖြစ်၍ ဈာန်နင်-ဝါ-ဈာန် အင်္ဂါဟူ၍သာ ဆိုရသည်။ ထိုဈာန်အင်္ဂါငါးပါးတို့တွင်-

  1. ဝိတက်သည် အတူဖြစ်ဘက် နာမ်တရားတို့ကို အာရုံသို့ ပို့ဆောင်တတ်သော သဘောရှိ၏။
  2. ဝိစာရသည် အာရုံ၌ စိတ်ကို ဖွဲ့ချည်တတ်သော သဘောရှိ၏။
  3. ပီတိသည် အာရုံ၌ စိတ်ကို နှစ်ခြိုက်စေတတ်သော သဘောရှိ၏။
  4. သုခသည် အာရုံ၌ စိတ်ကို ချမ်းမြေ့စေတတ်သော သဘော ရှိ၏။
  5. ဧကဂ္ဂတာသည် အာရုံ၌ စိတ်ကို ခိုင်ခံ့စွာ တည်ငြိမ် စေတတ်သော သဘောရှိ၏။

ဤသို့လျှင် ဤငါးပါးသောတရားတို့ကို ဘာဝနာအာရုံ၌ စိတ်ကို နှစ်နှစ်ခြိုက်ခြိုက် အမြစ်စိုက်၍ နေအောင် ဆောင်ရွက် စီမံကြသော တရားစုဖြစ်၍ ဈာန်ဟု ခေါ်ရသည်။ ဤ၌ဈာန သဒ္ဒါသည် တစ်ခုခုသော အာရုံ၌ မတုန်မလှုပ် မငဲ့မတိမ်း စိမ်းစိမ်းရှုခြင်းအနက်ကို ဟော၏။ တစ်နည်း၊ စိတ်ကို ဆာပူပင်ပန်းညစ်နွမ်း နောက်ကျူ စေတတ်သော နိဝရဏတရားတို့ကို အမြစ်မပါဘဲ လောင်မြှိုက်ကင်းရှင်းစေတတ်သော သဘောကို ဈာန်ဟု ဆိုသည်။ ဤ၌နီဝရဏတရားတို့ဟူသည် ဈာန်၏ အထူး ဆန့်ကျင်ဘက်ဖြစ်သော ကာမစ္ဆာန္ဒ၊ ဗျာပါဒ၊ ထိနမိဒ္ဓ၊ ဥဒ္ဓစ္စ ကုက္ကုစ္စ၊ ဝိစိကိစ္ဆာဟူသော ဤငါးပါးကို ဆိုသည်။ ထိုငါးပါးတို့တွင်- ကာမစ္ဆာန္ဒ ဟူသည် အဆင်း အသံ အနံ့အရသာ အတွေ့ ဟူသော ကာမဂုဏ်အာရုံတို့၌ စွဲစွဲလမ်းလမ်း တပ်စွန်းပြင်းစွာ သာယာလိုချင်ခြင်း သဘောတည်း။ ဗျာပါဒဟူသည် သူတစ်ပါးကို ပျက်ပြားစေအောင် ကြံဆောင်ငြူစူသော အမျက်ဒေါသ သဘောတည်း။ ထိနမိဒ္ဓ ဟူသည် ကိုယ်စိတ်၏ လေးလံ ထိုင်းမှိုင်းခြင်း၊ တွန့်တို ပျင်းရိခြင်းသဘောတည်း။ ဥဒ္ဓစ္စ ကုက္ကုစ္စဟူသည် စိတ်၏မငြိမ်ခြင်း၊ ပြုမိလေခြင်း၊ မပြုမိလေခြင်းဟု စိတ်ပူခြင်းသဘောတည်း။ ဝိစိကိစ္ဆာဟူသည် သို့လောသို့လော တွေးတောရမ်းဆ သဘာဝကို မဆုံးဖြတ်နိုင်ခြင်း သဘောတည်း။ ပြဆိုခဲ့ပြီးသော ဈာနင်ငါးပါးတို့တွင် ဝိတက်သည် ထိနမိဒ္ဓ ၏ ဆန့်ကျင်ဘက်ဖြစ်၏။ စိတ်ကို ဘာဝနာ၏ အာရုံသို့ ပို့ဆောင်တတ်သော ဝိတက်သည် ပျင်းရိထိုင်းမှိုင်းစေ တတ်သော ထိနမိဒ္ဓကို လောင်မြှိုက်တတ်၏။ ဝိစာရသည် ဝိစိကိစ္ဆာ၏ ဆန့်ကျင်ဘက်ဖြစ်၏။ အာရုံ၌ စိတ်ကို ဖွဲ့ချည်တတ်သော ဝိစာရသည် စိတ်ကို နှစ်ခွပြု၍ နောက်ကျူမှိန်မှေးစေတတ်သော ဝိစိကိစ္ဆာကို လောင်မြှိုက် တတ်၏။

