သင်္ဂါယနာ
|
ဘာသာတရား |
|
| သမိုင်း | |
| ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ | |
| ဘုရားများ | |
| နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား၊ | |
| ဆရာ (အစရိယ) | |
| သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (သီလရှင်) | |
| လက္ခဏာရေးသုံးပါး | |
| အနိစ္စ - အနတ္တ - ဒုက္ခ | |
| ရတနာသုံးပါး | |
|
ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ |
|
| အယူဝါဒ | |
| သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ | |
| တိပိဋကနှင့်ကျမ်းစာများ | |
| တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်) | |
| အဆင့်များ | |
| ပုထုဇဉ်၊ ကိုရင်၊ ရဟန်း၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ၊ ဧတဒဂ်၊ ဘုရား၊ နိဗ္ဗာန် | |
| ကျင့်စဉ်များ | |
| သမထ၊ ဝိပဿနာ၊ သတိပဋ္ဌာန်၊ ဓုတင်၊ ကမ္မဋ္ဌာန်း၊ ဒုက္ကရစရိယာ၊ နိကာယ် ငါးရပ်၊ | |
| ဂါထာများ | |
| ကျင့်၀တ်၊ သုတ်တော်၊ ဂုဏ်တော်၊ ဂါထာတော်၊ ဘုရားပင့်၊ သြကာသ၊ ပုတီးစိပ်နည်း၊ | |
| ဂိုဏ်းများ | |
| ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ | |
| နိုင်ငံနှင့်ဒေသများ | |
မာတိကာ |
သင်္ဂါယနာတင်ကြခြင်း [ပြင်ဆင်ရန်]
မဟာသက္ကရာဇ် ၆၈ ခုနှစ်၊ ဘီစီ ၆၂၃ တွင် ဗုဒ္ဓမြတ်စွာဘုရား ဖွားမြင် တော်မူခဲ့ပါသည်။[၁]ကမ္ဘာပေါ်တွင်ဗုဒ္ဓဘာသာ သည် (ခရစ်တော်မပေါ်မီ ဘီစီ(၅၈၈) ) လွန်ခဲ့သောနှစ်ပေါင်း၂၆၀ဝ ကျော် မဟာသက္ကရာဇ်(၁၀၃)ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် စတင် ပွင့်ထွန်း ပေါ်ပေါက်ခဲ့ပါသည်။ မဟာသက္ကရာဇ် (၁၀၃)ခု ဝါဆိုလပြည့် စနေနေ့ ဘီစီ(၅၈၈)မှာ ဓမ္မရတနာ စတင်ခဲ့သည်။ မဟာသက္ကရာဇ် (၁၀၃)ခု ဝါဆိုလပြည့်ကျော် ၂ ရက် တနင်္လာနေ့ ဘီစီ (၅၈၈) တွင် သံဃာရတနာ စတင်ပေါ်ပေါက်ခဲ့ပါသည်။ ဂေါတမဗုဒ္ဓမြတ်စွာဘုရားသည် ကမ္ဘာပေါ်တွင် ဝိပဿနာ ကျင့်စဉ်ကိုဘီစီ (၅၈၈) လွန်ခဲ့သော နှစ်ပေါင်း၂၆၀ဝ-ကျော်တွင်ပထမဆုံးသော စတင်တွေ့ရှိကျင့်ကြံအားထုတ် ခဲ့ သူဖြစ်သည်။ မြတ်ဗုဒ္ဓသည် ဘုရားအဖြစ်နှင့် (၄၅)နှစ်နေပြီး မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့် အင်္ဂါနေ့ ဘီစီ ၅၄၃ မှာ ပရိနိဗ္ဗာန် စံလွန်တော်မူသည်။ ဘုရားရှင်ပရိနိဗ္ဗာန်ပြုပြီးနောက် ဘုရားရှင်၏ တရားတော်များ မပျက်စီး မပျောက်ပျက်ရလေအောင် ဘုရားရှင်၏ တရားဓမ္မများအား ကျွမ်းကျင် တတ်ကျွမ်းသော သံဃာတော်များ စုပေါင်းပြီး ဗုဒ္ဓ၏ဓမ္မအား သန့်ရှင်းတည်တံ့ပြန့်ပွားနိုင်ရန် အတွက် စစ်မှန်သော ဓမ္မကိုသာ သံဃာများ၏ သဘောတူညီမှုရယူကာ ရွတ်ဖတ်မှတ်တမ်းတင် အတည်ပြုကြခြင်းကို သင်္ဂါယနာတင်ခြင်း ဟုခေါ်သည်။ မင်းထုနှင့်ပြည်သူလူထုမှ ပံ့ပိုးကူညီကြသည်။
သာသနာ့အမွေဆက်ခံခဲ့ခြင်း - ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးနောက် ဘုရားရှင်၏ တပည့်ရဟန်းတို့သည် ခေတ်အသီးသီးမှ အာဏာရှိသော မင်းထုနှင့် ဗုဒ္ဓသာသနာဝင် ပြည်သူလူ ထုပူးပေါင်းပြီး သံဃာထု၊ မင်းထု၊ ပြည်သူလူထု၊ ထု(၃)ထု ပူးပေါင်း ကာ သင်္ဂါယနာ (၆)ကြိမ်တိုင်တိုင် စုပေါင်းတင်ခဲ့ကြပြီး ဗုဒ္ဓသာသနာ့အမွေ မပျက်စီးမပျောက်ပျက်ရလေအောင် စောင့်ရှောက် ထိန်းသိမ်း ခဲ့ကြလေသည်။
