သုဝဏ္ဏဘူမိ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

သုဝဏ္ဏဘူမိ[ပြင်ဆင်ရန်]

သုဝဏ္ဏဘူမိ (သင်္သကရိုက်: Suvarnabhumi; ပါဠိ: Suvannabhumi)

အဓိပ္ပါယ်[ပြင်ဆင်ရန်]

မြန်မာတို့သည် ရှေးသထုံပြည်ကို သုဝဏ္ဏဘူမိဟု ယူဆခဲ့ကြသည်။ အိန္ဒိယ ရှေးဟောင်းကျမ်းများအလို အရမူ ထိုထက်ကျယ်ဝန်းသော ဒေသဟုဆိုကြသည်။ သုဝဏ္ဏဘူမိသည် မည်သည့်ဒေသဖြစ်သင့်ကြောင်းအကြောင်းပြချက်၊ ယူဆချက်များနှင့်တကွ တင်ပြထားသည်။

သုဝဏ္ဏဘူမိဟူသည် သုဝဏ္ဏ=ရွှေ၊ ဘူမိ= မြေ၊နှစ်ရပ်ပေါင်းသော် "ရွှေထွက်သောမြေ"ဟု အဓိပ္ပါယ် ရသည်။ မြန်မာတို့အလိုအရမူ သုဝဏ္ဏဘူမိသည် ရှေးသထုံပြည်ကို ခေါ်ဝေါ်ခြင်းဟုယူဆကြသည်။ အိန္ဒိယ ရှေးဟောင်းကျမ်းတို့တွင် ဖေါ်ပြပါရှိသော သုဝဏ္ဏဘူမိသည် ထိုထက်ကျယ်ဝန်းသော ဒေသဖြစ်သည်။ ဇာတကကျမ်းများ၊ ဗရိဟတ်ကထာကျမ်းများ၊ ကထာကောသျှာကျမ်းများတွင် ဖေါ်ပြပါရှိသော သုဝဏ္ဏဘူမိသည် မြန်မာနိုင်ငံအောက်ပိုင်း ရှေးရာမညတိုင်းနှင့် တနင်္သာရီကျွန်းဆွယ် အပါအဝင် မလ္လာယုကျွန်းဆွယ်၊ ယိုးဒယား၊ ကောဒီးယား၊ လော(လာအို)တို့ပါဝင်သော အင်ဒို ချိုင်းနားကျွန်းဆွယ်၊ ဆုမတြားကျွန်း၊ ဂျားဗားကျွန်း၊ ဗော်နီယိုကျွန်းတို့ ပါဝင်သည့် တစ်ခွင်တစ်ပြင်ကြီးကို သုဝဏ္ဏဘူမိ ဟုခေါ်ဆိုကြောင်း ယူဆရသည်။ သုဝဏ္ဏဘူမိကို သုဝဏ္ဏဒီပဟုလည်း ခေါ်ဆိုကြလေသည်။

ကလျာဏီကျောက်စာ အရ[ပြင်ဆင်ရန်]

