လင်းထွဋ်
ဦးလင်းထွဋ် | |
|---|---|
| ရှမ်းပြည်နယ် ဝန်ကြီးချုပ် | |
| တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၆ – ၁ ဖေဖော်ဝါရီ ၂၀၂၁ | |
| ခန့်အပ်သူ | မြန်မာနိုင်ငံ၏ သမ္မတ |
| သမ္မတ | ဦးထင်ကျော် |
| ယခင်လူ | စဝ်အောင်မြတ် |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ၂၀ ဇန်နဝါရီ ၁၉၆၀ မအူပင်မြို့နယ် ဧရာဝတီတိုင်းဒေသကြီး |
| မိခင်ကျောင်း | ပုသိမ်ဒေသကောလိပ် |
| အလုပ်အကိုင် | သွားဆရာဝန် |
| အစိုးရအဖွဲ့ | ရှမ်းပြည်နယ် အစိုးရအဖွဲ့ |
ဦးလင်းထွဋ် သည် သွားဆရာဝန်အဖြစ်မှ နိုင်ငံရေးသမားဖြစ်လာသူ တစ်ဦးဖြစ်ပြီး ရှမ်းပြည်နယ်၏ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
အစောပိုင်းဘဝနှင့် ပညာရေး
[ပြင်ဆင်ရန်]ဦးလင်းထွဋ်ကို ၁၉၆၀ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်တွင် မွေးဖွားခဲ့သည်။[၁] မအူပင်မြို့ အမှတ်(၁)၊ အစိုးရအလယ်တန်းကျောင်း၊ မအူပင်မြို့ အမှတ်(၁)၊ အစိုးရအထက်တန်းကျောင်း ယင်းနောက် ပုသိမ်ဒေသကောလိပ်တွင် ဇီဝဗေဒနှင့် စိုက်ပျိုးရေးပညာများ သင်ယူခဲ့ပြီး ၁၉၈၀ တွင် ရန်ကုန်မြို့ရှိ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် တွင် သွားဖက်ဆိုင်ရာဆေးပညာကို စတင်သင်ယူခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်ဆေးရုံတွင် သွားဆရာဝန်အဖြစ် လုပ်ကိုင်ခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် လားရှိုးပြည်သူ့ဆေးရုံသို့ ပြောင်းရွေ့တာဝန်ထမ်းဆောင်ခဲ့သည်။ သူသည် Care Myanmar မန္တလေး၊Myanmar Business Coalition forAIDS လားရှိုးမြို့၊ ပုဂ္ဂလိကသွားဘက်ဆိုင်ရာဆေးခန်း၊လားရှိုးမြို့ တို့တွင် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။၂၀၀၆ ခုနှစ်တွင် ရာထူးတိုးနှင့် ပြောင်းရွေ့မိန့်ကို ငြင်းဆန်ခဲ့သောကြောင့် သူ၏ ဆေးကုသခွင့်လိုင်စင် ရပ်နားခံခဲ့ရသည်။[၂]
မိသားစုဘဝ
[ပြင်ဆင်ရန်]ဒေါက်တာလင်းထွဋ်၏ ဇနီးဖြစ်သူမှာ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၊ ဒုတိယညွှန်ကြားရေးမှူး ( ငြိမ်း) ဒေါ်နန်းရွှေမြင့် ဖြစ်ပြီး သမီးနှင့်သားတစ်ဦးထွန်းကားခဲ့သည်။
NLD အားထောက်ခံခဲ့ခြင်း
[ပြင်ဆင်ရန်]၁၉၈၈ ခုနှစ် ပြည်သူ့ရင်ပြင်တွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားခဲ့သည်ကို မြင်တွေ့ပြီးချိန်မှ စ၍ သူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အားပေးထောက်ခံခဲ့သည်ဟု ဆိုသည်။ အစိုးရဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူပြီးနောက်၂၀၁၅ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသို့ ဝင်ရောက်ခဲ့သည်။
ဝန်ကြီးချုပ်ဖြစ်လာခြင်း
[ပြင်ဆင်ရန်]ဒေါက်တာလင်းထွဋ်သည် အထွေထွေရွေးကောက်ပွဲ ၂၀၁၅ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြုပြီး လားရှိုးမြို့နယ်မဲဆန္ဒနယ်(၁) ပြည်နယ်လွှတ်တော် နေရာမှနေ၍ ဝင်ရောက်ယှဉ်ပြိုင်ရာ အနိုင်ရခဲ့ပြီးနောက် သမ္မတဦးထင်ကျော်က ၎င်းအား ရှမ်းပြည်နယ်လွှတ်တော်တွင် ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းခဲ့သည်။[၃] ပြည်နယ်လွှတ်တော်က ဒေါက်တာလင်းထွဋ်အား ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် သဘောတူထောက်ခံပေးခဲ့သည့်အတွက် ၂၀၁၆ခုနှစ် မတ်လ ၂၉ ရက်ကစပြီး ဝန်ကြီးချုပ်ဖြစ်သွားသည်။ ဒေါက်တာလင်းထွဋ်သည် အထွေထွေရွေးကောက်ပွဲ ၂၀၂၀ တွင်လည်းမူလမဲဆန္ဒနယ်ဖြစ်သော လားရှိုးမြို့နယ်မဲဆန္ဒနယ်(၁) ပြည်နယ်လွှတ်တော် နေရာမှနေ၍ ထပ်မံ ဝင်ရောက်ယှဉ်ပြိုင်ရာ ဆန္ဒမဲပေးခဲ့ကြသူဦးရေ၏ ၄၀ဒသမ၁၃ရာခိုင်နှုန်းဖြင့် ထပ်မံ အနိုင်ရခဲ့၍ [၄] ရွေးကောက်ပွဲ နှစ်ကြိမ်ဆက် အနိုင်ရရှိထားသူဖြစ်လာခဲ့သည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နောက်ပိုင်းဖြစ်ရပ်များ
