အသည်ဝန်
အသည်ဝန်ရာထူးသည် ရှေးအခါက မင်းမှုထမ်းမဟုတ်သည့် သာမန်အရပ်သားနှင့်သာ သက်ဆိုင်သည့် ကိစ္စရပ်များကို ဆောင်ရွက်ရသူဖြစ်သည်။ အသည်ဝန်သည် လွှတ်တော်အတွင်း ဝန်ကြီးလေးပါး၏ တောင်ဘက်တစ်ခန်းခြားတွင် မြင်းစုကဝန်ကြီး၏ နောက်နေရာ၌ ထိုင်ရသူဖြစ်သည် ။ သို့ဖြစ်၍ ဝန်ထောက်များထက် အဆင့်မြင့်သူဟု မှတ်ယူရ၏ ။ သို့သော် ဝန်ထောက်များကဲ့သို့ အခွင့်အာဏာရှိသူမဟုတ်ဘဲ အသည်၊ အလာ ၊ ကပ္ပါး ၃ မျိုးတို့ကိုသာ ဆင့်ဆိုနိုင်သည် ။ ဤတွင် အသည် ၊ အလာနှင့် ကပ္ပါးဟူသော ဝေါဟာရများမှာ အဓိပ္ပာယ်ကွဲပြားမှုရှိသည် ။ နယ်မြေကျေးရွာအတွင်း ထာဝရနေထိုင်သည့် မင်းမှုထမ်းမဟုတ်သူကို အသည် ၊ တစ်နယ်တစ်ကျေးမှ လာရောက်နေထိုင်သည့် မင်းမှုထမ်းမဟုတ်သူကို ကပ္ပါး ( ဝင်နေဟူ၍လည်း ခေါ်ပါသည် ) အသည်နှင့်ကပ္ပါး ပေါင်း၍ ဖွားမြင်သူကို အလာဟူ၍ခေါ်ဆိုသည် ။
ညောင်ရမ်းခေတ် အသည်ဝန်
[ပြင်ဆင်ရန်]အသည်ဝန်ရာထူးကို ညောင်ရမ်းခေတ်ဦး ကာလကပင် တွေ့ရှိရ၏။ ညောင်ရမ်းမင်းလက်ထက် ၂၄ စက်တင်ဘာ ၁၅၉၈ ရက်စွဲပါ အမိန့်တော်၌ပင် အသည်ဝန်ဟူသော ဝေါဟာရကို တွေ့ရှိရပြီး ဖြစ်သည်။ အစောဆုံးဘွဲ့အမည်သိရှိရသူ အသည်ဝန်မှာ တနင်္ဂနွေမင်း ( ၁၇၁၄-၁၇၃၃) လက်ထက် ခန့်အပ်ခံရသူ သီရိဇေယသင်္ခရာ ဖြစ်ဟန်ရှိသည်။ မဟာဓမ္မရာဇာဓိပတိ ( ၁၇၃၃ - ၁၇၅၂ ) မင်းလက်ထက်တွင် ဦးသီဟဆိုသူအား အသည်ဝန် အဖြစ်ခန့်အပ်ခဲ့၏။ အသည်ဝန် ဦးသီဟသည် ဝန်ကြီးရာထူးဖြင့်ပါ အမှုထမ်းရွက်ခဲ့သဖြင့် အသည်ဝန်ကြီးဟု အမည်တွင်ခဲ့သည်။ အသည်ဝန်ကြီး ဦးသီဟသည် မဟာဓမ္မရာဇာဓိပတိမင်း ပဲခူး ဟံသာဝတီသို့ လိုက်ပါသွားရစဉ် အတူပါခဲ့သူဖြစ်၏ ။ အလားတူ ဝန်ကြီး ပဒေသရာဇာသည်လည်း အသည်ဝန်ရာထူး ရရှိခဲ့ဖူးသည်ဟုဆိုသည်။
ကုန်းဘောင်ခေတ်ဦးကာလ
