CITES

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
အခြား အသုံးအနှုန်းများ အတွက် CITE (သံတူကြောင်းကွဲ) ကို ကြည့်ပါ။
CITES
မျိုးသုန်းရန်အန္တရာယ်ရှိသော တောရိုင်းတိရစ္ဆာန် နှင့် သစ်ပင်ပန်းမန်များ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ် အဖွဲ့
အမျိုးအစားသဘောတူစာချုပ်
လက်မှတ်ရေးထိုးသည့် နေ့စွဲ၃ မတ် ၁၉၇၃ (၁၉၇၃-၀၃-၀၃)
တည်နေရာဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့
အသက်ဝင်သည့် နေ့စွဲ၁ ဇူလိုင် ၁၉၇၅
ထိရောက်မှု အခြေအနေသဘောတူညီမှု (၁၀) ချက်
အဖွဲ့ဝင်များ၁၈၄
တာဝန်အပ်နှင်းသူဆွစ်ဇာလန်နိုင်ငံ ဆွစ်ဇာလန် နိုင်ငံတော်အစိုးရ
ဘာသာစကား
ဝီကီရင်းမြစ်တွင်ရှိသော Convention on International Trade in Endangered Species of Wild Fauna and Flora

CITES ဆိုသည်မှာ “The Convention on International Trade in Endangered Species of Wild Fauna and Flora” ၏ အတိုကောက်အမည်ဖြစ်ပြီး မြန်မာဘာသာဖြင့် “မျိုးသုန်းရန်အန္တရာယ်ရှိသော တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ် အဖွဲ့” ဟု အဓိပ္ပါယ်ရသည်။ ဤသဘောတူညီမှု စာချုပ်သည် မျိုးသုဉ်းလုနီးပါးအန္တရာယ်နှင့် ရင်ဆိုင်နေရသော တောရိုင်းတိရစ္ဆာန်နှင့်သစ်ပင်ပန်းမန် မျိုးစိတ်များအား တရားမဝင်ကုန်သွယ်နေမှုများကို ကာကွယ်တားဆီးပေးခြင်းဖြင့် ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန် ရည်ရွယ်၍ နိုင်ငံပေါင်းစုံမှ ပါဝင်လက်မှတ်ရေးထိုးပြီး ချုပ်ဆိုထားသော နိုင်ငံတကာ သဘောတူ စာချုပ်တစ်ခုဖြစ်သည်။ ၁၉၆၃ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး အသင်း၏ အဖွဲ့ဝင်များ အစည်းအဝေး၌ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များအပေါ် အခြေခံ၍ စာချုပ်ပါ သဘောတူညီမှုအချက်အလက်များကို ရေးဆွဲထားခြင်းလည်းဖြစ်သည်။ စာချုပ်အား ၁၉၇၃ ခုနှစ်တွင် လက်မှတ်ရေးထိုးချုပ်ဆိုနိုင်ခဲ့ပြီး CITES ၏ သဘောတူညီမှုအချက်များသည် ၁၉၇၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ အသက်ဝင်ခဲ့လေသည်။

၎င်း၏ ရည်ရွယ်ချက်မှာ တောရိုင်းတိရိစ္ဆာန်များနှင့် အပင်များ၏ အစိတ်အပိုင်း နမူနာများအား နိုင်ငံတကာ ကုန်သွယ်မှုပြုခြင်းဖြင့် မျိုးစိတ်များ၏ ရှင်သန်မှုအပေါ် ထိခိုက်မှု မရှိစေရန်နှင့်၊ တိရစ္ဆာန်နှင့် အပင် မျိုးစိတ်အရေအတွက်ပေါင်း ၃၅,၀၀၀ ကျော်အတွက် အမျိုးမျိုးသော ကာကွယ်စောင့်ရှောက်မှုများ ရရှိနိုင်စေရန်ဖြစ်သည်။ အကောက်ခွန်နှင့် ကုန်သွယ်ရေးဆိုင်ရာ အထွေထွေသဘောတူညီမှု စာချုပ် (GATT) ပါ အချက်အလက်များအား ချိုးဖောက်ခြင်းမရှိကြောင်းကို သေချာမှုရှိစေရန်အတွက်လည်း စာချုပ်မူကြမ်းရေးဆွဲခြင်း လုပ်ငန်းစဉ်ကာလအတွင်း၌ GATT ၏ အတွင်းရေးမှူးအဖွဲ့နှင့် ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။[၁]

