ဈာန်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

မာတိကာ

ဈာန် [ပြင်​ဆင်​ရန်​]

ဈာန်ဟူသည်ကား အာရုံကိုကြံတတ်၊ ကပ်၍ရှုတတ်သော ကြောင့်၄င်း၊ ကုသိုလ်တရားတို့ကို ပိတ်ပင်တားဆီးသော ဆန့် ကျင်ဖက် နီဝရဏတရားတို့ကို လောင်ကျွမ်းပယ်ဖျက်တတ်သော ကြောင့်၄င်း ဈာန်မည်၏။ နီဝရဏတရားတို့ကား ခြောက်ပါး အာရုံကာမဂုဏ်ကို ခံစားလိုသော ကာမစ္ဆန္ဒနီဝရဏ၊ အမျက် ဒေါသတည်းဟူသော ဗျာပါဒနီဝရဏ၊ ငိုက်မျဉ်းထိုင်းမှိုင်းခြင်း ဟူသော ထိနမိဒ္ဓနီဝရဏ၊ ပျံ့လွင့်ခြင်း၊ ပူပန်ခြင်းဟူသော ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ၊ စိတ်နှစ်ခွဖြစ်ခြင်းဟူသော ဝိစိကိစ္ဆာနီ ဝရဏဟူ၍ ငါးပါးအပြားရှိသတည်း။

ဈာန်သည် ရူပဈာန်၊ အရူပဈာန်ဟူ၍ နှစ်ပါးအပြားရှိ၏။

ရူပဈာန် [ပြင်​ဆင်​ရန်​]

ရူပဈာန်သည် စတုက္ကနည်းအားဖြင့် အင်္ဂါလေးပါးရှိ၍။ ပဉ္စက နည်းအားဖြင့် အင်္ဂါငါးပါးရှိ၏။ ပဉ္စကနည်း၌ ဝိတက်နှင့်ဝိစာရကို တခါစီပယ်၍၊ ဒုတိယ ဈာန်ကို နှစ်ခုခွဲခြင်းအားဖြင့်၊ ရူပဈာန်ငါးပါးရ၏ ထိုရူပဈာန် ငါးပါးတို့ကား -

  1. ပထမဈာန်၊
  2. ဒုတိယဈာန်၊
  3. တတိယဈာန်၊
  4. စတုတ္ထဈာန်၊
  5. ပဉ္စမဈာန်ဟူ၍ ဖြစ်သည်။

ပထမဈာန် [ပြင်​ဆင်​ရန်​]

ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူ သော ဈာန်အင်္ဂါငါးပါးနှင့်တကွဖြစ်သော ဈာန်သည် ပထမဈာန် မည်၏။ ဝိတက်ဟူသည်မှာ စိတ်ဟုခေါ်သော နာမ်တရားတို့ကို အာရုံသို့ပို့ဆောင်တတ်သော သဘောဖြစ်၏။ ဝိစာရဟူသည်မှာ အာရုံပေါ်သို့ရောက်ပြီးသောစိတ်ကို ဖွဲ့ချည်တတ်သောသဘော ဖြစ်၏။ ပီတိဟူသည်မှာ အာရုံ၌နှစ်ခြိုက်စေတတ်သော သဘော ဖြစ်၏။ သုခဟူသည်မှာ အာရုံ၌ချမ်းမြေ့စေတတ်သော သဘော ဖြစ်၏။ ဧကCတာဟူသည်မှာ အာရုံ၌ ခိုင်ခံ့စွာတည်ငြိမ်တတ် သော သဘောဖြစ်၏

ဒုတိယဈာန် [ပြင်​ဆင်​ရန်​]

ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော ဈာန် အင်္ဂါလေးပါးသော ကျန်ရှိသောဈာန်သည် ဒုတိယဈာန်မည်၏။

တတိယဈာန် [ပြင်​ဆင်​ရန်​]

ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါ သုံးပါးသော ကျန်ရှိသောဈာန်သည် တတိယဈာန်မည်၏။

စတုတ္ထဈာန် [ပြင်​ဆင်​ရန်​]

သုခ၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါနှစ်ပါးသာ ကျန်ရှိသော ဈာန်သည် စတုတ္ထဈာန် မည်၏။

ပဉ္စမဈာန် [ပြင်​ဆင်​ရန်​]

ဥပေက္ခာ၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါ နှစ်ပါးနှင့်တကွဖြစ်သော ဈာန်သည် ပဉ္စမဈာန်မည်၏ ဥပေက္ခာ ဟူသည်ကား ကောင်းသည်ဟု ခံစားခြင်းသဘောလည်းမဟုတ်၊ မကောင်းဟု ခံစားခြင်းသဘောလည်းမဟုတ်၊ ကောင်းမှု မကောင်းမှုနှစ်ဘက်သို့မကျဘဲ၊ အလယ်အလတ် ခံစားခြင်း သဘောဖြစ်၏။