[ပြင်ဆင်ရန်]ကုန်းဘောင်ခေတ်ဦးကာလ အသည်ဝန်တစ်ဦးမှာ ဦးလွန်ဖြစ်သည်။ မင်းစိတ္တရာဇာ၏ သားဖြစ်သူ အသည်ဝန်ဦးလွန်သည် အလောင်းမင်းတရားနှင့် သားတော် ဒီပဲယင်းမင်း (နောင်တော်ကြီး)တို့လက်ထက်၌ အမှုထမ်းခဲ့သူဖြစ်ဟန်ရှိသည်။ ထိုကာလအတောအတွင်း၌ပင် ဦးသာအား အသည်ဝန်အရာခန့်အပ်ခဲ့သည်။ ဦးသာသည် အလောင်းမင်းတရား၏ မြင်းရည်တက် ၆၈ ဦးဝင်ဖြစ်ပြီး မြေဒူးမင်း (ဆင်ဖြူရှင်) နန်းတက်စ ၁၇၆၃ ခုနှစ်၌ ဝန်ကြီးရာထူး တိုးမြှင့်ခန့်အပ်ခံခဲ့ရသဖြင့် အသည်ဝန်ကြီးဟူ၍ အမည်ထင်ရှားခဲ့သည်။ ဘွဲ့အမည်မှာ မဟာသီဟသူရဖြစ်သည်။ အသည်ဝန်ကြီး ဦးသာမှာ ၁၇၇၆ ခုနှစ် စဉ့်ကူးမင်း နန်းတက်စတွင် အသည်ဝန်ကြီး ရာထူးဖြင့် ဆက်လက်အမှုထမ်းရွက်ခဲ့၏။ သို့သော် စဉ့်ကူးမင်းလက်ထက် များမကြာမီကာလ၌ပင် ဘုရင်မင်းမြတ် အမျက်တော် ရှကာ ရာထူးမှ ဖယ်ရှားခဲ့ရသည်။ လစ်လပ်သွားသော အသည်ဝန်ရာထူးကို မင်းကြီးဇေယျသူဘွဲ့ခံ ဦးသာဝအား ခန့်အပ်ခဲ့သည်။ ဦးသာဝမှာလည်း ဝန်ကြီးရာထူးခန့်အပ်ခံရပြန်ရာ အသည်ဝန်ကြီးဟု အမည်တွင်ခဲ့ပြန်၏။
ဗဒုံမင်းလက်ထက်
[ပြင်ဆင်ရန်]ဗဒုံမင်း (ဘိုးတော်ဘုရား) နန်းတက်စ ၁၇၈၂ ခုနှစ်တွင် မင်းမဟာအား အသည်ဝန်ရာထူးခန့်အပ်ခဲ့၏။ ၂၃ နိုဝင်ဘာ ၁၇၈၃ ခုနှစ် အခမ်းအနားတစ်ခုတွင် အသည်ဝန်မင်းဟာအမည်ကိုရပြီး သူ့အား နေမျိုးဇေယကျော်သူက ဆက်ခံခဲ့သည် ။ သူသည် ၂၄ ဇွန် ၁၇၈၆ ခုနှစ်တွင် ဝန်ကြီးရာထူးရရှိခဲ့သည်။ အသည်ဝန်နေမျိုးဇေယကျော်သူအား မဟာမင်းလှကျော်စွာဘွဲ့ခံ ဦးရွှဲက ဆက်ခံခဲ့ပြန်ပါသည် ။ အသည်ဝန်ဦးရွှဲသည် တစ်နှစ်ခန့်သာ အမှုထမ်းခဲ့ပြီး ၁၇၈၇ ခုနှစ်တွင် ပင်းတလဲမင်းသားအရေး၌ ပါဝင်ပက်သက်မှုဖြင့် ရာထူးမှထုတ်ပယ်ခံခဲ့ရသည်။
အသည်ဝန်သားအဖ