မြန်မာတို့က ရှေးသထုံပြည်ကို သုဝဏ္ဏဘူမိဟု ခေါ်ဆိုခြင်း၏အထောက်အထားမှာ ဓမ္မစေတီမင်းကြီးရေးထိုးခဲ့သော ကလျာဏီကျောက်စာအရဖြစ်သည်။ ထိုကျောက်စာအရ သုဝဏ္ဏဘူမိဟူသော သထုံပြည်သည် ယခုသထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ တောင်စွန်းရဲစခန်းအပိုင်ရှိ ကေလာသတောင် ခြေရင်းတွင်ရှိသော ယက္ကန်းသည်မ (အရက်သမ)ရွာတစ်ဝိုက်တွင် တည်ရှိခဲ့လေသည်။ မင်းနေပြည်တော်အဖြစ်ထားရှိသော သုဝဏ္ဏဘူမိမြို့၏ အရှေ့ထက်ဝက်သည် တောင်စောင်း၌ရှိသည်။ အနောက်ထက်ဝက်သည် မြေညီ၌ရှိသည်။ ဟံသာဝတီပဲခူး၌ ဓမ္မစေတီမင်းကြီး မင်းပြုသည့်အချိန်တွင် ထိုမြို့ကို ဂေါဠတ္တိကာနဂရ (တိုက်ဂလာ-တိုက်ကုလား)ဟု ခေါ်ဝေါ်ကြောင်းသိရသည်။ ယင်းသို့ခေါ်ဝေါ်ခြင်းမှာ ဂေါဠ သည် အိန္ဒိယနိုင်ငံ ယခုဘင်္ဂလားပြည်နယ် အောက်ပိုင်းကို ခေါ်ဆိုခြင်းဖြစ်၍ ဂေါဠှဂလ၊ ဂလမှဂလာသို့အဆင့်ဆင့် အသံပြောင်းလာပြီးလျှင် ထိုဒေသရှိလူတို့၏ အိမ်ကဲ့သို့ မြေတိုက်အိမ်များ ရှိသောကြောင့် ဂလာတိုက်မှ တိုက်ဂလာဟု အမည်ဖြစ်ပေါ်လာသည် ဆိုလေသည်။ ကလျာဏီကျောက်စာသည် ရာမညဒေသ၏ ဗုဒ္ဓသာသနာ့သမိုင်းအကျဉ်းကိုလည်း ဖေါ်ပြထားပြီးလျှင် ရှင်သောဏနှင့် ရှင်ဥတ္တရမထေရ်မြတ်နှစ်ပါးအမှူးပြုလျက် ထိုဒေသသို့ သာသနာပြုကြွလာပုံများလည်း ပါရှိသည်။


အရှင်နှစ်ပါးတို့ ကြွရောက်လာချိန်တွင် သုဝဏ္ဏဘူမိတိုင်း၌ သီရိမာသောက အမည်ရှိသောမင်းသည် စိုးမိုးအုပ်ချုပ်လျက်ရှိသည်။ အရှင်မြတ်တို့သည် မင်းအိမ်၌ဖွားလေတိုင်းသော သူငယ်ကို အမြဲမပြတ် လာရောက်စားလေ့ရှိသော ရက္ခိုက်ဘီလူးမအား နှိမ်နင်းအောင်မြင်သည့်အထိမ်းအမှတ်အဖြစ် ထိုအရပ်နေလူတို့သည် အရှင်မြတ်တို့က ဘီလူးမအား ခြောက်လှန့်နှင်ပစ်ရန် ဖန်ဆင်းပြသောဦးခေါင်းတစ်ခု၊ ကိုယ်နှစ်ခုရှိသည့် ခြင်္သေ့ရုပ်သဏ္ဌာန်ကို ကျောက်ရုပ်ထုလုပ်ပြီးလျှင် မြို၏အရှေ့မြောက်ထောင့် တောင်ထိပ်တွင် ထားခဲ့ကြရာ ဓမ္မစေတီမင်း၏ လက်ထက်တိုင်အောင် ထင်ရှားရှိသေးသည်။ ထိုပြင် ထိုရုပ်ပုံသဏ္ဌာန်ကို ထန်းရွက်စသည်တို့၌ ရေး၍ ဖွားစသူငယ်တို့၏ ဦးခေါင်းပေါ်တွင် တင်စေကာရက္ခိုက်ဘီလူးတို့မှ အရံအတားပြုလေ့ရှိသော အစဉ်အလာဓလေ့ထုံးစံကိုလည်း ဓမ္မစေတီမင်းကြီးက ကျောက်စာတွင်ဖေါ်ပြခဲ့လေသည်။


