ဟင်းခတ်အမွှေးအကြိုင်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဟင်းခတ်အမွှေးအကြိုင်များဟူ၍ ခေါင်းစဉ်တပ်ထားသော်လည်း ချိုချဉ် ခဲဖွယ်နှင့် မုံ့အမျိုးမျိုး တို့၌ ထည့်သွင်း အသုံးပြုသည့် အမွှေးအကြိုင်များကိုပါ ဆိုလိုပေသည်။ ကြာရှည်ခံ အနံ့အရသာတိုးစေဖို့ ရှေးခေတ်က လူမျိုးတို့သည် ယဉ်ကျေးမှုတစစ တိုးတက်လာ၍ နေထိုင်စားသောက်မှု ပြောင်းလဲလာသည့်အခါ အစားအစာများ ကြာရှည်ခံရန်နှင့် ပိုမို အရသာရှိလာစေရန် ဟင်းခတ် အမွှေးအကြိုင်များ သုံးလာခဲ့ကြ၏။ ဟင်းခတ်အမွှေးအကြိုင်ကို အကြောင်းပြု၍ စစ်ပွဲများ ဆင်နွှဲခဲ့၏။ နယ်ချဲ့ခဲ့၏။ ပင်လယ်ခရီးကြောင်းများ ပေါ်ပေါက်ခဲ့၏။ နယ်မြေသစ်များသည် တွေ့ခဲ့လေသည်။

ထိုအမွှေးအကြိုင်များမှာ စားဖွယ်သောက်ဖွယ်များ အနံ့အရသာ တိုးတက် ကောင်းမွန်စေရန် ထည့်ခြင်းဖြစ်၍ အရေးမကြီးဟုထင်ရ သော်လည်း အလွန်အဖိုးတန်လေသည်။ရှေးခေတ်က ဟင်းခတ်အမွေးအကြိုင်များကို ရရှိရန်အတွက် မည်မျှ ခဲခဲယဉ်းယဉ်း ဆောင်ရွက်ခဲ့ရကြောင်း မှတ်တမ်းတင် ထား ခဲ့သည်မှာလည်း အလွန်စိတ်ဝင်စားဖွယ်ကောင်းလှပေသည်။

အနံ့ကလေးသင်း၍ လျှာပေါ်၌ အရသာတွေ့သွားအောင် စားသောက်ဖွယ်ရာများ၌ ထည့်ပေးရသော အမွှေး အကြိုင်များ ရနိုင်ရေးအတွက် ရှေးခေတ်ကလူများသည် ပြင်းထန်သော စစ်ပွဲကြီးများ ဆင်နွှဲခဲ့ရ၍ အသက် ပေါင်းများစွာ ဆုံးရှုံးခဲ့လေပြီ။ ဥရောပ အနောက်ပိုင်း နိုင်ငံကြီးများသည် ထိုအမွှေးအကြိုင်များကို အကြောင်း ပြုလျက် နယ်ပယ် ချဲ့ထွင်ခဲ့ကြသဖြင့် လက်အောက်ခံ နိုင်ငံအများ သိမ်းယူရရှိခဲ့လေသည်။

ပင်လယ်ခရီးလမ်း ကြောင်းများ စတင်ပေါ်ပေါက်ခဲ့ခြင်းမှာလည်း ထိုအမွှေးအကြိုင်များကို ရှာဖွေ၍ သယ်ယူရောင်းချရန် ခရီးလမ်းပန်း အဆက်အသွယ်များ ရှာဖွေကြရာမှ အစတွေ့ခြင်း ဖြစ်လေသည်။ ကိုလံဗတ်သည် ဟင်းခတ်အမွှေးအကြိုင်များကို ရရှိနိုင်မည့် နယ်မြေဒေသများကို စုံစမ်းရှာဖွေမှ အမေရိကတိုက် ကြီးကို စတင်တွေ့ရှိခဲ့ လေသည်။ ( ကိုလံဘတ် စီ။)