အရူပဈာန် [ပြင်​ဆင်​ရန်​]

အရူပဈာန်သည်-

  1. အာကာသာနဉ္စာယတနဈာန်။
  2. ဝိညာဏဉ္စာယတနဈာန်။
  3. အာကိဉ္စညာ ယတနဈာန်၊
  4. နေဝသညာနာသညာယတနဈာန်ဟူ၍ လေးပါးအပြားရှိ၏။

အာကာသာနဉ္စာယတနဈာန် [ပြင်​ဆင်​ရန်​]

စတုတ္ထဈာန်တွင်ရအပ်သော ကသိုဏ်းကိုခွာ၍၊ အဆုံးမရှိသော ကောင်းကင်ပညတ်ကို အာရုံပြုကာ၊ စီးဖြန်း ပွားများ၍ ရအပ်သောဈာန်သည် အာကာသာနဉ္စာယတနဈာန် မည်၏။ ရုပ်တရားကို အာရုံမပြုသောကြောင့်၄င်း၊ ပထမရအပ် ရောက်အပ်သောကြောင့်၄င်း၊ ယင်းကို ပထမာရုပ္ပဈာန်ဟူ၍ လည်း ခေါ်၏။

ဝိညာဏဉ္စာယတနဈာန် [ပြင်​ဆင်​ရန်​]

အဆုံးမရှိသော ပထမာရုပ္ပဝိညာဏ်ကို စီးဖြန်းပွား များ၍ရအပ်သောဈာန်သည် ဝိညာဏဉ္စာယတနဈာန် မည်၏။ ဒုတိယာရုပ္ပဈာန်ဟူ၍လည်းခေါ်၏။

အာကိဉ္စညာ ယတနဈာန် [ပြင်​ဆင်​ရန်​]

အနည်းငယ်မျှအကြွင်းမရှိသော၊ ပထမာရုပ္ပဝိညာဏ် ၏အဖြစ်တည်းဟူသော၊ ဘာမျှမရှိဟုအနက်ရသော၊ နတ္ထိဘော ပညတ်ကိုအာရုံပြုကာ၊ စီးဖြန်းပွားများ၍ရသော ဈာန်သည် အာကိဉ္စညာယတနဈာန်မည်၏။ တတိယရုပ္ပဈာန်ဟူ၍လည်း ခေါ်၏။

နေဝသညာနာသညာယတနဈာန် [ပြင်​ဆင်​ရန်​]

သညာရှိသည်လည်းမဟုတ်၊ မရှိသည်လည်းမဟုတ် သော၊ မနာယတန ဓမ္မာယတန၌ အကျုံးဝင်သော အာရုံကို အာရုံပြုကာ၊ စီးဖြန်းပွားများ၍ရသောဈာန်သည် နေဝသညာနာ သညာယတနဈာန်မည်၏။ စတုတ္ထရုပ္ပဈာန်ဟူ၍လည်းခေါ်၏။ ထိုဈာန်လေးပါးတို့ကို ပထမမှ ဒုတိယသို့ ဒုတိယမှ တတိယ သို့၊ တတိယမှ စတုတ္ထသို့ အဆင့်အဆင့်တက်ရာ၏။

ဈာန်ရအောင်အားထုတ်နည်း [ပြင်​ဆင်​ရန်​]

ဈာန်တရားသည် အလွယ်နှင့်ရနိုင်သော တရားမျိုးမဟုတ်၊ ရူပဈာန်ကိုရလိုသော ယောဂီပုဂ္ဂိုလ်သည် ပထဝီကသိုဏ်းစသော ကသိုဏ်းတရားစသည်တို့ကို ပွားများအားထုတ်အပ်၏။ ဆန်ကောပမာဏရှိသော ပထဝီကသိုဏ်းဝန်းကို ပြုလုပ်၍၊ ထို ကသိုဏ်းဝန်းကိုရှေ့ဝယ်ချကာ၊ ပထဝီ ပထဝီဟု သေချာစေ့ငု အဖန်ဖန်ကြည့်ရှု၍၊ မနေမနားစီးဖြန်းပွားများလတ်သော်၊ ယောဂီ ပုဂ္ဂိုလ်အား အရပ်လေးမျက်နှာကြည်သမျှ ကသိုဏ်းဝန်းသာ ထင်၏။ ယင်းမှာ ရှေးဦးလုပ်ငန်းတည်းဟူသော ပရိကမ္မနိမိတ် ဖြစ်၏။ ဤသို့မျက်စိ၌ ထင်လတ်သော်၊ ပထမကသိုဏ်းဝန်းကို မကြည့်ရှုတော့ဘဲ၊ ပထဝီ ပထဝီဟု အဖန်ဖန်အထပ်ထပ်စီးဖြန်း ပွားများအပ်၏။ ဤသို့ ပွားများပြန်သော်၊ ပထမကသိုဏ်းဝန်း နယ်နိမိတ်သည် ထင်မြင်၍လာသည်။ ထိုသို့စိတ်၌ထင်မြင်လာ သော ပထဝီ ကသိုဏ်းဝန်းသည် စိတ်၌ရယူအပ်သော ဥဂ္ဂဟ နိမိတ်မည်၏။ ထိုဥဂ္ဂဟနိမိတ် ထင်လတ်သော်၊ စိတ်သည် ငြိမ်သက်တည်ကြည်၏။ ပရိကမ္မသမာဓိကိုရ၏။