[ပြင်ဆင်ရန်]ဦးရွှဲအား အသည်ဝန်ရာထူးမှထုတ်ပယ်လိုက်သောအခါ လစ်လပ်သွားသော အသည်ဝန်ရာထူးကို နေမျိုးဇေယကျော်သူဘွဲ့ခံ ဦးမြတ်ဖောအား ခန့်အပ်ခဲ့သည်။ ဦးမြတ်ဖောသည် မကြာမီ ကနောင်မြို့စား ဝန်ကြီးအရာရရှိခဲ့သဖြင့် အသည်ဝန်ကြီးဟု အမည်တွင်ခဲ့သည်။ အသည်ဝန် ဦးမြတ်ဖောမှာ မဟာဓမ္မရာဇာဓိပတိမင်းလက်ထက် အသည်ဝန်ကြီးဖြစ်ခဲ့သူ ဦးသီဟ၏ သားဖြစ်သည်။ အသည်ဝန်ကြီး ဦးမြတ်ဖော ကွယ်လွန်သွားသောအခါ သားဖြစ်သူ ဦးရွှေပုအား မဟာဇေယျသူရ ဘွဲ့ဖြင့် အသည်ဝန် ရာထူးခန့်အပ်ခဲ့ပြန်ပါသည်။ ဦးရွှေပုသည် မုတ်ဆိတ်မွေးများ ထူထပ်စွာပေါက်ရောက်နေသူဖြစ်သဖြင့် အသည်မုတ်ဆိတ်ဟု အမည်တွင်ခဲ့သည် ။
အသည်ဝန်ရာထူး အပြောင်းအလဲ
[ပြင်ဆင်ရန်]ဗဒုံမင်းလက်ထက်၌ပင် အတွင်းဝင် နေမျိုးသီဟကျော်သူဘွဲ့ခံ ဦးစံလှအား အသည်ဝန်ရာထူး ခန့်အပ်ခဲ့သည်။ အသည်ဝန် ဦးစံလှအား မဟာကျော်ထင်ဘွဲ့ခံ ဦးမြတ်ကျော်က ရာထူးဆက်ခံခဲ့ပြန်၏။ အသည်ဝန်ဦးမြတ်ကျော်မှာ တပယင်းမြို့ ကိုးသင်းအဝင် ကြခပ်ရွာဇာတိဖြစ်ပြီး နောင်ရတနာပုံမဟာရာဇဝင်တော်ကြီးစာအုပ်ပြုစုသူ ကန္ဒီစစ်ကဲမင်းထင်ရာဇာ၏ အဘိုးတော်စပ်သူဖြစ်သည်။
စစ်ကိုင်းမင်းလက်ထက်
[ပြင်ဆင်ရန်]၁၈၁၉ ခုနှစ်တွင် စစ်ကိုင်းမင်း (ဘကြီးတော်) နန်းတက်လာပြီးနောက် ဦးမြတ်ကျော်ကိုပင် မင်းကြီးမဟာကျော်ထင်ဘွဲ့ဖြင့် အသည်ဝန်ရာထူးဆက်လက်ခန့်အပ်ခဲ့သည်။ အသည်ဝန်မင်းကြီး မဟာကျော်ထင်သည် ၁၈၂၄ ခုနှစ် ဘိသိက်မင်္ဂလာအခမ်းအနားအပြီးတွင် ရွှေစလွယ် ၉ သွယ် အပါအဝင် အဆောင်အရွက်များ ပေးအပ်ချီးမြှင့်ခံခဲ့ရသည်။ မကြာမီ ဝန်ထောက်ရာထူးပါ ပေးအပ်ခံရသဖြင့် အသည်ဝန်ထောက်ဟုအမည်တွင်ခဲ့သည်။
