အုန်းမောင် (ဝန်ကြီး)
အုန်းမောင် | |
---|---|
၂၀၁၉ခုနှစ်ကတွေ့ရစဉ် | |
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး | |
တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၆ – ၁ ဖေဖော်ဝါရီ ၂၀၂၁ | |
သမ္မတ | ဦးထင်ကျော် ဦးဝင်းမြင့် |
ယခင်လူ | ဦးဌေးအောင် |
ဆက်ခံသူ | ဦးမောင်မောင်အုန်း[၁] |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ၂၀ ဇူလိုင် ၁၉၄၇ ညောင်ရွှေမြို့၊ ဗြိတိသျှဘားမား |
(အသက် ၇၇)
မိခင်ကျောင်း | တောင်ကြီးကောလိပ် (ဒုတိယနှစ်) |
အလုပ်အကိုင် | ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်၊ ပြည်ထောင်စုဝန်ကြီး |
ဦးအုန်းမောင် သည် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးဟောင်းဖြစ်သည်။ ရှမ်းတိုင်းရင်းသားတစ်ဦးဖြစ်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းရှင်တစ်ဦးလည်းဖြစ်သည်။
အစောပိုင်းဘဝ
[ပြင်ဆင်ရန်]ဦးအုန်းမောင်ကို ၁၉၄၇ခုနှစ် ဇူလိုင် ၂၀ရက်နေ့တွင် ညောင်ရွှေမြို့၌ ဖွားမြင်ခဲ့သည်။ ထို့နောက် တောင်ကြီးကောလိပ်တွင် ရူပဗေဒဖြင့် ဒုတိယနှစ်အထိ တက်ရောက်ခဲ့သည်။ ၁၉၇၆ခုနှစ်တွင် ညောင်ရွှေမြို့၌ အင်းလေးအင်းဟုအမည်ရသော တည်းခိုရိပ်သာ စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၉၃ခုနှစ်တွင် တိုးဒီအင်းလေးခရီးသွား ကုမ္ပဏီကို တည်ထောင်ခဲ့သည်။
နိုင်ငံရေး
[ပြင်ဆင်ရန်]၁၉၈၈ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ဝင်ရောက်ခဲ့ပြီး မြို့နယ်ဥက္ကဋ္ဌ ဖြစ်လာသည်။ ထို့နောက် ၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲတွင် ညောင်ရွှေမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ အနိုင်ရရှိခဲ့သော်လည်း ရွေးကောက်ပွဲရလဒ် ဖျက်သိမ်းခြင်း ခံခဲ့ရသည်။ ၁၉၉၁ခုနှစ်တွင် စစ်ခုံရုံးက ထောင်ဒဏ် ၁၀နှစ် ချမှတ်ခဲ့သော်လည်း ၁၉၉၂ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ ၂၀၁၂ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ပြန်လည်ဝင်ရောက်ခဲ့ပြီး ၂၀၁၅ရွေးကောက်ပွဲတွင်မူ ပါတီအောင်နိုင်ရေးအတွက် ပံ့ပိုးခဲ့သည်။[၂]
ဝန်ကြီးဘဝ
[ပြင်ဆင်ရန်]၂၀၁၅ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အနိုင်ရရှိပြီးနောက် သမ္မတအဖြစ်ရွေးချယ်ခံရသည့် ဦးထင်ကျော်မှ တင်သွင်းသော ဝန်ကြီးအမည်စာရင်းတွင် ဦးအုန်းဝင်း ပါဝင်ခဲ့သည်။ ထို့နောက် လွှတ်တော်က အတည်ပြုခဲ့သဖြင့် ၂၀၁၆ခုနှစ် မတ်လ ၃၀ရက်နေ့တွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဖြစ်လာခဲ့သည်။ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် တပ်မတော်မှ အာဏာသိမ်းယူမှု ဖြစ်ပွားခဲ့ပြီး ထိန်းသိမ်းခြင်း ခံခဲ့ရသည်။[၃]
ခေတ္တထိန်းသိမ်းခံရပြီးနောက် ၎င်းအား စစ်ကောင်စီ က မည်သည့်ပုဒ်မနှင့်မှ အမှုဖွင့်အရေးယူခြင်းမရှိဘဲ ပြန်လွတ်ပေးသည်။ယင်းနောက် စစ်ကောင်စီက (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းတွင် ဦးအုန်းမောင်ကိုလည်း သီရိပျံချီဘွဲ့ ထည့်သွင်းအပ်နှင်းသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၁ရက်တွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းတို့က ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအုန်းမောင်ထံသို့ သီရိပျံချီဘွဲ့ သွားအပ်နှင်းရာ ၎င်းကိုယ်တိုင်လက်ခံခဲ့သည်။ [၄]
ကိုးကား
[ပြင်ဆင်ရန်]- ↑ အစိုးရအဖွဲ့ဝင် ဝန်ကြီးစာရင်းများထုတ်ပြန်။ 21 December 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 December 2021 တွင် ပြန်စစ်ပြီး။
- ↑ Who's who: Myanmar's new cabinet။ 1 August 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ NLD အစိုးရအဖွဲ့ ဝန်ကြီး ၁၈ ဦး အမည်များ ထုတ်ပြန်။
- ↑ နေပြည်တော်ကောင်စီဥက္ကဋ္ဌ သီရိပျံချီ ဦးတင်ဦးလွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ချီးမြှင့်ခဲ့သည့် ဂုဏ်ထူးဆောင်ဘွဲ့များအား ကာယကံရှင်၊ မိသားစုဝင်များထံသို့ လက်ရောက်ပေးအပ်။