ဇင်ဘာဘွေနိုင်ငံ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ဇင်ဘာဘွေ သမ္မတနိုင်ငံ
Republic of Zimbabwe
နိုင်ငံတော်အလံ နိုင်ငံတော်အမှတ်တံဆိပ်
ဆောင်ပုဒ်: Unity, Freedom, Work
နိုင်ငံတော်သီချင်း: Blessed be the land of Zimbabwe
မြို့တော် ဟာရဲမြို့
အကြီးဆုံး မြို့ မြို့တော်
ရုံးသုံးဘာသာများ ၁၆ ဘာသာစကားများ
အစိုးရ ပါလီမန် သမ္မတအစိုးရ
 •  သမ္မတ ရောဘတ် မူဂါဘဲ
 •  ဒု-သမ္မတ ဂျွိုက်မူဂျူရူး
ဂျွန်ကိုမို
 •  ဝန်ကြီးချုပ် {{{ခေါင်းဆောင်_အမည်(၃)}}}
ထူထောင်ရေး
 •  လွတ်လပ်ရေး ကြေငြာခြင်း(ယူကေမှ) နိုဝင်ဘာ ၁၁၊ ၁၉၆၅ 
 •  အသိအမှတ်ပြုခြင်း ဧပြီ ၁၈၊ ၁၉၈၀ 
ဧရိယာ
 •  စုစုပေါင်း ၁၅၀,၈၇၁ စတုရန်းမိုင်( ၃၉၀,၇၅၇km ) (အဆင့်: ၆၀)
 •  ရေဖုံးလွှမ်းမှု (%)
လူဦးရေ
 •  ခန့်မှန်း ၁၂,၅၂၁,၀၀၀ (၂၀၀၉)[၁] (အဆင့် - ၆၈)
 •  လူဦးရေသိပ်သည်းမှု ၂၆/km² (၅၇/sq mi)/km2 (အဆင့် - ၁၇၀)
ဂျီဒီပီ  (ပီပီပီ)) ခန့်မှန်း
 •  စုစုပေါင်း ၄.၆၄၄.၄၅၄ဘီလီယံ[၂] (အဆင့် - ၁၅၃)
 •  Per capita US $ ၃၉၅ (အဆင့် - ၁၈၁)
HDI ဝ.၁၄၀(အလွန်နိမ့်)[၃]
(အဆင့် - ၁၆၉)
ငွေ တောင်အာဖရိက ရမ်
ဘော့ဆွာနာပူလာ
ဗြိတိသျှပေါင်
အမေရိကန်ဒေါ်လာ[၄]
Calling code +၂၆၃
Internet TLD .zw

ဇင်ဘာဘွေနိုင်ငံသည် အာဖရိကတိုက်၏ တောင်ပိုင်းတွင်ရှိသော ကုန်းတွင်းပိတ်နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ ဇမ်ဘီဇီ နှင့် လင်ပိုပိုမြစ် နှစ်မြစ်ကြားတွင် တည်ရှိသည်။ တောင်ဘက်တွင် တောင်အာဖရိကနိုင်ငံ၊ အနောက်တောင်ဘက်တွင် ဘော့ဆွာနာနိုင်ငံ၊ အနောက်မြောက်ဘက်တွင် ဇမ်ဘီယာနိုင်ငံ နှင့် အရှေ့ဘက်တွင် မိုဇမ်ဘစ်နိုင်ငံ တို့က ဝိုင်းရံထားကြသည်။ ဇင်ဘာဘွေနိုင်ငံတွင် ရုံးသုံးဘာသာစကား ၃ မျိုးရှိသည်။ ၎င်းတို့မှာ အင်္ဂလိပ်ဘာသာ၊ ရှိုနာဘာသာနှင့် အွန်ဒယ်ဘီလီဘာသာတို့ ဖြစ်ကြသည်။

ဇင်ဘာဘွေနိုင်ငံသည် ဗြိတိသျှနိုင်ငံ၏ တောင်ရိုဒီးရှား ကိုလိုနီတစ်ခု အဖြစ် စတင်ခဲ့ပြီး ဗြိတိသျှ တောင်အာဖရိက ကုမ္ပဏီ၏ မြေပေါ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ သမ္မတ ရောဘတ်မူဂါဘဲသည် နိုင်ငံအကြီးအကဲနှင့် စစ်တပ်တွင် စစ်သေနာပတိချုပ်ဖြစ်သည်။ မော်ဂန် ဆဗန်ဂီရိုင်း သည် ဝန်ကြီးချုပ် ဖြစ်သည်။ မူဂါဘဲသည် နိုင်ငံတကာမှ အသိအမှတ်ပြုပြီး တရားဝင် လွတ်လပ်ရေးရသည့် ၁၉၈၀ ခုနှစ်မှ ယခုအထိ အုပ်ချုပ်ရေး ရာထူးလက်ကိုင် ရှိနေခဲ့သည်။

မာတိကာ

တည်နေရာ[ပြင်ဆင်ရန်]

အာဖရိကတိုက်အရှေ့တောင်ဘက်စွန်း တောင်လတ္တီတွဒ် ၁၅°၃၀′ နှင့် ၂၂°၃၀′ ကြား၊ အရှေ့လောင်ဂျီတွဒ် ၂၅°နှင့် ၃၃°ကြားတွင် တည်ရှိ။ မြောက်ဘက်တွင် ဇမ်ဘီယာသမ္မတနိုင်ငံ၊ အရှေ့ဘက်တွင် မိုဇမ်းဘက်သမ္မတနိုင်ငံ၊ တောင်ဘက်တွင် တောင်အာဖရိကသမ္မတနိုင်ငံ၊ အနောက်ဘက်တွင် ဘော့စ်ဆွာနာသမ္မတနိုင်ငံတို့ ဝန်းရံလျက်ရှိသည်။

မြေမျက်နှာပြင်[ပြင်ဆင်ရန်]

ဇင်ဘာဘွေသည် ဇမ်ဘီဇီနှင့် လင်ပိုပိုမြစ်နှစ်သွယ်ကြားရှိ မြင့်မားသောကုန်းပြင်မြင့်၏ တဘက်တချက်တွင် တည်ရှိသည်။ နိုင်ငံ၏ မြေမျက်နှာသွင်ပြင်ကို အမြင့်ပိုင်း ဗဲလ်မြက်ခင်းဒေသ၊ အလယ်ပိုင်းဗဲလ်မြက်ခင်းဒေသ၊ အနိမ့်ပိုင်း ဗဲလ်မြက်ခင်းဒေသ၊ အရှေ့ဘက်ကုန်းမြင့်ဒေသဟူ၍ အပိုင်းကြီးလေးပိုင်း ပိုင်းခြားထားသည်။

အမြင့်ပိုင်း ဗဲလ်မြက်ခင်းဒေသသည် ပေ ၄၀၀၀ အထက်ဖြစ်ပြီး နိုင်ငံ၏ အနောက်တောင်ဘက်နှင့် အရှေ့မြောက်ဘက် တန်းလျက်တည်ရှိသည်။ အရှေ့မြောက်ဘက်တွင် မြက်ခင်းပြင်သည် ပိုမိုကျယ်ပြန့်သည်။

အလယ်ပိုင်းဗဲလ်မြက်ခင်းဒေသသည် ပေ ၃၀၀၀ နှင့် ၄၀၀၀ အကြားတွင် ရှိပြီး အမြင့်ပိုင်း ဗဲလ်မြက်ခင်းဒေသကို ရံလျက် တည်ရှိ၍ အနောက်မြောက်ဘက်တွင် အကျယ်ပြန့်ဆုံးဖြစ်သည်။
အနိမ့်ပိုင်းဗဲလ်မြက်ခင်းဒေသသည် ပေ ၃၀၀၀ အောက်ဖြစ်ပြီး မြောက်ဘက်ရှိ ဇမ်ဘီဇီမြစ်ဝှမ်း တောင်ဘက်ရှိ ပိုမိုကျယ်ပြန့်သော လင်ပိုပိုမြစ်ဝှမ်းအရှေ့တောင်ဘက်ရှိ ဆာဘီလွန်ဒီမြစ်ဝှမ်းတို့ ဖွဲ့စည်းပါဝင်သည်။

