ငါးပါးသီလ
ငါးပါးသီလသည် ဗုဒ္ဓမြတ်စွာ၏ ဆုံးမဩဝါဒဖြစ်၍ လူတို့ စောင့်ထိန်းအပ်သော ကိုယ်ကျင့်တရားငါးပါး ဖြစ်၏။ သီလ၏ အနက်ကို ကိုယ်၊ နှုတ်၊ စိတ်အမူအရာတို့ကို ငြိမ်သက်စွာ ထားခြင်းဟု၎င်း၊ ကုသိုလ်တရားတို့ကို ဆောင်ခြင်းဟု၎င်း ဝိသုဒ္ဓိမဂ် အဋ္ဌကထာတွင် ဖွင့်ဆိုလေသည်။ တစ်နည်းအားဖြင့် သီလသည် ဦးခေါင်းနှင့် တူသောအနက်၊ အေးမြချမ်းအေးခြင်းအနက်၊ အကုသိုလ်တို့ မဝင်လေအောင် ပိတ်ပင်တားမြစ်ခြင်းအနက်၊ ဒုစရိုက်အကျင့်ပျက်၏ အိပ်စက် ကြောင်းအနက်တို့၌ ထင်ပေသည်။ အချုုပ်အားဖြင့်ဆိုသော် သီလ၏အနက်မှာ အကျင့်၊ အလေ့ သဘောဟု ဖြစ်လေသည်။ ငါးပါးသီလကို အင်္ဂုတ္တရ ပါဠိတော်၌ 'ပဉ္စဟိဘိက္ခဝေ၊ ဓမ္မေဟိ သမန္နာဂတောယထာဘတံ၊ နိက္ခိတ္တောဧဝံ နိရိယော၊ ကတမေဟိပဉ္စဟိ။
၁။ ပါဏာတိပါတီဟောတိ၊
၂။ အဒိန္နာဒါယီဟောတိ၊
၃။ ကာမေသုမိစ္ဆာစာရီဟောတိ၊
၄။ မုသာဝါဒီဟောတိ၊
၅။ သုရာမေရယ မဇ္ဇပမာဒဋ္ဌာယီဟောတိ၊
ဣမေဟိခေါဘိက္ခဝေ ပဉ္စဟိဓမ္မေဟိ သမန္နာဂတေ ယထာ ဘတံနိက္ခိတ္တော ဧဝံနိရိယေ' ဟု ပါရှိ၏။ အနက်ကား 'ရဟန်း တို့ တရားငါးပါးနှင့် ပြည့်စုံသောသူသည် ပြုလုပ်ဆောင်ရွက် သည့်အတိုင်း ငရဲသို့ကျရာ၏။ ထိုတရား ငါးပါးတို့ကား
(၁) သူ့အသက်သတ်ခြင်း တစ်ပါး၊
(၂) သူ့ဥစ္စာခိုးယူခြင်း တစ်ပါး၊
(၃) ကာမတို့၌ အမှားကျင့်ခြင်း တစ်ပါး၊
(၄) လိမ်လည်ပြောဆိုခြင်း တစ်ပါး၊
(၅) အရက်သေစာသောက်ခြင်း တစ်ပါး၊
ဤငါးပါးတို့တည်း။ ထိုငါးပါးကို စောင့်ထိန်းပါက ငါးပါး သီလ စောင့်ရာရောက်၍ လူ၊ နတ်၊ နိဗ္ဗာန် သုံးတန်သော အကျိုးကို ရနိုင်၏။
ငါးပါးသီလကို ဆောက်တည်ရာ၌ မြတ်စွာဘုရား ရုပ်ပွား ဆင်းတု၊ စေတီပုထိုးများ၌၎င်း၊ ရဟန်းသံဃာတော်များ၌၎င်း၊ အဟံဘန္တေ တိသရဏေနသဟ ပဉ္စသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေဘန္တေဟု တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ် တိုင်အောင် သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလကို ပေး သနားရန် လျှောက်ထားရသည်။ ထိုနောက် ဘုရားသခင်ကို ရှိခိုးကြောင်းဖြစ်သည့် နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿကို သုံးကြိမ်၊ ထိုနောက် ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ တည်းဟူသော သရဏံဂုံသုံးပါးကိုလည်း သုံးကြိမ်တိုင်တိုင် ရွတ်ဆိုရသည်။ ထို နောက် ငါးပါးသီလ ခံယူဆောက်တည်ကြောင်းကို ဖော်ပြသည့် သူ့အသက်ကိုသတ်ခြင်းမှ၊ သူ့ဥစ္စာကို ခိုးယူခြင်းမှ၊ ကာမတို့မှ အမှားကျင့်ခြင်းမှ၊ လိမ်လည်ပြောဆိုခြင်းမှ၊ အရက်သေစာ သောက်စားမူးယစ်ခြင်းမှ၊ ရှောင်ကြဉ်ကြောင်းအကျင့်ကို ကောင်းစွာ ဆောက်တည်ပါသည်ဟု အောက်ပါအတိုင်း ရွတ်ဆို ဆောက်တည်ရလေသည်။
၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
၂။ အဒိန္နဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
၃။ ကာမေသုမိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံသမာဒိယာမိ၊
၄။ မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
၅။ သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလ၏ အနက်သဘောကို သိရှိပါက ပါဠိလို၎င်း၊ မြန်မာလို၎င်း၊ အချိန်အခါမရွေး ငါးပါး သီလကို ခံယူဆောက်တည်နိုင်သည်။ ငါးပါးသီလကို ဆောက် တည်ရာ၌ နှုတ်မှ ရွတ်ဆိုသည်ထက် အနက်အဓိပ္ပာယ်ကို သိရှိ နားလည်၍ လိုက်နာကျင့်သုံးဆောက်တည်မှုသာ လိုရင်း ဖြစ် လေသည်။
ငါးပါးသီလတွင် ဆောက်တည်ရာ၌ သိက္ခာပုဒ်တိုင်း လုံခြုံ ရပေလိမ့်မည်။ သိက္ခာပုဒ်လွန်ကျူး ချိုးဖောက်ပျက်စီးရာ၌ သိက္ခာပုဒ်တစ်ပါးတစ်ပါးစီတွင် ကံမြောက်ရာ ကံမြောက်ကြောင်း အင်္ဂါပယောဂ အသီးသီး ရှိကြသည်။ ထိုအင်္ဂါပယောဂ အသီး သီးကို အကျဉ်းချုပ်ရမည်ဆိုသော် ဇော၊ စေတနာ၊ ဥဿာဟ ဟူ၍ ၃ ပါးရ၏။ ထို ၃ ပါးပြည့်စုံလျှင် ကံမြောက်သည်။ ကံ မြောက်ပါမှလည်း သုဂတိ ဒုဂ္ဂတိဘုံများသို့ ကျရောက်စေသော အကျိုးကို ပေးလေသည်။ ငါးပါးသီလသည် နိစ္စသီလမျိုးဖြစ်၍ သာသနာတော် အတွင်း၌ မဟုတ် သာသနာပကာလ၌လည်း တည်ရှိလေသည်။ ငါးပါးသီလသည် လူ့ကျင့်ဝတ်၌ အခြေခံတရားဖြစ်ပေသည်။ [၁]
(အကျယ်ကိုထပ်မံဖြည့်စွက်ရေးသားပေးကြပါရန်)
ငါးပါးသီလ (ဝါ) ပဉ္စသီလ [ပြင်ဆင်ရန်]
(၁) ပါဏာတိပါတာ ဝေရမဏိ၊
- (သူတစ်ပါး၏ အသက်ကို သတ်ဖြတ်ခြင်းအမှုကိစ္စတို့အားမပြုလုပ်ပဲ ရှောင်ကြဉ်မည်ဟူသော သိက္ခာပုဒ်အားထိန်းသိမ်းစောင့်ရှောက်ခြင်း)
(၂) အဒိန္နာဒါနာ ဝေရမဏိ၊
- (သူတစ်ပါးမပေးသောပစ္စည်းဥစ္စာတို့ကိုယူငင်ခြင်း "ခိုးယူခြင်း"စသောအမှုကိစ္စတို့အား မကျူးလွန်ပဲ ရှောင်ကြဉ်စောင့်ထိန်းခြင်း)
(၃) ကာမေသုမိစ္ဆာစာရာ ဝေရမဏိ၊
- (ကာမပိုင်လင်ယောက်ျား၊ ဇနီးမယားမှတစ်ပါး အခြား ကာမ မပိုင်ဆိုင်သောသူများနှင့် ကျူးလွန်ဖောက်ပြားခြင်းမှ ရှောင်ကြဉ်စောင့်ထိန်းခြင်း)
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး- ကာမေသုမိစ္ဆာစာရ
(၄) မုသာဝါဒါ ဝေရမဏိ၊
- (မဟုတ်မမှန်သောစကားပြောခြင်း၊ လိမ်လည်လှည့်ဖျားပြောဆိုခြင်းတို့မှ ရှောင်ကြဉ်စောင့်ထိန်းခြင်း)
(၅) သုရာမေရယ မဇ္ဇ ပမာဒဋ္ဌာနာ ဝေရမဏိ၊
- (မူးယစ်မေ့လျော့စေသော အရက်သေစာ ဘိန်းဘင်းကစော် လှော်စာ စသည့် မူးယစ်ထုံထိုင်း ဘေးဖြစ်စေတတ်သောဆေးဝါးများ သုံးစွဲခြင်းမပြုပဲ ရှောင်ကြဉ်စောင့်ထိန်းခြင်း)
ကိုးကား [ပြင်ဆင်ရန်]
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)