ပထမအကြိမ် သင်္ဂါယနာတင်ခြင်း [ပြင်ဆင်ရန်]
(၁) အကြောင်းခံ သုဘဒ္ဒဟုခေါ်သော ရဟန်းသည် ဘုရားရှိစဉ်ကတည်းက ဝိနည်း(စည်းကမ်း)အား အကြိမ်ကြိမ်ဖောက် ပြန်ခဲ့သဖြင့် ဘုရားရှင်၏ အကြိမ်ကြိမ် သတိပေးမှုကို ခံခဲ့ရသဖြင့် ဘုရားရှင်အား အညှိုးထားခဲ့ရာမှ ဘုရားရှင် ပရိနိဗ္ဗာန်ပြုသည်နှင့် လွတ်လပ်ပြီဆိုပြီး ကြွေးကြော်ကာ သာသနာအား ညှိုးနွမ်း အောင် ပြုလုပ်ခဲ့သည်ကို အကြောင်းပြုပြီး တင်ခဲ့သည်။
(၂) သာသနာနှစ် ဘုရားပရိနိဗ္ဗာန်ပြုပြီး (၃)လ နှင့် (၄)ရက်
၃) နေရာ ရာဇဂြိုလ်ပြည် ဝေဘာရတောင် သတ္တပဏ္ဏိလိုဏ်ဂူ
(၄) ခေါင်းဆောင် အရှင်မဟာကဿပမထေရ် ဦးဆောင်သော အရှင်ဥပါလိ(ဝိနည်း)နှင့် ညီတော်အာနန္ဒာ (သုတ္တန်နှင့် အဘိဓမ္မာ)
(၅) သံဃာဦးရေ ရဟန္တာပေါင်း (၅၀ဝ)
(၆) မင်း အဇာတသတ်မင်း
(၇) ကြာမြင့်ချိန် (၇) လ
- သုဘဒ္ဒရဟန်းအားအကြောင်းပြုပြီး အရှင်မဟာကဿပမထေရ်မှ ဦးဆောင်ပြီး အရှင်ဥပါလိမှ ဝိနည်း တော်ကို၎င်း ညီတော်အာနန္ဒာမှ သုတ္တန်နှင့် အဘိဓမ္မာ ကို၎င်း သံဃာအစည်းအဝေးသို့ တင်သွင်းခဲ့သည်။
- ဘုရားရှင်ဟောကြားခဲ့သော ဓမ္မသည် လွန်စွာများပြားလှသဖြင့် တရားအစုအဖွဲ့အသေးများ စုဖွဲ့ခြင်းကို ဓမ္မက္ခန္ဓာဖွဲ့ခြင်းဖြင့် ဓမ္မက္ခန္ဓာပေါင်း စုစုပေါင်း(၈၄၀ဝ၀)ရရှိခဲ့သည်။ ၎င်းကို ထပ်မံပြီး သဘောတရားတူရာ အလိုက် အုပ်စုဖွဲ့လိုက်ရာ အုပ်စု(၃)စု ရရှိပြီး ပိဋကတ်(၃)ပုံဟု ခေါ်တွင်သည်။
- ၎င်းပိဋကတ် (၃)ပုံမှာ ဝိနည်းပိဋကတ်တွင် ဓမ္မက္ခန္ဓာ (၂၁၀ဝ၀)၊ သုတ္တန် ပိဋကတ်တွင် ဓမ္မက္ခန္ဓာ (၂၁၀ဝ၀)၊ အဘိဓမ္မာပိဋကတ်တွင် ဓမ္မက္ခန္ဓာ (၄၂၀ဝ၀) ထည့်သွင်းကာ သဘောတူခဲ့ကြသည်။
- အစည်းအဝေး တက်ရောက်ကြသော ရဟန္တာများသည် ဘုရားရှင်အား မီခဲ့ကြပြီး အနီးကပ်ဆုံးတရားတော် များ နာကြားသင်ယူခဲ့ရသည့် ပဋိသမ္ဘိဒါပတ္တ တန်ခိုးကြီးမား ပြီး စင်ကြယ်လှသော ရဟန္တာကြီးများ ဖြစ်ကြသည်။
- ပထမအကြိမ် သင်္ဂါယနာတင်ခြင်းကို နှုတ်(ပါးစပ်)ပေါ်မှာသာ တင်ခဲ့ကြပြီး သံဃာအစည်းအဝေးတွင် ပိဋကတ်(၃)ပုံ စတင်သတ်မှတ် စီစဉ်ခဲဲ့ကြစဉ် ဘုရားရှင် ဟောကြားခဲ့သော တရားတော်များ အကုန်လုံး ပြည့်စုံမှု ဖြစ်မဖြစ် (လိုနေလို့ ထပ်ဖြည့်ရန်၎င်း၊ ပိုနေလို့ နုတ်ပယ်ရန်၎င်း)ကို စိစစ်ခဲ့ကြရာ အားလုံးမှ ပြည့်စုံပြီဖြစ်ကြောင်း တညီတညွတ်တည်းသဘောတူ ဆုံးဖြတ်ခဲ့ကြသည်။
- ဘုရားရှင်၏ဓမ္မကို မူရင်းအတိုင်း ထိန်းသိမ်းစောင့်ရှောက်ပြီး လိုတိုးပိုလျော့ လုံးဝလုပ်ခွင့်မရှိ သံဃာတော်များမှ ထေရ်စဉ်ဝါစဉ်အလိုက် စောင့်ရှောက် ကြပါစို့ဟု သဘောတူညီမှုယူခဲ့ပြီး ထေရဝါဒဗုဒ္ဓသာသနာ ဟု ခေါ်တွင်ခဲ့ပေသည်။
ဒုတိယအကြိမ်သင်္ဂါယနာတင်ခြင်း [ပြင်ဆင်ရန်]
(၁) အကြောင်းခံ သာသနာနှစ် (၁၀ဝ)ကြာပြီးနောက် ဝဇ္ဇီတိုင်းသားရဟန်းများ (ဒေဝဒတ်၏တပည့်များ)မှ အဓမ္မဝတ္ထု (၁၀)ပါးကို တောင်းဆိုခဲ့ကြသည်။ ဥပမာ နေလက်တစ်သစ်လွဲသည်အထိ ထမင်းစားရန်၎င်း၊ သေနု(အရက်ခပ် ပျော့ပျော့)ကို သောက်ရန်၎င်းင်း၊ ရွှေငွေများကို သာမန်လူပုဂ္ဂိုလ်များကဲ့သို့ ကိုင်တွယ်အသုံးပြုရန်၎င်းစသဖြင့် တောင်းဆိုခဲ့သည်မှာ ထေရဝါဒဗုဒ္ဓသာသနာတော်အား ပြုပြင်ပြောင်းလဲရေးလုပ်လာသဖြင့် သာသနာညှိုးနွမ်း လာသည်ကို အကြောင်းပြုပြီး တင်ခဲ့သည်။