အရှေ့ဘက်ကုန်းမြင့်ဒေသသည် ဇင်ဘာဘွေနိုင်ငံ၏ အမြင့်ဆုံးအပိုင်းဖြစ်ပြီး တောင်ထူထပ်သော အသွင်အပြင်လက္ခဏာကြောင့် ထူးခြားထင်ရှားသည်။ တောင်များသည် ပေ ၆၀၀၀ အထက်ဖြစ်ကြပြီး၊ အင်ယန်ဂါ တောင်ထိပ်မှာ ပေပေါင်း ၈၅၀၃ ပေရှိသည်။ တောင်ထူထပ်ကျဉ်းမြောင်းသော ဤဒေသသည် မိုဇမ်းဘစ်နိုင်ငံနှင့် နယ်ချင်းထိစပ်လျက် ရှိပြီး တောင်အာဖရိကကုန်းပြင်မြင့်၏ အမြင့်ဆုံးအစွန်းလည်း ဖြစ်သည်။

အကျယ်အဝန်း[ပြင်ဆင်ရန်]

ဧရိယာ စတုရန်း မိုင်ပေါင်း ၁၅၀,၈၇၃ ခန့် ကျယ်ဝန်းသည်။(၁၉၈၃ ခုနှစ်စာစောင်တွင် ဖော်ပြပါသည့်အတိုင်း)

ရာသီဥတု[ပြင်ဆင်ရန်]

ဇင်ဘာဘွေနိုင်ငံတွင် ရာသီဥတု သုံးမျိုးရှိသည်။ ယင်းတို့မှာ

  • ဆောင်းဥတု
  • နွေဥတု
  • မိုးဥတု တို့ဖြစ်သည်။ ဆောင်းဥတုမှာ မေလမှ ဇူလိုင်လထိဖြစ်ပြီး အေးမြခြောက်သွေ့သည်။ နွေဥတုမှာ ဩဂုတ်လမှအောက်တိုဘာလထိဖြစ်ပြီး ပူအိုက်ခြောက်သွေ့သည်။ မိုးဥတုမှာ နိုဝင်ဘာလမှ ဧပြီလထိဖြစ်ပြီး ပူနွေးစိုစွတ်သည်။ ဇင်ဘာဘွေနိုင်ငံ၏ အနေအထားသည် ကုန်းတွင်းကျသော်လည်း မြေမျက်နှာပြင်အနိမ့်အမြင့်က ရာသီဥတုကို ညီညွတ်မျှတစေသည်။

လင်ပိုပိုမြစ်ဝှမ်းရှိ ဘဒ်ဘရစ်ဂျ်၏ အအေးဆုံးလဖြစ်သော ဇူလိုင်လ၏ ပျမ်းမျှအပူချိန်မှာ ၆၀° ဖာရင်ဟိုက် ရှိပြီး အပူဆုံးလဖြစ်သော အောက်တိုဘာလ၏ ပျမ်းမျှအပူချိန်မှာ ၈၀° ဖာရင်ဟိုက်ရှိသည်။

အမြင့်ပိုင်းမြက်ခင်းဒေသရှိ ဘူလာဝေယို၏ အပူချိန်ခြားနားချက်မှာ ၅၆°ဖာရင်ဟိုက်နှင့် ၇၂°ဖာရင်ဟိုက် ဖြစ်ပြီး မြို့တော် ဟာရာရေး၏ အပူချိန်ခြားနားချက်မှာ ၅၆°ဖာရင်ဟိုက်နှင့် ၇၀°ဖာရင်ဟိုက်ဖြစ်သည်။

အရှေ့ဘက်ကုန်းမြင့်ဒေသသည် မိုးအများဆုံးရရှိသော ဒေသဖြစ်ပြီး မိုးရေချိန်လက်မ ၇၀ ကျော်ရွာသွန်းသည်။ နိုင်ငံ၏ အနောက်ဘက်ခြမ်းတွင် သိသာစွာ မိုးနည်းပါးသွားသည်။ အမြင့်ပိုင်း မြက်ခင်းဒေသတွင် မိုးရေချိန် ၂၅ လက်မနှင့် လက်မ ၃၀ ကြား ရွာသွန်းသည်။ မိုးအနည်းဆုံးရရှိသော ဒေသမှာ တောင်ပိုင်းရှိ လင်ပိုပိုမြစ်ဝှမ်းဖြစ်၍ နှစ်စဉ်ပျမ်းမျှမိုးရေချိန် ၁၅ လက်မအောက် ပုံမှန်ရွာသွန်းသည်။

လူဦးရေ[ပြင်ဆင်ရန်]

၁၉၈၂ ခုနှစ်ခန့်မှန်းခြေစာရင်းအရ ဥရောပတိုက်သား ၂ သိန်းနှင့် အာဖရိကတိုက်သား ၇,၅၀၀,၀၀၀ ရှိသည်။

မြို့တော်နှင့် မြို့ကြီးများ[ပြင်ဆင်ရန်]

မြို့တော်မှာ ဟာရဲ ခေါ် ဟာရာရေး(Harare) ဖြစ်သည်။ မြို့ကြီးများမှာ ဘူလာဝေယို(Bulawayo)၊ ဂွေလို(Gwelo)၊ မူတာရေး(Mutare)၊ ကွေကွေ(Kwe Kwe)၊ ဂါတူးမား(Gatooma)၊ ဝှမ်ဂေး(Hwangel)၊ ချင်ဟိုယီ(Chinhoyi)၊ ညံဒါ(Nyanda)၊ မာရန်ဒဲလားစ်(Marandellas)၊ ရှာဘာနီ(Shabani)နှင့် ရက်ဒ်ကလစ်ပ်(Redcliff) တို့ဖြစ်ကြသည်။

လူမျိုး[ပြင်ဆင်ရန်]

ဘန်တူအနွယ်ဝင် ရှိုနာလူမျိုး ၇၇ ရာခိုင်နှုန်း၊ အင်ဒီဘီလီလူမျိုး ၁၉ ရာခိုင်နှုန်း၊ ဥရောပတိုက်သား သုံးရာခိုင်နှုန်းနှင့် အာရှတိုက်သားတို့ ရှိသည်။

ဘာသာစကား[ပြင်ဆင်ရန်]

