အိုင်ဒါဟိုပြည်နယ်
အိုင်ဒါဟိုပြည်နယ် | |||
---|---|---|---|
| |||
အမေရိကန်ပြည်ထောင်စု၏ မြေပုံ၊ အိုင်ဒါဟို အားအရောင်ခြယ်ပြထား | |||
နိုင်ငံ | အမေရိကန်ပြည်ထောင်စု | ||
Before statehood | Idaho Territory | ||
ပြည်ထောင်စုသို့ ဝင်ရောက်ခြင်း | ၃ ဇူလိုင် ၁၈၉၀ (43rd) | ||
အကြီးဆုံးမြို့ | ဗွိုက်စီမြို့ | ||
အကြီးဆုံး မက်ထရိုနှင့် မြို့ပြ ဧရိယာများ | Boise metropolitan area | ||
အစိုးရ | |||
• ပြည်နယ်အုပ်ချုပ်ရေးမှူး | C. L. "Butch" Otter (R) | ||
• လက်ထောက် ပြည်နယ်အုပ်ချုပ်ရေးမှူး | Brad Little (R) | ||
လူဦးရေ | |||
• စုစုပေါင်း | ၁,၅၉၅,၇၂၈ (၂၀၁၂ ခန့်မှန်း)[၁] | ||
• သိပ်သည်းမှု | ၁၉.၂/sq mi (၇.၄၀/km၂) | ||
ဘာသာစကား | |||
• ရုံးသုံးဘာသာစကား | အင်္ဂလိပ်ဘာသာ | ||
လတ္တီကျူ | 42° N to 49° N | ||
လောင်ဂျီကျူ | 111°03′ W to 117°15′ W |
အိုင်ဒါဟိုပြည်နယ်သည် အမေရိကန်ပြည်ထောင်စု၏ အနောက်မြောက်ဘက်အစွန်းကျသော ပြည်နယ်တစ်ခု ဖြစ်သည်။ အိုင်ဒါဟိုဟူသော အမည်သည် ရှိုရှိုးနီး အင်ဒီးယန်းစကားမှ ဆင်းသက်လာ၍ နေထွက်ချိန် ဟူ၍လည်းကောင်း၊ နံနက်ခင်း ဟူ၍လည်းကောင်းအဓိပ္ပာယ် ရသည်။ အမည်နှင့် လိုက်လျောစွာပင် ထိုပြည်နယ်၏ တောတောင်ရေမြေ အနေအထားတို့သည် ရင်သပ်အံ့ဩဖွယ်ရာပင် သာယာလှပသည်ဟုဆိုကြသည်။ နှင်းခဲများဖြူဖွေးအုပ်ဆိုင်းနေသည့် မြင့်မားသောတောင်စဉ်တောင်တန်းများ၊ အသည်းထိတ်ဖွယ်ရာ နက်ရှိုင်းကျဉ်းမြောင်းသော လျှိုမြောင်ချောက်ကမ်းပါးများ၊ ရှုမငြီးစရာရေတံခွန်စိမ့်စမ်းများ၊ ထူထပ်စိမ်းစိုသော သစ်တောကြီးငယ်တို့ဖြင့် တန်ဆာဆင်သော သဘာဝအလှရှုခင်းသာများဖြင့် ကြွယ်ဝသည့် အိုင်ဒါဟိုပြည်နယ်အား တောင်များ၏ရတနာဟုလည်း တင်စားခေါ်ဝေါ်ကြလေသည်။ ဗြိတိသျှကိုလံဘီယာပြည်နယ်သည် မြောက်ဘက်မှလည်းကောင်း၊ မွန်တားနားပြည်နယ်၊ ယဲလိုးစတုန်း သဘာဝဥယျာဉ်ကြီး၊ ဝိုင်အိုးမင်းပြည်နယ်တို့သည် အရှေ့ဘက်မှလည်းကောင်း၊ ယူးတားပြည်နယ်နှင့် နီဗားဒါးပြည်နယ်တို့သည် တောင်ဘက်မှလည်းကောင်း၊ အိုရီဂွန်ပြည်နယ်နှင့် ဝါရှင်တန်ပြည်နယ်တို့သည် အနောက်ဘက်မှ လည်းကောင်း အိုင်ဒါဟိုပြည်နယ်ကို ဝန်းရံလျက်ရှိသည်။ ပြည်နယ်တစ်ခုလုံး၏ အကျယ်အဝန်းသည် ၈၃,၅၇၀ စတုရန်းမိုင်ရှိ၍ မြို့တော်မှာ ဗွိုက်စီဖြစ်လေသည်။