ထိုနောက် ယောဂီပုဂ္ဂိုလ်သည် ထိုစိတ်၌ထင်လာသော ဥဂ္ဂဟနိမိတ်ပထဝီကသိုဏ်းဝန်းကိုပင်၊ ပထဝီ ပထဝီဟု တစ်ဖန်အကြိမ်ကြိမ် အထပ်ထပ်စီးဖြန်းလတ်သော်၊ နီဝရဏ တရားတို့သည် ကင်းကွာကုငန်၏။ ကိလေးသာတို့သည် အနည် ထိုင်သောရေကဲ့သို့ ငြိမ်ဝပ်၍ကုန်၏။ စိတ်သည် အထူးကြည် လင်လာ၏။ တိမ်တိုက်မှထွက်လာသော လဝန်းကြီးကဲ့သို့ ဥဂ္ဂဟနိမိတ်တွင်းမှ ပေါက်ခွဲထွက်ပေါ်၍၊ ဥဂ္ဂဟနိမိတ်ထက် အဆ အရာအထောင်မက အလွန်စင်ကြယ်ကြည်လင်သော ပထဝီကသိုဏ်းဝန်းကြီးသည် ထင်ပေါ်၍လာ၏။ ထိုထင်လာ သော ပထဝီကသိုဏ်းဝန်းကို ပဋိဘာဂနိမိတ်ကိုပင်(ပုံတူနိမိတ်) ဟုဆိုအပ်၏။ ထိုပဋိဘာဂနိမိတ်ကိုပင် ပထဝီ ပထဝီဟု တစ်ဖန်အထပ်ထပ်ပွားများ စီးဖြန်းလတ်သော်၊ ယောဂီပုဂ္ဂိုလ် အား ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါငါးပါးနှင့်ပြည့်စုံသော ပထမဈာန်ဖြစ်ပေါ်လာ၏။ ကြွင်းသောကမ္မဋ္ဌာန်းတို့တွင်လည်း ဤနည်းအတိုင်းပင် ပထမ ဈာန်ကိုရနိုင်၏။

ထိုကဲ့သို့ ပထမဈာန်ကိုရပြီး၍၊ ဒုတိယဈာန်ကိုအားထုတ် လိုသော်၊ ယခုရသောပထမဈာန်စိတ်သည် ဝိတက်ပါခြင်းကြောင့် ရုန့်ရင်းကြမ်းတမ်းသေး၏။ ဤဝိတက်မပါလျှင် ယခုထက်သိမ် မွေ့ရာ၏ဟု ဆင်ခြင်၍ ဝိတက် ကိုမပါစေလိုသောဆန္ဒဖြင့်၊ ပထဝီပဋိဘာဂနိမိတ်ကိုပင်လျှင် ပထဝီ ပထဝီဟု စိတ်၌မှတ် လျက်၊ တစ်ဖန် အထပ်ထပ်စီးဖြန်းပွားများလတ်သော်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါလေးပါးနှင့် ပြည့်စုံသော ဒုတိယဈာန်ဖြစ်ပေါ်လာ၏။

ဒုတိယဈာန်မှ တတိယဈာန်သို့တက်၍ အားထုတ်လိုသော ယောဂီပုဂ္ဂိုလ်သည် အထက်ပါနည်းအတိုင်း ဝိစာရကိုမပါစေလို သော ဆန္ဒဖြင့် ပထဝီပဋိဘာဂနိမိတ်ကိုပင်လျှင်၊ ပထဝီ ပထဝီ ဟု စိတ်၌မှတ်လျက်၊ တစ်ဖန် အထပ်ထပ်စီးဖြန်းပွားများလတ် သော်၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာဟူသော ဈာန်အင်္ဂါသုံးပါးနှင့်ပြည့် စုံသော တတိယ ဈာန်ဖြစ်ပေါ်လာ၏။