ကေလာသတောင်ခြေရှိ သရက်သည်မရွာသည် ယခုရှိသော မြသိန်းတန်ဘုရား၏ ရင်ပြင်ပေါ်တွင်ကျောက်စာ တိုင်ကြီးတစ်ခုရှိခဲ့ရာ၊ ၁၈၈၃ ခုနှစ်ခန့်ကပင် ထိုနေရာက ရွှေ့ပြောင်းသယ်ယူလာပြီးလျှင် ယခုအခါရန်ကုန်တက္ကသိုလ် စာကြည့်တိုက်အတွင်းတွင် စိုက်ထူထားခဲ့သည်။ ထိုကျောက်စာတိုင်ကြီးတွင် အလွန်ရှေးကျသောမွန်ဘာသာဖြင့် ရေးထိုးထားသည်။ ကျောက်စာတိုင်၌ဖေါ်ပြပါရှိသော အကြောင်းအချက်တို့မှာ ပုဂံပြည့်ရှင်ကျန်စစ်မင်းကြီးသည် ပျက်စီးယိုယွင်းနေသော ကျိုက်တလင်ဘွဲ့တော်ရှိသည့် စေတီကို ပြန်လည်ပြုပြင်ကောင်းမှုပြုသည့်အကြောင်း ပါရှိသည်။ ထိုကြောင့် မြသိန်းတန်စေတီသည် ကျောက်စာတွင်ပါသော ကျိုက်တလင်စေတီပင်ဖြစ်သည်ဟု ယူဆရသည်။ ကျောက်စာတွင် ကျန်စစ်မင်းကြီးသည် ထိုစေတီကို သက္ကရာဇ် ၄၆ဝ ပြည့်နှစ်တွင် ပြန်လည်ပြုပြင်ကြောင်းပါရှိလေရာ ထိုစေတီတော်သည် ထိုသက္ကရာဇ်တွင် ပျက်စီးယိုယွင်းလျက် ရှိသည်ဟူသော အချက်ကိုထောက်ထား၍ ထိုနှစ်ထက်အလွန်ရှေးကျသော အခါက တည်ထားခဲ့ခြင်း ဖြစ်ပေမည်။ ထိုကြောင့်ထိုဒေသသည် မြန်မာနိုင်ငံ၌ ဗုဒ္ဓသာသနာ အလွန်စောစွာရောက်ရှိခဲ့သော ဒေသတစ်ရပ် ဖြစ်ကြောင်းကား ယုံမှားဖွယ်ရာမရှိချေ။ အိန္ဒိယကျမ်းဂန်များအရ ရွှေထွက်သည်ဆိုသော သုဝဏ္ဏဘူမိသို့ အလွန်ရှေးကျသော ကာလကပင်အိန္ဒိယ အမျိုးသားတို့သည် ပင်လယ်သမုဒ္ဒရာကိုစွန့်စွန့်စားစား ဖြတ်ကျော်လာရောက်ကြသည်။ မြန်မာလူမျိုးတို့ကြားဖူးနားဝ ရှိကြသောမဟာဇနက ဇာတ်တော်တွင် ဇနကမင်းသားသည် ကုန်သွယ်အံ့သောငှာ သမုဒ္ဒရာကိုဖြတ်၍ သုဝဏ္ဏဘူမိသို့ သင်္ဘောလွှင့်ခဲ့ကြောင်း ပါရှိလေသည်။ အိန္ဒိယကျမ်းများအလာ သုဝဏ္ဏဘူမိသည် ရွှေထွက်သည်သာမက နောင်အခါ ဟင်းခတ်အမွှေးအကြိုင်များလည်း ထွက်ရှိသောကြောင့် ခရစ်ရှစ်ရာစု၊ ကိုးရာစုနှစ်များတွင် အာရပ်ကုန်သည်များသည်လည်းကောင်း၊ ၁၅ ရာစု၊ ၁၆ရာစုနှစ်များတွင် ဥရောပနိုင်ငံသားများသည်လည်းကောင်း သုဝဏ္ဏဘူမိသို့ ခရီးလမ်းပေါက် ရောက်ခဲ့ကြလေသည်။

တိုင်း၏အမည်[ပြင်ဆင်ရန်]

တောင်ပေါက်ဆရာတော်ရေးသား ပြုစုသော ဗုဒ္ဓသာသနိက ပထဝီဝင်ကျမ်း၌မူ သုဝဏ္ဏဘူမိတိုင်း အကြောင်းကို ဤသို့ဖေါ်ပြထားလေသည်။ သုဝဏ္ဏဘူမိသည် တိုင်း၏အမည်ဖြစ်၍ ကျမ်းဂန်စကားကို အရင်းထားရသော် သုဝဏ္ဏဘူမိဖြစ်ထိုက်သော လက္ခဏာများမှာ မဟာဇနက ဇာတကအဌကထာအရ -
(၁)ဝင်္ဂေါပသာဂရခေါ်ဗင်္ဂလားပင်လယ်မှအရှေ့ ဘက်မှတည်ရှိခြင်း၊
(၂)ကာမလိတ္တိသင်္ဘောဆိပ်မှယူဇနာ ၇ဝဝ ဝေးကွာခြင်း၊
(၃)ပါရာဇိကဏ်အဌကထာ၊ မဟာဗောဓိပင် အဌကထာများအရကုန်းမြေမဟုတ်၊ ရေပတ်လည် ဝိုင်းလျက်ရှိသော ကျွန်းဖြစ်ခြင်း၊
(၄)လှေသင်္ဘောလမ်းရေကြောင်းလေကြောင်း သင့်၍ အသွားအလာများရာ ဌာနဖြစ်ခြင်း၊
(၅)ရှေးဟောင်းသာသနအဆောက်အအုံများ
ယခုတိုင်ရှိနေခြင်းတို့ဖြစ်သည်။