(၂) သာသနာနှစ် (၁၀ဝ)နှစ်
(၃) နေရာ ဝေသာလီပြည်၊ ဝါဠုကာရာမကျောင်း
(၄) ခေါင်းဆောင် အရှင်ယသမထေရ် ဦးဆောင်သော အရှင်ရေဝတနှင့် အရှင်သဗ္ဗကာမိ
(၅) သံဃာဦးရေ ရဟန္တာပေါင်း (၇၀ဝ)
(၆) မင်း ကာလာသောကမင်း
(၇) ကြာမြင့်ချိန် (၈) လ
- ဝဇ္ဇီတိုင်းသားရဟန်းပျက်များကို အကြောင်းပြုပြီး အရှင်ယသမထေရ်မှ ဦးဆောင်ပြီး အရှင်ရေဝတနှင့် အရှင်သဗ္ဗကာမိနှစ်ပါးမှ အမေးအဖြေများ ပြုလုပ်စိစစ်ခဲ့ကြပြီး နှုတ်ထက်အက္ခရာတင်ခဲ့ကြရာ (၈)လ ကြာမြင့် ခဲ့သည်။ ရဟန္တာ(၇၀ဝ)သော သံဃာထု ကာလာသောကမင်း၏ မင်းထုနှင့် ပြည်သူလူထု၏ အကူအညီရယူပြီး ထု(၃)ထု ပူးပေါင်းပြီး ရဟန်းပျက်များအား စိစစ်ခဲ့ရာမှ ရဟန်းပျက်ပေါင်း(၁၀ဝ၀ဝ)ကျော်အား နှင်ထုတ်ခဲ့ရသည်။
- ၎င်းရဟန်းပျက် (၁၀ဝ၀ဝ)ကျော်ကို တိုင်းပြည်မှ နှင်ထုတ်လိုက်ရာ ၎င်းတို့သည် ဟိမဝန္တာတောင်ခြေဖက် သို့ သွားရောက်ခဲ့ရာ ၎င်းနေရာရှိ မင်းတစ်ပါးမှ သနားပြီး ခိုလှုံခွင့်ပေးလိုက်ရာမှ ၎င်းတို့သည်လည်း သင်္ဂါယနာစင်ပြိုင်တင်ခဲ့ကြသည်။ ၎င်းတို့မှာ ကြီးမားသော အင်အားရှိသဖြင့် မဟာသံဃိကဂိုဏ်းဟု ခေါ်ဆိုကြပြီး ဝေသာလီ၌ ကျန်ရှိခဲ့ကြသော ရဟန္တာ (၇၀ဝ)ပါသော အဖွဲ့အား ဟီနယာနဂိုဏ်း သေးငယ် သောအဖွဲ့ဟု ခေါ်တွင်ခဲ့ကြသည်။
- သာသနာတော်ညှိုးနွမ်းလာသော အန္တရာယ်ကို ကာကွယ်ရန် သံဃာထု မင်းထု ပြည်သူလူထု ထု(၃)ထုမှ ပူးပေါင်းပြီး ထိန်းသိမ်း စောင့်ရှောက် လာခဲ့ခြင်းသာ ဖြစ်ပေသည်။
ဒုတိယသံဂါယနာတင်ရခြင်းအကြောင်း [ပြင်ဆင်ရန်]
(၁) သိင်္ဂီလောဏကပ္ပ။ ။သားချိုဖြင့် ဆားကိုထည့်၍ ဆားမရှိသောအခါ ယာဝကာလိကဘောဇဉ်နှင့် ရော၍စားခြင်းသည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။
(၂) ဒွင်္ဂုလကပ္ပ။ ။နေမွန်းတည့်၍ အရိပ်လက်နှစ်သစ်လွန်မှ ယာဝကာလိကဘောဇဉ်ကို စားခြင်းသည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။
(၃) ဂါမန္တရကပ္ပ။ ။တန်ပြီဟု မြစ်မိသောဘောဇဉ်ကို အတိရိက်ဝိနည်းကံ မပြုဘဲ ရွာတပါးသို့သွားအံ့ဟု နှလုံးပြု၍စားခြင်းသည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။
(၄) အာဝါသကပ္ပ။ ။သိမ်တခုတည်းတွင် အထူးထူးသောနေရာ၌နေ၍ အသီးအသီး ကံဆောင်ခြင်းသည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။
(၅) အနုမတိကပ္ပ။ ။မရောက်လာသေးသော ရဟန်းတို့၏ အလိုဆန္ဒ သဘောတူညီချက်ကိုယူ၍ ကံဆောင်ခြင်းသည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။
(၆) အာစိဏ္ဏကပ္ပ။ ။ဆရာဥပဇ္ဈာယ်တို့၏ အယူအလေ့ဟူသရွေ့သည် အပ်၏ဟု အယူရှိခြင်း။
(၇) အမထိတကပ္ပ။ ။နို့ရည်အဖြစ်ကိုလည်း မစွန့်သေး၊ နို့ဓမ်းအဖြစ်သို့လည်း မရောက်သေးသော နို့ရည်ကို ပဝါရိတ်သင့်သောရဟန်းသည် အတိရိက်ဝိနည်းကံ မပြုဘဲ စားခြင်း၊ သောက်ခြင်းငှာသင့်၏ဟု အယူရှိခြင်း။
(၈) ကပ္ပတိ ဇလောဂိံ ပါတုံ။ ။သေနုကိုသောက်ခြင်းငှာ ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။
