မြို့ရိုး
မြို့ရိုး ။ ။ ဗုံး အမြောက်စသည့် လက်နက်ဆန်းများ မပေါ်မီခေတ်က ကမ္ဘာ အရပ်ရပ်တွင် မြို့လုံခြုံမှုအတွက် မြို့ကို ဝန်းပတ် ကာရံထား သော မြို့ရိုးများကို ဆောက်လုပ်လေ့ရှိကြသည်။ ရှေးအကျဆုံး မြို့ရိုးမှာ ဆူးဖြင့် ခတ်ထားသည့် မြို့ရိုးမျိုးဖြစ်၏။ အယ်လက်ဇန္ဒာ ဘုရင်လက်ထက်က ဟာကေနီယန်ရွာများကို ဆူးခြုံများဖြင့်ကာရံထားလေသည်။ ယခုထက်တိုင်များစွာ တိုးတက်ခြင်းမရှိသေးသည့် အချို့သောဒေသများ၌ ဆူးဖြင့် ပြုလုပ်ထားသော စည်းရိုးများဖြင့် အကာအကွယ် ယူနေကြပေသေးသည်။ ဆူးခြုံဆူးစည်းရိုးများဖြင့် မလုံခြုံသောအခါ မြေမြို့ရိုးမျာကို ပြုလုပ်လာကြသည်။ မြေမြို့ရိုး အားဖြင့် အကာအကွယ် ရရုံမကဘဲ အကာအကွယ် ယူသူတို့က လည်း ပြန်လည်ပစ်ခတ်ခုခံနိုင်သောကြောင့် ဆူးခြုံ၊ ဆူးစည်းရိုးတို့ ထက် ကောင်း၏။ ဂျူးလယပ် ဆီဇာလက်ထက်က ဂျာမန်မြို့များ သည် မြေမြို့ရိုးများအားဖြင့် အကာအကွယ် ယူ၏။ မြေမြို့ရိုး၏ နောက်တွင် သစ်တပ်များပေါ်လာသည်။ သစ်လုံးမျာအကြားတွင် အုတ်ခဲ၊ မြေများကိုည|ပ်ဖြည့်ပြီးလျှင် အခိုင်အခံ့ မြို့ရိုးပြုလုပ်ကြသည်။ ယင်းသည့်နောက်တွင် နေပူလှန်း၍ အခြောက်ခံသော အုတ်ဖြင့် အုတ်မြို့ရိုးကိုပြုလုပ်ကြသည် ထိုမှတစ်ဆင့် မီးဖုတ်အုတ်၊ အင်္ဂတေ တို့ဖြင့် အခိုင်အခံ့ပြုလုပ်သော အုတ်တံတိုင်း မြို့ရိုးများ ခေတ်စား လာသည်။ အုတ်မြို့ရိုးများ ဆောက်လုပ်ရာတွင် အရေးကြီးသော အချက်များမှာ အမြင့်နှင့်ထု ထည်တို့ ဖြစ်၏။ မြို့ရိုးသည် မြင့်မှသာလျှင် အလွယ်တကူ တက်ရောက်ကျော်လွှားနိုင်မည် မဟုတ်ပေ။ ထိုပြင် မြို့ရိုးထိပ်တွင် အလွယ်တကူ လှည့်လည်သွားလာ အကာအကွယ် ယူကာ ရန်သူတို့ကို ပစ်ခတ်တိုက်ခိုက်နိုင်အောင် ထုထည်ကြီးမားရပေမည် ။ သို့ရာတွင် ထုထည်ကြီးကြီး ဆောက်လုပ်ရန်မှာ မတတ်နိုင် ရှိတတ်သဖြင့် အုတ်နံရံ ၂ ထပ်ဆောက်လုပ်၍ ထိုအုတ်နံရံ ၂ ခု အကြား မြေဖို့ပြီးလျှင် ထိပ်ဖက်၌ တံတိုင်း ၂ ခုကို ဆက်၍ စင်္ကြံပြုလုပ်ရ၏။ အပြင်ဘက် တံတိုင်းကို အတွင်ဖက်တံတိုင်းထက် မြင့်ထားခြင်းဖြင့် ရန်သူတို့ ပစ်လွှင့်သော ဓားလှံ လေးမြား လက်နက်တို့မှ အကာအ ကွယ် ရလေသည်။ မြို့ရိုးဆောက်လုပ်ရာ၌ တစ်ဆင့် တိုးတက်မှုမှာ မြို့ရိုးတစ်လျှောက် သင့်ရာနေရာများတွင် မျှော်စင်များ ထားခြင်း ဖြစ်၏။ မျှော်စင်များကို မြို့ရိုးပတ်လည်တွင် တစ်ခုနှင့်တစ်ခု မနီးမဝေးစေဘဲသင့်တင့် လျောက်ပတ်စွာ စီမံပြုလုပ်ထားသည်။ ဤသည့်နည်းဖြင့် ပို၍ အကာအကွယ်ရရှိသည်။ အချို့ မြို့ရိုးပတ်လည်တွင် ရေကျုံးများလည် စီမံထားလေ့ရှိသည်။ ရန်သူများ ရုတ်ခြည်း မဝင်ရောက်နိုင်အောင် တားဆီးထားခြင်းဖြစ်၏။ ခေတ်သစ် သမိုင်းတွင် ဥရောပအလယ်ခေတ်အတွင်း ဖြစ်သော ၁၂ဝဝ ပြည့်မှ ၁၅ဝဝ ပြည့်နှစ်ကျော် အတွင်းတွင် ဥရောပတိုက်၌ မြို့ရိုးများ အထူးခေတ်စားလှပေသည်။ ကံကျွေးချစံနစ် ထွန်းကား ချိန်ဖြစ်၍ မြေရှင်၊ နယ်ရှင်၊ မှူးမတ်များသည် မိမိတို့ ရဲတိုက်များ၊ ပိုင်နက်များ လုံခြုံမှုရစိမ့်သောငှာ အုတ်တံတိုင်းမြို့ရိုးများသည် ခဲယမ်းမီးကျောက်ဒဏ်ဖြင့် ပြိုလဲတော့၏။ တစ်စတစ်စ ခဲယမ်းမီး ကျောက်မှသည် ဗုံး အမြောက်စသည်ဖြင့် တိုးတက်၍ လက်နက်ဆန်းများ ပေါ်လာသော ၁၉ ရာစုနှစ်သို့ ရောက်သောအခါ မြို့ရိုး များသည် အရာမရောက်တော့ဘဲ ရှိ၏။ မြို့ရိုးများထက် မြေကတုတ်များ၊ ဗုံးကျင်းများက ပို၍ အရာဝင်လာလေသည်။ မြို့ရိုးကြီးများအနက် ထင်ရှားကြီးမားသည့် မြို့ရိုးကြီးများကား အလွန် ကြာမြင့်သော ကာလက ဆောက်လုပ်ထားခဲ့သော မြို့ ရိုးများဖြစ်၍ ယင်းတို့မှာ နင် နိဗမြို့တွင်ရှိသော မြို့ရိုးဟောင်းနှင့် တရုတ်ပြည် တံတိုင်းကြီးတို့ ဖြစ်၏။ နင်နိဗမြို့ရှိ မြို့ရိုးမှာ မိုင် ၅ဝ ကျော် ရှည်လျား၍ အမြင့်ပေ ၁၂ဝ၊ ထုပေ ၃ဝ ရှိပြီးလျှင် မျှော်စင်ပေါင်း ၁ယ ၅ဝဝ မျှပါရှိသည်။ ဘီစီ ၂ဝဝဝ ကျော် ခန့်က တည်ဆောက်ခဲ့သော မြို့ရိုးဖြစ်၏။ ယခုထက်တိုင် အထင် အရှားတည်ရှိသော တရုတ်ပြည်တံတိုင်းကြီးသည် ဘိစီ ၂ဝဝ ခန့် က ဧကရာဇ်မင်း ရှီဟွန်တိ တည်ဆောက်ခဲ့သော မြို့ရိုးဖြစ်၏။ ရန်သူများဖြစ်သော ဟန်းနှင့် တာတာလူမျိုးတို့၏ ဘေးရန်မှ အကာအကွယ်ရရန် တည်ဆောက်ခဲ့ခြင်း ဖြစ်၏။ မိုင် ၁ယ ၅ဝဝ ခန့် ရှည်လျားပြီး လျှင် အမြင့်ပေ ၂ဝ မှ ၃ဝ ထိ ရှိသည်။ ပြက် ၁၅ ပေမှ ၂၅ ပေ မျှရှိသည်။ ကိုက် ၂ဝဝ အကြားတွင် မျှော်စင်တစ်ခု ရှိသည်။ တရုတ်ပြည် တံတိုင်းကြီးသည် လေအိုတွန်ပင်လယ်ကွေ့ ကမ်းခြေမှ စတင် သွယ်တန်းလာပြီးလျှင် ယခု မွန်ဂိုးလီးယားပြည်နှင့် တိဗက် နယ်စပ်ရှိ ကန်ဆုနယ်တွင် ဆုံးသည်။ မြွေကြီး တွားသွားသကဲ့သို့ တစ်တောင်တက် တစ်တောင်ဆင်း တည်ရှိသော တံတိုင်းကြီးသည် ပေ ၄ယ ဝဝဝ မြင့်သော အရပ်သို့တိုင် ရောက်သည်။ တံခါးကြီး များမှာ ခံတပ်သဖွယ်ဖြစ်၏။ ထုထယ် ကြီးမားလှသော သစ်များ၊ သံချောင်းများဖြင့် ဆောက်လုပ်ထား၍ သံသော့ကြီးများဖြင့် ခတ်ထားသည်။ မြို့ရိုးထိပ်မှာ ၁၂ ပေကျယ်သည်။ နှစ်ပရိစ္ဆေဒ ကြာမြင့်သည့်အလျောက် အချို့နေရာများတွင် ပျက်စီး ယိုယွင်းလာ သည်ကို အခါအားလျော်စွာပြုပြင်ထားရသည်။ ဦးစွာ၌ အုတ်ကြမ်း၊ မြေကြီးတို့ဖြင့် ဆောက်လုပ်ထားဟန် တူသော်လည်း နောင်ပြင်ဆင် သွားရာတွင် ဆစ်ထားသောကျောက်မျာကို အသုံးပြုခဲ့လေသည်။ မြန်မာနိုင်ငံတွင်လည်း ရှေးအထက်ကျော်ကာရီကပင် မြို့ရိုးများကို တည်ဆောက်လေ့ရှိခဲ့ပေသည်။ ရှေးမြန်မာမြို့တော်ဟောင်း များ၏ မြို့ရိုးဟောင်း၊၊ မြို့ရိုးပျက်များကို ယခုတိုင်တွေ့မြင်နိုင်ပေ သေးသည်။ လွန်ခဲ့သည့် အနှစ် ၁ဝဝ ကျော်က မင်းတုန်းမင်း တရားတည်ဆောက်ခဲ့သည့် မန္တလေးမြို့ရိုးကြီးသည် ဒုတိယ ကမ္ဘာ စစ်အတွင်းက အမြောက်ဒဏ်များကို မရှုမလှ ခံခဲ့ရသဖြင့် အချို့အ ပိုင်းများပျက်စီးခဲ့သော်လည်း ထင်ထင်ရှားရှားပင် တည်ရှိနေသေး သဖြင့် မြန်မာတို့၏ မြို့ရိုးအသွင်အပြင်ကို နမူနာဆောင်လျက်ရှိပေ သေးသည်။ မြန်မာတို့၏ မြို့ရိုးတွင် ရှိရသော အစိတ်အပိုင်းတို့ကား တံခါး၊ တံခါးပြ၊ တန်ဆောင်း၊ ပြာသာဒ်၊ ပြအိုး၊ ပစ္စင်၊ ရဲလောင်း၊ ရင်တား၊ သူရဲခို၊ မီးတားစသည်တို့အပြင် ရန်သူတို့ အလွယ်တကူ ဝင်ရောက်ခြင်းငှာ မစွမ်းနိုင်အောင် မြို့ရိုးကို ပတ်ရံထားသော ကျုံး တို့ဖြစ်၏။ ရွှေဘုံနိဒါန်းတွင် စိတ္တကုဋ် အစရှိသော တံခါးကဲ့သို့ လေးကျွန်း၊ ဦးနှိမ်၊ သိမ်းဆည်း၊ ကျွန်းလုံးဝင်၊ ကုန်းမော်၊ နန္ဒမူ၊ အာဠဝီ၊ စည်ရှင်၊ ရန်နှင်၊ ရန်မျိုးအောင်၊ လေးသိန်း၊ မုတ်ဦး မော်ကွန်း ကမ္ပည်းတပ်သော လေးရပ်သုံးမည် လှည့်လည်သော တံခါးတို့ သည်လည်းကောင်း၊ တံခါးပြ၊ မြို့ထောင့်ပြ၊ မြို့တန်ဆောင်း၊ အစရှိ သည်တို့ဖြင့် သာယာဆန်းကြယ် ကြီးငယ် နိမ့်မြင့်၊ တင့်တယ်လျောက်ပတ်စွာ တန်ဆာ ဆင်ယင်အပ်သော ပြလက်ရန်း တည်း ဟူသော နရန်းတို့သည်လည်းကောင်း၊ နရန်းအထက် ခိုင်ခံ့စွာ ခင်း ထားလျက် လက်ရန်းတပ်သော ပစ္စဂ‡တို့သည် လည်းကောင်း၊ နရန်းရှေ့လွတ်ထားသော ရင်လျှောက်တို့သည် လည်းကောင်း၊ တံခါးတိုင်း၌ ဖြောင့်မတ်စွာလျှောက်သန်းသော ရှောင်ဆွဲတို့သည် လည်းကောင်း၊ တံခါးတိုင်း၌ ဘီဘာသန်း၍ လျောက်ပတ်စွာသော နဖားတို့သည် လည်းကောင်း၊ ထိုရှောင်ဆွဲနဖားတို့၌ ဖုံးဘိအပ်သော နဝရတ်တို့သည် လည်းကောင်း၊ တံခါးပြင်၌ သုံးဆင့်လျှိုသော ရင်တားတို့သည် လည်းကောင်း၊တံခါးအတွင်း၌ သုံးတန့်လျှိုသော ရက်ဖောက်တို့သည် လည်းကောင်း၊ တံခါးရွက်နှစ်ဖက်၌ သံကွင်း တပ်သော ကျည်းလျှိုတို့သည် လည်းကောင်း၊ မင်းတုပ်တို့သည် လည်းကောင်း၊ တံခါးအတွင်း၌ စိုက်ရန် လိုခါရအောင် စုပုံထား သော တုရိုဏ်တိုင်တို့သည် လည်းကောင်း၊အဝင်လကျာ်၊ အထွက် လက်ဝဲဘက်က သွားလာခြင်း၌ မလွယ်မကူ လှည့်လည် သွားလာရ သော မလွယ်ပေါက်တို့သည် လည်းကောင်း၊ တံခါးပြင်၊ ကျုံးနဖူး အုတ်ဖြင့် စီအပ်သော ရွက်ကာတို့သည် လည်းကောင်း၊ ချိုင့်ဝှမ်း နက်ကျယ်စွာ နိမ့်မြင့် နှစ်ဆင့်ခန်အပ်သော ပတ်လည် ကျုံးတို့ သည်လည်းကောင်း၊ မြို့ထိပ်အပြင်၌ သူရဲသူခက်တို့ သွားလာရာ ဖြစ်သော သူရဲပြေးတို့သည်လည်းကောင်း၊ သူရဲသူခက်တို့ မှီခိုရာဖြစ်သော သူရဲခိုတို့သည်လည်းကောင်း၊ သူရဲခို ၁ဝ လုံး အကြား၊ အလုံး ၂ဝ အကြားတို့၌ မီးထည့်ရန် ပေါင်းကူး၍ လုပ်သောပေါင်းဖျဉ်းတို့သည်လည်းကောင်း၊ သူရဲခိုတို့၌ တူရူ ဖောက်သော ပြောင်းပေါက်တို့သည်လည်းကောင်း၊ သူရဲခို အကြားတို့၌ ကာရံထားအပ်သော သူရဲကာတို့လည်းကောင်း ဟူ၍ အမရပူရမြို့ ရိုး အစိတ်အပိုင်းများကို ဖော်ပြထားသည်ကို တွေ့ရ၏။ မန္တလေးရွှေမြို့တော်ကြီးကို သာသနာနှစ် ၂၄ဝဝ ပြည့်မှီအောင် ၁၂၁၈ ခုနှစ်က စတင် တည်ဆောက်ခဲ့သည် ဆိုသော်လည်း၊ မြို့ရိုးနှင့်တစ်ကွ ခုနစ်ဌာနတို့ကိုမူကား ၁၂၂၁ ခုနှစ် ကဆုန်လမှ အုတ်မြစ်ချ၍ တည်လုပ်ရသည်။ အုတ်မြို့ရိုးသည် အုတ်မြစ်သံတောင် ၁ တောင်၊ အုတ်ရိုးထု ၁ တာ၊ အရပ် သံ ၁၅ တောင်၊ သူရဲခို အမြင့် သံ ၃ တောင်၊ နှစ်စု အုတ်မြို့ရိုး အမြင့် ၁၈ တောင်၊ အချင်းတစ်မျက်နှာ တာ ၆ဝဝ၊ ၄ မျက်နှာ တာ ၂ယ ၄ဝဝ ရှိ သည်။ ဤသို့ သာသနာတော် ၂ယ ၄ဝဝ အထိမ်းအမှတ်အဖြစ် မြို့တော်ကို လေးထောင့် စတုရန်းတည်၍ မြို့ရိုးအနား တစ်ဖက်လျှင် တာ ၆ဝဝ စီ အညီအမျှ ခွေဲ0xm;cဲ့သည်။ မြို့တော် လေး မျက်နှာ ဓာတ်တံခါး၄ ရပ်မှာ ပြာသာဒ် ဘုံ ၇ ဆင့်၊ မိတ်တံခါး ၈ ရပ်မှာ ပြာသာဒ် ဘုံ ၅ ဆင့်၊ ထောင့်ပြကြီး ၄ ခုနှင့် ပြငယ် ၃၂ များမှာ ပြာသာဒ်ဘုံ ၅ ဆင့်စီ လုပ်ဆောင်၍၊ သစ္စေးသားရိုး ဟင်္သာပြဒါး ရွှေချမွမ်းမံသည်။ ထိုတံခါးတော် ၁၂ ရပ်မှာ လွန်ကဲ၊ ဦးထိပ်၊ သောင်းညွှတ်ကျွန်းလုံးယူ၊ ကျော်မိုး၊ ရန်နည်၊ ကြေးမုံ၊ စည်ရှည်၊ ထင်ရှား၊ စည်သာ၊ လေးသိန်း၊ မန်းဦးဟူ၍ ဖြစ်သည်။ ထိုတံခါး ၁၂ ရပ်တို့၏တံခါးရွက်များတွင် ထိုတံခါးတည်ရာ ရာသီခွင်အလိုက် ရာသီစောင့် အရုပ်များ၊ နက္ခတ်များ၊ တာရာပုံ များကို ရွှေမင်နှင့် ထင်ရှားတင့်တယ်ရှုချင်ဖွယ်ရှိအောင် ရေးခြယ်ထား၏။ တံခါး ၁၂ ရပ် အမည်တော်တို့ကိုလည်း တံခါးပေါက် တစ်ခုစီ၏ အဝင်အထွက်လကျာ်ကျသော မီးကာ အုတ်တံတိုင်းကြီး များ အနီး၌ အုတ်ပလ္လင် ၃ ဆင့်ခံ၍ မော်ကွန်းတိုင်ဖြင့် စိုက်ထူဖော်ပြထားသည်။ မြို့တံခါးမျာ အဝင်တွင် တံခါးစောင့်များ နေထိုင်ရန် ဝဲယာ တိုက် တန်းများထားရှိပြီးလျှင် တံခါးစောင့်တို့ သေနတ်ကိုင်စွဲ၍ နေ့ညဉ့်စောင့်နေကာ၊ တံခါး အဝင်အထွက်တွင် ဓားလှံ သေနတ် စသော လက်နက်များပါမပါ၊ ယစ်မျိုးနှင့် အမဲသားများ သွင်းမ သွင်းကြည့်ရှုစစ်ဆေးရ၏။ နေဝင်ညဉ့် ၄ ချက် (ညနေ ၆ နာရီ) တီးသည့်အခါ အလယ်ဓာတ် တံခါးကြီး ၄ ခု ကို ပိတ်လိုက်ရာ၊ ဝင်ထွက်သွားလာသူတို့ တစ်ယောက်ဝင် မလွယ်တံခါးမှ ထွက်ဝင်ရသည်။ ညဉ့် ၁ ချက်တီး (ညဉ့် ၉ နာရီ)တွင် ထိုမလွယ်တံခါးများပါ ပိတ်လိုက်၍ နံနက် ၄ ချက်တီး(နံနက် ၆ နာရီ) ကျမှ မြို့တံခါးအားလုံး ပြန်ဖွင့်လိုက် သည်။ မြို့တံခါးပိတ်ထားချိန်တွင် အခွင့်အမိန့်မရဘဲ မည်သူမျှ ဝင်ခွင့်ထွက်ခွင့် မရပေ။ အလယ်ဗဟို တံခါးမကြီးများ တွင် ဓာတ်စည်တော်များ ဆွဲထားရာ၊ ပဟိုရ်ချက်နှင့်အညီ နေထွက်နေဝင်၊ တနည်းအားဖြင့် တံခါးဖွင့်ချိန် ပိတ်ချိန်တို့ကို ပြည်သူတို့ အား အသိပေးသည့် အနေဖြင့် တီးရသည်။ မြို့တံခါး ၁၂ ရပ်တို့၌ တံခါးပေါက် နေရာများတွင် တံခါးတိုင်၏ မှီရာ အုတ်မြို့ရိုး တစ်ဖက်တစ်ချက်၌ အင်္ဂတေတို့ဖြင့်အပြေအပြစ် ကိုင်ပြီးလျှင် ထုံးဖြူဖွေးဖွေးသုတ်၍ တံခါးအထက်မှ ဘုံ ၅ ဆင့် ဘုံ ၇ ဆင့် အသီးအသီး ရှိကြသော ယွန်းဆက်ပြေ တန် ဆောင်း ပြာသာဒ်တော်ကြီးများကို ရွှေဟင်္သာပြဒါးတို့ဖြင့် မွမ်းမံ ခြယ်လှယ်ထားသည်။ တံခါးပေါက် တစ်ခုတစ်ခု၌ မြို့တံခါးတဖက်တစ်ချက် ကူးလိုသောအခါ လျှောက်သွားရန် ပြုလုပ်ထားသော ရင်လျှောက် ခေါ် နင်းကြမ်းပျဉ်ပြားများ၊ တံခါးရွက်ပြင်ဖက်က ရန်သူတို့ ရုတ်တရက် မဝင်သာအောင် တစ်ဖက်တစ်ချက် လျှိုထိုး သော 'ရင်တား' ခေါ် ရက်ဖောက် သစ်တုံးအဆင့်များနှင့် ထိုရင် တားတိုင်ကြီးတစ်ဖက်တစ်ချက်ကို ညှပ်ထားရန်၊ သို့မဟုတ် စွပ်ထားရန် ပြုလုပ်ထားသော တုရိုဏ်တိုင်ခေါ် တံခါးတိုင်များ၊ ထိုပြင် မြို့ပေါက်အထွက် မြို့တံခါးနှင့် တည့်တည့်မှ အလျား ၃ တာ၊ အနံ ထု ၁ တာ ခန့်ရှိသော မီးတား၊ သို့မဟုတ် မီးကာ ခေါ် ခိုင်ခံ့လှသည့်အုတ်နံရံကြီးများနှင့် ယင်းအနီးမှ အုတ်ပလ္လင် ၃ ဆင့်ခံ၍ မြို့တော်အမည် မော်ကွန်း တင်ထားသော မော်ကွန်း တိုင်ကြီးများ အသီးအသီးရှိသည်။ အလယဗဟိုတံခါးမကြီးများတွင် တံခါးအတွက် လက်ဝဲဘက်က မြို့စောင့်နတ်ကူ တစ်ခုကျစီ ပြုလုပ်ထား၍၊ အလားတူမြို့ထောင့် ၄ ထောင့်တွင်လည်း နတ်ကူများ ရှိ၏။ တံခါးပေါက် မရှိသော ပြထက်များ၌ ၅ တိုင် စင်နှင့် ဘုံ ၅ ဆင့် ရှိသော ပြာသာဒ်ဆောင်များ ပေါက်ထားရာ၊ မြို့ ၄ မျက်နှာ၌ ထိုကဲ့သို့သော ပြငယ် ၃၂ ရှိသော် ပြာသာဒ်လည်း ၃၂ ဆူ ရှိ၏။ ထောင့်ပြကြီး ၄ လုံးတို့၌ကား မလွယ်တံခါးများမှ ယွန်းဆက်ပြေ တန်ဆောင်းပြာသာဒ်မျိုးအတိုင်း ဘုံ ၅ ဆင့်နှင့် ပြုလုပ်ထားသည်။ တံခါးပြအိုးတို့၏ မှီရာတည်ရာ အောက်အခြေခံမှာ ထု ၁ တာ၊ အမြင့် ရဲခိုပါ ၁၈ တောင်ရှိသော အုတ်မြို့ရိုးကြီးပင် ဖြစ်သည်။ အုတ်ရိုးသက်သက်ကို မြေနီသရွတ်ဖြင့် အကြမ်းစီစီပြီးမှ အတွင်းဘက် တွင် ဆင်ခြေလျှော မြေဖို့လုပ်ဆောင်ထားခြင်းဖြစ်သည်။ အုတ်မြို့ရိုးအထကတွင် သူရဲခို ခေါ် အုတ်စိန်တောင်များ ပေါက် ထားပြီးလျှင် ယင်း၏ အတွင်းဘက်မြို့ရိုးထိပ်တလျောက်တွင် သူရဲပြေးခေါ် စင်္ကြံလမ်းတစ်ခု မြို့ရိုးကို ပတ်၍ ပြုလုပ်ထားသည်။ တပြနှင့် တပြ အကြား၌ သူရဲခိုပေါင်း ၇ဝ ကျော်ရှိ၏။ ပြထက် ရှိ ပြဆောင်ကို ပစ္စင်ဟု ခေါ်သည်။ စစ်မက်အရေးအရာရှိသောအခါ အမြောက်မတြပူ၊ စိန်၊ သစ်တုံး၊ ပွဲလျက်ရေ၊ ခဲရေ၊ သံရေတို့ဖြင့် ပစ်ဖောက် သွန်းလောင်းရာဌာနဖြစ်၍ ပစ္စင်ခေါ်ကြောင်း ဆိုသည်။ ဤသို့လျှင် စတုရန်း ၄ မျက်နှာ တာပေါင်း ၂ယ ၄ဝဝ ရှိသော မြို့ရိုးတစ်လျှောက်တွင် တံခါးကြီး ၁၂ ပေါက်၊ ထောင့်ပြကြီး ၄ လုံးနှင့် ပြငယ် ၃၂ ခုရှိသည့် အားလျော်စွာ ၄၈ ဌာနတို့၌ ပြာသာဒ် ဆောင်ပေါင်း ၄၈ ဆောင် ရှိသည်ကို စလေဦးပုညက ရတနာနဒီ မော်ကွန်းတွင် 'ဓာတုမဏ္ဍ၊ ပတ်လည်ချသား၊ ကွနးမပြာသာဒ်၊ ဒွါဒရသ်လည်း၊ မျဉ်းခတ်တသွန်၊ စတုကဏ်၌ ဗိမာန်လေးသွယ်၊ ဘဝဂ်ကယ်မျှ၊ တနယ်တနယ်၊ တလာပယ်မူ၊ ရွှေကြယ်ငွေကြယ်၊ မျက်စုံခြယ်လျက်၊ တိမ်စွယ်ထဲချောင်၊ ရဲရဲပြောင်သည်၊ ရှစ်ဆောင်ရှစ်ဆောင်၊ ရစ်မြှောင်ဝန်းလည်၊ ရွှန်းရွှန်းကြည်မျှ၊ ရောင်ခြည်တွဲ့တွဲ့၊ ယိုအံ့ကဲ့သို့၊ လေးဆယ့်ရှစ်တန်၊ ဝေဇယန်လည်း၊ ဘုန်းဝှန်သတိုး၊ ရှင့်တန်ခိုးကြောင့်၊ လိုစိုးမျက်မှောက်၊ မြေမှပေါက် ၏' ဟု စပ်ဆိုခဲ့လေသည်။ ဤအုတ်မြို့ရိုး ပတ်လည်တစ်လျှောက်တွင်ကား မြို့ဥပစာတာ ၂ဝ ခန့် မြေလွတ်ထားပြီးလျှင်၊ တာ ၂ဝ ကျယ်သော ရေကျုံး တော်ကြီးဖြင့် မြို့ ၄ မျက်နှာကို ထုတ်ချင်းခတ်ပတ်ထားသည်။ အင်းဝ၊ အမရပူရ မြို့ဟောင်းများနှင့် နှိုင်းယှဉ်လျှင် မန္တလေးမြို့တော် သည် ကျုံးလေးမျက်နှာဖြင့်ထုတ်ချင်းခတ် ပတ်မိသော မြို့တော်ဖြစ် လေသည်။ ကျုံးတော်တွင်းသို့ ရတနာနဒီ မြောင်းတော်မှ ရေများသယ်ယူ ဖြည့် တင်းထားကာ၊ ရေသစ်ရေဟောင်း မပြတ်လဲလှယ်ပေး၍ အမြဲတမ်း ကြည်လင် သန့်ရှင်းသည်။ မင်းဧကရာဇ်တို့ မြို့သိမ်း မင်္ဂလာ အခမ်းအနား ပြုလုပ်သော အခါ၌ ကျုံးတော်တွင်းမှာ ရေ သဘင် ပွဲတော်ကို တခမ်းတနား ပြုလုပ်သည်။ ကျုံးကူးတံတား များမှ အလယ်နင်းကြမ်းပျဉ်ကို ဖြုတ်ယူထားနိုင်၍၊ မြို့တော်ကို ရွှေလှေ ရွှေလောင်း ဖောင်တော်တို့ဖြင့် လှည့်ပတ်နိုင်သည်။ နေ့စဉ် ညဉ့်တစ်ချက်တီးတစ်ခါ၊ ၂ ချက်တီးတစ်ခါ၊ ၃ ချက်တီး တစ်ခါ တံခါးစောင့်များက နရီးဆရာတီး၍ ရေကင်းလှည့် ကြရသည်။ ကျုံးကူးတံတားမှာ အလယ်ဓာတ် တံခါးကြီးများတွင်သာ ထားရိုးဖြစ်သော်လည်း၊ အနောက်မျက်နှာက မိတ်တံခါးဖြစ်သောအာဠဝီ(ကြေးမုံ) တံတားတွင်လည်း တစ်ခုပို၍ ပြုလုပ်ထားသဖြင့် တံတား ၅ စင်းရှိသည်။ ၂ ဖက်ကမ်းထိပ်၌ ခပ်မော့မော့နှင့် လက်ရုံးတပ်ဆင်ထားသော အုတ်ခုံကြီးများ ပြုလုပ်ထားပြီးလျှင် ကျုံးလယ်တွင် တံတားနင်းကြမ်းအရှင်ဖြင့် ကူးဆက်ထားလေသည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)