၂၀၁၈ ခုနှစ်၏ အချက်အလက်များအရ CITES ၏ အထွေထွေအတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်နေသူမှာ Ivonne Higuero ဖြစ်သည်။[၂]

နောက်ခံသမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်တာ[ပြင်ဆင်ရန်]

CITES သည် လက်ရှိအချိန်ထိ တည်ရှိနေသမျှသော ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ရေရှည်တည်တံ့သော အသုံးပြုမှုဆိုင်ရာ အကြီးမားဆုံးနှင့် ရှေးအကျဆုံးသော သဘောတူညီမှုများထဲမှ တစ်ခုဖြစ်သည်။ ပူးပေါင်းပါဝင်မှုသည် ဆန္ဒအလျောက်ဖြစ်ပြီး သဘောတူညီမှုစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးထားသည့် နိုင်ငံများအား အဖွဲ့ဝင်များဟု ခေါ်ဆိုသုံးနှုန်းသည်။ CITES သည် အဖွဲ့ဝင်များအပေါ် တရားဝင်ပြဋ္ဌာန်းချက်များဖြင့် စည်းနှောင်ထားသော်လည်း၊ နိုင်ငံအသီးသီး၏ ပြဋ္ဌာန်းထားသော ဥပဒေများအား အစားထိုးစေခြင်း မရှိပေ။ ထိုသို့အစား ၎င်းသည် နိုင်ငံအဆင့်တွင် CITES ၏ သဘောတူညီချက်များကို အကောင်အထည်ဖော်နိုင်စေရန်အတွက် အဖွဲ့ဝင် နိုင်ငံအသီးသီးမှ လေးစားလိုက်နာပြီး ၎င်းနိုင်ငံအသီးသီး၏ ကိုယ်ပိုင်ပြည်တွင်း ဥပဒေများဖြင့် ချမှတ်နိုင်စေမည့် မူဘောင်တစ်ခုကို ပံ့ပိုးပေးထားလေသည်။ မကြာခဏဆိုသလို၊ ပြည်တွင်းဥပဒေ၌ ထည့်သွင်းပြဋ္ဌာန်းခြင်း မပြုလုပ်သော (အထူးသဖြင့် ၎င်းကိုအတည်ပြုခြင်းမပြုသော အဖွဲ့ဝင်များ) သို့မဟုတ် ရာဇဝတ်မှု ကျူးလွန်သော တောရိုင်းတိရိစ္ဆာန် ကုန်သည်များအား ထိရောက်သော အရေးယူမှုများ ပြုလုပ်ခြင်းမရှိသော အဖွဲ့ဝင်များကို တားဆီးပိတ်ပင်သော နည်းလမ်းဖြင့် ပြစ်ဒဏ်ပေးလေ့ရှိသည်။[၃] ၂၀၀၂ ခုနှစ်အထိ ကောက်ယူထားသော ကိန်းဂဏန်းများအရ အဖွဲ့ဝင်နိုင်ငံများ၏ ၅၀% သည် စီမံခန့်ခွဲမှုနှင့် သိပ္ပံဆိုင်ရာ အာဏာပိုင်များ ခန့်ထားခြင်း၊ CITES ကို ချိုးဖောက်ခြင်းဖြစ်စေသော ကုန်သွယ်မှုများအား ဥပဒေပြဋ္ဌာန်း၍ တားမြစ်ခြင်း၊ ထိုကဲ့သို့သော ကုန်သွယ်မှုများအတွက် ပြစ်ဒဏ်များ သတ်မှတ်ပြဋ္ဌာန်းခြင်းနှင့် အစိတ်အပိုင်း နမူနာများ သိမ်းဆည်းခြင်းဆိုင်ရာ ဥပဒေများ ပြဋ္ဌာန်းခြင်းဟူသော အဓိကအချက် (၄)ခုတွင် တစ်ခု (သို့) ၎င်းထက်ပို၍ပင် ပြုလုပ်ရန် ပျက်ကွက်ကြောင်း သိရ၏။[၄]

သဘောတူညီချက်များ[ပြင်ဆင်ရန်]

စာချုပ်ချုပ်ဆိုသော အဖွဲ့ဝင်နိုင်ငံများ။ ဂရင်းလန်းသည် ဒိန်းမတ်နိုင်ငံမှတဆင့် CITES စည်းမျဉ်းများနှင့် အကျုံးဝင်သည်။[၅]