ထိုအခါက ဟင်းခတ် အမွှေးအကြိုင်များမှာ ရွှေနှင့်စက်၍ ဝယ်ရလောက်အောင် အလွန် ဈေးကောင်း၍ အလွန်ကြီးကျယ်သော အရောင်းအဝယ် လုပ်ငန်ကြီးတစ်ခု ဖြစ်လေသည်။ အမွှေးအကြိုင်များကကို အရှေ့ဘက် နိုင်ငံများမှ ရရှိနိုင်လေရာ အနောက်နိုင်ငံများသည် အရှေ့နိုင်ငံများနှင့် ဆက်သွယ်၍ အရောင်းအဝယ်လုပ်ငန်း ကို လက်ဝါးကြီးအုပ်နိုင်ရန် ကြိုးစားကြလေသည်။

ပင်လယ်ခရီးများ မပေါက်ရောက်မီ အခါကမူ အရှေ့နိုင်ငံများမှ အနောက်နိုင်ငံများသို့ ကုန်းလမ်းမှသာလျှင် ဟင်းခတ်အမွှေးအကြိုင်များကို သယ်ယူ ရောင်းဝယ်ခြင်း ပြုရလေသည်။ ထိုခေတ်က အာရေဗျပြည်သည် အမွှေးအကြိုင်များကို ဖြန့်ဖြူးရောင်းချရာ ဗဟိုဌာန ဖြစ်ခဲ့သဖြင့် ကမ္ဘာ့ အနောက်ပိုင်းနိုင်ငံများ အလယ်၌ မော်နိုင်ခဲ့လေသည်။ မြေထဲပင်လယ်ဘက်တွင်လည်း အမွှေးအကြိုင် ရောင်းဝယ်ရေး ဖွံ့ဖြိုးခဲ့သဖြင့် ဗင်းနစ် မြို့သည် ဂုဏ်ရှိန်ကြီးမား ဝင့်ကြွား နိုင်ခဲ့လေသည်။

ပေါ်တူဂီနှင့် ဟော်လန်နိုင်ငံတို့မှာလည်း အမွှေးအကြိုင် ရောင်းဝယ်ရေးအတွက် စွန့်စားလုပ်ကိုင်နိုင်ခဲ့ သဖြင့် ချမ်းသာ ကြွယ်ဝ၍ တန်ခိုးကြီးမားခဲ့လေသည်။ ဗြိတိသျှနိုင်ငံအတွက် အရှေ့ဘက်တလွှားတွင် နယ်မြေသစ်၊ တိုင်းပြည်သစ်များ ရရှိအောင် အကျိုးဆောင်ခဲ့သော အရှေ့အိန္ဒိယ ကုမ္ပဏီသည်လည်း အမွေးအကြိုင် ရောင်းဝယ်မှုဖြင့် ကြီးပွားတိုးတက်နေသော ဟော်လန်နိုင်ငံကို ချိုးနှိမ်ရန်အတွက် စတင် တည်ထောင်ခဲ့ခြင်း ဖြစ်လေသည်။ ယင်းသို့အားဖြင့် အနောက်ပိုင်းနိုင်ငံများသည် ဟင်းခတ်အမွှေးအကြိုင်များအတွက် အဘယ်ကြောင့် ထိုမျှလောက် အပြိုင်အဆိုင် ဖြစ်လာရသနည်းဟူသော အကြောင်းမှာ အထူးပင် စိတ်ဝင်စားဖွယ်ရာ ကောင်းပေသည်။

ရှေးအခါက လူများသည် အစားအစာကို ရိုးရိုးအတိုင်းပင် စားသုံးကြရ၏။ သို့ရာတွင် ယဉ်ကျေးမှု တစတစ တိုးတက် လာလေရာ သူတို့၏ စားသောက်နေထိုင်မှုများလည်း တိုးတက် ပြောင်းလဲလာလေသည်။ အစာအဟာရများကို ပိုမို၍ အရသာ ရှိလာစေရန် ဟင်းခတ် အမွှေးအကြိုင်များဖြင့် ပြုပြင်ကြကုန်၏။ အထူးသဖြင့် အေးသော အနောက်နိုင်ငံများမှာ ဆောင်းတွင်းအခါ၌ အမဲသား၊ ငါးများကို ကြာရှည်ခံအောင် ဆားသိပ် ၍ စားသောက်ကြရလေရာ နွေဦးပေါက်သောအခါ ထိုဟင်းလျာများမှာ အမွှေးအကြိုင်များ မွမ်းမံ၍ မထည့်လျှင် စားကောင်းသောက်ဖွယ် မဖြစ်နိုင်တော့ချေ။ ထိုကြောင့်ပင် ဟင်းခတ်အမွှေးအကြိုင်များကို တစ်နေ့ တခြား အသုံးများလာ၍ အဖိုးတန်လာလေသည်။