အိုင်ဒါဟိုပြည်နယ်၏ မြေမျက်နှာသွင်ပြင်သည် တောင်ထူထပ်၍ အနိမ့်အမြင့်များပြားလှသည်။ အလွန်မြင့်မားသော တောင်ကြီးများရှိသည့်နည်းတူ အလွန်နက်ရှိုင်းသော ချောက်ကမ်းပါးကြီးများလည်း ရှိသည်။ အိုင်ဒါဟိုပြည်နယ်၌ တောင်တန်းပေါင်း ၂၂ ခုရှိသည့်အနက် ဗစ်တားရွတ်၊ လော့စရစ်ဗား၊ အိုဝိုင်ဟီး၊ ဗီးဗားဟက်၊ လင်မဟိုင်း စသည်တို့သည် အရေးပါသော တောင်တန်းများဖြစ်ကြသည်။ အရေးအပါဆုံးသောမြစ်သည် ယဲလိုးစတုန်း သဘာဝ ဥယျာဉ်ကြီးအနီး၌ မြစ်ဖျားခံသော စနိတ်မြစ်ဖြစ်၍ ပြည်နယ်၏ တောင်ပိုင်းကိုဖြတ်လျက် ဂငယ် ပုံသဏ္ဌာန်ဖြင့် မိုင်ပေါင်း ၁,ဝ၅ဝ ခန့်စီးဆင်းသည်။ အိုင်ဒါဟိုပြည်နယ်နှင့် အိုရီဂွန်ပြည်နယ်တို့အကြား ဆဲဗင်းဒဲဗီးတောင်တန်းကြားကို ဖြတ်သန်းရာ၌ ပေ ၈,ဝဝဝ ခန့်အစောက်ရှိသော ကျဉ်းမြောင်းနက်ရှိုင်းသည့် ချောက်ကမ်းပါးကိုဖြစ်ပေါ်စေရာ၊ ယင်းချောက်သည် မြောက်အမေရိကတိုက်၌ အနက်ရှိုင်းဆုံးဖြစ်သည်။
အင်းအိုင်များလည်း ပေါများလှပေရာ ပန်းအိုရီး၊ ကိုးဒလင်း၊ ပရိ၊ ဂရေး၊ ဟင်နရီအိုင်တို့သည် အကြီးဆုံးဖြစ်သည်။ အိုင်ဒါဟိုပြည်နယ်သည် သမပိုင်းဒေသတွင် တည်ရှိသော်လည်း ပစိဖိတ်သမုဒ္ဒရာနှင့် နီး၍လည်းကောင်း၊ ကိုလံဘီယာတောင်ကြားမှ ပူနွေးသော ချိနွတ်လေကို ရရှိသဖြင့်လည်းကောင်း၊ ရော့ကီးတောင်တန်းကြီးက အေးမြသော အရှေ့မြောက်လေကို ကာဆီးထားသဖြင့်လည်းကောင်း ပျမ်းမျှအမြင့်ဆုံး အပူချိန်သည် ဖာရင်ဟိုက် ၄၅ မှ ၅ဝ ဒီဂရီဖြစ်သည်။ ပျမ်းမျှမိုးရေချိန် (နှင်းစိုမိုး) ၁၇.၉ လက်မရှိ၍ ကျဆင်းသော ပျမ်းမျှနှင်းခဲ ထုမှာ ၅၉ လက်မဖြစ်လေသည်။