၁၉၇၃ ခုနှစ် မတ်လ ၃ ရက်နေ့တွင် ဝါရှင်တန်ဒီစီ၊ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီတွင် နိုင်ငံပေါင်း ၈၀ မှ ကိုယ်စားလှယ်များ၏ အစည်းအဝေး၌ သဘောတူညီချက် စာသားကို အပြီးသတ်ခဲ့ကြသည်။ ထို့နောက် ၁၉၇၄ ဒီဇင်ဘာ ၃၁ ရက်အထိ လက်မှတ်ရေးထိုးနိုင်ရန် ဖိတ်ခေါ်ခဲ့သည်။ ၁၀ ခုမြောက် အဖွဲ့ဝင်၏ လက်မှတ်ရေးထိုးမှုအပြီး ၁၉၇၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် အသက်ဝင်ခဲ့သည်။ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးသော နိုင်ငံများသည် သဘောတူညီခြင်း၊ လက်ခံခြင်း သို့မဟုတ် အတည်ပြုခြင်းအားဖြင့် အဖွဲ့ဝင်များ ဖြစ်လာကြသည်။ ၂၀၀၃ နှစ်ကုန်၌ လက်မှတ်ရေးထိုးထားသည့် နိုင်ငံများအားလုံးသည် အဖွဲ့ဝင်များဖြစ်လာခဲ့သည်။ လက်မှတ်မထိုးထားသောနိုင်ငံများသည်လည်း သဘောတူစာချုပ်အဖွဲ့သို့ ပါဝင်ခြင်းဖြင့် အဖွဲ့ဝင်များဖြစ်လာနိုင်သည်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလအထိ ညီလာခံတွင်ပါဝင်သည့် နိုင်ငံပေါင်းမှာ ၁၈၂ နိုင်ငံဖြစ်ပြီး ဥရောပသမဂ္ဂပါ ထည့်သွင်းရေတွက်ပါက အဖွဲ့ဝင်အရေအတွက်မှာ ၁၈၃ ဖြစ်သည်။[၆]

ကုန်သွယ်မှုဆိုင်ရာ စည်းမျဉ်း[ပြင်ဆင်ရန်]

CITES သည် အချို့သော ထိန်းချုပ်မှုများတွင် ရွေးချယ်ထားသော မျိုးစိတ် နမူနာနှင့် ဆက်စပ်အစိတ်အပိုင်းများကို ထိန်းချုပ်မှုအောက်၌ နိုင်ငံတကာ ကုန်သွယ်မှုအား ပြုလုပ်စေသည်။ ကွန်ဗင်းရှင်းမှ လွှမ်းခြုံထားသော ပင်လယ်မှ သွင်းကုန်၊ ပို့ကုန်၊ ပြန်လည်တင်ပို့ခြင်းနှင့် မိတ်ဆက်ခြင်း အားလုံးကို လိုင်စင်စနစ်ဖြင့်သာ ခွင့်ပြုရမည်ဖြစ်သည်။ သဘောတူညီချက် အပိုဒ် ၉ တွင်ပါဝင်သော စီမံခန့်ခွဲမှုဆိုင်ရာနှင့် သိပ္ပံဆိုင်ရာ အာဏာပိုင်များ ဟူသော ကိစ္စရပ်နှင့်စပ်လျဉ်း၍ အဖွဲ့ဝင်အသီးသီးသည် အဆိုပါ လိုင်စင်စနစ်အား စီမံခန့်ခွဲရန် တာဝန်ခံ အဖွဲ့တစ်ခု သို့မဟုတ် ၎င်းထက်ပိုသော စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့များနှင့် CITES တွင် ထည့်သွင်းဖော်ပြထားသော မျိုးစိတ်များ ကုန်သွယ်မှုပြုခြင်း အဆင့်အတန်းအပေါ် သက်ရောက်မှုများကို အကြံပေးနိုင်ရန်အတွက် သိပ္ပံပညာရပ်ဆိုင်ရာ အာဏာပိုင်အဖွဲ့ တစ်ခု သို့မဟုတ် ၎င်းထက်ပိုသော အာဏာပိုင်အဖွဲ့များကို သတ်မှတ်ပေးရမည်ဖြစ်သည်။