(၂၀၁၆ အရ)အင်္ဂလိပ်သည် ပညာရေးနှင့် တရားစီရင်ရေးတွင် အဓိကရသုံးသော အဓိကဘာသာစကားဖြစ်သည်။ ဘန်တူဘာသာစကားများဖြစ်သော ရှိုနာနှင့် စင်ဒီဘလီမှာ တိုင်းရင်းသားများကြား အသုံးများသော ဇင်ဘာဘွေ၏ ဘာသာစကားဖြစ်သည်။ ရှိုနာကို ၇၀ ရာခိုင်နှုန်းသော လူဦးရေးက ပြောပြီး၊ ၂၀ ရာခိုင်နှုန်းမှာ စင်ဒီဘလီပြောသည်။ အခြားအနည်းအကျဉ်းပြောကြသော ဘန်တူဘာသာစကားများမှာ ဗင်ဒ(Venda)၊ တဆွင်ဂ(Tsonga)၊ ရှန်ဂန်း(Shangaan)၊ ကလန်ဂါ(Kalanga)၊ ဆိုသို(Sotho)၊ နဒေါ်(Ndau)နှင့် နမ်ဗျာ(Nambya)တို့ ဖြစ်လေပြီး ၂.၅ ရာခိုင်နှုန်းထက် နည်းသော အထူးအားဖြင့် လူဖြူနှင့် သွေးနှောလူမျိုးအနည်းစုကသာ အင်္ဂလိပ်ကို မိခင်ဘာသာစကားဟု ထင်မှတ်လေသည်။ ရှိုနာစကားတွင် ပါးစပ်ပြောရာဇဝင်များစွာ ပါရှိပြီး ၎င်းကို ၁၉၅၆ တွင် ထုတ်ဝေသော ဆောလမွန် မုဆွိုင်းရို (Solomon Mutswairo) ရေးသည့် ရှိုနာစာဖြင့် ပထမဆုံးဝတ္ထုဖြစ်သော Feso တွင် တွေ့နိုင်လေသည်။ အင်္ဂလိပ်စကားကို အခြေခံအားဖြင့် မြို့တွင်သုံးပြီး၊ ကျေးလက်တွင် အသုံးနည်း၏။ ရေဒီယိုနှင့် ရုပ်သံသတင်းများကို ယခုသော် ရှိုနာ၊ စင်ဒီဘလီနှင့် အင်္ဂလိပ်လို ထုတ်လွှင့်နေလေပြီ။ ဇင်ဘာဘွေ၌ တရားဝင်ဘာသာစကား ၁၆ မျိုးရှိပြီး၊ ဖွဲ့စည်းပုံအရ ပါလီမန်အက်ဥပဒေက အခြားဘာသာစကားများကို တရားဝင်အသိအမှတ်ပြု ဘာသာစကားများအဖြစ် ဖော်ပြထားလေသည်။


ကိုးကွယ်သည့်ဘာသာ[ပြင်ဆင်ရန်]

ခရစ်ယာန်ဘာသာဝင် ရာခိုင်နှုန်း ၂၀၊ မိရိုးဖလာကိုးကွယ်မှု ရာခိုင်နှုန်း ၈၀ ရှိသည်။

ကျန်းမာရေး[ပြင်ဆင်ရန်]

ကျန်းမာရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားသော ဆေးရုံ၊ ဆေးခန်းနှင့် ဆေးပေးဌာန ၁၇၂ ခု ရှိသည်။ ဆေးကုသရေးအဖွဲ့က အစိုးရထောက်ပံ့ကြေးဖြင့် ဖွင့်လှစ်ထားသော ဆေးရုံနှင့် ဆေးခန်း ၇၃ ခု၊ အစိုးရထောက်ပံ့ကြေးလွတ် ဖွင့်လှစ်ထားသော ဆေးရုံနှင့် ဆေးခန်း ၃၂ ခုတို့ရှိသည်။ (၁၉၈၃ ခုက)

ပညာရေး[ပြင်ဆင်ရန်]

ဇင်ဘာဘွေနိုင်ငံတွင် ၁၉၇၈ စာရင်းအရ

  • မူလတန်းကျောင်း ၂၉၆၂ ကျောင်း၊
  • အလယ်တန်းနှင့် အထက်တန်းကျောင်း ၁၈၆ ကျောင်း၊
  • သက်မွေးပညာသင်ကျောင်း ၁၈ ကျောင်း၊
  • စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး ပညာသင်ကျောင်း ၂ ကျောင်း၊
  • ဆရာအတတ်သင်ကောလိပ် ၁၂ ကျောင်း၊
  • စိုက်ပျိုးရေးကောလိပ် ၂ ကျောင်း၊
  • ဇင်ဘာဘွေတက္ကသိုလ်၊
  • အချိန်ပိုင်းသင်တန်းပေါင်း ၆၀ နှင့်
  • ကိုယ်လက်အင်္ဂါချို့တဲ့သူများဆိုင်ရာကျောင်း ၁၅ ကျောင်းတို့ ရှိသည်။

စက်မှုလုပ်ငန်း[ပြင်ဆင်ရန်]

၁၉၆၀ ပြည့်နှစ်က ဇမ်ဘီဇီမြစ်ပေါ်၌ တည်ဆောက်ခဲ့သော ကာရီဘာရေအားလျှပ်စစ်စီမံကိန်းဖြင့် လျှပ်စစ်ဓာတ်အား ပေးဆောင်လျက်ရှိသည်။ ၁၉၈၂ ခု စက်တင်ဘာလခန့်က ဇင်ဘာဘွေဒေါ်လာ လေးသန်းခန့် ကုန်ကျဖွင့်လှစ်ခဲ့သည့် အီသိန်းဓာတ်ငွေ့စက်ရုံမှ လောင်စာထုတ်လုပ်သည်။ ဝှမ်ဂေးတွင် အပူဓာတ်အားပေးစက်ရုံလည်း ရှိသည်။

စီးပွားရေး[ပြင်ဆင်ရန်]

ဇင်ဘာဘွေ၏ စီးပွားရေးလုပ်ငန်းများမှာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဓာတ်သတ္တုတူးဖော်ရေးနှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတို့ ဖြစ်သည်။

စိုက်ပျိုးရေး[ပြင်ဆင်ရန်]

အဓိကစားသုံးသီးနှံမှာ ဖူးစားပြောင်းဖြစ်ပြီး၊ အဓိကစီးပွားဖြစ်သီးနှံမှာ ဆေးရွက်ကြီး ဖြစ်သည်။ လယ်ယာထွက်ကုန်ပစ္စည်းတန်ဖိုး၏ ထက်ဝက်ကို ဆေးရွက်ကြီးမှ ရရှိသည်။ ပြည်ပပို့ကုန်တန်ဖိုး၏ ထက်ဝက်မှာလည်း ထိုစီးပွားဖြစ် သီးနှံမှပင် ရရှိသည်။ အခြားလယ်ယာထွက်ကုန်များမှာ ကြံ၊ ကော်ဖီ၊ ဂျုံ၊ နှံစားပြောင်း၊ လူး၊ ဆပ်၊ ပီလောပီနံ၊ စပါး၊ မြေပဲ၊ ပဲပိစပ်၊ လက်ဖက်၊ ဝါဂွမ်းနှင့် ရှောက်အမျိုးမျိုးတို့ ဖြစ်သည်။ ကြံကို ဟစ်ပိုနှင့် ထရိုင်ယံဂယ်ဒေသများတွင် ဧကပေါင်းများစွာ စိုက်ပျိုးသည်။ လက်ဖက်ကို အင်ယန်ဂါနှင့် ချီပင်ဂါဒေသများတွင် ကျယ်ပြန့်စွာ စိုက်ပျိုးသည်။ ရှောက်အမျိုးမျိုးကို အင်ယန်ဂါနှင့် ဟစ်ပိုဒေသများတွင် စီးပွားဖြစ် စိုက်ပျိုးသည်။ ပင်လယ်ရေမျက်နှာပြင်ထက် ပေ ၂,၅၀၀ နှင် ၄,၀၀၀ အကြားရှိ ဒေသများသည် ရှောက်အမျိုးမျိုးစိုက်ပျိုးရန် သင့်လျော်သော ဒေသများဖြစ်ရာ မဲလ်စက်တာနှင့် အင်ယန်ဂါဒေသများတွင် တိုးချဲ့စိုက်ပျိုးလျက်ရှိသည်။

မွေးမြူရေး[ပြင်ဆင်ရန်]

မွေးမြူရေးလုပ်ငန်းမှ ရရှိသော ပစ္စည်းများသည် ပြည်ပပို့ကုန်တွင် ဆေးရွက်ကြီးနောက် ဒုတိယနေရာလိုက်နေသည်။ မွေးမြူသောတိရစ္ဆာန်များမှာ သိုး၊ နွား၊ ဝက်နှင့် ငါးတို့ဖြစ်ကြသည်။ နှစ်စဉ် နွားနို့ဂါလံ ၁၀ သန်းခန့်၊ ဝက်သား မက်ထရစ်တန်ချိန် ၁၂၅,၀၀၀ နှင့် သိုးသား မက်ထရစ်တန်ချိန် ၉၀၀၀ ထုတ်လုပ်သည်။ ငါးကို ကာရီဘာအိုင်()တွင် အကြီးအကျယ်မွေးမြူသည်။

ခရီးသွားလုပ်ငန်း[ပြင်ဆင်ရန်]

၁၉၈၀ ပြည့်နှစ်တါင် ကမ္ဘာလှည့်ခရီးသည်လုပ်ငန်းမှ ဇင်ဘာဘွေဒေါ်လာ ၂၃ သန်းခန့် ရရှိခဲ့ပြီး၊ ၁၉၈၂ ခုနှစ်တွင် ဒေါ်လာ ၄၅ သန်းမျှ ရရှိခဲ့သည်။

သတ္တုတူးဖော်ရေး[ပြင်ဆင်ရန်]

၎င်းသည် အမျိုးပေါင်းများစွာသော တန်ဖိုးမဖြတ်နိုင်သည့် သယံဇာတပစ္စည်းများကြွယ်ဝသော နိုင်ငံတနိုင်ငံဖြစ်သည်။ ရွှေ၊ ကြေးနီ၊ ကျောက်ဂွမ်း၊ ခရုမ်း၊ နစ်ကယ်လ်၊ ခဲမဖြူ၊ သံရိုင်း၊ ထုံးကျောက်၊ ဗဟန်းကျောက်၊ မီးစုန်း၊ ကျောက်မီးသွေး၊ လစ်သီယံတို့ တူးဖော်ရရှိ၍ ပြည်တွင်းစက်မှုလုပ်ငန်းတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။ တွင်းထွက်ပစ္စည်းကို အမြင့်ပိုင်းနှင့် အလယ်ပိုင်းဗဲလ်မြက်ခင်းဒေသများ၌ အများဆုံးတူးဖော်ရရှိသည်။

ဝှမ်ဂေးကျောက်မီးသွေးတွင်းမှ မီးသွေးနှင့် မီးသွေးထွက်ပစ္စည်း၊ အမျိုးညံ့သောကျောက်မီးသွေး မြောက်များစွာ ထုတ်သည်။ ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံများ နိုင်ငံအနှံ့ရှိသည်။ တွင်းထွက်ပစ္စည်းများသည် ပြည်ပပို့ကုန်တန်ဖိုးစုစုပေါင်း၏ ရာခိုင်နှုန်း ၂၀ ရှိသည်။

ပြည်ပပို့ကုန်[ပြင်ဆင်ရန်]

ဆေးရွက်ကြီး၊ ရွှေ၊ ကြေးနီ၊ နစ်ကယ်၊ သံဖြူ၊ သံရိုင်း၊ ခရုမ်းအရိုင်း၊ သံပါသောခရုမ်း၊ ကျောက်ဂွမ်း၊ အထည်အလိပ်၊ ဖိနပ်၊ ပရိဘောဂပစ္စည်းအမျိုးမျိုး၊ အသားနှင့် သားရေထည်ပစ္စည်း၊ ခရီးသွားပစ္စည်း၊ သကြား၊ စက္ကူ၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားပစ္စည်း၊ လက်ဝက်ရတနာတို့ကို ပြည်ပသို့ ပို့သည်။ ၁၉၈၁ ခုနှစ်က ပြည်ပပို့ကုန်တန်ဖိုး ကန်ဒေါ်လာသန်း ၁,၁၅၀ ဖိုးရှိသည်။

သွင်းကုန်[ပြင်ဆင်ရန်]

စက်နှင့် စက်အပိုပစ္စည်း၊ ဓာတုပစ္စည်း၊ သံမဏိပြားနှင့် သံမဏိလိပ်၊ အထည်အလိပ်တို့ကို ပြည်တွင်းသို့ သွင်းသည်။ ၁၉၈၁ ခုနှစ်အရ ပြည်တွင်းသွင်းကုန်တန်ဖိုး ကန်ဒေါ်လာသန်း ၁,၁၀၀ ရှိသည်။

ငွေကြေး[ပြင်ဆင်ရန်]

၁၉၈၁ အရ ကန်တဒေါ်လာသည် ဇင်ဘာဘွေဒေါ်လာ ၀.၇၁ နှင့် ညီမျှသည်၊ ဇင်ဘာဘွေတဒေါ်လာသည် မြန်မာငွေ ၁၂ ကျပ် ၁၀ ပြားနှင့် ညီသည်။

လမ်းပန်းဆက်သွယ်ရေး[ပြင်ဆင်ရန်]

မော်တော်ကားလမ်း[ပြင်ဆင်ရန်]

မြို့ကြီးများကိုဆက်သွယ်သောလမ်းမကြီးမှာ ၈,၅၆၈ ကီလိုမီတာရှိပြီး ကျေးလက်ဒေသကို ဆက်သွယ်သောလမ်းငယ်မှာ ၆၉.၃၉၄ ကီလိုမီတာရှိသည်။

မီးရထားလမ်း[ပြင်ဆင်ရန်]

မီးရထားလမ်း ကီလိုမီတာ ၃,၂၅၀ ရှိသည်။ နှစ်လမ်းရှိသည့်အနက် တလမ်းမှာ ဇမ်ဘီယာမီးရထားလမ်းနှင့်၊ ကျန်တလမ်းမှာ တောင်အာဖရိကရထားလမ်းနှင့် ဆက်သွယ်ထားသည်။

လေကြောင်းလမ်း[ပြင်ဆင်ရန်]

တောင်အာဖရိကလေကြောင်းကုမ္ပဏီသည် နိုင်ငံတွင်ပျံသန်းသည့်တခုတည်းသော အပြည်ပြည်ဆိုင်ရာလေကြောင်းကုမ္ပဏီဖြစ်သည်။

နိုင်ငံရေးပါတီများ[ပြင်ဆင်ရန်]

ဇင်ဘာဘွေအာဖရိကအမျိုးသားသမဂ္ဂမျိုးချစ်တပ်ဦး(ဇာနူး)(Zimbabwe Africa National Union (ZANU))

အစိုးရ[ပြင်ဆင်ရန်]

နိုင်ငံတော်သမ္မတသည် နိုင်ငံ့အကြီးအကဲနှင့် ကာကွယ်ရေးဦးစီးချုပ်ဖြစ်သည်။ သမ္မတကို လွှတ်တော်က ရွေးချယ်သည်။ သက်တမ်း ခြောက်နှစ်ဖြစ်ကာ အုပ်ချုပ်ရေးအာဏာကို ဝန်ကြီးချုပ် ဦးဆောင်သည့် ဝန်ကြီးအဖွဲ့က ကျင့်သုံးသည်။ အောက်လွှတ်တော်၌ အမတ်အရေအတွက် အများဆုံးရရှိသော နိုင်ငံရေးပါတီခေါင်းဆောင်ကို ဝန်ကြီးချုပ်အဖြစ် သမ္မတက ခန့်အပ်သည်။ ဝန်ကြီးချုပ်အကြံပေးချက်ဖြင့် ရွေးထားသော ဝန်ကြီးအဖွဲ့ဝင်များကို သမ္မတက ခန့်သည်။ ဥပဒေကို ပါလီမန်က ပြုသည်။ ၎င်း၌ အထက်လွှတ်တော်၊ အောက်လွှတ်တော် နှစ်ရပ်ပါသည်။ ငါးနှစ်တကြိမ် အထွေထွေရွေးကောက်ပွဲကျင်းပသည်။ တရားရုံးချုပ်၌ တရားစီရင်ရေးအာဏာ ရှိပြီးလျှင် အယူခံဌာနနှင့် အထွေထွေဌာနတို့ ပါဝင်သည်။ တရားသူကြီးချုပ်ကို ဝန်ကြီးချုပ် အကြံပြုချက်ဖြင့် သမ္မတက ခန့်သည်။(၁၉၈၃ အရ)