ထိုလက္ခဏာများအရ ရှေးသထုံပြည်သည် ဘင်္ဂလားပင်လယ်အော်၏ အရှေ့ဘက်၌ရှိခြင်း၊ အိန္ဒိယမှလှေ သင်္ဘော ရေကြောင်း လေကြောင်းသင့်၍ ကူးလူးဆက်ဆံမှု များသော ဌာနဖြစ်ခြင်း၊ ရှေးသာသနအဆောက်အအုံများ ယခုတိုင်ရှိသေးခြင်းဟူသော လက္ခဏာရပ်များနှင့် ပြည့်စုံသည်ကား မှန်ပေသည်။ သို့သော်ကမလိတ္တိ သင်္ဘောဆိပ်မှ ယူဇနာ ၇ဝဝ ကွာဝေးခြင်း၊ ကျွန်းမြေပေါ်၌ တည်ရှိခြင်းစသော လက္ခဏာရပ်များနှင့်မပြည့်စုံသောကြောင့် အထက်ပါလက္ခဏာရပ်များ အပြည့်အစုံ ညီညွတ်ခြင်းမရှိဟု ဖေါ်ပြထားလေသည်။


ထိုပထဝီဝင်ကျမ်းအရမူ ရှင်သောနနှင့် ရှင်ဥတ္တရမထေရ်နှစ်ပါး အမှူးရှိသော ရဟန္တာငါးပါးတို့ သာသနာပြုကြွရောက်ရာ မူလသုဝဏ္ဏဘူမိသည် ယခု ဆူမတြားဟုခေါ်ဆိုကြသော သုမာတြာကျွန်းဟု အခိုင်အမာ ဆိုလေသည်။ သုမာတြာကျွန်းသည် အထက်တွင်ဖေါ်ပြခဲ့သော လက္ခဏာရပ်များနှင့် အလုံးစုံညီညွတ်သည်။ ကျမ်းဂန်တို့၌ ပြဆိုသော ကာမလိတ္တိ သင်္ဘောဆိပ်နှင့်သုမာတြာကျွန်းသည် ယူဇနာ ၇ဝဝ နီးပါးကွာဝေးသည်။ ထိုစဉ်က ပင်လယ် သင်္ဘောဆိပ်မြို့ဖြစ်သော ကာမလိတ္တိသည် ယခု ကာလကတ္တားမြို့၏ အနောက်တောင် ထောင့်မိုင် ၂၃ဝ အကွာတွင်ရှိသည်။ တစ်ယူဇနာသည် အင်္ဂလိပ်မိုင်အားဖြင့် တွက်မူ ရေလမ်းခရီးဖြစ်၍ တာတစ်ထောင်ကို တစ်ယူဇနာနည်းဖြင့်ယူသော် ယူဇနာ ရဝဝ သည်မိုင်ပေါင်း ၁၃၉၂၁/၂ဖြစ်သည်။ ကာလကတ္တားနှင့်သုမာတြာကျွန်းသည် အင်္ဂလိပ်မိုင် ၁၆၃ဝ ဖြစ်၍ ယင်း၌ ကာမလိတ္တိနှင့် ကာလကတ္တားအကွာအဝေး (မိုင်၂၃ဝ)ကိုနုတ်လျှင်မိုင် ၁၄ဝဝ ကျန်ရာ၊ ယင်းသည် ကာမလိတ္တိနှင့်သုမာတြာအကွာ အဝေးမိုင်ဖြစ်သည်။ ထိုကြောင့်မိုင်ပေါင်း ၁၃၉၂၁/၂ (ယူဇနာ ၇ဝဝ) နှင့်မိုင် ၁၄ဝဝသည်နီးစပ်ပေသည်။ သထုံပြည်နှင့် ကာမလိတ္တိအကွာအဝေးမှာ ယူဇနာ ၇ဝဝ (၁၃၉၂၁/၂) မိုင်တွင် မိုင် ၄ဝဝခန့်လျော့နေသည်။


