ပထမဈာန်

ဝီကီပီးဒီးယား မှ

ကာမတို့မှ ကင်းဆိတ်၍သာလျှင်, အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်မှု ဝိတက်နှင့် တကွဖြစ်သော, သုံးသပ်မှု ဝိစာရနှင့် တကွဖြစ်သော နီဝရဏ ကင်းဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်မှု ပီတိ, ချမ်းသာမှု သုခရှိသော ပထမဈာန်၊[၁] [၂] ရှေးဦး-အစ-ပထမ-ဖြစ်–ရအပ်-သော ဈာန်။ [၃]

အာနာပါန ပထမဈာန်သို့[ပြင်ဆင်ရန်]

စျာန်သို့ ကူးလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ဘဝင်မနောအကြည်ဓာတ် = မနောဒွါရ[၄]ကို သိမ်းဆည်းတတ်ဖို့ သိမ်းဆည်းထားပြီးဖြစ်ဖို့ ဉာဏ်ဖြင့် ပိုင်းခြားယူပြီးဖြစ်ဖို့ လိုအပ်ပေသည်။ အနုပဒသုတ္တန်[၅]အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသည် စျာန်အင်္ဂါတို့နှင့်တကွသော စျာနဓမ္မ အမည်ရသော စျာန်နာမ်တရားစုတို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ကြောင်းကိုလည်းကောင်း, ထင်ထင်ရှားရှား သိတော်မူကြောင်းကိုလည်းကောင်း, ယင်းတရားတို့၏ ဖြစ်မှု တည်မှု ပျက်မှုကို ထင်ထင်ရှားရှား သိလျက် ဝိပဿနာ ရှုပွားသုံးသပ်နိုင်ကြောင်းကို လည်းကောင်း ဘုရားရှင်ကိုယ်တော်တိုင်က ဝန်ခံလျက် ဟောကြားထားတော်မူ၏၊ ထိုကဲ့သို့ ရှုနိုင်ရခြင်း၏ အကြောင်း ကိုလည်း အဋ္ဌကထာဆရာတော်[၆]က ဝတ္ထာရမ္မဏာနံ ပရိဂ္ဂဟိတတာယ – ဝတ္ထု (= ဒွါရ ) နှင့် အာရုံကို ပူးတွဲ သိမ်းဆည်းလျက် ယင်းစျာန်နာမ်တရားတို့ကို ဝိပဿနာရှုပွားခြင်းကြောင့် ထိုကဲ့သို့ ရှုနိုင်ကြောင်းကို ရှင်းပြထား၏၊[၇]

ဝတ္ထု (= ဒွါရ ) နှင့် အာရုံကို ပူးတွဲ သိမ်းဆည်းပါ[ပြင်ဆင်ရန်]

ပညာအရာတွင် ထိပ်တန်းဧတဒဂ် ဘွဲ့ထူးကြီးကို ဆင်မြန်းသွားတော်မူသော အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး ကိုယ်တိုင် ရိုသေစွာ ဦးထိပ်ရွက်ပန်ဆင်လျက် လိုက်နာပြုကျင့်သွားတော်မူသော ဤရှေးထုံးဟောင်း ဥပဒေသကြီးကား စျာန်အင်္ဂါတို့ကိုလည်းကောင်း, စျာန်အင်္ဂါနှင့်တကွသော စျာန်နာမ်တရားစုတို့ကိုလည်းကောင်း သိမ်းဆည်းလိုသော = ဉာဏ်ဖြင့် ပိုင်းခြားယူလိုသော ဝိပဿနာလည်း ရှုပွားသုံးသပ်လိုသော ယောဂီသူတော်ကောင်း အတွက် တန်ဖိုး မဖြတ်နိုင်သော ရိုသေစွာ ဦးထိပ်ရွက် ပန်ဆင်၍ လိုက်နာ ပြုကျင့်သင့် ပြုကျင့်ထိုက်သော ရှေးထုံးဟောင်းကြီး တစ်ခုပင် ဖြစ်ပေသည်။[၇]

ဈာန်သမာဓိ[ပြင်ဆင်ရန်]

ယောဂီသူတော်ကောင်းသည် အလွန်ကြည်လင်တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ်ကို တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာကပ်၍ တည်နေအောင် သမာဓိကို ထူထောင်နိုင်သောအခါ ယင်းအာနာပါနပဋိဘာဂနိမိတ်သည်လည်း အထူးကြည်လင်တောက်ပလာသောအခါ ယင်းအာနာပါနပဋိဘာဂနိမိတ် အာရုံအတွင်းသို့ ဘာဝနာစိတ်သည် နစ်မြုပ်သွားကာ ငြိမ်ဝပ်စွာ ကပ်ပြီး တည်ရှိနေလိမ့်မည်။ ယင်းကဲ့သို့ နစ်မြုပ်နေသော သမာဓိကို စျာန်သမာဓိဟု ခေါ်ဆို၏၊ ယင်းစျာန်သမာဓိကို ခိုင်ခံ့အောင် အချိန်ကြာမြင့်စွာ တည်တံ့အောင် ဆက်လက် ကြိုးပမ်းပါ။[၇]

