အလာဘားမားပြည်နယ်
အလာဘားမားပြည်နယ် | |||
---|---|---|---|
| |||
အမေရိကန်ပြည်ထောင်စု၏ မြေပုံ၊ အလာဘားမား အားအရောင်ခြယ်ပြထား | |||
နိုင်ငံ | အမေရိကန်ပြည်ထောင်စု | ||
ပြည်ထောင်စုသို့ ဝင်ရောက်ခြင်း | ဒီဇင်ဘာ ၁၄၊ ၁၈၁၉ (၂၂) | ||
အကြီးဆုံးမြို့ | ဘာမင်ဟမ် | ||
အစိုးရ | |||
• ပြည်နယ်အုပ်ချုပ်ရေးမှူး | ရောဘတ် ဂျေ ဘန်တလေ (R) | ||
• လက်ထောက် ပြည်နယ်အုပ်ချုပ်ရေးမှူး | ကေးအိုင်ဗေး (R) | ||
လူဦးရေ | |||
• စုစုပေါင်း | ၄,၈၀,၇၄၀(၂၀၁၁) | ||
• သိပ်သည်းမှု | ၉၄.၆/sq mi (၃၆.၅/km၂) | ||
ဘာသာစကား | |||
• ရုံးသုံးဘာသာစကား | အင်္ဂလိပ် | ||
• ပြောဆိုသော ဘာသာစကား | အင်္ဂလိပ် (၉၆.၁၇%) စပိန် ၂.၁၂% | ||
လတ္တီကျူ | 30° 11′ N to 35° N | ||
လောင်ဂျီကျူ | 84° 53′ W to 88° 28′ W |
အလာဘားမားပြည်နယ်သည် အမေရိကန်ပြည်ထောင်စု၏ အရှေ့တောင်ပိုင်း ဒေသတွင် တည်ရှိသည်။ မြောက်ဘက်တွင် တင်နက်ဆီပြည်နယ်၊ အရှေ့ဘက်တွင် ဂျော်ဂျီယာပြည်နယ်၊ တောင်ဘက်တွင် ဖလော်ရီဒါပြည်နယ်နှင့် မက္ကဆီကိုပင်လယ်ကွေ့၊ အနောက်ဘက်တွင် မစ္စစ္စပီပြည်နယ် တို့က ဝန်းရံလျက် ရှိသည်။ အလာဘာမားသည် အမေရိကန်ပြည်ထောင်စု ပြည်နယ် ၅၀ တွင် ၃၀ ခုမြောက် အကြီးဆုံးနှင့် ၂၃ ခုမြောက် လူဦးရေ အထူထပ်ဆုံး ဖြစ်သည်။ ကုန်းတွင်းပိုင်း ရေကြောင်းသွားလာသည့် လမ်းကြောင်းများတွင် အလာဘာမားသည် ဒုတိယနေရာတွင် ရှိသည်။
ယခင်က ဝါကို အဓိကစိုက်ပျိုးသော ပြည်နယ်ဖြစ်ခြင်းကြောင့် ဝါပြည်နယ် ဟူ၍လည်းခေါ်တွင်သည်။ ယခုအခါ အလာဘားမားပြည်နယ် တွင် ဝါအပြင် ပြောင်း၊ မြေပဲ၊ ကြံ၊ ဆေး၊ သစ်သီးစသော သီးနှံပင်များကိုလည်း စိုက်ပျိုးသည်။
ပြည်နယ်မြောက်ပိုင်းတွင် တင်နက်ဆီမြစ်ဝှမ်းရှိ၍၊ ထိုမြစ်ဝှမ်း၏ အရှေ့တောင်ဘက်၌ အက်ပလီချီယန်တောင်တန်းနှင့် ချိုင့်ဝှမ်းများရှိသည်။ တောင်ဘက်တွင် မြေစေးနက်ဒေသ နှင့် ကမ်းခြေလွင်ပြင်တို့ တည်ရှိသည်။ မိုဗီးမြစ်သည် ပြည်နယ်တွင် အထင်ရှားဆုံးမြစ်ဖြစ်သည်။ ထိုမြစ်၏ လက်တက်များဖြစ်သော တွမ်မိုဗီးမြစ်နှင့် အယ်လဗားမားမြစ်တို့သည် မိုဗီးမြို့ မြောက်ဘက် ၄၄ မိုင် ကွာတွင် ပေါင်းဆုံကြပြီးလျှင် မိုဗီးမြစ် အဖြစ် မက္ကဆီကိုပင်လယ်ကွေ့တွင်းသို့စီးဝင်သည်။ တင်နက်ဆီ မြစ်သည် ပြည်နယ်မြောက်ပိုင်းကို ဖြတ်စီးသည်။ ရှေးအခါကတည်းက မြစ်ကြောင်းခရီးသည် အလာဘားမားပြည်နယ် စီးပွားရေးတွင် အရေးပါသော အထောက်အပံ့ ဖြစ်ခဲ့သည်။