သမ္မတနှင့် ဝန်ကြီးချုပ်[ပြင်ဆင်ရန်]

(၂၀၁၆ အရ) သမ္မတမှာ ယခုလက်ရှိ ရောဘတ်မူဂါဘဲ ဖြစ်လျက်ရှိသည်။ ဝန်ကြီးချုပ်မှာ ၂ ဦး(၁)အင်မာဆင် မနန်ဂဂွာ (၂) ဖလီကဇီလာ မဖိုကို

နောက်ခံသမိုင်း[ပြင်ဆင်ရန်]

လွန်ခဲ့သော နှစ်ပေါင်းငါးသိန်းခန့်မှ ကျောက်ခေတ်ယဉ်ကျေးမှုရုပ်ကြွင်းများကို တွေ့ရှိသည်။ ဘော့ဆွာနာရှိ ကာလာဟာရီသဲကန္တာရ၌ အများဆုံးနေထိုင်လျက်ရှိကြသော ဘွတ်ရှ်မင်းလူမျိုးစုမှာ ကျောက်ခေတ်လူသားများ၏ အဆက်အနွယ်များဖြစ်သည်ဟု ယူဆရသည်။ ပထမဆုံးသော ဘန်တူလူမျိုးစုသည် အေဒီ ၅ ရာစုနှင့် ၁၀ ရာစုနှစ်များအတွင်း ရိုဒီးရှားဒေသသို့ ရောက်ရှိလာကြသည်ဟု ထင်ရသည်။ တောင်ဘက်သို့ အခြေချနေထိုင်သူများသည် နှစ်ပေါင်းအတန်ကြာမှသာ ဆက်လက်ဝင်ရောက်လာဖွယ်ရှိသည်။ အဆိုပါဒေသသို့ ဥရောပတိုက်သားများထဲမှ ပထမဆုံးရောက်ရှိလာသူများမှာ ၁၆ ရာစုပေါ်တူဂီနယ်မြေသစ်ရှာသူများ ဖြစ်ကြသည်။

ဗြိတိသျှတို့အာဏာစက်အောက်သို့ ဤဒေသရောက်ရှိလာပုံမှာ တောင်အာဖရိကသန်းကြွယ်သူဌေး ဆီဆီးလ်ရို့ဒ်စ်၏ ကြိုးပမ်းမှုကြောင့် ဖြစ်သည်။ ရို့ဒ်စ်သည် သူပိုင်သတ္တုတွင်းအင်ပိုင်ယာထဲသို့ ကတန်းဂါးရှိ ကြေးနီသတ္တုသိုက်၊ လင်ပိုပိုနှင့် ဇမ်ဘီဇီမြစ်နှစ်သွယ်ကြားရှိ ရွှေရတနာသိုက်ကို သိမ်းလို၍ ၁၈၈၉ မှ ၁၈၉၇ ခုနှစ်များအတွင်း ဗြိတိသျှတောင်အာဖရိကကုမ္ပဏီကို ဖွဲ့စည်းပြီး ဂွတ်ဟုတ်အငူတွင်အခြေချပြီးဖြစ်သော ဗြိတိသျှတို့၏ စစ်အင်အားအကူအညီဖြင့် ၎င်းဒေသများကို သိမ်းပြီး ၂၅ နှစ်ခန့် စိုးမိုးခဲ့သည်။

ဗြိတိသျှအုပ်ချုပ်ရေးစနစ်[ပြင်ဆင်ရန်]

၁၉၂၃ ခုနှစ် စက်တင်ဘာလ ၁၂ ရက်၌ တောင်ရိုဒီးရှားအုပ်ချုပ်ရေးကို ဗြိတိသျှတောင်အာဖရိကကုမ္ပဏီအုပ်ချုပ်ရေးမှ ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးလက်သို့ လွှဲပြောင်းပေးအပ်သည်မှစ၍ တောင်ရိုဒီးရှားကို ဘုရင်ခံတဦး၏ လက်ဝယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိသော ဗြိတိသျှကိုလိုနီအဖြစ် ရပ်တည်ခဲ့သည်။ ထို့နောက် ၁၉၅၃ ၌ ဗြိတိသျှအစိုးရက မြောက်ရိုဒီးရှား(ယခု ဇမ်ဘီယာ)၊ တောင်ရိုဒီးရှား(ယခု ဇင်ဘာဘွေ)နှင့် ညာဆာလန်(ယခု မာလာဝီ)တို့ကို ပေါင်းစည်းပြီး ရိုဒီးရှား-ညာဆာလန်ပြည်ထောင်စုကို တည်ထောင်ခဲ့သည်။ အဆိုပါအဖွဲ့အစည်းကိုလည်း တောင်ရိုဒီးရှား၏ မျက်နှာဖြူများကသာလျှင် ခြယ်လှယ်သည်။ ၁၉၆၁ ဒီဇင်ဘာ ၆ ၌ အတည်ပြုသော ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ အုပ်ချုပ်ရေးအာဏာကို မျက်နှာဖြူတို့ကသာ ဆက်ချုပ်ကိုင်ခွင့်ရသည်။ ထို့နောက် ၁၉၆၃ ဒီဇင်ဘာ ၃၁ ၌ ရိုဒီးရှား-ညာဆာလန်ပြည်ထောင်စုကို ဖျက်သိမ်းလိုက်သည်မှစ၍ တောင်ကို ပယ်ပြီး ရိုဒီးရှားဟု ပြောင်းလဲစေသည်။ သို့သော် အမည်သစ်ကို ဗြိတိသျှပါလီမန်က တရားဝင်အတည်မပြု။ ၎င်းနောက် ဗြိတိန်က မြောက်ရိုဒီးရှားနှင့် ညာဆာလန်အား လူမည်းအများစုအုပ်ချုပ်ရေးဖြင့် လွတ်လပ်ရေး ပေးလေသည်။ တောင်ရိုဒီးရှားကိုမူ လူမည်းအများစုအုပ်ချုပ်ရေး ပေးရန်လိုက်လျောခြင်း မရှိ၍ လွတ်လပ်ရေးပေးရန် ငြင်းပယ်ခဲ့သည်။

တဘက်သတ်လွတ်လပ်ရေးကြေငြာခြင်း[ပြင်ဆင်ရန်]