စျာန်အင်္ဂါတို့ကို ဆင်ခြင်ခြင်း[ပြင်ဆင်ရန်]

ထိုင်တိုင်းထိုင်တိုင်း ထိုကဲ့သို့ နစ်မြုပ်နေသော သမာဓိကို (၂)နာရီ (၃)နာရီခန့် တည်တံ့အောင် ထူထောင်နိုင်ပါက သုံးလေးရက်ခန့် ကြာသောအခါ စျာန်အင်္ဂါတို့ကို သိမ်းဆည်းလိုက သိမ်းဆည်းနိုင်ပြီ ဖြစ်ပေသည်။ စျာန်အင်္ဂါတို့ကို သိမ်းဆည်းလိုသောအခါ ဘဝင်မနောအကြည်၏တည်ရာ နှလုံးအိမ်အတွင်း ဟဒယဝတ္ထုရှိရာဘက်သို့ လှမ်းအာရုံ ယူကြည့်ပါ။ ကြိမ်ဖန်များစွာ လေ့ကျင့်ပါက ဟဒယဝတ္ထုကို မှီဖြစ်နေသော ဘဝင်မနောအကြည် = မနောဒွါရကို လည်းကောင်း, ယင်းမနောဒွါရတွင် ထင်နေသော အာနာပါနပဋိဘာဂနိမိတ်ကိုလည်းကောင်း လွယ်ကူစွာ သိမ်းဆည်းနိုင် မည် ဖြစ်ပေသည်။ ထိုနောင် သမာဓိကို အရှိန်မြင့်မားသည်ထက် မြင့်မားအောင် ထူထောင်၍ ယင်းဘဝင်မနောဒွါရနှင့် ယင်းအာနာပါနပဋိဘာဂနိမိတ်ကို ပူးတွဲ သိမ်းဆည်းလျက် စျာန်အင်္ဂါတို့ကို ဆင်ခြင်ကြည့်ပါ။ ယင်းဘဝင်မနောဒွါရတွင် ယင်းအာနာပါနပဋိဘာဂနိမိတ်အာရုံက ရှေးရှုထင်ခြင်းသို့ ရောက်သောအခါ = ရှေးရှုကျရောက်လာသောအခါ ယင်းအာနာပါနပဋိဘာဂနိမိတ်အာရုံကို အာရုံပြုနေသော အာရုံမူနေသော စျာန်အင်္ဂါတို့ကို ကြိမ်ဖန်များစွာ ဆင်ခြင်လိုက်ပါက တဖြည်းဖြည်း လွယ်ကူစွာပင် သိမ်းဆည်းနိုင်ပေလိမ့်မည်။ ရှေးဦးစွာ စျာန်အင်္ဂါတို့ကို တစ်လုံးစီ ထင်ထင်ရှားရှား သိအောင် သိမ်းဆည်းပါ။ ထို့နောင် စျာန်အင်္ဂါ (၅)ပါးလုံးကို ပြိုင်တူလိုလို ဉာဏ်၌ ထင်လာအောင် သိမ်းဆည်းပါ။[၇]

ဝင်စားမှု များပါစေ - ဆင်ခြင်မှု နည်းပါစေ[ပြင်ဆင်ရန်]

ထိုအာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ရောက်အပ် ရအပ်သော ပထမစျာန်ရှိသော ပထမစျာန်ကို ရသစ်စဖြစ်သော အာဒိကမ္မိကပုဂ္ဂိုလ်သည် စျာန်ဝင်စားမှု များပါစေ၊ စျာန်အင်္ဂါကို ဆင်ခြင်မှု မများပါစေနှင့်။ အပြစ်ကား – စျာန်အင်္ဂါကို ဆင်ခြင်ခြင်းများသောသူအား စျာန်အင်္ဂါတို့သည် ရုန့်ရင်းကုန်သည်ဖြစ်၍ ထင်လာတတ်ကုန်၏၊ စျာန်အင်္ဂါကို ဆင်ခြင်ခြင်းများသဖြင့် စျာန်အင်္ဂါတို့၏ ထင်ထင်ရှားရှား ဖြစ်ပေါ်လာသောကြောင့် ဖြစ်၏၊ ပထမစျာန်ကို နိုင်နိုင်နင်းနင်း အဝါးဝစွာ ဝင်စားနိုင်မှု စွမ်းအားရှိသည်၏ အဖြစ်သို့ မရောက်စေအပ်သည်၏ အဖြစ်ကြောင့် စျာန်အင်္ဂါတို့သည် အားမရှိကုန်သည် ဖြစ်၍ ထင်လာကုန်၏၊ ထိုသို့ ထင်လာလတ်သော် ထိုယောဂါဝစရပုဂ္ဂိုလ်အား ထိုစျာန်အင်္ဂါတို့သည် ရုန့်ရင်းအားနည်းသောအားဖြင့် ထင်လာသည်၏ အဖြစ်ကြောင့် အာနာပါနဿတိသမာဓိဘာဝနာဖြင့် အထက် ဒုတိယစျာန်သို့ တက်ခြင်းငှာ အကြောင်းတရား၏အဖြစ်သို့ မရောက်နိုင်ကုန်။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ပထမစျာန်ကို ဝင်စားမှုများခြင်းဖြင့် နိုင်နိုင်နင်းနင်း အဝါးဝစွာ မပွားစေအပ် မလေ့လာအပ်သည်ရှိသော် အထက် ဒုတိယစျာန်ကို ရစိမ့်သောငှာ အားထုတ်ပါသော်လည်း ရောက်အပ် ရအပ်ပြီးသော ပထမစျာန်မှလည်း ဆုတ်ယုတ်တတ်၏ လျှောကျတတ်၏၊ ဒုတိယစျာန်သို့ ရောက်ရှိ ခြင်းငှာလည်း မစွမ်းနိုင် ရှိတတ်၏၊[၈][၇]