ထိုအချက်ကိုထောက်ထား၍ မူလသုဝဏ္ဏ ဘူမိသည် သုမာတြာကျွန်းသာလျှင် ဖြစ်နိုင်စရာရှိကြောင်းဆိုလေသည်။ အခြားအကြောင်းပြချက်တစ်ခုမှာလည်း သုဝဏ္ဏဘူမိသည် ကျွန်းဖြစ်သည်ဟုဆိုထားခြင်းပေတည်း။ ထိုကြောင့် သုဝဏ္ဏဒီပဟုလည်း ခေါ်ဆိုကြခြင်းဖြစ်ပေမည်။ သုမာတြာသည်ကျွန်းဖြစ်ကြောင်းကား အထူးဖေါ်ပြဖွယ်ရာ မလိုချေ။ သထုံပြည်မူကား ကြီးမားရှည်လျားသော တောင်တန်းကြီးအနီး ကုန်းမြေပေါ်၌တည်ရှိလေသည်။


ထိုပြင်အိန္ဒိယကမ္ဗည်းကျောက်စာဌာနမှ ထုတ်ဝေသော နလန္ဒာတက္ကသိုလ်ကြီးအကြောင်းစာအုပ်၌ နလန္ဒာ ကျောင်းတိုက်ကြီး တူးဖေါ်ရာမှတွေ့ရှိရသော ကြေးပရပိုက် တစ်ဆူ၌ပါရှိသည်ကို ဤသို့ဖေါ်ပြထားသည်။ သုဝဏ္ဏဒီပ ခေါ်သုမာတြာကျွန်းဘုရင်သီရိဗလပုတ္တဒေဝသည် နလန္ဒာကျောင်းတော်ကြီး တည်တံ့ရေးအတွက်နှင့် အစောင့်အရှောက် အထောက်အပံ့ဖြစ်စေရန်လည်းကောင်း၊ ယင်းကျောင်းတော်ကြီး၌လာရောက်သီတင်းသုံးကြကုန်သော ရဟန်းတော်များ ချမ်းသာစေရန်အလို့ငှာလည်းကောင်း၊ သီရိနဂရခေါ် ပါဋလိပုတ်ခရိုင်နိုင်ငံအတွင်းရာဇဂဟဂယာ စီရင်စုတွင်ရှိသော ရွာငါးရွာကိုပေးလှူသည်။


ထိုပေးလှူသောရွာငါးရွာအဖို့မိမိပိုင်ဆိုင်သောသုဝဏ္ဏဘူမိ၌ ရှိသည့်ငါးရွာကို အစားထိုး၍ထိုအခါကပါဋလိပုတ်ခရိုင် နိုင်ငံကို စိုးပိုင်သူ ဒေဝပါလမင်းအား ဖလှယ်ပေးကြောင်းပါရှိလေသည်။ ယင်းသို့သော အကြောင်းကြောင်းတို့ကို ထောက်ရှု၍ ရှင်သောဏ၊ ရှင်ဥတ္တရမထေရ်သူမြတ်တို့ ပထမဆုံးရောက်ရှိရာ မူလသုဝဏ္ဏဘူမိသည် သုမာတြာ ကျွန်းသာလျှင်ဖြစ်သင့်သည်ဟု ဆိုထားလေသည်။ သို့သော်သထုံပြည်သည် ယူဇနာ ၇ဝဝ အကွာအဝေး အချက်၊ ကျွန်းမဟုတ်သည့်အချက်များမှတပါး သုဝဏ္ဏဘူမိ၏ အခြားလက္ခဏာရပ်များနှင့်မူ ညီညွတ်သောကြောင့် မူလသုဝဏ္ဏဘူမိအဖြစ် မယူနိုင်စေကာမူ သုဝဏ္ဏဘူမိတိုင်း၌ ပါဝင်သော ဒေသတစ်ခုအဖြစ် မှတ်ယူသင့်ပေသည်။