ပီတိသည် ဗျာပါဒ၏ ဆန့်ကျင်ဘက် ဖြစ်၏။ အာရုံ၌ စိတ်ကို နှစ်သက်စေတတ်သော ပီတိသည် စိတ်ကို ငြီးငွေ့ ခြောက်သွေ့အောင် ပြုတတ်သော ဗျာပါဒကို လောင်မြှိုက် တတ်၏။ သုခသည် ဥဒ္ဓစ္စ ကုက္ကုစ္စ၏ ဆန့်ကျင်ဘက် ဖြစ်၏။ အာရုံ၌ စိတ်ကို ချမ်းမြေ့စေတတ်သော သုခသည် မငြိမ်မသက် မအေး မချမ်းခြင်းကို ပြုတတ်သောဥဒ္ဓစ္စ ကုက္ကုစ္စကို လောင်မြှိုက် တတ်၏။ ဧကဂ္ဂတာသည် ကာမစ္ဆာန္ဒ ၏ ဆန့်ကျင်ဘက်ဖြစ်၏။ အာရုံ၌ စိတ်ကို ခိုင်မြဲစွာ တည်ငြိမ်စေတတ်သော ဧကဂ္ဂတာသည် ထကြွလှုပ်ရှားတတ်သော ကာမစ္ဆာန္ဒ ကို လောင်မြှိုက်တတ်၏။ ယင်းသို့ ဈာန်အင်္ဂါငါးပါးတို့ ညီညွတ်ကြသဖြင့် စိတ်ကို ပိတ်ပင်ထားတတ်သော နီဝရဏတရားတို့ ကင်းစင်၍ စိတ်၏ က္ကမ္မဌာန်းအာရုံ၌ တည်နေခြင်းသည် သမာဓိစခန်းသို့ ဆိုက်ရောက်ခြင်း ဖြစ်သည်။ ထိုသမာဓိကိုပင် နီဝရဏ တရားတို့ကို ချုပ်ငြိမ်းစေတတ်သောကြောင့် တစ်ကြောင်းကျန် သမာဓိနှင့် ငြိမ်းချမ်းခြင်း သမထ ဟူသော စကားသည် ဝေါဟာရမျှသာ ခြားနား၏။ တရားကိုယ်အားဖြင့်ကား ဧကဂ္ဂတာ စေတသိက်ပင် ဖြစ်၏။ တည်ကြည်ခြင်း သမဓိ ဖြစ်မှသာ ငြိမ်းချမ်းခြင်း သမထဖြစ်နိုင်၏။ ထိုကြောင့် ဤသမထဘာဝနာ ကမ္မဋ္ဌာန်းနည်း၌ သမာဓိ ဖြစ်လျှင် လုပ်ငန်းကိစ္စပြီးဆုံးလေတော့သတည်း။ ဝိပဿနာဘာဝနာ၌ ဝိပဿနာဟူသည် အထူးမြင်တတ် သော ဉာဏ်ပညာတည်း။ ထိုဉာဏ်ပညာဖြင့် ပညတ်အမြှေးကို ခွာလှန်၍ ရုပ်နာမ်ကိုမြင်၊ ရုပ်နာမ်တို့၏ အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တလက္ခဏာ မြင်သည်ကို အထူး မြင်သည်ဟု ဆိုသည်။ ယင်းဝိပဿနာကို အဖန်ဖန် ဖြစ်ပွားစေသည်ကို ဝိပဿနာဘာဝနာ ပွားများသည်ဟု ဆိုသည်။

ဝိပဿနာဘာဝနာ၏ အာရုံကမ္မဋ္ဌာန်းကား နာမ်ရုပ်တည်း။ ထို့ကြောင့် ဝိပဿနာဘာဝနာပွားများလိုသော သူသည် ရှေးဦးစွာ နာမ်ရုပ်နှစ်ပါးကို ပိုင်းခြား၍ သိသော နာမရူပ ပရိစ္ဆောဒ ဉာဏ်နှင့် ပြည့်စုံအောင် လုပ်ရမည်။ နာမရူပပရိစ္ဆောဒ ဉာဏ်ဟူသည် နာမ်တွေ ရုပ်တွေ အသွယ်အသွယ် အမျှင်အမျှင် အသီးအသီး တခြားစီနေအောင် ထင်နိုင်မြင်နိုင် ပိုင်းခြား နိုင်သောဉာဏ်ကို ဆိုသည်။

ဝိပဿနာဉာဏ် အကျယ် ဆယ်ပါး[ပြင်​ဆင်​ရန်​]