ရိုဒီးရှား၌ ၁၉၆၄ ဧပြီ ၁၄ မှစ၍ ဝန်ကြီးချုပ်ဖြစ်လာသော အီယန်စမစ်သည် ရိုဒီးရှားလွတ်လပ်ရေးနှင့်ပတ်သက်၍ ဗြိတိန်၊ လန်ဒန်သို့ သွားပြီး ဗြိတိသျှဝန်ကြီးချုပ်များဖြစ်သော ဆာအလက် ဒေါက်ဂလပ်စ် ဟူးမ်နှင့် ထိုနှစ် စက်တင်ဘာ၌၊ ဟာရိုလ် ဝီလ်ဆင်နှင့် ၁၉၆၅ အောက်တိုဘာ၌ ဆွေးနွေးပွဲလုပ်သည်။ တဖန် ရိုဒီးရှားရှိ ဆောလ်စ်ဘာရီမြို့၌ ဗြိတိသျှဝန်ကြီးချုပ်၊ ဓနသဟာသအတွင်းရေးမှူး၊ နိုင်ငံတော်ရှေ့နေချုပ်တို့ သုံးဦးနှင့်လည်း အောက်တိုဘာလအတွင်း ညှိနှိုင်းခဲ့ပြီး ငါးရက်ခန့်အကြာ နိုဝင်ဘာ ၅ ၌ အရေးပေါ်အခြေအနေ ပြဌာန်းခဲ့သည်။ နိုဝင်ဘာ ၁၁ ၌ ရိုဒီးရှားသည် ဗြိတိသျှလက်အောက်မှလွတ်မြောက်ကြောင်း အီယန်စမစ်က တဖက်သတ် လွတ်လပ်ရေးကြေငြာသည်။ သို့ဖြစ်၍ ဗြိတိသျှဘုရင်ခံက အီယန်စမစ်ဦးဆောင်သော လူဖြူအစိုးရအဖွဲ့ကို ထုတ်ပယ်ကြောင်း ကြေငြာလေသည်။ ဗြိတိန်ကလည်း တဖက်သက်လွတ်လပ်ရေးကြေငြာသော အပြုအမူကို တရားမဝင်ဟု ဆိုကာ အသိအမှတ်မပြုသော်လည်း အီယန်စမစ်အစိုးရသည် ပြည်တွင်းအုပ်ချုပ်ရေးအာဏာကို ဆက်လက်ချုပ်ကိုင်ထားနိုင်သည်။ နိုဝင်ဘာ ၂၀ ၌ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ရိုဒီးရှားအား စီးပွားရေးဖြတ်တောက်ကြရန် တိုက်တွန်းရာ တောင်အာဖရိကသမ္မတနိုင်ငံနှင့် ပေါ်တူဂီတို့မှအပ ကျန်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက လိုက်နာသည်။ ဒီဇင်ဘာ ၁၇ ၌ ရေနံတင်ပို့ခြင်း ရပ်ရန် ကောင်စီက ထပ်တိုက်တွန်းသော်လည်း မိုဇမ်းဘစ်နှင့် တောင်အာဖရိကနိုင်ငံတို့က ရေနံနှင့် ဓာတ်ဆီ တင်ပို့ခဲ့ကြသည်။

ရိုဒီးရှားပြဿနာဖြေရှင်းရေးနှင့် ပတ်သက်၍ ဗြိတိန်ဝန်ကြီးချုပ် ဝီလ်ဆင်နှင့် ရိုဒီးရှားဝန်ကြီးချုပ် စမစ်တို့သည် ၁၉၆၁ ဒီဇင်ဘာ၌ ဗြိတိသျှပိုင် တိုင်းဝါးရေယာဉ်ပေါ်တွင် ၁၉၆၁ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေပြုလျက် တရားဝင်လွတ်လပ်ရေးတွင် လိုအပ်သော အဆိုပြုချက်များကို ဆွေးနွေးရေးဆွဲကြသည်။ ၎င်းကို ဗြိတိန်အစိုးရက အတည်ပြုသော်လည်း စမစ်အစိုးရက ပယ်ချခဲ့သည်။ ၁၉၆၇ ၌ ရိုဒီးရှားနှင့် ဗြိတိန်တို့သည် ထိုအရေး၌ ထပ်မံစေ့စပ်သော်လည်း မအောင်မြင်။ ၁၉၆၈ အောက်တိုဘာ ဂျီဘရော်လ်တာရေလက်ကြားတွင် ဗြိတိသျှရေယာဉ် ဖီးယားလက်စ်ပေါ်၌ ထပ်မံဆွေးနွေးခဲ့သော်လည်း မအောင်မြင်ပြန်ချေ။ ထို့နောက်ရိုဒီးရှားအစိုးရက တိုင်းရင်းသားလူမည်းငါးဦးကို သေဒဏ်ပေးသည့် ကိစ္စနှင့် ပတ်သက်၍ ဗြိတိန်ဘုရင်မက လွတ်ငြိမ်းခွင့်ပေးရန် မေတ္တာရပ်သည်ကို မလိုက်လျောရာမှ ဗြိတိန်-ရိုဒီရှားဆက်ဆံရေး တင်းမာလာသည်။ ၁၉၆၉ ၌ လူဖြူလူနည်းစုအုပ်ချုပ်ရေးကို အခြေခံသော ဖွဲ့စည်းပုံအခြေခံဥပဒေကို စမစ်အစိုးရက ဆန္ဒခံယူပွဲလုပ်ပြီး အတည်ပြုပေးရန် ရိုဒီးရှားဥပဒေပြုလွှတ်တော်သို့ တင်သွင်းသည်။ ၎င်းတွင် ရိုဒီးရှားကို သမ္မတနိုင်ငံအဖြစ် ကြေငြာရန်၊ ဗြိတိန်နှင့် တရားဝင်အဆက်အသွယ်ဖြတ်ရန်တို့ ပါရှိသည်။

ရိုဒီးရှားပြဿနာ အဖြေရှာရေး[ပြင်ဆင်ရန်]

၁၉၇၀ ပြည့် မတ် ၂ ၌ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ လူဖြူအစိုးရခေါင်းဆောင် ဝန်ကြီးချုပ် အီယန်စမစ်က ရိုဒီးရှားသမ္မတနိုင်ငံထူထောင်ကြောင်း ကြေငြာလိုက်သည်ကို ဗြိတိန်က လုံးဝ အသိအမှတ်မပြုဘဲ ရိုဒီးရှားကို အဆက်အသွယ်ဖြတ်တောက်သည်။ သို့သော် ၁၉၇၁ နိုဝင်ဘာ ၂၄ ၌ ဆက်လက်ဆွေးနွေးရန် သဘောတူသည်။ ၁၉၇၂ ၌ ဗြိတိန်မှ ကော်မရှင်အဖွဲ့တဖွဲ့ ရိုဒီးရှားသို့ ရောက်ရှိခဲ့သည်။
၁၉၇၄ နိုဝင်ဘာ၌ ဇမ်ဘီယာရှိ လူဆာကာမြို့၌ ရိုဒီးရှားအစိုးရနှင့် ရိုဒီးရှားအာဖရိကအမျိုးသားကောင်စီခေါင်းဆောင်များ တွေ့ဆုံ၍ ခြေဥဆိုင်ရာ သဘောတူညီမှုရရှိသည့်အဆင့် ရောက်ခဲ့သော်လည်း ပြည်တွင်း၌ အကြမ်းဖက်မှု ပိုတိုးပွားလာ၍ အပစ်အခတ်ရပ်စဲရေး အပိုဒ်ကို ချိုးဖောက်သည့် သဘောသက်ရောက်ပြီး ဆွေးနွေးပွဲသဘောတူညီချက်မှာ ပျက်သွားရသည်။ ဖွဲ့စည်းပုံဆွေးနွေးပွဲကို ၁၉၇၅ ဩဂုတ်၌ ဗစ်တိုးရီးယားရေတံခွန်အနီး ဆက်လက်လုပ်ရာ ရိုဒီးရှားအာဖရိကအမျိုးသားကောင်စီအတွင်း သဘောထားကွဲလွဲပြန်၍ ပျက်ပြားသွားပြန်သည်။ ၁၉၇၆ ၌ ဂျူရှုဝါအင်ကိုမို ဦးဆောင်သော အာဖရိကအမျိုးသားကောင်စီဝင်များနှင့် ရိုဒီးရှားအစိုးရ သဘောတူညီချက်ရရန် ကြိုးစားသော်လည်း မအောင်မြင်။