နောက်ဆက်တွဲများ[ပြင်ဆင်ရန်]

အကြမ်းဖျင်းအားဖြင့် တိရစ္ဆာန်မျိုးစိတ် ၅၀၀၀ နှင့် အပင်မျိုးစိတ် ၂၉၀၀၀ ခန့်ကို နိုင်ငံတကာ ကုန်သွယ်မှုမှတဆင့် အလွန်အကျွံ အမြတ်ထုတ်မှုများမှ ကာကွယ်ထားသည်။ ကာကွယ်ထားသော မျိုးစိတ်များ သို့မဟုတ် အကောင်ဦးရေများသည် ရေးဆွဲဖော်ပြထားသော စာရင်း (၃)ခုအနက် တစ်ခုခုထဲတွင် ပါဝင်ကြပြီး ၎င်းစာရင်းများအား နောက်ဆက်တွဲများဟုခေါ်ဆိုလေသည်။[၇][၈] မျိုးစိတ် သို့မဟုတ် လူဦးရေစာရင်းပါ နောက်ဆက်တွဲသည် ၎င်းအတွက် ခြိမ်းခြောက်မှုအတိုင်းအတာနှင့် ကုန်သွယ်မှုနှင့် သက်ဆိုင်သည့် ထိန်းချုပ်မှုများကို ထင်ဟပ်စေသည်။

နောက်ဆက်တွဲ - ၁ (Appendix I)[ပြင်ဆင်ရန်]

နောက်ဆက်တွဲ - ၁ တွင်ပါဝင်သော မျိုးစိတ် ၁၂၀၀ ခန့်သည် မျိုးသုဉ်းရန် ခြိမ်းခြောက်ခံနေရသော မျိုးစိတ်ဖြစ်ပြီး ကုန်သွယ်မှုကြောင့် ထိခိုက်နိုင်သည် ။ ဤမျိုးစိတ်များ၏ တောရိုင်းဖမ်းမိနမူနာများအား ကူးသန်းရောင်းဝယ်ခြင်းသည် တရားမဝင် ကုန်သွယ်မှုအဖြစ် သတ်မှတ်သည် (ခြွင်းချက်လိုင်စင်ရ အခြေအနေများတွင်သာ ခွင့်ပြုသည်)။ နောက်ဆက်တွဲ - ၁ ပါ မျိုးစိတ်များ၏ မွေးမြူထားသော တိရစ္ဆာန်များ သို့မဟုတ် စိုက်ပျိုးထားသော အပင်များကိုမူ နောက်ဆက်တွဲ - ၂ (Appendix II) စာရင်းဝင်အနေဖြင့်သာ ထည့်သွင်းစဉ်းစားသည်။ ဦးရေတစ်ခုစီ၏ တင်ပို့မှုသည် တောရိုင်းတွင် ရှင်သန်နေသော အရေအတွက်အပေါ် ဆိုးရွားစွာ မထိခိုက်စေကြောင်း သေချာမှုရှိစေရန် တင်ပို့သည့်နိုင်ငံ၏ သိပ္ပံပညာဆိုင်ရာ အာဏာပိုင်အဖွဲ့သည် ထိခိုက်မှုမရှိကြောင်း ရှာဖွေတွေ့ရှိမှုသက်သေပြရမည်ဖြစ်သည်။ ယင်းမျိုးစိတ်များအား ကုန်သွယ်မှုပြုရန် တင်ပို့ခွင့်ရော တင်သွင်းခွင့်ပါ ခွင့်ပြုချက် ပါမစ် လိုအပ်သည်။ တင်သွင်းသည့် နိုင်ငံအနေဖြင့် ၎င်းမျိုးစိတ် နမူနာများကို လုံလောက်စွာ ပြုစုစောင့်ရှောက်နိုင်မှုရှိကြောင်းကို တင်သွင်းမှု ခွင့်ပြုချက် ပါမစ်ကို အာမခံထား၍ သက်သေပြရမည်ဖြစ်သည်။

နောက်ဆက်တွဲ - ၂ (Appendix II)[ပြင်ဆင်ရန်]