အိုင်ဒါဟိုပြည်နယ်သည် မြေထွက် သယံဇာတပစ္စည်းများဖြင့် ကြွယ်ဝသည်။ ရေတံခွန်များစွာတို့မှ ရေအားလျှပ်စစ်ကို ဖောဖောသီသီရရှိနိုင်သည်။ သစ်တောများသည်လည်း မြေဧရိယာ၏ ၃၅.၅ ရာခိုင်နှုန်းကို ဖုံးလွှမ်းလျက်ရှိသည်။ ကမ္ဘာ၌အကြီးဆုံးသော ပိုင်းထင်းရှူးဖြူသစ်တောများကို အိုင်ဒါဟိုပြည်နယ်၌တွေ့ရှိရ၍ ဒေါက်ဂလတ် ထင်းရှူးနီ၊ ထင်းရှူးဝါ၊ စပရုထင်းရှူး၊ မိုးမခစသော သစ်ပင်တောအုပ်များလည်း အများအပြားရှိသည်။ သို့သော် သယ်ယူပို့ဆောင်ရေး မလွယ်ကူသောကြောင့် သစ်ထုတ်လုပ်ရေးကို မဆောင်ရွက်နိုင်ပေ။ အိုင်ဒါဟိုပြည်နယ်မှ အဖိုးတန်သတ္တုများဖြစ်ကြသော ဖော့စဖိတ်၊ ခဲ၊ ငွေ၊ သံတို့အများအပြားထွက်သည့်အပြင် ကျောက်မီးသွေး၊ ထုံးကျောက်၊ သဲကျောက်၊ ကျောက်ဂွမ်း စသည်တို့လည်းထွက်သည်။ အခြားအသင့်အတင့်ထွက်ရှိသော သတ္တုများမှာ အန်တီမိုနီ၊ သံဖြူ၊ ကြေးနီ နှင့် ရွှေတို့ဖြစ်ကြလေသည်။
သို့သော် ဆည်မြောင်းများဖြင့် ရေသွင်းစိုက်ပျိုးရေး အထူးအောင်မြင်သောကြောင့် အိုင်ဒါဟိုပြည်နယ် တစ်ခုလုံး၏ အဓိကလုပ်ငန်းသည် စိုက်ပျိုးရေးဖြစ်သည်။ ပြည်နယ်၏တောင်ပိုင်းနှင့် အလယ်ပိုင်း၊ စနိတ်မြစ်နှင့် မြစ်လက်တက်များစီးဆင်းရာ မြေညီမြစ်ဝှမ်းဒေသများတွင် မြေဩဇာထက်သန်သဖြင့် စိုက်ပျိုးရေးဖြစ်ထွန်းသည်။ ဆည်မြောင်းများဖြင့် ရေသွယ်စိုက်ပျိုးရေး ကောင်းစွာဆောင်ရွက်နိုင်သဖြင့် သဲကန္တာရများသည် ဖွံ့ဖြိုးသော လယ်ခင်းယာခင်းများ၊ စိမ်းလန်းစိုပြည်သော ခြံဥယျာဉ်များအဖြစ် ရောက်ရှိခဲ့သည်။ အိုက်ဒဟိုးပြည်နယ်၏ တောင်ပိုင်းအချို့ အရပ်များတွင် ရေများစွာမလိုသောကောက်မျိုးတို့ကို စိုက်ပျိုးကြလေသည်။
အိုင်ဒါဟိုပြည်နယ်ထွက် အာလူးများသည် အမျိုးအစားကောင်း၍ ကျော်ကြားသည်။ အိုင်ဒါဟိုပြည်နယ်တွင် အာလူးကို အများအပြား စိုက်ပျိုးကြသည်။ မြင်းစာနွားစာအတွက် လူဆန်းပဲပင် (အယ်လဖား ဖား)၊ ဂျုံစပါး၊ မုယောစပါးနှင့် သကြားမုန်လာတို့ကိုလည်း ပြည်နယ်တစ်ခုလုံး၌ အကြီးအကျယ် စိုက်ပျိုးလုပ်ကိုင်ကြသည်။ ကျယ်ပြန့်သောတောင်ကြားများ၌ ပန်းသီး၊ ဆီးသီး၊ သင်္ဘောဆီးသီး၊ မက်မုံသီး၊ ချယ်ရီသီးတို့ကို စိုက်ပျိုးလုပ်ကိုင်၍ အိုင်ဒါဟိုပြည်နယ်သည် ပန်းသီးအထွက်ကောင်းသော ပြည်နယ်တစ်ခုဖြစ်လေသည်။ နွား၊ ဆိတ်၊ ဝက် မွေးမြူရေးလုပ်ငန်းကိုလည်း အများအပြားလုပ်ကိုင်ကြရာ နွားမွေးမြူရေးလုပ်ငန်းသည် အရေးပါသော လုပ်ငန်းတစ်ရပ်ဖြစ်သည်။