ထိုကာလ ရိုဒီးရှားလူဖြူအစိုးရနှင့် လူမည်းမျိုးချစ် နိုင်ငံရေးအုပ်စုများ မကြာခဏ ဆွေးနွေးစေ့စပ်ကြသော်လည်း တိုးပွားလာသော အကြမ်းဖက်မှုကို တားနိုင်မစွမ်း၍ ၁၉၇၈ နှစ်လယ်ရောက်သော် စစ်ဘက်နှင့် အရပ်ဘက်မှ လူပေါင်း ၆၀၀၀ ခန့် သေကြေပျက်စီးလေသည်။ အစိုးရတပ်များသည် ဇမ်ဘီယာနှင့် မိုဇမ်ဘစ်တို့၌ လူမည်းမျိုးချစ်ပြောက်ကျားတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ၁၉၇၈ မတ်၌ အီယန်စမစ်နှင့် လူမည်းမျိုးချစ်ခေါင်းဆောင် သုံးဦးတို့ ပြည်တွင်းနိုင်ငံရေးဖြေရှင်းချက်တရပ်ကို လက်မှတ်ထိုးပြီး ၎င်းမှာ အုပ်ချုပ်ရေးအာဏာကို လူမည်းလူများစုလက်သို့ မလွှဲပြောင်းမီကာလအတွင်း ၎င်းတို့လေးဦးက ခွဲဝေကျင့်သုံးရန် ဖြစ်ပြီး ပြောက်ကျားခေါင်းဆောင်များက လက်မခံ ပယ်ချခဲ့ကြသည်။

ဇင်ဘာဘွေသမ္မတနိုင်ငံ[ပြင်ဆင်ရန်]

နိုင်ငံတွင် အရွယ်ရောက်သူတိုင်းမဲပေးခွင့်ရှိသော ရွေးကောက်ပွဲကို ၁၉၇၉ ဧပြီ ၂၁ ၌ ပထမဆုံးအကြိမ် ကျင်းပရာ ဘုန်းတော်ကြီးမူဇိုရီဝါ၏ ယူနိုက်တက်အာဖရိကအမျိုးသားကောင်စီက နိုင်၍ လူမည်းကြီးစိုးသော ပါလီမန်ကို ချုပ်နိုင်ခဲ့သည်။ ဗြိတိန်၊ မာဂရက်သက်ချာအစိုးရကလည်း ရိုဒီးရှားနှင့် ပုံမှန်ဆက်ဆံနိုင်ရန် ကြိုးပမ်းသည်။

ထိုနှစ် စက်တင်ဘာ ၁၀ မှ ဒီဇင်ဘာ ၁၅ ထိ ဗြိတိန်၊ လန်ဒန်ရှိ လန်ကတ်စတာအိမ်တော်၌ ဖွဲ့စည်းပုံဆွေးနွေးရာ လွတ်လပ်သော ဇင်ဘာဘွေသမ္မတနိုင်ငံ ထူထောင်ရေးဆိုင်ရာ ခြေဥ ရေးဆွဲရန်၊ လွတ်လပ်ရေးမရမီကာလ ၎င်းကို ဗြိတိသျှအုပ်ချုပ်ခံ တောင်ရိုဒီးရှားအဖြစ် တရားဝင်အသိအမှတ်ပြုရန်နှင့် ရွေးကောက်ပွဲများကျင်းပပြီး ပြောက်ကျားစစ်ကို အဆုံးသတ်ရေးအတွက် အပစ်အခတ်ရပ်စဲရန် စသည်ဖြင့် သဘောတူညီသည်။ လန်ကတ်စတာသဘောတူညီချက်ကို ၁၉၇၉ ဒီဇင်ဘာ ၂၁ ၌ ရေးထိုးပြီးနောက် နိုင်ငံတွင် မျိုးချစ်ပြောက်ကျားများနှင့် အစိုးရတပ်ဖွဲ့များ အပစ်အခတ်ရပ်စဲခြင်း၊ ၁၉၈၀ ဖေဖော်ဝါရီ၌ ပါလီမန်ရွေးကောက်ရာ ရောဘတ်မူဂါဘဲ ဦးဆောင်သော ဇာနူး မျိုးချစ်တပ်ဦးက အနိုင်ရခြင်းနှင့် မတ် ၃၁ ၌ မစ္စတာမူဂါဘဲက အစိုးရသစ်ဖွဲ့စည်းခြင်းတို့ကို အကောင်အထည်ဖော်ခဲ့သည်။

ပြုပြင်ပြောင်းလဲရေးများ[ပြင်ဆင်ရန်]

လွတ်လပ်ရေးရပြီးနောက် ပထမဆုံးဖွဲ့စည်းသော ဇင်ဘာဘွေအစိုးရအဖွဲ့တွင် မူဂါဘဲ၏ မျိုးချစ်တပ်ဦးပါတီ၊ ဂျိုရှုဝါအင်မိုကို၏ မျိုးချစ်တပ်ဦးပါတီနှင့် လူဖြူအီယန်စမစ်၏ ရီပတ်ဘလစ်ကန်တပ်ဦးပါတီတို့ ပါသည်။ ၎င်းအဖွဲ့၌ ဝန်ကြီးချုပ်အဖြစ် ရောဘတ်မူဂါဘီက တာဝန်ယူပြီး၊ ပြည်ထဲရေးဝန်ကြီးအဖြစ် ဂျိုရှုဝါအင်မိုကိုက ဆောင်ရွက်သည်။ မူဂါဘဲသည် အစိုးရအဖွဲ့၌ ဝန်ကြီး ၂၃ ဦးရှိသည့်အနက် လူဖြူကို နှစ်နေရာ၊ ဂျိုရှုဝါအင်မိုကို၏ မျိုးချစ်တပ်ဦးကို လေးနေရာပေးခဲ့သည်။

ယင်းနောက် စီးပွားရေးကဏ္ဍ၌ လယ်ယာမြေ၊ ဘဏ်၊ အမြတ်ခွန်လုပ်ငန်းတို့ကိုလည်းကောင်း၊ လူမှုရေးကဏ္ဍ၌ ကျန်းမာရေး၊ ပညာရေးလုပ်ငန်းများကိုလည်းကောင်း ပြုပြင်သည်။ နိုင်ငံရေးကဏ္ဍ၌ ဆီဆီးလ်ရို့ဒ်စ်ရုပ်ထုကို ဝန်ကြီးချုပ်ရုံးအပြင်ဘက်မှ ဖယ်ပစ်ခြင်း၊ ဂျိမ်းတင်ရိပ်သာလမ်းကို ဆမိုရာမာရှဲလ်ရိပ်သာလမ်းဟူ၍၊ မြို့တော်ဆောလ်ဘာရီကို ဟာရာရေး(ဟာရဲ)ဟူ၍ တွင်စေခြင်း၊ ဗြိတိသျှတောင်အာဖရိကပုလိပ်တပ်ဖွဲ့ကို ဇင်ဘာဘွေသမ္မတနိုင်ငံရဲတပ်ဖွဲ့ဟူ၍ ပြောင်းခြင်း ဖြစ်သည်။ ပြန်ကြားရေးကဏ္ဍ၌ သတင်းနှင့် စာနယ်ဇင်း၊ အသံလွှင့်ရုံစသည်တို့တွင် ကိုလိုနီခေတ်အမည်များကို အာဖရိကအမျိုးသားအမည်များဖြင့် အစားထိုးခဲ့သည်။

အစိုးရအဖွဲ့အပြောင်းလဲ[ပြင်ဆင်ရန်]

၁၉၈၁ ဇန်နဝါရီ ၁၀ ၌ မူဂါဘဲသည် အစိုးရအဖွဲ့ကို ပထမဆုံးအကြိမ် ပြောင်းလဲရာ ပြည်ထဲရေးဝန်ကြီးအင်ကိုမိုကို ပြည်သူ့လုပ်ငန်းဝန်ကြီးအဖြစ်၊ ဝန်ကြီးချုပ်ရုံးတွဲဖက်ဝန်ကြီးဝစ်နက်စ်မန်ဝန်ဒါကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပြောင်းခန့်သည်။ လူဖြူဝန်ကြီး ၂ နေရာကို မူလအတိုင်း ထားခဲ့သည်။ တဖန် အင်ကိုမို၏ မျိုးချစ်တပ်ဦးပါတီဒုဥက္ကဋ္ဌ ဂျိုစီယာချီနာမာနိုကို သယ်ယူပို့ဆောင်ရေးဝန်ကြီးအဖြစ် ခန့်သည်။ မိမိ၏ မျိုးချစ်တပ်ဦးပါတီအထွေထွေအတွင်းရေးမှူးအဂ္ဂါတီကီရီကို လူအင်အားစီမံဝန်ကြီးရာထူးမှ ထုတ်ပယ်သည်။