စျာန်အင်္ဂါ (၅) ပါး[ပြင်ဆင်ရန်]

  • ၁။ ဝိတက် = အာနာပါနပဋိဘာဂနိမိတ်အာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးခြင်းသဘော။
  • ၂။ ဝိစာရ = အာနာပါနပဋိဘာဂနိမိတ်အာရုံကို ထပ်ကာထပ်ကာ သုံးသပ်ဆင်ခြင်ခြင်းသဘော။
  • ၃။ ပီတိ = အာနာပါနပဋိဘာဂနိမိတ်အာရုံကို နှစ်သက်ခြင်းသဘော။
  • ၄။ သုခ = အာနာပါနပဋိဘာဂနိမိတ်အာရုံ၏ အရသာကို ချမ်းချမ်းသာသာ ခံစားခြင်းသဘော။
  • ၅။ ဧကဂ္ဂတာ = အာနာပါနပဋိဘာဂနိမိတ်အာရုံ တစ်ခုတည်းပေါ်သို့ စိတ် ကျရောက်တည်ငြိမ်နေခြင်းသဘော။[၇]

ဝသီဘော် (၅) တန်[ပြင်ဆင်ရန်]

  • ၁။ အာဝဇ္ဇနဝသီ = စျာန်ဝင်စား၍ စျာန်အင်္ဂါများကို အလိုရှိတိုင်း ဆင်ခြင်နိုင်စွမ်းရှိခြင်း။
  • ၂။ သမာပဇ္ဇနဝသီ = စျာန်ကို အလိုရှိသလို အလိုရှိတိုင်း ဝင်စားနိုင်စွမ်းရှိခြင်း။
  • ၃။ အဓိဋ္ဌာနဝသီ = စျာန်ကို (၁-နာရီ ၂-နာရီ စသည်ဖြင့်) အလိုရှိသလောက် အချိန်ကာလကို ပိုင်းခြား၍ အဓိဋ္ဌာန်၍ ဝင်စားနိုင်စွမ်းရှိခြင်း။
  • ၄။ ဝုဋ္ဌာနဝသီ = ပိုင်းခြားထားသော အချိန်ကာလ စေ့သော် စျာန်မှ ထနိုင်စွမ်းရှိခြင်း။
  • ၅။ ပစ္စဝေက္ခဏာဝသီ = စျာန်အင်္ဂါတို့ကို အလိုရှိသလို ဆင်ခြင်နိုင်စွမ်း ရှိခြင်း။[၇]

အာဝဇ္ဇနဝသီ, ပစ္စဝေက္ခဏာဝသီတို့ ထူးခြားပုံ[ပြင်ဆင်ရန်]

စျာန်အင်္ဂါကို အမြန်ဆုံး ဆင်ခြင်နိုင်သော မနောဒွါရာဝဇ္ဇန်း၏ သတ္တိကို အာဝဇ္ဇနဝသီ ဟု ခေါ်ဆို၍ စျာန်အင်္ဂါကိုပင် အမြန်ဆုံး ဆင်ခြင်နိုင်သော ပစ္စဝေက္ခဏာဇော၏ သတ္တိကို ပစ္စဝေက္ခဏာဝသီ ဟု ခေါ်ဆိုသည်။ မနောဒွါရာဝဇ္ဇန်းနှင့် ပစ္စဝေက္ခဏာဇောတို့ကား မနောဒွါရဝီထိ တစ်ဝီထိ၏ အတွင်း၌ စိတ္တက္ခဏ တစ်ခုပြီးတစ်ခု ဖြစ်နိုင်သော တရားဓမ္မတို့သာ ဖြစ်ကြသည်။ ဆိုလိုသည်မှာ ဇောဝီထိစဉ် တစ်ခုအတွင်း၌ မနောဒွါရာဝဇ္ဇန်း တစ်ကြိမ်၊ ပစ္စဝေက္ခဏာဇော ငါးကြိမ် သို့မဟုတ် ခုနစ်ကြိမ် စောတတ်၏၊[၉][၇]