[ပြင်ဆင်ရန်]၂၀၂၁ မြန်မာနိုင်ငံ စစ်အာဏာသိမ်းခြင်း တွင် ဒေါက်တာလင်းထွဋ်သည် အခြားသော ဝန်ကြီးချုပ်များ နည်းတူ ဖေဖော်ဝါရီ၁ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည်။ ယင်းနောက် ပြန်လည်လွတ်မြောက်လာခဲ့ပြီး ဖေဖော်ဝါရီလ ၁၀ရက်၌ ထပ်မံဖမ်းဆီးခြင်းခံခဲ့ရသည်။[၅] ညောင်ရွှေအကျဉ်းထောင်နှင့် တောင်လေးလုံးအကျဉ်းထောင် သို့ ပို့ဆောင်ခြင်းကို ခံခဲ့ရသည်။
ဖမ်းဆီးထိန်းသိမ်းခံရပြီး ၅လကျော် အကြာ ၂၀၂၁ ဇူလိုင်လ ၁၆ရက်နေ့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဒေါက်တာလင်းထွဋ်အား အင်းလေးဇုန်ဝင်ကြေးကိစ္စ ၊ ကိုဗစ်ကာကွယ်ရေး ရန်ပုံ ငွေသုံးစွဲမှုတွင် ကွာခြားချက်များရှိခြင်း အစရှိသည့် စွပ်စွဲချက်များဖြင့် တရားလိုလုပ် တရားစွဲခဲ့သည်။[၆] [၇]
၂၀၂၂ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် အထက်ပါအမှုများဖြင့် ညောင်ရွှေ အကျဉ်းထောင် အထူးတရားရုံးက ၎င်းအား ထောင်ဒဏ် ၁၆ နှစ် ချမှတ်ခဲ့သည်။[၈]
ယင်းနောက် ၂၀၂၂ ဇူလိုင်လ ၂၈ ရက်နေ့တွင် တောင်လေးလုံးအကျဉ်းထောင် တရားရုံးက ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှု ရာဇသတ်ကြီးဥပဒေပုဒ် - ၁၃၀ (က) ဖြင့် စွဲချက်တင်ကာ ဩဂုတ်လ ၃ ရက်နေ့တွင် ထောင်နှစ်နှစ် ထပ်မံချမှတ်ခြင်းလည်းခံခဲ့ရသည်။[၉]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး။ shan state goverment။ 13 September 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ Meet your chief ministers။
- ↑ ရှမ်းပြည်နယ်ဝန်ကြီးချုပ်သစ်ခန့်အပ်မှုအပေါ် တုံ့ပြန်။ VOA Burmese (၂၉ မတ် ၂၀၁၆)။ ၃ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်လွှတ်တော် လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီအလိုက် ဆန္ဒမဲရရှိမှုအခြေအနေ(၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ)။ UEC Myanmar။ 18 June 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ရှမ်းဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ကို ရွေးကောက်ပွဲအနိုင်အထက်ပြုကျင့်သည်ဟု စွပ်စွဲကာ ထပ်မံတရားစွဲခံရ။ Mizzima News (၂၇ ဇူလိုင် ၂၀၂၂)။ ၃ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလင်းထွဋ်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ။ ACCM (၁၆ ဇူလိုင် ၂၀၂၁)။ ၃ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် အပါအဝင် ၇ ဦးကို အဂတိမှုဖြင့် စစ်ကောင်စီ အမှုဖွင့်။ DVB (၁၇ ဇူလိုင် ၂၀၂၁)။ ၃ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ဝန်ကြီးဦးစိုးညွှန့်လွင်တို့အား ထောင်ဒဏ် ၁၆ နှစ်စီချ။ ဧရာဝတီ (၂၈ ဇန်နဝါရီ ၂၀၂၂)။ ၃ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ထောင်ဒဏ်နှစ်နှစ် ထပ်မံချခံရ။ RFA (၈ ဩဂုတ် ၂၀၂၂)။ ၃ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။