(၉) ကပ္ပတိ အဒသကံ နိသီဒနံ။ ။အဆာမရှိသော နိသီဒိုင်သည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။
(၁၀) ကပ္ပတိ ဇာတရူပ ရဇတံ။ ။ရွှေငွေကို အလှူခံခြင်းသည် ရဟန်းတို့အား အပ်၏ဟု အယူရှိခြင်း။
ဤ မသူတော်တို့၏ တရား ၁၀-ပါးကြောင့် ဖြစ်ပေသည်။
တတိယအကြိမ်သင်္ဂါနာတင်ခြင်း [ပြင်ဆင်ရန်]
(၁) အကြောင်းခံ သာသနာနှစ် (၂၃၅) နှစ် ကြာပြီးနောက် ပါဋလိပုတ်ပြည်တွင် မိစ္ဆာအယူရှိသော ရဟန်းအတု (၆၀ဝ၀ဝ) ကျော်အထိ သာသနာအတွင်း အယောင် ဆောင်ပြီး ဝင်ရောက်လာကြသည်ကို အကြောင်းပြုပြီး တင်ခဲ့ ရသည်။
(၂) သာသနာနှစ် (၂၃၅) နှစ်
(၃) နေရာ ပါဋလိပုတ်ပြည် အသောကာရုံကျောင်း
(၄) ခေါင်းဆောင် အရှင်မဟာမောဂ္ဂလိပုတ္တိဿမထေရ်
(၅) သံဃာဦးရေ ရဟန္တာပေါင်း (၁၀ဝ၀)
(၆) မင်း သီရိဓမ္မာသောကမင်း
(၇) ကြာမြင့်ချိန် (၉) လ
- ရဟန်းအတု (၆၀ဝ၀ဝ) ကျော် သာသနာအတွင်းဝင်ရောက်လာခဲ့ကြပြီး ကတုံးတုံးသင်္ကန်းစည်းသည်နှင့် ရဟန်းဖြစ်ပြီးလုပ်ချင်သလို လုပ်နေကြရာ သာသနာ လွန်စွာမှ ညှိုးမှိန်လာခဲ့ပြီး ဝိနည်းတော်နှင့်အညီ ကျင့်ကြံအားထုတ်နေကြသော ရဟန်းအစစ်တို့မှာ လွန်စွာချို့တဲ့ဒုက္ခရောက်ခဲ့ကြရသည်။
- အရှင်တိဿမထေရ်ကြီး ဦးဆောင်သောရဟန္တာ (၁၀ဝ၀) ပါသော သံဃာထု သီရိဓမ္မာသောကမင်း၏ မင်းထု နှင့် သာသနာဝင်များ ပြည်သူလူထု စသော ထု (၃) ထု ပူးပေါင်းပြီး နှုတ်ထက်အက္ခရာ သင်္ဂါယနာ တင်ခဲ့ရာ အချိန် (၉) လ ကြာမြင့်ခဲ့သည်။
- အယောင်ဆောင်ဝင်လာသော ရဟန်းအတုများအား စိစစ်ပြီးလူဝတ်လဲစေခြင်း သာသနာတော်မှ နှင်ထုတ်ခဲ့ခြင်းတို့ဖြင့် သာသနာတော် ညှိုးနွမ်း နေမှုကို ပြန်လည်ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြပေသည်။
- သီရိဓမ္မာသောကမင်းသည် သင်္ဂါယနာတင်ပြီးနောက် ကိုးတိုင်းကိုးဌာန သာသနာပြုအဖွဲ့များစေလွှတ်ပြီး အကြီးမားဆုံးသော သာသနာပြု လုပ်ငန်းကို ကမ္ဘာအနှံ့ ပြုလုပ်ခဲ့ရာ ကမ္ဘာ့အင်ပါယာတစ်ခုလုံး၏ (၅) ပုံ (၄) ပုံသည် ဗုဒ္ဓသာသနာတော် လွှမ်းမိုးခဲ့ရသည်။
- မြန်မာနိုင်ငံသို့ သာသနာရောက်ရှိလာရခြင်းသည် သုဝဏ္ဏဘူမိသာသနာပြုအဖွဲ့မှ အရှင်သောဏနှင့် အရှင်ဥတ္တရမထေရ် (၂) ပါး ဦးဆောင်သော ရဟန္တာ (၅) ပါးအဖွဲ့၏ သထုံဖက်မှ ဝင်ရောက် သာသနာ ပြုရာမှအစပြုပြီး ရောက်ရှိလာရခြင်းဖြစ်သည်။
စတုတ္ထအကြိမ်သင်္ဂါနာတင်ခြင်း [ပြင်ဆင်ရန်]
(၁) အကြောင်းခံ သာသနာနှစ် (၄၅၀) ကြာသော် သီဟိုဠ်နိုင်ငံသို့ သာသနာကူးပြောင်းလာခဲ့ရာတွင် အငတ်ဘေးနှင့်သူပုန် ဘေးကြီး (၁၂)နှစ်ကြာကျရောက်ခဲ့ရသဖြင့် သံဃာအစစ်များ ဒုက္ခရောက်ခဲ့ကြမှုကို အကြောင်း ပြုပြီးတင်ခဲ့သည်။
(၂)သာသနာနှစ် (၄၅၀) နှစ်
(၃) နေရာ သီဟိုဠ်နိုင်ငံ မလယဇနပုဒ် အလောကလိုဏ်ဂူ
(၄) ခေါင်းဆောင် အရှင်မဟာဓမ္မရက္ခိတမထေရ်
(၅) သံဃာဦးရေ ရဟန္တာပေါင်း (၅၀ဝ)
(၆)မင်း ဝဋ္ဋဂါမဏိမင်း
(၇)ကြာမြင့်ချိန် တစ်နှစ်
- သီရိဓမ္မာသောကမင်း၏ သားတော်ရဟန္တယမဟိန္ဒနှင့်သမီးတော်ရဟန္တာ သင်္ဃမိတ္တာထေရီတို့ ပြုခဲ့သောသာသနာသည် သီဟိုဠ်တွင် ထွန်းကားခဲ့ရာမှ အငတ်ဘေးနှင့် သူပုန်ဘေးများ (၁၂) နှစ်ကြာ ပေါ်ပေါက်သဖြင့် ဒါယကာ ဒါယိကာမများမှ ပစ္စည်းလေးပါးပံ့ပိုးမှုမရှိတော့သဖြင့်ဝိနည်းလေးစားသော သံဃာအစစ်တို့သည် ဒုက္ခရောက်ကြရသည်။