နောက်ဆက်တွဲ - ၂ တွင် ပါဝင်သည့် မျိုးစိတ် ၂၁၀၀၀ ခန့်သည် မျိုးသုဉ်းရန် ခြိမ်းခြောက်မှု မရှိသေးကြောင်း သေချာသော မျိုးစိတ်များဖြစ်သော်လည်း ယင်းမျိုးစိတ်များတွင် ရောင်းဝယ်ဖောက်ကားမှုဆိုင်ရာ တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများကို မလိုက်နာပါက တောရိုင်း မျိုးစိတ်များ၏ ရှင်သန်မှုနှင့် သဟဇာတမဖြစ်သော အသုံးချမှုမှ ကင်းဝေးနိုင်မည်ဖြစ်သည်။ ထို့အပြင် နောက်ဆက်တွဲ - ၂ သည် နောက်ဆက်တွဲများထဲသို့ စာရင်းသွင်းထားပြီးဖြစ်သည့် မျိုးစိတ်များနှင့် ဆင်တူသော မျိုးစိတ်များကိုပါ ထည့်သွင်းနိုင်သည်။ နောက်ဆက်တွဲ - ၂ မျိုးစိတ်များ၏ နမူနာများနှင့် ထွက်ကုန်များကို အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုပြုရာတွင် ပို့ကုန် ခွင့်ပြုချက် သို့မဟုတ် ပြန်လည်တင်ပို့ခြင်း အသိအမှတ်ပြုလက်မှတ်ဖြင့် ခွင့်ပြုနိုင်သည်။ လက်တွေ့တွင် နောက်ဆက်တွဲ - ၂ စာရင်းဝင် တိရစ္ဆာန်များအား နှစ်စဉ် ဦးရေပမာဏ သိန်းနှင့်ချီ၍ ရောင်းဝယ်ဖောက်ကားကြသည်။[၉] CITES လက်အောက်ရှိ ဤမျိုးစိတ်များအတွက် တင်သွင်းခွင့် မလိုအပ်သော်လည်း အချို့သော အဖွဲ့ဝင် နိုင်ငံများ၏ တင်းကျပ်စွာ ပြဋ္ဌာန်းထားသော ပြည်တွင်း ဥပဒေများကြောင့် တင်သွင်းမှု ခွင့်ပြုချက် ပါမစ် လိုအပ်သည်။ တင်ပို့သည့် အဖွဲ့ဝင် နိုင်ငံမှလည်း ပျက်စီးမှုမရှိကြောင်း ဖော်ပြချက်နှင့် တင်ပို့မှု ခွင့်ပြုမိန့် လိုအပ်သည်။[၁၀]

နောက်ဆက်တွဲ - ၃ (Appendix III)[ပြင်ဆင်ရန်]

နောက်ဆက်တွဲ - ၃ တွင် ပါဝင်သော မျိုးစိတ်အရေအတွက် ၁၇၀ ခန့်ရှိပြီး ၎င်းတို့မှာ အဖွဲ့ဝင်နိုင်ငံတစ်ခုမှ မျိုးစိတ်တစ်ခုနှင့်ပတ်သက်သော ကုန်သွယ်မှုများကို ထိန်းချုပ်ရန်အတွက် အခြားသောအဖွဲ့ဝင် နိုင်ငံများထံသို့ အကူအညီပေးရန် တောင်းဆိုမှုများအား စာရင်းသွင်းထားခြင်းဖြစ်သည်။ ၎င်းမျိုးစိတ်များသည် ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းမှု အန္တရာယ်ကျရောက်နေခြင်းမရှိပေ။ အဖွဲ့ဝင်နိုင်ငံအားလုံးတွင် အဆိုပါမျိုးစိတ်များကို သင့်လျော်သော ပို့ကုန်ပါမစ်နှင့် မျိုးစိတ်စာရင်းပြုစုထားသော အဖွဲ့ဝင်နိုင်ငံ၏ လက်မှတ်ဖြင့်သာ ကုန်သွယ်မှုကို ခွင့်ပြုသည်။[၁၀]

အစည်းအဝေး ကျင်းပမှုများ[ပြင်ဆင်ရန်]