အလာဘားမားပြည်နယ်ရာသီဥတုသည် ညီညွတ်မျှတ၍ တစ်နှစ်အတွင်း ပျမ်းမျှအပူချိန် ဖာရင်ဟိုက် ၆၃.၉ ဒီဂရီ ရှိသည်။ နေရာအနှံ့အပြားတွင် မိုးရွာ၍၊ တစ်နှစ်လျှင် ပျမ်းမျှ မိုးရေချိန် ၅၃ လက်မ ရရှိသည်။ မြောက်ပိုင်းတွင် ဆောင်းရာသီ၌ ဆီးနှင်းကျသည်။
တစ်ချိန်ကထိုပြည်နယ်တွင် ဝါကိုသာ အဓိကထား၍ စိုက်ပျိုးခဲ့သည်။ မြေဩဇာကောင်းသော တင်နက်ဆီမြစ်ဝှမ်း မြေစေးနက်ဒေသနှင့် ကမ်းခြေလွင်ပြင်တို့တွင် ဝါကိုစိုက်ပျိုး သည်။ အထူးသဖြင့် မြေစေးနက်ဒေသတွင် ဝါကိုအကြီး အကျယ် စိုက်ပျိုး၍၊ ဝါခင်းများတွင် ငွေဝယ်ကျွန်များကိုစေခိုင်း လုပ်ကိုင်စေသည်။ ၁၉၁ဝ ပြည့်နှစ်လွန်သောအခါ လယ်သမားတို့သည် ဝါအပြင် ပြောင်း၊ မြေပဲ၊ ပဲငါးပိ၊ ကြံ၊ ဆေး၊ မြက်ခြောက်၊ အယ်လဖားဖားပင်၊ သစ်သီးနှင့် ဟင်းသီးဟင်းရွက်ပင်များကိုလည်း စိုက်ပျိုးကြသည်။
အယ်လဗားမားပြည်နယ်တွင် ကျောက်မီးသွေး၊ သံ၊ မြေစေး၊ ထုံးကျောက်တိုင်ကို တူးဖော်ရရှိသည်။ မင်နီဆိုတာပြည်နယ်နှင့် မစ်ရှီဂန်ပြည်နယ်တို့မှလွဲလျှင် သံကိုအများဆုံးတူးဖော်ရရှိသော ပြည်နယ်ဖြစ်သည်။ သံနှင့် ကျောက်မီးသွေး၊ ထုံးကျောက်တို့ကို အတူတကွ တူးဖော်ရရှိသဖြင့် သံနှင့် သံမဏိ လုပ်ငန်းသည် ပြည်နယ်တွင် ထင်ရှားသောစက်မှုလုပ်ငန်းဖြစ်သည်။ ဗာမင်ဂန်မြို့နှင့် ဂက်စဒင်မြို့တို့သည် သံမဏိလုပ်ငန်းအတွက် အချက်အချာမြို့များဖြစ်ကြသည်။
၁၃ဝဝ ပြည့်နှစ်တွင် တင်နက်ဆီမြစ်ဝှမ်း အာဏာပိုင်အဖွဲ့နှင့် ပုဂ္ဂလိကပိုင် ကုမ္ပဏီများက မြစ်ထိန်းစီမံကိန်းများကို ပြည်နယ်တွင်စတင်လုပ်ကိုင်ခဲ့သည်မှစ၍၊ စက်မှုလက်မှုလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်လာလေသည်။ အလာဘားမားပြည်နယ် တွင် ချည်မျှင်နှင့်အထည်ယက်လုပ်သည့်လုပ်ငန်းသည် အကြီးဆုံးစက်မှုလုပ်ငန်း ဖြစ်သည်။ ထိုနောက် သံမဏိလုပ်ငန်း၊ သစ်လုပ်ငန်း၊ စည်သွတ်အစားအစာ လုပ်ငန်း တို့သည်လည်း ထင်ရှားသော စက်မှုလုပ်ငန်းများဖြစ်သည်။ [၁]
ဆက်စပ်ကြည့်ရှုရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)