- အချို့သော သံဃာအစစ်တို့သည် ဘုရားရှင်၏ ဓမ္မများ မပျောက်ပျက်ရလေအောင် နှုတ်ဖြင့်ရွတ်ဆိုရင်း သဲသောင်ပေါ်တွင် ဗိုက်ပေါ်သဲများ တင်ပြီးမမေ့လျော့အောင် ရွတ်ဖတ်ထိန်းသိမ်းနေကြသည်။ အချို့သံဃာတို့တွင်လည်း လွန်စွာချို့တဲ့လာကြသဖြင့် နီဝရဏတရားများ လွှမ်းမိုးလာ ကြသည်။
- သူပုန်ဘေး (၁၂) နှစ်ကာလပြီးဆုံးချိန်တွင် သာသနာလွန်စွာ ညှိုးမှိန်နေသဖြင့် အရှင်မဟာဓမ္မရက္ခိတ မထေရ် ဦးဆောင်သောရဟန္တာ (၅၀ဝ) တို့ ပါဝင်သော သံဃာထု အထောက်အပံ့ပြုကြသော ဝဋ္ဋဂါ မဏိမင်း၏ မင်းထု သာသနာဝင်များ ပြည်သူလူထု ထု (၃) ထု ပူးပေါင်းဆောင်ရွက်ကြသည်။
- ပိဋကတ်တော်များသည် နှုတ်ထက်အက္ခရာတင်လျှင် နောင်တွင် အလွယ်တကူ ပျောက်ကွယ်သွား နိုင်သည်ကို သိလာသဖြင့် မှတ်တမ်းအဖြစ် ပေရွက်ပေါ် ရေးတင်ပြီး ပေထက်အက္ခရာတင်ခဲ့ရာ တစ်နှစ် ကြာမြင့်ခဲ့သည်။
ပဉ္စမအကြိမ် သင်္ဂါယနာတင်ခြင်း [ပြင်ဆင်ရန်]
(၁) အကြောင်းခံ သာသနာနှစ် (၂၄၁၅) ကြာပြီးနောက် စတုတ္ထနှင့်ပဉ္စမအကြိမ်ကြားတွင် နှစ်ပေါင်း (၂၀ဝ၀) ခန့် ကြာမြင့် ခဲ့သည့်အတွက် ပေရွက်ပေါ်တင်ထားမှုသည် ရာသီဥတုနှင့်ပိုးမွှားအန္တရာယ်တို့ကြောင့် ကြာရှည်ခံနိုင် မှုမရှိဘဲ ဖြစ်လာခြင်း မူကွဲများဖြစ်ပေါ်လာခြင်းတို့အပေါ် အကြောင်းပြု၍ တင်ခဲ့သည်။
(၂) သာသနာနှစ် (၂၄၁၅) နှစ်
(၃) နေရာ မြန်မာနိုင်ငံ မန္တလေးမြို့ ရတနာပုံနေပြည်တော်
(၄) ခေါင်းဆောင် အရှင်ဇာဂရမထေရ်
(၅) သံဃာဦးရေ ရိုးရိုးရဟန်းပေါင်း (၂၄၀ဝ)
(၆) မင်း မင်းတုန်းမင်း
(၇) ကြာမြင့်ချိန် နှုတ်ဖြင့်ရွတ် (၅) လ (၃) ရက်
ကျောက်ထက်တင် (၇) နှစ် (၆) လ (၁၄) ရက် - သာသနာနှစ် (၂၄၁၅) နှစ် ကြသော် ပေရွက်ပေါ်တင်ထားသော ပိဋကတ် (၃) ပုံတို့သည် ရာသီဥတုနှင့် ပိုးမွှားအန္တရာယ်တို့ကြောင့် ပျက်စီးလာခဲ့ခြင်းနှင့် အချို့မူကွဲများ ဖြစ်ပေါ်လာခြင်းတို့ကြောင့် အရှင်ဇာဂရ မထေရ် ဦးဆောင်သော ရဟန်း (၂၄၀ဝ) ပါဝင်သော သံဃာထု သည် ထောက်ပံ့ကူညီပေးသော မင်းတုန်းမင်း၏ မင်းထု နှင့် သာသနာဝင်များ ပြည်သူလူထု စသော ထု (၃) ထု ပူးပေါင်းပြီး မန္တလေးမြို့ ရတနာပုံနေပြည်တော်တွင် သင်္ဂါယနာတင်ခဲ့ကြသည်။
- နှုတ်ဖြင့်ရွတ်ဆိုတင်ခဲ့ခြင်းသည် (၅) လနှင့် (၃) ရက် ကြာမြင့်ခဲ့ပြီးနောက် ပိဋကတ်တော်များကို ကမ္ဘာတည်သရွေ့ကြာရှည် မပျက်စီးရလေအောင် စကျင်ကျောက်ပြားအပေါ်၌ ထွင်းထုရေးသားခဲ့ရာ စကျင်ကျောက်ဖြူအပြားပေါင်း (၇၂၉) ချပ်ရရှိခဲ့ပြီး အချိန်အားဖြင့် (၇) နှစ် (၆) လ နှင့် (၁၄) ရက် ကြာမြင့်ခဲ့ပြီး ယနေ့တိုင် မန္တလေးလောကမာရဇိန် ဘုရားဝင်းအတွင်း၌ ကမ္ဘာ့အကြီးဆုံးစာအုပ် (The World Biggest Book) ဟူသောအမည်ဖြင့် ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ၏ ဂုဏ်ဆောင်မှတ်တိုင်ကြီး အဖြစ် လွန်စွာထင်ရှားခဲ့ပေသည်။
ဆဋ္ဌမအကြိမ်သင်္ဂါယနာတင်ခြင်း [ပြင်ဆင်ရန်]
(၁) အကြောင်းခံ သာသနာထွန်းကားရာ မြန်မာနိုင်ငံသည် တစ်ပါးသော ဘာသာဝင်တို့၏ သူ့ကျွန်ဘဝရောက်ခဲ့ပြီး နှစ်(၁၀ဝ)ခန့် သာသနာညှိုးနွမ်းမှုအပေါ် အကြောင်း ခံပြီးသာသနာနှစ် (၂၄၉၈) နှစ်တွင် သင်္ဂါယနာတင်ခဲ့ရသည်။
(၂) သာသနာနှစ် (၂၄၉၈) နှစ်
(၃) နေရာ မြန်မာနိုင်ငံ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူ
(၄) ခေါင်းဆောင် ညောင်ရမ်းဆရာတော်အရှင်ရေဝတ၊ မဟာစည်ဆရာတော်အရှင်သောဘဏ၊ မင်းကွန်းဆရာတော် ဦးဝိစိတ္တသာရာ ဘိဝံသ
(၅) သံဃာဦးရေ ရိုးရိုးရဟန်းပေါင်း (၂၅၀ဝ)
(၆) မင်း ဖဆပလဦးနု အစိုးရ
ဗုဒ္ဓသာသနာထွန်းကားဆုံးဖြစ်သော မြန်မာနိုင်ငံသည် သူ့ကျွန်ဘဝ နှစ် (၁၀ဝ)ခန့် ကြာမြင့်ခဲ့ပြီး သာသနာတော် လွန်စွာညှိုးနွမ်းလာခဲ့သည်။ သူ့ကျွန်ဘဝမှ လွတ်မြောက်လာသည်နှင့် သာသနာနှစ် (၂၄၉၈) နှစ်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတွင် ဆဋ္ဌမအကြိမ် သင်္ဂါယနာတင်ပြီး သာသနာတော်ကို စောင့်ရှောက်ခဲ့ရသည်။
- ညောင်ရမ်းဆရာတော်၊ မဟာစည်ဆရာတော်နှင့် မင်းကွန်းဆရာတော်များ ဦးဆောင်သော ရဟန်း (၂၅၀ဝ) တွင် ထေရဝါဒနိုင်ငံများဖြစ်သော မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ နိုင်ငံ (၅) နိုင်ငံမှ ရဟန်းများ ပါဝင်သော သံဃာထု၊
- ဖဆပလ ဦးနုအစိုးရဦးဆောင်သော မင်းထု နှင့် သာသနာဝင်များ ပြည်သူလူထု စသောထု (၃) ထု ပူးပေါင်းဆောင်ရွက်ပြီး ယခင် ပိဋကတ်တော် များကို ကျောက်ပြားပေါ်မှာ ဖတ်နေရာမှ အလွယ်တကူ ဖတ်မှတ်လေ့လာနိုင်ရန် ပိဋကတ်တော်များကို စာအုပ်များပေါ်တွင် ကူးပြောင်းရိုက်နှိပ်ပြီး ဆဋ္ဌမ အကြိမ် သင်္ဂါယနာတင်ပြီး သာသနာတော်ကို စောင့်ရှောက်ခဲ့ကြသည်။
- ယခုအချိန်တွင် ဗုဒ္ဓသာသနာတော်ပိဋကတ် (၃) ပုံစလုံးသည် စာအုပ်များပေါ်တွင် ရောက်ရှိလာပြီဖြစ်သဖြင့် မည်သည့်ပုဂ္ဂိုလ်မဆို နေရာမရွေး အချိန်မရွေး အလွယ်တကူဖတ်မှတ် လေ့လာနိုင်လာပြီး သာသနာတော် သန့်ရှင်း တည်တံ့ပြန့်ပွားရေးအတွက်လည်း အထူးအရေးပါလှပေသည်။
ယနေ့ခေတ်သာသနာအခြေအနေ [ပြင်ဆင်ရန်]
- သာသနာနှစ်(၂၃၅)နှစ် တတိယသင်္ဂါယနာတင်စဉ်က ကမ္ဘာ့အင်ပါယာ၏ (၅) ပုံ (၄)ပုံသည် ဗုဒ္ဓသာသနာ လွှမ်းမိုးခဲ့ရာမှ ယနေ့ခေတ်တွင်ထေရဝါဒ ဗုဒ္ဓသာသနာ သည် (၅)နိုင်ငံသာကျန်ပေတော့သည်။
- ကမ္ဘာ့လူဦးရေဖြင့်နှိုင်းယှဉ်လျှင် သန်းပေါင်း (၆၁၀ဝ) ခန့် ရှိသောကမ္ဘာတွင်သန်းပေါင်း (၁၂၀၀)ခန့်သာ ရှိနိုင်ကြောင်း ခန့်မှန်းကြသည်။
- မြန်မာနိုင်ငံသည် ထေရဝါဒသာသနာ အထွန်းကားဆုံးသော နိုင်ငံဖြစ်ပြီး တစ်နိုင်ငံလုံး၏ (၈၀) ရာခိုင် နှုန်းခန့်ရှိသည်ဟု ခန့်မှန်းခဲ့သော်လည်း ထေရဝါဒ ဗုဒ္ဓသာသနာအကြောင်းနားလည်သူနည်းပါလှ ပေသည်။ သို့အတွက်ကြောင့် ယခုအချိန်တွင် သံဃာထုနှင့် မင်းထုအပိုင်းမှ ရေရှည်စီမံကိန်းများ ချမှတ်ပြီး အထူးကြိုးစားဆောင်ရွက်နေကြပြီ ဖြစ်သော်လည်း ပြည်သူ လူထု အပိုင်းမှ ကြိုးစားဆောင်ရွက်မှု လွန်စွာအားနည်းနေပေသည်။
ကျေးဇူးသိမှကျေးဇူးဆပ် [ပြင်ဆင်ရန်]
သတ္တဝါတိုင်းမှာ ကျေးဇူးရှင်များရှိကြပေရာ ကျေးဇူးရှင်များအပေါ် ကျေးဇူးတင်စေသည့်အကြောင်းများကို မသိ၍သာ ကျေးဇူးကိုပြန်လည် မပေးဆပ် ကြသေးဘဲ လွှင့်မျော၊ မေ့လျော့နေခဲ့ကြသည်။