ဈာန်အင်္ဂါဆင်ခြင်ပုံ[ပြင်ဆင်ရန်]

ယောဂီသူတော်ကောင်းသည် ယင်း စျာန်အင်္ဂါများကို ကျေပွန်စွာ နှုတ်တက်ရအောင် လေ့ကျင့်ပါ။ ထိုနောင် အထက်တွင် ရှင်းလင်းတင်ပြထားသည့်အတိုင်း စျာန်အင်္ဂါတို့ကို ဆင်ခြင်ကြည့်ပါ။ စျာန်ကို ဝင်စားလိုက်ပါ၊ ထိုနောင် စျာန်မှထကာ စျာန်အင်္ဂါ တစ်ခုကို သိမ်းဆည်းပါ။ တစ်ဖန် စျာန်ကို ပြန်ဝင်စားပါ။ အခြား စျာန်အင်္ဂါတစ်ခုကို ထပ်ပြီး သိမ်းဆည်းပါ။ ဤသို့လျှင် စျာန်အင်္ဂါ တစ်လုံးစီကို ပိုင်ပိုင်နိုင်နိုင် သိမ်းဆည်းနိုင်ပါက စျာန်အင်္ဂါငါးပါးလုံးကို စျာန်မှ ထတိုင်း သိမ်းဆည်းကြည့်ပါ၊ ပြိုင်တူမြင်အောင် လေ့ကျင့်ပါ။ ပထမစျာန်၏ စျာန်အင်္ဂါ (၅)ပါးတို့သည် အထက်တွင် ရှင်းပြထားသည့်အတိုင်း ထင်ရှားလာသောအခါ ယင်းပထမစျာန်ကို အထက်ပါအတိုင်း ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပါ။[၇]

ပထမဈာန်နှင့် ဆက်စပ်သည့် တရားများ[ပြင်ဆင်ရန်]

နီဝရဏတရားတို့ကို ပယ်ခွာဖျက်ဆီး ဖယ်ရှားသောအားဖြင့် ဆန့်ကျင်ဘက်တရားတို့မှ ထွက်မြောက်ကြောင်း ပထမဈာန်ကို ဝိက္ခမ္ဘနနိဿရဏဟု ခေါ်သည်။[၁၀]

တဒင်္ဂသန္တိ- ပထမဈာန် စသော ဂုဏ်အစိတ်, အဖို့ဖြင့် နီဝရဏစသော ကျေးဇူးမဲ့အစိတ်, အဖို့တို့မှ ငြိမ်းအေးခြင်း[၁၁]ဟူ၏

အသံသည် ပထမဈာန်၏ ဆူးငြောင့်ဖြစ်ခြင်း[၁၂]ဟု ဆိုသည်။

စရဏတရား ၁၅-ပါး၌ ပထမဈာန် ပါဝင်သည်။[၁၃]

အတ္တသည် ပထမဈာန်သို့ ရောက်၍ မျက်မှောက် လောကီနိဗ္ဗာန်သို့ ရောက်သည်ဟု ယူသော အယူသည် ဒိဋ္ဌဓမ္မနိဗ္ဗာနဝါဒ ၅ မျိုး၌ ပါဝင်သည်။[၁၄]

ရဟန်းပြုရခြင်း၏ မျက်မှောက်ဘဝ ရကျိုး ၁၄ မျိုးတွင် သီလ, သမာဓိ, ပညာ, ဣန္ဒြေ စသော တရားတို့ကို ပွားများသဖြင့် ပထမဈာန်ကို ရခြင်းပါဝင်သည်။[၁၅]

နာနတ္တကာယာ ဧကတ္တသညီဟူသည် ပထမဈာန်ရဗြဟ္မာတို့ကဲ့သို့ အထူးထူးသော ခန္ဓာကိုယ်ရှိ၍ တူသော ပဋိသန္ဓေသညာရှိသော သတ္တဝါ၊[၁၆]

မိမိသည် သီလ စသည်နှင့် ပြည့်စုံပြီး ပထမဈာန်ကို ရသည်ဖြစ်၍ တပည့်တို့အားလည်း သီလ စသည်နှင့် ပြည့်စေလျက် ပထမဈာန်တရားထူးကို ရစေနိုင်သော ဆရာသည် အပြစ်မတင်ထိုက်သော ဆရာဖြစ်သည်။[၁၇]

အာယောဂပတ် (ထိုင်သောအခါ ထောင်နေသော ဒူးနှစ်ဘက်ကို ကိုယ်နှင့် ရစ်သိုင်းပတ်ဖွဲ့ကြောင်း အဝတ်) လှူရကျိုး ၅ ပါးတွင် ပထမဈာန် သမာဓိ စသည်တို့၌ တုန်လှုပ်မှု မရှိခြင်းနှင့် ပထမဈာန်သမာဓိ စသည်တို့၌ ဝသီဘော်ရှိသူ ဖြစ်ခြင်းအကျိုးလည်းပါဝင်သည်။[၁၈]