၁၀ မေ ၁၈၂၄ ခုနှစ်တွင် ဒွါရာဝတီမင်းသား၏တပ် ရန်ကုန်စစ်မျက်နှာသို့ စစ်ချီတက်စဉ် အသည်ဝန်မှာ မဟာအတုလသီဟသူဘွဲ့ခံ ဦးအေးဖြစ်နေပြီး စစ်ကဲအဖြစ်လိုက်ပါစစ်မှုထမ်းခဲ့ရသည်။ ထိုအတောအတွင်း အသည်ဝန်ရာထူး အပြောင်းအလဲ ဖြစ်ခဲ့ပြန်ပါသည်။ ၂ အောက်တိုဘာ ၁၈၅၂ ခုနှစ်တွင် ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးကြသောအခါ အသည်ဝန်မဟာသီရိကျော်ထင် တက်ရောက်ခဲ့ကြောင်းတွေ့ ရှိရ၏ ။
အသည်ဝန် ဦးညို
[ပြင်ဆင်ရန်]သာယာဝတီမင်း ( ၁၈၃၇ - ၁၈၄၆ ) နန်းတက်စတွင် မင်းကြီးမဟာကျော်ထင်ဘွဲ့ခံ ဦးမြတ်ကျော်ကို ခေတ္တမျှအသည်ဝန်အဖြစ် ခန့်အပ်ခဲ့သေး၏။ သို့သော် မကြာမီ နေမျိုးစည်သူဘွဲ့ခံ ဦးညိုအား အသည်ဝန်အဖြစ် ပြောင်းလဲခန့်အပ်ခဲ့သည်။ မကြာမီ နေမျိုးစည်သူအား မင်းကြီးမဟာစည်သူဘွဲ့ဖြင့် ငဇွန်ရွာစားဝန်ထောက်အရာ ခန့်အပ်လိုက်ရာ အသည်ဝန်ထောက်ဟူ၍ အမည်တွင်ခဲ့သည်။ အသည်ဝန်ထောက်မင်းကြီးမဟာစည်သူဘွဲ့ခံ ဦးညိုသည် ၁၈၄၁ ခုနှစ် အောက်တိုဘာလတွင် သာယာဝတီမင်း ရန်ကုန်သို့ စုန်ဆင်းစဉ် အကူလိုက်ပါခဲ့ရပြီး ရန်ကုန်၌ ရှိနေစဉ်အတွင်း ရွှေတိဂုံစေတီတော်တွင် ဆည်းလည်းလှူဒါန်းခဲ့သေး၏။ အသည်ဝန်ထောက်ဦးညိုသည် ၁၈၄၅ ခုနှစ် ဖေဖော်ဝါရီလတွင် ပန်းတဉ်းဝန်ထောက်နှင့်အတူ ရွှေတိဂုံစေတီတော်၌ ချိတ်ဆွဲလှူဒါန်ရန် ခေါင်းလောင်းသွန်းလုပ်ခဲ့ရာ ပြီးစီးဖြင့် တင်လှူရသည်။ ယင်းနောက် ၄ ဒီဇင်ဘာ ၁၈၄၅ ခုနှစ်တွင် ဗားကရာဆရာတော်အား သာသနာပြုခန့်စဉ် ဝန်ထောက်အသည်ဝန်မင်းကြီး မဟာစည်သူက ပြန်တမ်းအမိန့်လွှာကို ဆက်အပ်ခဲ့ရသည် ။
ရတနာပုံခေတ် အသည်ဝန်
[ပြင်ဆင်ရန်]ပုဂံမင်းလက်ထက် အသည်ဝန်အမည်ကို မသိရပေ။ မင်းတုန်းမင်းနန်းတက်စ ၁၆ ဇွန် ၁၈၅၄ ခုနှစ်တွင် ဘိသိက်မင်္ဂလာအခမ်းနားကျင်းပခဲ့ပြီးနောက် အသည်ဝန်အား မဟာသီဟသူရဘွဲ့ ပေးအပ်ခဲ့ကြောင်း တွေ့ရှိရ၏။ မင်းတုန်းမင်းလက်ထက် အသည်ဝန်အဖြစ် ခန့်အပ်ခံရသူမှာ ဦးကြီးဖြစ်သည် ။ အသည်ဝန်ဦးကြီးသည် အသည်မုတ်ဆိတ်၏ သားဖြစ်ပြီး မျိုးဆက်လေးဆက်တိုင်တိုင် အသည်ဝန်ဖြစ်ခဲ့ကြသူများ ဖြစ်သည် ။