- ကျေးဇူးရှင်များ၏ ကျေးဇူး (ဂုဏ်တော်) ကို မှန်ကန်စွာ သိမြင်လာသည်နှင့် ကျေးဇူးအား ပြန်လည် မပေးဆပ်ဘဲ မနေနိုင်ကြတော့ပေ။
(၁) ဘုရားရှင်၏ ဘုရားအလောင်း ဘဝမှ ကျေးဇူးတော်
(၂) ဘုရား ဖြစ်ပြီးနောက် သာသနာထူထောင်ပြီး သာသနာပြုပေးခဲ့သော ကျေးဇူတော်
(၃) ဘုရားရှင်၏ သာဝကကြီးများဖြစ်သော ခေတ်အဆက်ဆက် သာသနာပြုလာခဲ့သော သံဃာတော်အရှင် သူမြတ်များ ပါဝင်သော သံဃာထု၏ ကျေးဇူးတော်
(၄) ခေတ်အဆက်ဆက်သာသနာ့အကျိုးပံ့ပိုးပေးခဲ့သော အာဏာပိုင် မင်းထု ၏ ကျေးဇူးတော်
(၅) သာသနာ့အကျိုးဆောင်ရွက်ပေးခဲ့ကြသော သာသနာဝင်များ ပြည်သူလူထု ၏ကျေးဇူးတော်
သမိုင်းတလျှောက် ကျေးဇူးပြုခဲ့ကြသော ကျေးဇူးရှင်အားလုံးတို့၏ အသက်သွေးပေါင်းမြောက်မြားစွာ ဘဝပေါင်း မြောက်မြားစွာဖြင့် ထူထောင်လာခဲ့ ထိန်းသိမ်း စောင့်ရှောက်လာခဲ့သော တန်ဖိုးဖြတ်၍ မရနိုင်သော ဗုဒ္ဓသာသနာတော်ကိုမျိုးဆက်သစ် ယနေ့ခေတ် ဗုဒ္ဓသာသနာဝင်အပေါင်းတို့ကလည်း ဆက်လက်ပြီးထိန်းသိမ်း စောင့်ရှောက် ကျေးဇူးဆပ်ရန်လိုအပ်လှပေသည်။
ဘုရားသာသနာအကျင့်နှစ်ဖြာ [ပြင်ဆင်ရန်]
ဘုရားရှင်၏ သာသနာပြုလုပ်ငန်းတွင်-
(၁) ပရိယတ္တိသာသနာသည် တရားဟော တရားပြ စာပေဖတ်မှတ် သင်ကြားခြင်းလုပ်ငန်း (စာသင် တိုက်များ၊ တရားပွဲများ) နှင့်
(၂) ပဋိပတ္တိသာသနာသည် မိမိဗဟုသုတဖြင့် သိရသောစစ်မှန်သော တရားတော်များကိုခန္ဓာ တွင်းမှာ သိမြင်လာအောင် ကိုယ်တိုင်ရှုမှတ် လေ့ကျင့် ရသော လုပ်ငန်း (ဝိပဿနာရိပ်သာ များ၌ အားထုတ်ခြင်း) များကိုသာ အကျင့်(၂)ဖြာဟု ခေါ်ဆိုရပေမည်။
သမိုင်းကြောင်း မှအားနည်းချက်များ [ပြင်ဆင်ရန်]
၁။ ဗုဒ္ဓသာသနာ၏ အခြေခံအနှစ်သာရများ ကို သိမြင်နားလည်မှုအားနည်းခြင်း
၂။ ဗုဒ္ဓ၏အလိုတော်ကျသည် မိမိခန္ဓာမှာတရားတွေ့နိုင်ရေးကျင့်ဖို့ အဓိကဆုံးမခဲ့သော်လည်း ခန္ဓာကိုယ်တွေ့ ကျင့်ကြံရှုမှတ်မှု နည်းပါးခဲ့ခြင်း
၃။ သာသနာပြုလုပ်ငန်းသည် အများအကျိုးသယ်ပိုး သည့်လုပ်ငန်းဖြစ်သော်လည်း မိမိအကျိုးကိုသာ ဆောင်ရွက်ခဲ့သူများပြားနေခဲ့ခြင်း
၄။ သာသနာပြုလုပ်ငန်းသည် တစ်ဦးတစ်ယောက်တည်းအနည်းစုဖြင့် လုပ်၍မရ သာသနာဝင်အားလုံး အများစုမှ ပူးပေါင်းဆောင်ရွက်ရန် အားနည်း နေကြခြင်း
၅။ သာသနာတော်ကြီးသန့်ရှင်းတည်တံ့ပြန့်ပွားနိုင်ရန် ကြုံသလိုလုပ်၍မရ အမြော်အမြင်ကြီးမားစွာဖြင့် ရေရှည် စီမံကိန်းများရေးဆွဲပြီး ဆောင်ရွက်ရန် အားနည်းနေခဲ့ခြင်း
လုပ်ဆောင်ကြရန် [ပြင်ဆင်ရန်]
၁။ ထေရဝါရဗုဒ္ဓသာသနာတော်၏ အခြေခံအနှစ်သာရများ ကို အနည်းဆုံး အနှစ်ချုပ် များ သိမြင်နား လည်လာအောင် ဆောင်ရွက်ကြရန်
၂။ ဗုဒ္ဓအလိုတော်ကျ မိမိသိသောတရားများကို မိမိခန္ဓာမှာ ကျင့်ကြံ့ရှုမှတ် ကြရန်
၃။ သာသနာပြုလုပ်ငန်းဆောင်ရွက်သူတိုင်း ကိုယ်ကျိုးစွန့်လွှတ်ပြီး အများအကျိုးအတွက် သာသနာတော် အကျိုးတစ်ခုတည်းသာ ရည်ရွယ်ပြီး စစ်မှန်စွာ သာသနာပြုကြရန်
၄။ ဗုဒ္ဓသာသနာဝင်အားလုံးတို့သည် ဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးအတွက် လူတိုင်းတွင် တာဝန်ရှိပြီး သာသနာဝင်တိုင်း ပူးပေါင်းဆောင်ရွက် လာနိုင်ရေးစည်းရုံးကြရန်