သို့ရာတွင် အရှေ့ပိုင်းနိုင်ငံများမှ ဟင်းခတ် အမွှေးအကြိုင်များ ရနိုင်ရန် အရေးမှာ လွယ်ကူသော အလုပ်မဟုတ်ပေ။ ကုန်းလမ်းခရီးဖြင့်လည်းကောင်း၊ ပင်လယ်ခရီးဖြင့်လည်းကောင်း အသက်ဆံဖျား စွန့်စားသွားလာသော ဟင်းခတ် အမွှေးအကြိုင်များကို သယ်ယူ ရောင်းဝယ်ခြင်း ပြုလုပ်ကြရ၏။ လမ်း၌ သောင်းကျန်းသူ လူဆိုး ဓားပြဂိုဏ်းကြီးများကို တိုက်ခိုက်ရ၏။ ခရီးလမ်းပန်းများ ကြမ်းတမ်းလှသဖြင့် လူများ သေကြေပျက်စီးရ၏။ ထိုအပြင် အမွှေးအကြိုင်များ ရရှိနိုင်သော ဒေသများမှာ ရောဂါထူပြော၍ တိုင်းရင်းသားများမှာလည်း ရိုင်းစိုင်းကြသည် ဖြစ်သောကြောင့် ဆက်ဆံရာ၌ များစွာ အခက်အခဲ တွေ့ရလေသည်။ သို့ရာတွင် ကံကောင်း ထောက်မသဖြင့် အမွှေးအကြိုင်များရ၍ ကိုယ့်နေရပ်သို့ ပြန်ရောက်ရှိခဲ့လျှင် ပျက်စီးဆုံးရှုံးသမျှကို ထေမိသည့် ပြင် ထူးထူးကဲကဲ အကျိုးကျေးဇူး ခံစားကြရသဖြင့် ထိုလုပ်ငန်းကို အလုအယက် အပြိုင်အဆိုင် အသက်စွန့်ကာ လုပ်ကိုင်ကြလေသည်။

ဟင်းခတ်အမွှေးအကြိုင်များ ထုတ်ယူရရှိသော အပင်မျိုးသည် များသောအားဖြင့် ပူအိုက်၍ စိုစွတ်သော ရာသီဥတု ရှိသည့် ဒေသများတွင် ပေါက်ရောက်လေ့ရှိ၏။ အထူးသဖြင့် ပင်လယ်ကမ်းနားဒေသများနှင့် ကျွန်း များပေါ်တွင် ပိုမို ဖြစ်ထွန်းလေသည်။ အရှေ့အိန္ဒိယကျွန်းစုများ၌ အများဆုံး ဖြစ်ထွန်း၍ အနောက်အိန္ဒိယ ကျွန်းစုများမှလည်း ရရှိနိုင်လေသည်။ ဟင်းခတ် အမွှေးအကြိုင်များအဖြစ် အသုံးပြုသော အသီး၊ အရွက်၊ အမြစ်၊ အစေ့များမှာ အမျိုးပေါင်း များစွာ ရှိလေ သည်။ လေးညှင်း၊ ဇာတိပ္ပိုလ်၊ သစ်ကြံပိုး၊ စမုန်စပါး၊ ဖာလာ၊ ကရဝေး၊ ချင်း၊ နနွင်း၊ ပင်စိမ်း၊ ငြုတ်ကောင်း၊ နံနံစေ့၊ စမုန်နက် စသည်တို့မှာ လူသုံးများသော ဟင်းခတ်အမွှေးအကြိုင်များ ဖြစ်လေသည်။ အနောက်အိန္ဒိယကျွန်းစုတွင်ကား ဗနီလာခေါ် သစ်ခွနွယ်တစ်မျိုးမှာ အထူးလူကြိုက်များလေသည်။ ဟင်းခတ်အမွှေးအကြိုင်များတွင် တစ်ခုအပါအဝင်ဖြစ်သော လေးညှင်းမှာ ပန်းဖူးအခြောက်ကလေးများ ဖြစ်လေသည်။