ဥပစာရဈာန်နှင့်တကွ အပ္ပနာပထမဈာန်သည် နေက္ခမ္မတရား ၅-ပါး၌ ပါဝင်သည်။[၁၉]

ပဌမဈာန် မရကြောင်း တရား ၆ ပါး[ပြင်ဆင်ရန်]

  • ၁။ ကာမဂုဏ်၌ ဖြစ်သော အလို ကာမစ္ဆန္ဒကို မပယ်ခြင်း၊၊
  • ၂။ ပျက်စီးစေလိုမှု ဗျာပါဒကို မပယ်ခြင်း၊
  • ၃။ လေးလံထိုင်းမှိုင်းမှု ထိနမိဒ္ဓကို မပယ်ခြင်း၊
  • ၄။ ပျံ့လွင့်မှု နောင်တပူပန်မှု ဥဒ္ဓစ္စ ကုက္ကုစ္စကို ပယ်ခြင်း၊
  • ၅။ မဝေခွဲနိုင်မှု ဝိစိကိစ္ဆာကို မပယ်ခြင်း၊
  • ၆။ ကာမဂုဏ်တို့၌ အပြစ်ကို ဟုတ်တိုင်းမှန်စွာ မမြင်ခြင်း။ [၂၀]

ပဌမဈာန် လက္ခဏာ ၁၀ ပါး[ပြင်ဆင်ရန်]

  • ၁။ စိတ်ကို ထက်ဝန်းကျင်မှ နှောင်ဖွဲ့တတ်သော နီဝရဏတရားတို့မှ ဈာန်စိတ်၏ စင်ကြယ်ခြင်း၊
  • ၂။ အလယ်အလတ်ဖြစ်သော သမာဓိနိမိတ်ကို ရခြင်း (သမာဓိ နိမိတ်သို့ ရောက်ခြင်း။)၊
  • ၃။ ထိုသမာဓိနိမိတ်၌ ဈာန်စိတ် ပြေးဝင်နေခြင်း၊
  • ၄။ စင်ကြယ် ပြီးသော ဈာန်စိတ်ကို ဗျာပါရမပြု လျစ်လျူရှုခြင်း၊
  • ၅။ သမာဓိရပြီးသော ဈာန်စိတ်ကို လျစ်လျူ ရှုခြင်း၊
  • ၆။ ကိလေသာတို့နှင့် မရောသည့်အတွက် တစ်ပါးတည်းအဖြစ်ဖြင့် တည်နေသော ဈာန်စိတ်ကို လျစ်လျူရှုခြင်း၊
  • ၇။ ထိုဈာန်စိတ်၌ ဖြစ်ကုန်သော သမာဓိ, ပညာဟု ဆိုအပ်သော ယုဂနဒ္ဓတရားတို့ကို တစ်ပါးသည် တစ်ပါးကို မကျော်လွန်စေခြင်းအားဖြင့် ကောင်းစွာ ရွှင်လန်း စေခြင်း ဖြူစင်စေခြင်း၊
  • ၈။ သဒ္ဓါစသော ဣန္ဒြေတို့ကို ဝိမုတ္တိရသတစ်ခုတည်း အဖြစ်ဖြင့် ရွှင်လန်း ဖြူစင်စေခြင်း၊
  • ၉။ ထိုဧကရသသဘောရှိသော ဣန္ဒြေတို့အားလျော်သော ဝီရိယကို ဆောင်ရွက် သည်၏ အဖြစ်အားဖြင့် ကောင်းစွာ ရွှင်လန်းစေခြင်း၊
  • ၁၀။ ဈာန်စိတ်၌ ဖြစ်သော သမာဓိ ပညာ စသော တရားတို့ကို အဖန်ဖန် ဖြစ်စေသောအားဖြင့် ကောင်းစွာ ရွှင်လန်းစေခြင်း ဖြူစင်စေခြင်း။ [၂၁]

ပဌမဈာန်၌ ရှိသော တရား ၁၆ ပါး[ပြင်ဆင်ရန်]

  • ၁။ ကြံခြင်း ဝိတက်၊
  • ၂။ ဆင်ခြင်ခြင်း ဝိစာရ၊
  • ၃။ နှစ်သက်ခြင်း ပီတိ၊
  • ၄။ ချမ်းသာခြင်း သုခ၊
  • ၅။ စိတ်တည်ငြိမ်ခြင်း ဧကဂ္ဂတာ၊
  • ၆။ တွေ့ထိခြင်း ဖဿ၊
  • ၇။ ခံစားခြင်း ဝေဒနာ၊
  • ၈။ မှတ်ခြင်း သညာ၊
  • ၉။ စေ့ဆော်ခြင်း စေတနာ၊
  • ၁၀။ စိတ်၊
  • ၁၁။ အလို ဆန္ဒ၊
  • ၁၂။ ဆုံးဖြတ်ခြင်း အဓိမောက္ခ၊
  • ၁၃။ လုံ့လပြုခြင်း ဝီရိယ၊
  • ၁၄။ အမှတ်ရခြင်း သတိ၊
  • ၁၅။ လျစ်လျူရှုခြင်း ဥပေက္ခာ၊
  • ၁၆။ နှလုံးသွင်းခြင်း မနသိကာရ။ [၂၂]

