တောကြောင်
| တောကြောင် | ||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| သဘာဝထိမ်းသိမ်းခြင်းအခြေအနေ | ||||||||||||||
Least Concern (IUCN Red List Ver.3.1 (2001)) |
||||||||||||||
| သိပ္ပံနည်းကျမျိုးခွဲခြင်း | ||||||||||||||
|
||||||||||||||
| ဒွိနာမ | ||||||||||||||
| ''Felis chaus'' | ||||||||||||||
တောကြောင်ကို ဇီဝဗေဒအလိုအရ ‘ဖဲလစ်ကေးအပ်’ဟု ခေါ် သည်။ ခေါင်းနှင့်ကိုယ်သည် အရှည် ၂ ပေကျော်ခန့်ရှိ၍ အမြီး သည် တစ်ပေခန့်ရှည်သည်။ ကိုယ်အလေးချိန်မှာ ၁၀ ပေါင်နှင့် ပေါင် ၂၀ ကြားတွင်ရှိတတ်သည်။ တောကြောင်သည် ခြေတံ ရှည်၏။ သို့သော် အမြီးတိုသည်။ အစိမ်းရောင်သန်းသော မျက်စိများသည် ကြမ်းကြုတ်သော အမူအရာကို ဖော်ပြလျက်ရှိ လေသည်။ အမွှေးသည် မွဲပြာရောင်မှ အဝါနှင့်မွဲပြာရောင် ရော ထားသောအရောင်ထိ အရောင်အမျိုးမျိုးရှိနိုင်သည်။ အမြီးတွင် အမည်းရောင်ကွင်းများရှိ၍ အမြီးဖျားသည်မည်း၏။ ခြေဖျားများ သည် အဝါနုရောင်ဖြစ်၍ ခြေဖဝါးများသည် အမည်းသို့မဟုတ် အညိုပုပ်ရောင်ဖြစ်သည်။ နားရွက်များသည် နီ၍ အဖျားရှိ အမွှေးကလေးများသည် မည်း၏။ ကိုယ်၏အောက်ပိုင်းမှာ အရောင်ပို၍ ဖျော့သည်။ ထိုပြင် ကိုယ်၏အောက်ပိုင်းနှင့် ခါးပိုင်း၏နံဘေးတွင်လည်း အစင်းများရှိသည်။
တောကြောင်ကို အာဖရိကတိုက် မြောက်ပိုင်းမှစ၍ အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံအပြင် သီဟိုဠ်ကျွန်းနှင့် အင်ဒိုချိုင်းနား နိုင်ငံ တစ်လျှောက်ထိ တွေ့နိုင်သည်။ တောကြောင်နှင့် မျိုးချင်းတူ သော်လည်း ကိုယ်နေ အချိုးအစားနှင့် အမွှေးအရောင်ချင်း မတူ သော အခြားတောကြောင်မျိုးများလည်း ရှိသေးသည်။
တောကြောင်သည် ခြောက်သွေ့သောအရပ်များတွင် နေထိုင် လေ့ရှိသည်။ အများအားဖြင့် မြက်တော၊ ချုံတောနှင့် ကိုင်းထူ ထပ်သော မြစ်ကမ်းပါးများတွင် နေလေ့ရှိသည်။ နံနက်နှင့် ညနေခင်းတွင် အစာရှာ ထွက်လေ့ရှိသည်။ ကွင်းထဲ၌ တော ကြောင် သွားလာရွေ့ရှားပုံသည် ကျားသစ်သွားလာပုံနှင့်တူ၏။ နို့တိုက် သတ္တဝါကလေးများနှင့် ငှက်များကို အစာအဖြစ် ဖမ်း ယူစားသောက်သည်။ မြို့ရွာအနီးသို့ ရောက်ရှိလာသောအခါ အိမ်၌မွေးမြူထားသော ကြက်၊ ဘဲတို့ကို ဖမ်းယူစားလေ့ရှိသည်။
အလွန်လျှင် မြန်သန်စွမ်းလှသဖြင့် သူ့ထက်ကြီးမားသော သားကောင်များကိုပင် ဖမ်းယူနိုင်လေသည်။ တောကြောင်ပေါက်ပွားပုံနှင့်စပ်ဆိုင်သော အလေ့အကျင့်ကိုမူ အတိအကျမသိရပေ။ သို့သော် တစ်နှစ်လျှင် နှစ်ကြိမ်သားပေါက်သည်ဟုဆိုသည်။ တောကြောင်ကလေးများကို အိမ်ကြောင်များကဲ့သို့ ယဉ်ပါးအောင် မွေးမြူနိုင်သည်။ အချို့အရပ်များတွင် တောကြောင်ကို ဟင်းလျာအတွက် ဖမ်းဆီးလေ့ရှိကြသည်။ [၁]
ကိုးကား [ပြင်ဆင်ရန်]
- ↑ မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)
|
|||||