လေညှင်းပင်မျိုးသည် အရှေ့အိန္ဒိယကျွန်းစု၊ ယခင်ဒပ်ချပိုင်မိုလပ် ကတ်ကျွန်းတွင် အလေ့ကျ ပေါက်လေ့ရှိ၏။ ခရစ်မပေါ်မီ နှစ် ပေါင်း ၂ဝဝဝ ကျော်လောက်မှစ၍ တရုတ်လူမျိုးများသည် လေညှင်းပွင့်များကို အသုံးပြုခဲ့ကြလေသည်။ ယခုအခါ၌ လေညှင်းပင်များကို ပီနံနှင့် ဇန်ဇိဗာတို့၌ အကြီး အကျယ် စိုက်ပျိုးကြလေသည်။

လေးညှင်းပွင့်များမှာ သွေးရောင်ပမာ နီရဲနေသော အဖူး ကလေးများကို အပွင့်မပွင့်မီ ခူး၍ အခြောက်လှန်း ထားခြင်း ဖြစ်သည်။ လေညှင်းပွင့်များ၌ ပါသော အဆီကြောင့် အစား အသောက်များ၌ ထည့်လိုက်သောအခါ အရသာတစ်မျိုးတိုး၍ မွှေးကြိုင်သွားလေသည်။ အချို့နိုင်ငံများတွင် လေးညှင်း ဆီများထုတ်၍ ရေမွှေးလုပ်ငန်း၌ အသုံးပြုကြလေသည်။


လေးညှင်းပွင့်များ ဥရောပတိုက်သို့ ရှစ်ရာစုနှစ်လောက်တွင်မှ ရောက်ရှိသွား၏။ ၁၆ ရာစုနှစ်လောက်၌မူ ဒပ်ချလူမျိုးတို့က အကြီးအကျယ်စိုက်ပျိုး၍ နိုင်ငံခြားသို့ တင်ပို့ရောင်းချလေသည်။ မြန်မာနိုင်ငံတွင်ကား ရှေးပဝေဏီကပင် အစဉ်အဆက် ဆေးဝါးအဖြစ် သုံးစွဲလာခဲ့ကြပေသည်။ ကွမ်းစားရာတွင်လည်း အမွှေးအကြိုင် အဖြစ်ထည့်၍ အသုံးပြုကြလေသည်။ လေးညှင်းပွင့်ကဲ့သို့ပင် ထင်ရှားသော ဟင်းခတ်အမွှေး အကြိုင်တစ်မျိုးမှာ သစ်ကြံပိုး ဖြစ်လေသည်။


သစ်ကြံပိုးမှာ သီဟိုဠ်ကျွန်းမှ အများဆုံးထွက်၏။ အိန္ဒိယနိုင်ငံနှင့် ဂျာဗားကျွန်းတို့တွင်လည်း သစ်ကြံပိုးကို စိုက်ပျိုးကြသည်။ သစ်ကြံပိုးမှာ အပင်မှ အခေါက်ကိုခွာ၍ အခြောက်လှန်းပြီးမှ အသုံးချကြရ လေသည်။ အစ ပထမ လောက်တွင် သစ်ကြံပိုးပင်သည် အတော်အတန် ကြီးမားသော် လည်း အကိုင်းအလက်များ မကြာခဏ ခုတ်ချသောကြောင့် အပင်များမှာ မကြီးထွားနိုင်တော့ပဲ အပင်ရင်းနားမှ အပင်ပွား များသာ ထွက်လေသည်။ ထိုအပင်ပွားများမှ အခွံများကိုလည်း ခွာ၍ အခြောက်လှန်းကြလေသည်။ မြန်မာနိုင်ငံတွင် သစ်ကြံပိုး ကို ဟင်းများ အနံ့အရသာနှင့်ပြည့်စုံရန် အသုံးပြုသည်သာမက ဆေးဘက်ဝင်သော အခေါက်တစ်မျိုး အဖြစ်နှင့်လည်း သုံးစွဲ လေသည်။ ဥကိုသုံးရသောချင်းနှင့်နနွင်းတို့သည် အရှေ့အိန္ဒိယ ကျွန်းစုနှင့်အခြားပူအိုက်၍ စိုစွတ်သော အာရှတိုက် နိုင်ငံများ တွင် ပေါက် ရောက်လေသည်။