ပထမဈာန်ရပုဂ္ဂိုလ်[ပြင်ဆင်ရန်]

ပထမဈာန်ရသော ပုဂ္ဂိုလ်တို့တွင် ပထမဈာန်၌ သာယာ နှစ်သက်လျက် သေလွန်သောအခါ ပထမဈာန်ဗြဟ္မာ့ဘုံသို့ ရောက်ပြီး ထိုပထမဈာန်ဗြဟ္မာတို့၏ သက်တမ်း ကုန်ဆုံးသဖြင့် တစ်ဖန် ငရဲ တိရစ္ဆာန်ပြိတ္တာဘုံသို့ ကပ်ရောက်ရသော ပုထုဇဉ်ပုဂ္ဂိုလ်နှင့် ထိုပထမဈာန်ဗြဟ္မာ့ဘုံ၌ပင် ပရိနိဗ္ဗာန်ပြုသော ဘုရားရှင်၏ တပည့် အရိယာသာဝက ပုဂ္ဂိုလ်၊

ပထမဈာန်ရသော ပုဂ္ဂိုလ်သည် ထိုပထမဈာန်၌ ခန္ဓာငါးပါးတို့ကို အနိစ္စ ဒုက္ခ အနတ္တ စသည်ဖြင့် ရှုလျက် သေလွန်သောအခါ သုဒ္ဓါဝါသ ဗြဟ္မာ့ဘုံသို့ ရောက်သော အရိယာပုဂ္ဂိုလ်၊[၂၃]

ပထမဈာန် ဗြဟ္မာဘုံ[ပြင်ဆင်ရန်]

ပထမဈာန်ရသော ဗြဟ္မာတို့၏ နေရာဘုံ။ (ယင်းသည်-ဗြဟ္မပါရိသဇ္ဇာဘုံ, ဗြဟ္မပုရောဟိတာဘုံ, မဟာဗြဟ္မာဘုံ ဟူ၍ ၃-ဘုံရှိသည်၊ ကောင်းကင် တစ်ပြင်တည်း၌ တည်နေကြသည်။ [၂၄]

ကိုးကား[ပြင်ဆင်ရန်]