အထက်ပါနည်းအတိုင်းပင်၊ ပီတိမပါစေလိုသောဆန္ဒဖြင့် ပထဝီပဋိဘာဂနိမိတ်ကို တစ်ဖန်အထပ်ထပ်စီးဖြန်း ပြန်သော်၊ သုခ၊ ဧကဂ္ဂတာဟူသော ဈာန်အင်္ဂါနှစ်ပါးနှင့်ပြည့်စုံသော စတုတ္ထဈာန်ဖြစ်ပေါ်လာ၏။

ထိုအတူပင်၊ သုခမပါစေလိုသောဆန္ဒဖြင့် ပထဝီပဋိဘာဂ နိမိတ်ကို တစ်ဖန်အထပ်ထပ်စီးဖြန်းပြန်သော်၊ သုခသည် တစ်ဖြည်းဖြည်းသိမ်မွေ့၍သွားသောအခါ၊ ကောင်းသည်ဟုခံစား ခြင်းသဘောလည်းမဟုတ်၊ မကောင်းသည်ဟု ခံစားခြင်းသဘော လည်းမဟုတ်၊ ကောင်းမှုမကောင်းမှုနှစ်ဘက်သို့ မကျသော အလယ်အလတ်ခံစား ခြင်းဥပက္ခာဝေဒနာဖြစ်လာ၍၊ ဧကဂ္ဂတာ နှင့်တကွ ဈာန်အင်္ဂါနှစ်ပါးနှင့်ပြည့်စုံစွာ ပဥဉ္စမဈာန်သည်ဖြစ်ပေါ် လာ၏။

ထိုပဉ္စဈာန်သည် ရုပ်တရား၌သာလျှင် အာရုံရှိသော ရူပ ဈာန်ဖြစ်၍ ညံ့ဖျင်းသေး၏။ ထိုကြောင့် ထိုမှတစ်ဆင့် သိမ်မွေ့ မွန်မြတ်သော အရူပဈာန်ကို တက်လှမ်းလိုသော်၊ စတုတ္ထနည်း အားဖြင့်ရအပ်သော စတုတ္ထဈာန် ကိုတက်လှမ်းလိုသော်၊ စတုတ္ထ နည်းအားဖြင့်ရအပ်သော စတုတ္ထဈာန်မှရအပ်သော ကသိုဏ်း ဝန်းကိုပယ်၍၊ ကောင်းကင်ဟင်းလင်းဟု နှလုံးသွင်းကာ အထပ် ထပ်စီးဖြန်းပွားများသည်ရှိသော်၊ အာကာသာနဉ္စာယတနဈာန် (ပထမရုပ္ပဈာန်)သည်ဖြစ်ပေါ်လာ၏။

ထိုမှတစ်ဆင့်၊ ပထမာရုပ္ပဈာန်ဝင်စား၍၊ ဈာန်မှထပြီးလျှင်၊ အဆုံးမရှိသော ကောင်းကင်ကိုအာရုံပြုသော ဝိညာဏ်ဟု စိတ် ထဲမှတ်လျက် အဖန်ဖန်စီးဖြန်းပွားများသည်ရှိသော်၊ ဝိညာဏဉ္စာ ယတနဈာန်(ဒုတိယရပ္ပဈာန်) သည်ဖြစ်ပေါ်လာ၏။

ထိုမှတစ်ဆင့်၊ ဒုတိယာရုပ္ပဈာန်ဝင်စား၍၊ ဈာန်မှထပြီး လျှင်၊ ပထမာရုပ္ပဝိညာဏ်ကိုမရှိအောင် ပျောက်အောင် နှလုံး သွင်း၍ အဖန်ဖန်စီးဖြန်းပွားများသည်ရှိသော်၊ အာကိဉ္စညာ ယတနဈာန်(တတိယာရုပ္ပဈာန်)သည်ဖြစ်ပေါ်လာ၏။

ထိုမှတစ်ဆင့်၊ တတိယာရုပ္ပဈာန်ဝင်စား၍၊ ဈာန်မှထပြီး လျှင်၊ တတိယာရုပ္ပဈာန်စိတ်ဝိညာဏ်ကိုပင်လျှင် သိမ်မွေ့ငြိမ် သက်၏ဟု စိတ်ကမှတ်လျက် အဖန်ဖန်စီးဖြန်းပွားများသည်ရှိ သော်၊ နေဝသညာနာသညာယတန ဈာန်(စတုတ္ထာရုပ္ပဈာန်)သည် ဖြစ်လာ၏။[၁]

ကိုးကား [ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)