သာသနိကကျမ်း၊ လောကိယကျမ်းများ၌ ပါရှိသော သုဝဏ္ဏဘူမိ၊ သုဝဏ္ဏဘောမ၊ သုဝဏ္ဏဒီပဟူသောအမည်များသည် ဗင်္ဂလားအော်အရှေ့ဘက်ရှိ တိုင်းပြည်နယ်ပယ်များနှင့် သက်ဆိုင်ကြောင်းသိရသည်။ ရာမယနကျမ်းတွင်လည်း သီတာမိဖုရားကိုရှာဖွေရန် သုဂြိတ်အမှူးရှိသော ရာမမင်း၏ မျောက်စစ်သည်တော်များသည် ရာဝဒီပခေါ်ဇာဝရ(ဂျာဗား)ကျွန်းသို့လည်းကောင်း၊ ရွှေမြေ၊ ရွှေချောင်း၊ ရွှေတောင် အပေါင်းတို့ဖြင့် တန်ဆာဆင်သောသုဝဏ္ဏရူပက အမည်ရှိသော သုဝဏ္ဏဘူမိသို့လည်းကောင်း သွားရောက်ကြကြောင်းပါရှိသည်။ ထိုကျမ်းလာစကားအရ သုဝဏ္ဏဘူမိတိုင်း၌ ပါဝင်သင့်သော နယ်မြေဒေသများကား ဂျားဗား၊ဆူမတြား၊ ဗာလီ၊ ဗော်နီယို၊ သိင်္ဃပူရ၊ စင်္ကာပူ၊ မလ္လာယုခေါ်မလေးရှား၊ ယိုးဒယား၊ ကမ္ဘောဒီးယားနှင့် တနင်္သာရီစသော မြန်မာနိုင်ငံအောက်ပိုင်းတို့ ဖြစ်သင့်သည်ဟုဆိုလေသည်။


ဗုဒ္ဓသာသနာသည် မူလသုဝဏ္ဏဘူမိခေါ် ဆူမာတြာကျွန်းမှ သုဝဏ္ဏဘူမိတိုင်း၌ ပါဝင်သော ဌာနများသို့ ပြန့်နှံ့ခဲ့သည်။ သို့သော် သာသနာအရှည်တည်တံ့ရေးသည် ပရိယတ္တိအဆက်အသွယ်ရမှ ဖြစ်နိုင်ပေသည်။ မြန်မာနိုင်ငံ အောက်ပိုင်း ရာမညတိုင်းနှင့် ယိုးဒယား၊ ကမ္ဗောဒီးယား၊ လောနိုင်ငံတို့သည် သီဟိုဠ်ကျွန်း မှသော်လည်းကောင်း၊ ပိဋကတ်စာပေနှင့်တကွ သာသနာရေး အဆက်အသွယ်များ နည်းပါး ခဲ့ဟန်တူသဖြင့် ဗုဒ္ဓသာသနာအရောင်အဝါမှေးမှိန် ပျောက်ကွယ်ခဲ့ရလေသည်။ ခရစ်ခြောက်ရာစု၊ ခုနစ်ရာစုခန့်က သုမာတြာကျွန်း(ဆူမတြားကျွန်း) နှင့်နီးကပ်သောဂျားဗားကျွန်း၊ ဗော်နီယိုကျွန်းများ၌ သာသနာ စည်ပင်ထွန်းကား၍ ရဟန်းသံဃာများ သီတင်းသုံးခဲ့ဖူးကြောင်း အထောက်အထားများ တွေ့ရှိရသည်။ မြန်မာသက္ကရာဇ် ၅၅ဝ ပြည့်နှစ် နရပတိစည်သူမင်း လက်ထက်တွင် သီဟိုဠ်ကျွန်းမှ ဆပ္ပဋမထေရ်နှင့် အတူလိုက်ပါလာသော ရာဟုလာမထေရ်သည် မလ္လာယုကျွန်းသို့ကြွရောက်၍ ကျွန်းပိုင်ရှင်ဘုရင်အားဋီကာ နှင့်တကွ ခုဒ္ဒသိက္ခာ ကျမ်းစာကိုသင်ကြားပို့ချကြောင်း ကလျာဏီကျောက်စာ၌ ဖော်ပြထားလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)