စက်မှုလုပ်ငန်းများအနေဖြင့် သကြားစက်ရုံ၊ ဂျုံကြိတ်စက်ရုံ၊ ဒိန်ခဲစက်ရုံ၊ နို့ဆီချက်စက်ရုံတို့အပြင် သစ်သီးစည်သွတ်စက်ရုံများသည် အရေးပါသော လုပ်ငန်းများဖြစ်ကြသည်။ ပြည်နယ်အတွင်း လွှစက်၊ သစ်စက်များလည်းရှိ၍ ဖော့စဖိတ်မြေဩဇာထုတ်လုပ်ရေးစက်သည် အရေးပါသောလုပ်ငန်းတစ်ရပ်အဖြစ် တိုးတက်လာလျက်ရှိသည်။ ယင်းတို့မှလွဲလျှင် အိုင်ဒါဟိုပြည်နယ်၌ အခြားကြီးကြီးကျယ်ကျယ် စက်မှုလုပ်ငန်းများ မရှိသေးချေ။
မြို့ကြီးများသည် တစ်မြို့နှင့်တစ်မြို့ အလှမ်းကွာဝေး၍ ပြည်နယ်၏ မြေမျက်မျက်နှာသွင်ပြင်သည် တောင်ထူထပ်သဖြင့် လမ်းပန်းဆက်သွယ်ရေးကို ခဲခဲယဉ်းယဉ်း ဆောင်ရွက်ကြရသည်။ ပြည်နယ်တည်ထောင်စအခါက ရှေးယခင် တိုင်းရင်းသားအင်းဒီးယန်းလူမျိုးများ ထွင်ခဲ့သောလမ်းကြောင်းများကို ပြုပြင်အသုံးချခဲ့ရသည်။ ထိုလမ်းဟောင်းများကိုလိုက်၍ မီးရထားလမ်း၊ မော်တော်ကားလမ်းများကို ဖောက်လုပ်ခဲ့ကြရာ၊ ဂရိတ်နော့သင်း မီးရထားလမ်းကြီးနှင့် ယူနီယံပစိဖိတ် မီးရထားလမ်းကြီးအပါအဝင် ပြည်နယ်တစ်ခုလုံး၏ မီးရထားလမ်း စုစုပေါင်း အလျားသည် မိုင် ၂၈၇ဝ ဖြစ်လေသည်။ မော်တော်ကားလမ်းရှည်ကြီး ငါးခုရှိသည်။ ပြည်နယ်တွင်း၌ လေကြောင်းကုမ္ပဏီနှစ်ခုရှိ၍ လေဆိပ်ပေါင်း ၆ဝ ကျော်ရှိလေသည်။
အိုင်ဒါဟိုပြည်နယ်အတွင်း၌ ပညာသင်ကြားရေးသည် ၁၈၃၆ ခုနှစ်ကစတင်ခဲ့၍ တိုင်းရင်းသားများအတွက် စာသင်ကျောင်းတစ်ကျောင်းကို စပေါလဒင်းသာသနာပြုအဖွဲ့က ထိုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ လူဖြူများအတွက် စာသင်ကျောင်းကို မော်မန်ဂိုဏ်းဝင်တို့က ၁၈၆ဝ ပြည့်နှစ်၌ တည်ထောင်သည်။ ထို့နောက် အစိုးရအုပ်ချုပ်ရေး ရောက်ရှိလာသောအခါ ပညာရေးစနစ်ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ကြသည်။ ၁၈၈၉ ခုနှစ်တွင် တည်ထောင်သော အိုင်ဒါဟိုတက္ကသိုလ်သည် မော့စကိုမြို့၌ရှိ၍ ပိုကာတယ်လိုမြို့တွင် အိုင်ဒါဟိုပြည်နယ်ကောလိပ်ရှိသည်။ ထို့ပြင် အယူဝါဒရေးဂိုဏ်းများက တည်ထောင်သော ကောလိပ်ကျောင်းများလည်းရှိသေးသည်။