၅။ သာသနာတော် သန့်ရှင်း တည်တံ့ပြန့်ပွားရေးအတွက် အမြော်အမြင်ကြီးမားစွာဖြင့် ဘက်စုံမှလိုအပ်သော အင်အားများစုစည်းပြီး ရေရှည် စီမံကိန်း မဟာဗျူဟာ နည်းဗျူဟာများ ရေးဆွဲပြင်ဆင်ပြီး ဆောင်ရွက် ကြရန်
အင်အား (၅) အား အမြဲဖြည့်ထား [ပြင်ဆင်ရန်]
၁။ ဓမ္မအား ဗုဒ္ဓဘုရားရှင်၏ မူရင်းအတိုင်းစစ်မှန်သောဓမ္မကို မှန်တိုရှင်းနည်းလမ်းဖြင့် စုထားသောတရားဓမ္မအင်အား
၂။ လူအား အယုတ် အလတ် အမြတ် လူတန်းစားမရွေး သူတောင်းစားအရူးပါမကျန် စုစည်းထားသော လူအင်အား
၃။ ဓနအား သာသနာတော်အတွက် ပံ့ပိုးကူညီပေးသော ငွေအား ပစ္စည်းဥစ္စာအားရှိသော ပုဂ္ဂိုလ်များ၏အင်အား
၄။ အာဏာအား အစိုးရမင်းများ၏ ပံ့ပိုးကူညီ စောင့်ရှောက်မှုသည် လွန်စွာ ကြီးမားသောအင်အား
၅။ အကြံဉာဏ်အား သာသနာတော်အတွက် နည်းမှန်လမ်းမှန် တိုးတက်စေရန် ထက်မြတ်သော အကြံဉာဏ်ပေးနိုင်သော ပုဂ္ဂိုလ်များ၏ အင်အား
မှတ်သားရမည့်ဥပမာ [ပြင်ဆင်ရန်]
- တတိယအကြိမ်သင်္ဂါယနာတင်ခဲ့သော သီရိဓမ္မာသောကမင်း သည် မှတ်တမ်းတင်ကျောက်စာတိုင်များ ထုလုပ်စိုက်ထူခဲ့စဉ်က ကျောက်တိုင်များ၏ ထိပ်တွင် တိရစ္ဆာန် (၄) ကောင်ကို ထုလုပ်ခဲ့သည်။
- ခြင်္သေ့ = ခြင်္သေ့ကဲ့သို့ ရဲဝံ့သောသတ္တိရှိရန်
- ဆင် = ဆင်ကဲ့သို့ ခွန်အားကြီးမားမှုရှိရန်
- မြင်း = မြင်းကဲ့သို့ သွက်လက်ဖြတ်လတ်စွာ လုပ်ဆောင်ရန်
- နွား = နွားကဲ့သို့ ဝန်ဆောင်နိုင်သကဲ့သို့ သည်းငြီးခံနိုင်ရန်
သာသနာပြုသူတို့သည် ၄င်းတိရစ္ဆာန် (၄) ကောင်၏ ထင်ရှားသော စရိုက်ကဲ့သို့ အတုယူလုပ်ဆောင် ကြရန် ဥပမာပေးခဲ့ပေသည်။
သာသနာပြုသူစိတ်ဓာတ် [ပြင်ဆင်ရန်]
စိတ်ရှည် ဇွဲသန် သည်းငြီးခံ ပြုရန်သာသနာ
- ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးကဲ့သို့ စသောဆောင်ပုဒ်များနှင့်အညီ သာသနာပြုမည့်သူသည် မာန် (မာန) ကိုလည်း လျော့၊သည်းငြီးခံပြီး မိမိအကျိုး အတွက် ရယူခြင်း (လာဘ၊ သက္ကာယ၊ သိလောက) ကို သွယ်ဝိုက်၍ပင်လျှင် မယူမိစေရန်နှင့်အများအကျိုးဆောင်ရွက်ချင်သော စေတနာအပြည့် ထားပြီး ဗုဒ္ဓ သာသနာတော်ကြီးအတွက် မိမိစွမ်းဆောင်နိုင်သည့် အခန်းကဏ္ဍမှ နိုင်သလောက် ပေးဆပ်ကြရမည် ဖြစ်သည်။
သဘောတူညီချက် [ပြင်ဆင်ရန်]
ထေရဝါဒ (၅) နိုင်ငံမှ ဆရာတော်ကြီးများ၏ နောက်ဆုံးညှိနှိုင်းသဘောတူညီချက်
- Restoration (နဂိုမူရင်းအတိုင်း အစားထိုးခြင်း)
- Preservation (မူရင်းအတိုင်းကိုသာ သိမ်းဆည်းထားခြင်း)
- Promotion (တိုးတက်အောင် ကူညီအားပေးခြင်း)
- Propagation (ပြန့်ပွားခြင်း)
- Protection (ကာကွယ်ခြင်း)
အထက်ပါ (၅) ချက်ကို အမြန်ဆုံးအကောင်အထည်ဖော်ကြရန် တို့ဖြစ်သည်။
စနစ် (၄) [ပြင်ဆင်ရန်]
ထေရဝါဒဗုဒ္ဓသာသနာတော်သည်
- Practical System (လက်တွေ့ပြည့်စုံသောစနစ်)
- Ethical System (ကိုယ်ကျင့်တရားပြည့်စုံသောစနစ်)
- Spiritual System (စိတ်ပိုင်းဆိုင်ရာပြည့်စုံသောစနစ်)
- Philosophical System (အတွေးအခေါ်ပိုင်းဆိုင်ရာ ပြည့်စုံသောစနစ်)
စစ်မှန်လှသောစနစ် (၄) မျိုးဖြင့် ပြည့်စုံပေသည်။ [၂]
ကိုးကား [ပြင်ဆင်ရန်]
- ↑ http://en.wikipedia.org/wiki/Nirvana
- ↑ ဆရာကြီး ဦးမြင့်လွင်(သန့်တည်ပွား)၏ ရေးသားချက်