အရှေ့အာရှတိုက်နိုင်ငံများတွင် ပေါက်ရောက်ကြသော အပင်များထဲတွင်ငြုတ်ကောင်းမှာ ချုံနွယ်ပင်တစ်မျိုးမှရရှိ သော အသီးစေ့ကလေးများဖြစ်၍ ဖာလာမှာ အပင်ငယ်တစ် မျိုး၏အသီး ဖြစ်လေသည်။ ဇာတိပ္ဖိုလ်သီးမှာ လည်း အရှေ့အာရှတိုက်နိုင်ငံများနှင့် အရှေ့အိန္ဒိယ ကျွန်းစုများ တွင် ပေါက်လေ့ရှိလေသည်။


ဇာတိပ္ဖိုလ်ပင်၊ လေးညှင်းပင်၊ သစ်ကြံပိုးပင် ပေါက်ရာဒေသများ ကို အနီးကပ်သွားလျှင် အပင်များကို မမြင် ရမီ သူတို့၏ သင်းပျံ့သော ရနံ့များကို ရှုရှိုက်ကြရခြင်းဖြင့် ထိုပစ္စည်းများရှိ ကြောင်း သိသာလေသည်။ ကရဝေးမှာ ဥရောပတိုက် နှင့်အာရှတိုက်နှစ်တိုက်စလုံးတွင် ပေါက်ရောက်သော အပင်မျိုး ဖြစ်၏။


မြန်မာနိုင်ငံတွင် ကရဝေးရွက်ကို ဟင်းလျာများ တွင် အနံ့မွှေးကြိုင်စေရန် အုပ်ထည့်၍ ချက်လေ့ရှိကြ၏။ အနောက်အိန္ဒိယကျွန်းစုတွင် ပေါက်လေ့ရှိသော ငြုတ်ကောင်း တစ်မျိုးမှာ သစ်ကြံပိုး၊ လေးညှင်း၊ ဇာတိပ္ဖိုလ်တို့၏ အနံ့အရသာ မျိုးရှိ၍ မမှည့်ခင် အသီးကို အသုံးပြုရသည့် အပင်ငယ်တစ်မျိုး ဖြစ်လေသည်။

အနောက်နိုင်ငံများတွင် အစာအာဟာရများ ပိုမို၍ အရသာ ရှိလာစေရန် ထည့်သွင်းအသုံးပြုသော ဗနီလာခေါ် ဟင်းခတ် အမွှေးအကြိုင်တစ်မျိုးကို သစ်ခွမွှေး တစ်မျိုးပင် ဖြစ်လေသည်။ ဗနီလာပင်များကို ဥရောပတိုက်၌ မမြင်ဘူးမီကပင် မက္ကဆီကို တောင်ပိုင်းမှ တိုင်းရင်းသားများသည် ဗနီလာပင်မျိုးကို မည်သို့စိုက်၍ အသုံးချရ မည်ကို သိနေကြလေပြီ။