ပြည်နယ်၏လူဦးရေသည် ၂၀၁၂ ခန့်မှန်း သန်းခေါင်စာရင်းအရ ၁,၅၉၅,၇၂၈ ယောက်ဖြစ်သည်။ ပြည်နယ်တွင်း၌ တိုင်းရင်းသားအင်ဒီးယန်း ၄ဝဝဝ ခန့်သည် လူဖြူများနှင့် မရောယှက်ပဲ သီးသန့်နေထိုင်ကြ၏။
သမ္မတဂျက်ဖာဆန်၏အမိန့်အရ မြေသစ်ရေသစ် စူးစမ်းလေ့လာရန် ထွက်ခဲ့ကြသော လွစ္စနှင့် ကလပ်တို့အဖွဲ့သည် ၁၈ဝ၅ ခုနှစ်တွင် အိုင်ဒါဟိုပြည်နယ် ဖြစ်လာမည့်ဒေသသို့ ရောက်လာကြသည်။ လွစ္စတို့အဖွဲ့၏ နောက်ရောက်လာကြသူများမှာ သားမွေးကုန်သည်များ၊ သားမွေးကောင်ဖမ်းသူများ၊ သာသနာပြုများဖြစ်ကြသည်။ ဤသို့အားဖြင့် လူများလာရောက် အခြေစိုက် နေထိုင်ခဲ့ကြ၏။
၁၈၆ဝ ပြည့်နှစ်တွင် ထိုဒေသ၏ အချို့အရပ်များ၌ ရွှေတွေ့သည်မှစ၍ အခြားပြည်နယ်မှ ရွှေသိုက်တူးလိုသူများ အများအပြား ပြောင်းလာကြသည်။ ရွှေရူးထသည့်ခေတ်ကုန်ဆုံး သွားပြီးနောက်တွင် ယူးတားနှင့် ဝိုင်အိုးမင်းပြည်နယ်တို့မှ လယ်သမားများ၊ မွေးမြူရေးသမားများရောက်လာကြသည်။ ဆည်မြောင်းများဖြင့် ရေသွင်းစိုက်ပျိုးရေး ကောင်းစွာဖြစ်ထွန်းသဖြင့် သဲကန္တာရများသည် သီးနှံထွက်ကောင်းသော လယ်ခင်းယာခင်းများဖြစ်လာသောအခါ အခြားပြည်နယ်များမှ တောင်သူလယ်သမားများ ပို၍ပြောင်းလာကြသည်။ ထို့နောက်တွင် ငွေနှင့် ခဲသတ္တုတို့ အမြောက်အမြား တွေ့ရှိပြန်သဖြင့် လူအမြောက်အမြား ရောက်လာကြပြန်လေသည်။
၁၈၄၈ ခုနှစ်မှစ၍ အိုရီဂွန်ပြည်နယ်၏ တစ်စိတ်တစ်ဒေသဖြစ်လာခဲ့သော အိုင်ဒါဟိုဒေသကို ၁၈၆၃ ခုနှစ်တွင် သီးခြားနယ်ပယ်ဒေသအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့၏။ ဤသို့ဖြင့် တဖြည်းဖြည်းတိုးတက် ဖွံ့ဖြိုးလာသော အိုင်ဒါဟိုနယ်သည် ၁၈၉ဝ ပြည့်နှစ်ဇူလိုင်လ ၃ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုအတွင်း ၄၃ ခုမြောက် ပြည်နယ်အဖြစ် ပါဝင်ခွင့် ရခဲ့လေသည်။[၂]
-
အိုင်ဒါဟိုပြည်နယ် တောင်အလယ်ပိုင်းရှိ ရှိုရှုံးရေတံခွန်
-
အိုင်ဒါဟိုပြည်နယ် မြောက်အလယ်ပိုင်းရှိ ပါးလို့စ်ဒေသ
-
အိုင်ဒါဟိုပြည်နယ် မြောက်ပိုင်းရှိ ကိုးဒလင်းအိုင်
-
အိုင်ဒါဟိုပြည်နယ် အလယ်ပိုင်းရှိ ရက်ဖစ်ဖ်အိုင်
-
ပါးလို့စ်ဒေသရှိ ဂျုံစိုက်ခင်းတစ်ခု