လုံခြုံရေးနှင့်ဆိုင်သော ဝန်ကြီးဌာနများကို မျိုးချစ်ပါတီနှစ်ခုက ခွဲဝေတာဝန်ယူမည်ဟူသော သဘောတူညီချက်ကို မူဂါဘဲ ချိုးဖောက်ခြင်းကြောင့် အပြောင်းအလဲကို လက်မခံနိုင်ဟု အင်ကိုမိုက ကြေငြာသည်။ ထိုအခါ မူဂါဘဲက အင်ကိုမိုကို ဌာနလက်ကိုင်မရှိဝန်ကြီးအဖြစ် ပြောင်းခန့်လိုက်လေသည်။

အိမ်နီးချင်းနိုင်ငံများနှင့်ဆက်ဆံရေး[ပြင်ဆင်ရန်]

အိမ်နီးချင်းလူမည်းနိုင်ငံများနှင့် ချစ်ကြည်စွာ ဆက်ဆံခဲ့သည်။ ဇမ်ဘီယာနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကော်မရှင် ဖွဲ့ပြီး၊ မိုဇမ်ဘစ်နှင့် လုံခြုံရေးသဘောတူညီချက်စာချုပ် ချုပ်ဆိုခဲ့သော်လည်း လူဖြူအနည်းစုအုပ်စိုးသော တောင်အာဖရိကနှင့်မူ လူမည်းအစိုးရ အာဏာရလာချိန်မှစ၍ ဆက်ဆံရေး ပျက်ပြားလာသည်။ တောင်အာဖရိကလူဖြူအစိုးရက ကျင့်သုံးသော အသားအရောင်ခွဲခြားရေးဝါဒကို မူဂါဘဲက ဆန့်ကျင်သည်။ ၁၉၈၀ စက်တင်ဘာလက ဇင်ဘာဘွေပြည်ပြေး ၅၀၀၀ ခန့်ကို မိမိအစိုးရအား ဖြုတ်ချရန် လေ့ကျင့်ပေးနေသည်ဟု ဆိုကာ တောင်အာဖရိကနှင့် သံအဆက်အသွယ် ဖြတ်လေသည်။ နှစ်နိုင်ငံကုန်သွယ်ရေးမှာမူ ပုံမှန်အတိုင်း ထားရှိခဲ့သည်။

ပြည်ပနိုင်ငံများနှင့် ဆက်ဆံရေး[ပြင်ဆင်ရန်]

အစိုးရသည် ဆိုရှယ်လစ်နိုင်ငံများနှင့်လည်း၊ အနောက်အုပ်စု နိုင်ငံများနှင့်လည်း ရင်းနှီးစွာ ဆက်ဆံသွားမည်၊ ဘက်မလိုက်မူဝါဒကို ကျင့်သုံးကာ အင်အားကြီးနိုင်ငံများ၏ နောက်လိုက်ဘဝ အရောက်ခံမည်မဟုတ်ဟု ကြေငြာခဲ့သည်။

မူဂါဘဲသည် ၁၉၈၁ မေအတွင်းက တရုတ်၊ ဂျပန်၊ အိန္ဒိယနှင့် ပါကစ္စတန်သို့ ချစ်ကြည်ရေးသွားရောက်ပြီး၊ တရုတ်ဝန်ကြီးချုပ် ကျောက်ကျိယန်သည် ၁၉၈၂ ဒီဇင်ဘာ၌ ဇင်ဘာဘွေသို့ လာရောက်လည်ပတ်သည်။

နိုင်ငံရေးအကျပ်အတည်း[ပြင်ဆင်ရန်]

ဇင်ဘာဘွေ၌ လူမည်းဦးရေ၏ ၈၅ ရာခိုင်နှုန်းခန့် ရှိသော ရှိုနာလူမျိုးစု၏ ထောက်ခံမှုကို ရရှိသည့် ဝန်ကြီးချုပ်မူဂါဘဲ၏ မျိုးချစ်တပ်ဦးပါတီနှင့် ၁၅ ရာခိုင်နှုန်းခန့်ရှိသော အင်ဒီဘီလီလူမျိုးစု၏ ထောက်ခံမှုကို ရရှိသော အင်ကိုမို၏ မျိုးချစ်တပ်ဦးတို့အကြား သံသယ တိုးပွားနေပြီး ၎င်းနိုင်ငံရေးပါတီ နှစ်ခုတို့ကို အခြေခံ၍ ဖွဲ့ထားသော ဇန်လာနှင့် ဇီပရာတပ်ဖွဲ့များအကြား ပဋိပက္ခများ၊ သေဆုံးမှုများ၊ ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ပွားခဲ့သည်။

၁၉၈၂ ဖေဖော်ဝါရီ ၁၇ ၌ ဝန်ကြီးချုပ်မူဂါဘဲက ဂျိုရှိုဝါအင်ကိုမိုနှင့်တကွ ဝန်ကြီးချီနာမာနိုနှင့် သယံဇာတပစ္စည်းဝန်ကြီးဂျိုးဇက်မာစီကာတို့ကို အစိုးရအဖွဲ့မှ ထုတ်ပစ်သည်။ ထုတ်ပယ်ရခြင်းမှာ တောင်အာဖရိကအကူအညီဖြင့် အာဏာသိမ်းရန် ကြံနေသောကြောင့်ဖြစ်သည်ဟု မူဂါဘဲက ဆိုသည်။ ယင်းကို အင်ကိုမိုက ငြင်းဆိုပြီး မူဂါဘဲသည် တပါတီစနစ်ကို ကျင့်သုံးလိုသောကြောင့် မိမိကို အစိုးရအဖွဲ့မှ ထုတ်ပယ်ရန် အကြောင်းရှာခြင်းသာဟု ပြန်လည်ပြောဆိုသည်။

ဇင်ဘာဘွေလွတ်မြောက်ရေးအတွက် အနှစ် ၂၀ နီးပါးမျှ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြသော အင်ကိုမိုနှင့် မူဂါဘဲသည် ၁၉၈၀ လွတ်လပ်ရေးရရှိချိန်မှစ၍ သဘောထားကွဲလွဲ အလှမ်းကွာခဲ့သည်။ ၁၉၈၃ မတ်၌မူ တင်းမာနေသော ဆက်ဆံရေး ပေါက်ကွဲသွားပြီး အင်ကိုမိုသည် အိမ်နီးချင်းနိုင်ငံ ဘော့ဆွာနာမှတဆင့် လန်ဒန်သို့ ထွက်ပြေးခိုလှုံသည်။ ထွက်ပြေးလာရခြင်းနှင့်ပတ်သက်၍ အင်ကိုမိုက မိမိအသက်အန္တရာယ်ရှိသောကြောင့်ဟု ပြောကြားသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Department of Economic and Social Affairs Population Division (2009). "World Population Prospects, Table A.1" (PDF). United Nations. Retrieved on 2009-03-12. 
  2. Zimbabwe။ International Monetary Fund။ 2010-04-21 တွင် ပြန်စစ်ပြီး။
  3. Human Development Report 2010။ United Nations (2010)။ 5 November 2010 တွင် ပြန်စစ်ပြီး။
  4. Zimbabwe Currency။ Wwp.greenwichmeantime.com။ 2011-08-21 တွင် ပြန်စစ်ပြီး။

နိုင်ငံတကာရေးရာသတင်းစဉ် (၅/၈၃)