၁၈၆၆ ခုနှစ် မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်းအတွင်း အသည်းဝန်ဦးကြီး မြင်ကွန်လူများ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရသေး၏။ ဦးကြီးသည် တိုင်းတာမြို့စား ဝန်ထောက်အရာကိုလည်း ရရှိခဲ့ရာ ဝန်ထောက်တော်မင်းကြီး မဟာသီဟသူရ ဟူ၍လည်းသိရှိကြ၏ ။ ၁၈၆၉ ခုနှစ်တွင် ဦးကြီးကို ဝန်ကြီးရာထူးတိုးမြှင့်ပေးလိုက်ရာ အသည်ဝန်ကြီးဟူ၍ ထင်ရှားလာခဲ့သည် ။ အသည်ဝန်ကြီးဟူ၍ ထင်ရှားလာခဲ့သည် ။ အသည်ဝန်ကြီးသည် ၃ ဒီဇင်ဘာ ၁၈၆၉ ခုနှစ်တွင် သီဟိုဠ် (သီရိလင်္ကာ)မှ ပင့်ဆောင်လာသော ဗောဓိပင်အား ရွှေမြို့တော်တောင်ကျောင်းတိုက်အတွင်း သာသနာပိုင်ဆရာတော် ဦးဇေယျအား အမှူးထားလျက် မင်းညီမင်းသားများနှင့် အတူ စိုက်ပျိုးခဲ့သည်။ မကြာမီ အသည်ဝန်ကြီး ဦးကြီး ကွယ်လွန်သွားရာ သူ၏နေရာတွင် အသည်ဝန်အဖြစ် စာရေးတော်ကြီး လှိုင်းတက်သာဂရ နှစ်မြို့ ဝန်မင်းကျော်မင်းထင် သီဟသူကို ခန့်အပ်ခဲ့သည်။ ၉ ဒီဇင်ဘာ ၁၈၇၃ ခုနှစ်ရက်စွဲပါ အမိန့်တော်တစ်ရပ်တွင် အသည်ဝန် မင်းကျော်မင်းထင် သီဟသူ၏ အမည်ကို တွေ့ရှိရ၏။
သီပေါမင်းလက်ထက်
[ပြင်ဆင်ရန်]သီပေါမင်း နန်းတက်စ ၁၈၇၈ ခုနှစ် အောက်တိုဘာလတွင် အသည်ဝန်အဖြစ် မင်းကြီးမင်းလှမဟာမင်းကျော်ရာဇာအား ခန့်အပ်ခဲ့ဟန်တူသည်။ ၁၅ ဧပြီ ၁၈၈၃ ခုနှစ်တွင် စန္ဒီထီးဖြူတော်အား မဟာမုနိသို့ ပင့်ဆောင်ရာ၌ အသည်ဝန် မင်းကြီးမင်းလှ မဟာမင်းကျော်ရာဇာ တက်ရောက်ခဲ့သည်။ သီပေါမင်းလက်ထက် နှောင်းပိုင်းကာ၌မူ အသည်ဝန်အဖြစ် မင်းကြီးမင်းခေါင်မဟာသီရိသခင်္ယာဘွဲ့ခံ ဦးသန့် တာဝန်ထမ်းဆောင်ခဲ့သည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ တင်နိုင်တိုး၏ ဝန်တစ်ရာ စာအုပ် ၂၇-၅-၂၀၀၉