  1. (ဒီ၊၃၊၁၈၅။) (မ၊၂၊၂၀၇။) (သံ၊၃၊၂၆၈။) (အဘိ၊ဝိ၊၂၇၄။) (အဘိ၊ဝိ၊၂၇၆။) (အဘိ၊ဝိ၊၃၅၆။) (ပဋိသံ၊ဋ္ဌ၊၁၊၂၇၁။) (ဒီ၊မြန်၊၃။၂၀၆။) (မ၊မြန်၊၂။၂၁၉။) (သံ၊မြန်၊၃။၂၇၁။) (အဘိ၊ဝိ၊မြန်၊၂။၂၉၇။(အဘိ၊ဝိ၊၂၇၈-၂၇၉-၂၈၀။) (အဘိ၊ဝိ၊မြန်၊၂။၂၉၇။) (အဘိ၊ဝိ၊မြန်၊၂။၂၉၇။) (အဘိ၊ဝိ၊မြန်၊၂။၂၉၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
  2. ပဌမဇ္ဈာ (ဈာ)န(န) ပဌမ+ဈာန
  3. ပဌမဇ္ဈာနာ ဝုဋ္ဌဟိတွာ ဒုတိယံ ဈာနံ သမာပဇ္ဇိ။ ဒီ၊၂၊၁၂၈။ ပဌမဉ္စ ဒေသနာက္ကမတော စေဝ ဥပ္ပတ္တိက္ကမတော စ အာဒိဘူတတ္တာ တံ ဈာနဉ္စ အာရမ္မဏူပနိဇ္ဈာနတော ပစ္စနီကဈာပနတော စာတိ ပဌမဇ္ဈာနံ၊ ဝိတက္ကာဒိပဉ္စကံ။ ဝိဘာဝိနီ၊ ၉၂။ (ပဋိသံ၊၃၁၊ ၉၂၊ ၃၆၄။ နေတ္တိ၊၈၃။ ပေဋကော။ ၁၉၂။ ဝိ၊ဋ္ဌ၊၁၊၁၁၂-၇-၈-၉၊ ၁၂၃။ ဝိ၊ဋ္ဌ၊၂၊၂၊ ၁၇။ ၂၃၃ ကင်္ခါ၊၁၀၃။ ဒီ၊ဋ္ဌ၊၂၊၁၀၀-၂၊ ၁၈၆၊ ၂၃၅၊ ၃၀၁၊ ၃၂၃၊ ၃၉၃။ ဒီ၊ဋ္ဌ၊၃၊၇၂။ မ၊ဋ္ဌ၊၁၊၁၉၀။ မ၊ဋ္ဌ၊၂၊၁၃၇။ မ၊ဋ္ဌ၊၄၊၁၁၆။ သံ၊ဋ္ဌ၊၁၊၁၈၂၊ ၁၉၁။ ပ သံ၊ဋ္ဌ၊၂၊၁၈၃၊ ၂၁၄။ သံ၊ဋ္ဌ၊၃၊၁၀၄-၇၊ ၁၁၉၊ ၁၂၉၊ ၁၆၂။ အံ၊ဋ္ဌ၊၁၊၂၄၊ ၃၂။ အံ၊ဋ္ဌ၊၂၊၃၃၂၊ ၃၅၄။ အံ၊ဋ္ဌ၊၃၊၂၈၀။ အဘိ၊ဋ္ဌ၊၁၊၂၀၈၊ ၂၁၃-၄-၅၊ ၂၂၁-၆၊ ၂၄၃-၄-၆-၇၊ ၂၇၂-၃။ အဘိ၊ဋ္ဌ၊၂၊၁၇၊ ၁၁၂၊ ၂၉၃၊ ၄၀၀။ အဘိ၊ဋ္ဌ၊၃၊၃၁။ ပဋိသံ၊ဋ္ဌ၊၁၊၃၆၊ ၈၂၊ ၉၃-၆၊ ၁၀၄။ ဝိသုဒ္ဓိ၊၁၊၁၃၅၊ ၂၅၇၊ ၂၆၇။ ဝိသုဒ္ဓိ၊၂၊၃၀၅၊ ၃၃၈၊ ၃၄၆-၇။ ဣတိဝုတ်၊ဋ္ဌ၊၁၃၇၊ ၁၄၀။ သုတ္တနိ၊ဋ္ဌ၊၁၊၁၀၈။ ထေရီ၊ဋ္ဌ၊၂၇၉။ အပ၊ဋ္ဌ၊၁၊၇၀၊ ၁၇၃၊ ၂၄၅။ ဗုဒ္ဓဝံ၊ဋ္ဌ၊၆၃။ မဟာနိ၊ဋ္ဌ၊၃၀၊ ၁၁၆-၇၊ ၁၇၆၊ ၂၇၂။ စူဠနိ၊ဋ္ဌ၊၄၃၊ ၁၃၃။ ဇာ၊ဋ္ဌ၊၁၊၆၈။ ဝဇိရ၊၁၄၅၊ ၁၅၁။ သာရတ္ထ၊၁၊၁၃။ သာရတ္ထ၊၂၊၄၃၊ ၁၉၄၊ ၂၃၂၊ ၂၈၉။ သာရတ္ထ၃။ ၃၉၉။ C ဝိမတိ၊၁၊၇၁၊ ၁၂၉။ ကင်္ခါ၊ဋီ၊သစ်၊၁၆၃။ ဒီ၊ဋီ၊၁၊၅၉၊ ၁၀၃-၄၊ ၂၆၂၊ ၃၃၄၊ ၃၄၃၊ ၃၆၇၊ ၃၈၀။ သီ၊ဋီ၊သစ်၊၁၊၄၉၊ ၂၂၂၊ ၃၀၇၊ ၄၁၆၊ ၄၅၂။ သီ၊ဋီ၊သစ်၊၂၊၃၂၅၊ ၃၃၉။ ဒီ၊ဋီ၊၂၊၃၄၆။ ဒီ၊ဋီ၊၃၊၂၃၁၊ ၂၅၀။ မ၊ဋီ၊၂၊၂၄၊ ၄၀၊ ၆၈၊ ၁၆၂၊ ၁၇၉၊ ၁၉၁။ မ၊ဋီ၊၃၊၄၆၊ ၁၃၀။ သံ၊ဋီ၊၂၊၁၆၈။ အံ၊ဋီ၊၁၊၈၃၊ ၁၂၈၊ ၂၁၅၊ ၂၄၅-၈။ အံ၊ဋီ၊၂၊၂၁၂။ အံ၊ဋီ၊၃၊၇၄၊ ၁၀၁။ မူလဋီ၊၁၊၄၅-၇၊ ၁၀၂-၄။ မူလဋီ၊၃၊၁၄၀။ အနုဋီ၊၁၊၉၈၊ ၁၁၀၊ ၁၂၃၊ ၁၄၀၊ ၁၅၃။ အနုဋီ၊၂၊၄၉။ ဝိသုဒ္ဓိ၊ဋီ၊၁၊၁၄၊ ၄၉၁၁၃-၅၊ ၁၄၅၊ ၁၆၇၊ ၁၈၀-၁-၂-၄၊ ၁၉၂၊ ၂၀၃၊ ၂၁၆-၇၊ ၃၆၃၊ ၄၀၉။ ဝိသုဒ္ဓိ၊ဋီ၊၂၊၁၂။ နေတ္တိ၊ဋီ၊၁၁၆။)
  4. ဘဝင်မနောအကြည်ဓာတ် = မနောဒွါရ အကြောင်းကို စာမျက်နှာ (၁၉၃ ..စသည်) တွင် ကြည့်ပါ။
  5. (မ၊၃၊၇၅-၇၉၊၊)
  6. (မ၊ဋ္ဌ၊၄၊၆၀။)
  7. ၇.၀ ၇.၁ ၇.၂ ၇.၃ ၇.၄ ၇.၅ ၇.၆ ၇.၇ ၇.၈ ဖားအောက်တောရဆရာတော်နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း