ဗနီလာပင်များသည် ပူအိုက်၍ စိုစွတ်သောဒေသများကို နှစ်သက်ရကား အမေရိကန်မှ မျိုးယူ၍ အရှေ့ အိန္ဒိယကျွန်းစု များတွင် တွေ့ရလေသည်။ ဗနီလာပင်သည် နွယ်တက်သော အပင်မျိုးဖြစ်၍ ရှည်လျားသေးသွယ်သော အသီးတောင့်များ သီးလေသည်။ အသီးတော့များမှ အမွှေးအကြိုင်ကို ထုတ်ယူရ လေသည်။ ယခုအခါ တဟီးတီးကျွန်းမှ ဗနီလာပင်များ အကြီး အကျယ် စိုက်ပျိုးရာဒေသဖြစ်သော်လည်း မျိုးအကောင်းဆုံး ဗနီလာ ကို မက္ကဆီကိုမှသာ ရရှိလေသည်။ သို့ရာတွင် ယခု အခါ ဗနီလာ အမွှေးနံ့ကို သိပ္ပံပညာနည်းဖြင့် စီမံဖော်စပ် ရယူ နိုင်သဖြင့် ဗနီလာပင်များ စိုက်ပျိုးလုပ်ကိုင်ခြင်းမှာ ဆုတ်ယုတ် သွားလေသည်။

မြန်မာဟင်းလျာများကို ချက်ပြုတ်စီမံရာ၌ အသုံးများလှ သော ဟင်းမွှေးမဆလာ များမှာ အိန္ဒိယနိုင်ငံ၌ ပေါက်ရောက် သော အပင်များ၏အစေ့၊ အရွက်၊ အသီး စသည်တို့ဖြင့် စီမံ ဖော်စပ်ခြင်း ဖြစ်၏။ မဆလာ ဖော်စပ်နိုင်သည့် အပင်မျိုး ပေါင်းမှ နှစ်ဆယ်ကျော်ခန့်ရှိလေသည်။ ဟင်းခတ်အမွှေးအကြိုင် များမှာ ဟင်းထဲ ခတ်ထည့်ရန်အတွက်သာမက ဆေးဝါးစီမံ ဖော်စပ်ရာ၌လည်း အသုံးဝင်လှပြီးလျှင် ရေမွှေးလုပ်ငန်း၊ ဆပ်ပြာ လုပ်ငန်း အသုံးပြုရလေသည်။ နနွင်းကဲ့သို့သော ပစ္စည်းမျိုးကို ဆိုးဆေးလုပ်ငန်းများ၌လည်း အသုံးပြုရလေ သည်။

ရွှေနှင့်စက်၍ဝယ်ရသည့် ခေတ်အခါနှင့် နှိုင်းစာလျှင် ယခုအခါ၌ ခရီးလမ်းပန်း ကောင်းမွန်း၍ သယ်ယူ ပို့ဆောင် ရေး၌ လွယ်ကူသဖြင့် အမွှေးအကြိုင်များဈေးမှာ အတော်ပင် ယုတ်လျှော့သွားသည်ဟု ဆိုရပေမည်။ သို့ရာတွင် အမွှေး အကြိုင်များ လုပ်ကိုင်ရသည်မှာ အပင်မှ လိုက်လံ ခူးဆွတ်ရ သဖြင့် စက်ဖြင့်ပြုလုပ်သော လုပ်ငန်းများကဲ့သို့ စရိတ်ကုန် မသက်သာလှပေ။ လေးညှင်းကဲ့သို့သော ပစ္စည်းမျိုးမှာ အပင်မှ တပွင့်စီ လိုက်လံ ဆွတ်ခူးရသဖြင့် မည်မျှ လက်ဝင်သည်ကို ချင့်ချိန်နိုင်ပေသည်။ ထိုကြောင့်ပင်လျှင် အမွှေးအကြိုင် များကို ယခုထက်တိုင် အတော်အတန် ဈေးပေးဝယ်ယူနေရလေသည်။ သို့ရာတွင် သိပ္ပံပညာရပ်များ တစ်နေ့ တခြား တိုးတက်နေရ ကား နောင်ခေတ်အခါများတွင် ဗနီလာအနံ့မျိုးကို သိပ္ပံပညာ ဖြင့် စီမံဖော်စပ်နိုင်သကဲ့သို့ အခြား အမွှေးအနံ့များကိုလည်း စီမံဖော်စပ်နိုင်မည်လောဟု တွေးထင်ရပေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)