အစည်းအဝေးပွဲ မြို့အမည် နိုင်ငံ ကျင်းပသည့် နေ့စွဲ
CoP 1 Bern   ဆွစ်ဇာလန် ၂ – ၆ နိုဝင်ဘာ ၁၉၇၆
CoP 2 San José  ကော့စတာရီကာ ၁၉ – ၃၀ မတ် ၁၉၇၉
CoP 3 နယူးဒေလီမြို့  အိန္ဒိယ ၂၅ ဖေဖော်ဝါရီ – ၈ မတ် ၁၉၈၁
CoP 4 Gaborone  ဘော့ဆွာနာ ၁၉ – ၃၀ ဧပြီ ၁၉၈၃
CoP 5 ဗျူနိုအေးရိစ်မြို့  အာဂျင်တီးနား ၂၂ ဧပြီ – ၃ မေ ၁၉၈၅
CoP 6 အော့တဝမြို့  ကနေဒါ ၁၂ – ၂၄ ဇူလိုင် ၁၉၈၇
CoP 7 Lausanne   ဆွစ်ဇာလန် ၉ – ၂၀ အောက်တိုဘာ ၁၉၈၉
CoP 8 ကျိုတိုမြို့  ဂျပန် ၂ – ၁၃ မတ် ၁၉၉၂
CoP 9 Fort Lauderdale  အမေရိကန် ၇ – ၁၈ နိုဝင်ဘာ ၁၉၉၄
CoP 10 ဟာရာ့ရီမြို့  ဇင်ဘာဘွေ ၉ – ၂၀ ဇွန် ၁၉၉၇
CoP 11 Gigiri  ကင်ညာ ၁၀ – ၂၀ ဧပြီ ၂၀၀၀
CoP 12 ဆန်တီယာဂိုမြို့  ချီလီ ၃ – ၁၅ နိုဝင်ဘာ ၂၀၀၂
CoP 13 ဘန်ကောက်မြို့  ထိုင်း ၂ – ၁၄ အောက်တိုဘာ ၂၀၀၄
CoP 14 ဟိတ်မြို့တော်  နယ်သာလန် ၃ – ၁၅ ဇွန် ၂၀၀၇
CoP 15 ဒိုဟာမြို့  ကာတာ ၁၃ – ၂၅ မတ် ၂၀၁၀
CoP 16 ဘန်ကောက်မြို့  ထိုင်း ၃ – ၁၄ မတ် ၂၀၁၃
CoP 17 ဂျိုဟန္နက်စဗတ်မြို့  တောင်အာဖရိက ၂၄ စက်တင်ဘာ – ၅ အောက်တိုဘာ ၂၀၁၆
CoP 18 ဂျနီဗာမြို့   ဆွစ်ဇာလန် ၁၇ – ၂၈ ဩဂုတ် ၂၀၁၉
CoP 19 Panama City  ပနားမား ၁၄ – ၂၅ နိုဝင်ဘာ ၂၀၂၂

လာမည့် အစည်းအဝေးများ၏ လက်ရှိစာရင်းသည် CITES ပြက္ခဒိန်တွင် ဖော်ပြပေးသည်။[၁၁]


ကိုးကား[ပြင်ဆင်ရန်]

  1. What is CITES?cites.org။ CITES။
  2. Ivonne Higuero named as new CITES Secretary-Generalcites.org။ CITES။
  3. Zimmerman, "The Black Market for Wildlife: llegal Wildlife Trade," Vanderbilt Journal of Transnational Law 36 (5) 1657–1689 (November 2003)။ 21 June 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 February 2022 တွင် ပြန်စစ်ပြီး။
  4. Reeve, Policing International Trade in Endangered Species: The CITES Treaty and agreement. London: Earthscan, 2000.
  5. Denmark - National authorities (24 December 2020)။
  6. List of Contracting Parties – CITES
  7. Convention on International Trade in Endangered Species of Wild Fauna and Flora (2013)။ Appendices I, II and III
  8. Convention on International Trade in Endangered Species of Wild Fauna and Flora။ The CITES Appendices
  9. CITES Export Quotascites.org။ CITES။
  10. ၁၀.၀ ၁၀.၁ Appendices I, II and IIIcites.org။ CITES။
  11. CITES calendar


နောက်ထပ်ဖတ်ရန်[ပြင်ဆင်ရန်]


ပြင်ပလင့်များ[ပြင်ဆင်ရန်]


အဖွဲ့ဝင်နိုင်ငံများ (အဖွဲ့ဝင်များ)


နောက်ဆက်တွဲ - ၁/ ၂/ ၃ တို့တွင် ပါဝင်သော မျိုးစိတ်များစာရင်း (CITES မှ ကာကွယ်ထားသော မျိုးစိတ်များ)