ထိုနောက် ပစ္စယပရိဂ္ဂဟဉာဏ်ဖြင့် နာမ်ရုပ်၏ အကြောင်း ကို သိမ်းဆည်းရမည်။ ပစ္စယပရိဂ္ဂဟဉာဏ် ဟူသည် ဘယ်ဟာ ကြောင့် နာမ်ရုပ်ဖြစ်သည်ဟု နာမ်ရုပ်၏ အကြောင်းကို မှန်မှန် ကျကျသိနိုင်မြင်နိုင် သိမ်းဆည်းနိုင်သော ဉာဏ်ကို ဆိုသည်။ ဤသို့ အကြောင်းနှင့်တကွ နာမ်ရုပ်ကို ပိုင်းဖြတ် ဆင်ခြင်ပြီးနောက် နာမ်ရုပ်တို့၏ သဘောသက်သက် အပျက် အပျောက် ဘေးရောက်မခိုင် အလိုအတိုင်း မပြုနိုင်သော အနိစ္စ လက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တ လက္ခဏာတို့ကို ကောင်းစွာ မှတ်သား၍ ပိုင်းခြားရှုမြင် ဆင်ခြင်ရမည်။ တစ်နည်းလည်း ဝိပဿနာဉာဏ် အကျယ် ဆယ်ပါးလာ၏။ ဆယ်ပါးကား-

  1. သမ္မသနဉာဏ် = လက္ခဏာရေးသုံးပါး မထင်ထင်အောင် သုံးသပ်ဆင်ခြင်သော ဉာဏ်၊
  2. ဥဒယဗ္ဗယဉာဏ် = လက္ခဏာရေး ထင်၍ အဖြစ်အပျက်တွေကို မြင်သော ဉာဏ်၊
  3. ဘင်္ဂဉာဏ် = လက္ခဏာရေး အလွန်ထင်မြင်၍ အပျက်ကိုသာ မြင်သော ဉာဏ်၊
  4. ဘယဉာဏ် = အပျက်တွေကိုသာ မြင်သောကြောင့် သင်္ခါရတရားတို့၌ ကြောက်သော အခြင်းအရာအားဖြင့် ဖြစ်သော ဉာဏ်၊
  5. အာဒီနဝဉာဏ် = အကောင်းကိုမမြင် ဘေးတွေရန်တွေဟု အပြစ်ကိုသာ မြင်သောဉာဏ်၊
  6. နိဗ္ဗိဒါဉာဏ် = ငြီးငွေ့သော အခြင်းအရာဖြင့် ထင်သော ဉာဏ်၊
  7. မုဉ္စိတုကမျတာဉာဏ် = အလုံးစုံသော ဘဝ စသည်တို့မှ လွတ်ကင်းထွက်မြောက်လိုသော ဉာဏ်၊
  8. ပဋိသင်္ခါဉာဏ် = ထွက်မြောက်ရန် လက္ခဏာရေး သုံးတန်ကို တစ်ဖန် ထပ်မံ၍ ဆင်ခြင်ပြန်သော ဉာဏ်၊
  9. သင်္ခါရုပက္ခာဉာဏ် = သင်္ခါရတရားတို့ကို လျစ်လျူရှု၍သာ ဖြစ်သော ဉာဏ်၊
  10. အနုလောမဉာဏ် = ရှေ့ဝိပဿနာဉာဏ်တို့နှင့် အနောက်မဂ်ဉာဏ်တို့အား လျော်သောဉာဏ်၊


ဤဝိပဿနာဉာဏ်ဆယ်ပါး ဖြစ်ပြီးနောက် နိဗ္ဗာန်ကို ရှေးဦးစွာ အာရုံပြု၍ ပုထုဇ္ဇန်အနွယ်ကို ဖျက်လျက် အရိယာ အနွယ်ကို ဖြစ်စေလျက် ဂေါတြဘူဉာဏ်ဖြစ်၏။ ထိုနောက် လောကီကိုထွင်းဖောက်လျက် မဂ်ဉာဏ် ဖိုလ်ဉာဏ် ပစ္စဝေက္ခဏဉာဏ်တို့ဖြင့် လောကတ္တရာဘက်သို့ ရောက် လေတော့သတည်း။ ဤဝိပဿနာဉာဏ် ဆယ်ပါးလာသောနည်းကာ ဉာဏ် အမြင် မထက်သန်သောကြောင့် နှစ်ရှည်လများ အားထုတ်နိုင်မှ မဂ်ဖိုလ်ရလတ္တံ့ ပုဂ္ဂိုလ်တို့အတွက် ဖြစ်လေသည်။

[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)

ပြင်ပလင့်ခ်များ[ပြင်​ဆင်​ရန်​]