  8. (ဝိသုဒ္ဓိ၊၁၊၁၄၈။ မဟာဋီ၊၁၊၁၇၈။)
  9. (အကျယ်ကို ဝိသုဒ္ဓိ၊၁၊၁၄၉-၁၅၀။ မဟာဋီ၊၁၊၁၇၈-၁၈၀- ကြည့်ပါ၊၊)
  10. (သံ၊ဋ္ဌ၊၃၊၂၀၉။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
  11. (မဟာနိ၊၅၇။) (သုတ္တနိ၊ဋ္ဌ၊၂၊၇၁။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
  12. (အံ၊၃၊၃၆၃။) (အံ၊မြန်၊၃။၃၆၁။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
  13. (မ၊၂၊၂၁။) (ဝိ၊ဋ္ဌ၊၁၊၈၈။) (စရိယာ၊ဋ္ဌ၊၂၉၃။) (စူဠနိ၊ဋ္ဌ၊၃၄။) (ဝိသုဒ္ဓိ၊၁၊၁၉၆။) (ဒီ၊ဋီ၊၁၊၈၄။) (အံ၊ဋီ၊၂၊၃၅၁။) (မ၊မြန်၊၂။၂၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
  14. (ဒီ၊၁၊၃၃၊၃၄။) (ဒီ၊မြန်၊၁။၃၉။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
  15. (ဒီ၊၁၊၅၆။) (ဒီ၊မြန်၊၁။၆၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
  16. (ဒီ၊၂၊၅၈။) (ဒီ၊၃၊၂၀၉။) (ဒီ၊၃၊၂၄၁။) (စူဠနိ၊၁၆၇။) (ပဋိသံ၊ဋ္ဌ၊၁၊၁၀၃။) (သာရတ္ထ၊ဋီ၊၁၊၂၄၃။) (ဒီ၊မြန်၊၂။၆၈။) (ဒီ၊မြန်၊၃။၂၃၂-၂၃၃။) (ဒီ၊မြန်၊၃။၂၆၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
  17. (ဒီ၊၁၊၂၂၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
  18. (အပ၊၁၊၃၆၅။) (အပ၊မြန်၊၁။၃၇၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
  19. (ဣတိဝုတ်၊ဋ္ဌ၊၃၃၀။) (အံ၊ဋီ၊၂၊၄၆။) (ဝိသုဒ္ဓိ၊ဋီ၊၁၊၁၄၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
  20. (အံ၊၂၊၃၇၃။) (အံ၊မြန်၊၂။၄၇၀-၄၇၁။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
  21. (ဝိ၊ဋ္ဌ၊၂၊၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
  22. (မ၊၃၊၇၅။) (မ၊မြန်၊၃။၇၉။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
  23. (အံ၊၁၊၄၄၁။) (အံ၊၁၊၄၄၃။) (အံ၊၁၊၄၄၅။) (အံ၊မြန်၊၁။၄၅၃-၄၅၄-၄၅၅) (အံ၊မြန်၊၁။၄၅၃- ၄၅၄-၄၅၅) (အံ၊မြန်၊၁။၄၅၃-၄၅၄-၄၅၅)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
  24. အဘိ၊ဝိ၊၄၃၉။)ဣမေ တယောပိ ဇနာ ပဌမဇ္ဈာနဘူမိယံ ဧကတလေ ဝသန္တိ။ အဘိ၊ဋ္ဌ၊၂၊၅၀၃။ ဗြဟ္မပါရိသဇ္ဇာ, ဗြဟ္မပုရောဟိတာ, မဟာဗြဟ္မာ စေတိ ပဌမဇ္ဈာနဘူမိ။ သင်္ဂဟ၊၇၃။ (သံ၊ဋ္ဌ၊၁၊၁၈၂၊ ၁၉၁။ အဘိ၊ဋ္ဌ၊၁၊၄၁၈။ ဝိသုဒ္ဓိ၊၂၊၄၆။ ဓမ္မ၊ဋ္ဌ၊၂၊၃၃၅။ ဣတိဝုတ်၊ဋ္ဌ၊၇၂။ ဗုဒ္ဓဝံ၊ဋ္ဌ။၁၄။ သာရတ္ထ၊၃။၁၅၅။ ဂိမတိ၊၁။ ၅၃။ ဝိမတိ၊၂။၈၇။ ဒီ၊ဋီ၊၁၊၁၅၆။ သီ၊ဋီ၊သစ်၊ ၁။၄၁၆။ ဒီ၊ဋီ၊၃၊၂၀၈။ မ၊ဋီ၊၂။၉။ အံ၊ဋီ၊၃။ ၁၈၃။ အနုဋီ၊၂။၂၂၈။)