ဘလွင်၊ ဦး(မြို့မ)

ဝီကီပီးဒီးယား မှ
(မြို့မ ဦးဘလွင် မှ ပြန်ညွှန်းထားသည်)
Jump to navigation Jump to search
မြို့မ ဦးဘလွင်
U Ba Lwin, Headmaster of Myoma National School.jpg
မြို့မ ဦးဘလွင်
မွေးဖွား ဘလွင်
(1892-09-20)၂၀ စက်တင်ဘာ၊ ၁၈၉၂
ရန်ကုန်မြို့မြန်မာနိုင်ငံ
ကွယ်လွန် ၇ ဧပြီ၊ ၁၉၆၈(1968-04-07) (အသက် ၇၅)
နိုင်ငံလူမျိုး ဗမာ
အခြား အမည်များ ငွေဖလားဘလွင်
နိုင်ငံသား မြန်မာ
အလုပ်အကိုင် မြို့မအမျိုးသားကျောင်း၏ကျောင်းအုပ်ဆရာကြီး
အိမ်ထောင်ဖက်(များ) ဒေါ်သန်းညွန့်
သားသမီး သား ၇ ယောက်၊ သမီး ၁ ယောက်
မိဘ(များ) ဦးဖိုးသိန်း၊ ဒေါ်ခင်

ဦးဘလွင် (မြို့မ) သည် မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားကျောင်း ဖြစ်သော မြို့မအမျိုးသားကျောင်း၏ ကျောင်းအုပ်ဆရာကြီး ဖြစ်သည်။ ၁၈၉၂ ခုနှစ်၊ စက်တင်ဘာလ ၂ဝ ရက်တွင် ရန်ကုန်မြို့၌ ဖွားမြင်သည်။ အဖ ကန်ထရိုက်တာ ဦးဖိုးသိန်း၊ အမိ ဒေါ်ခင် ဖြစ်သည်။ ဆရာကြီး ဦးဘလွင်၏ ဆောင်ရွက်ချက်များအနက် ကိုလိုနီခေတ်တွင် အစိုးရ အထက်တန်းကျောင်း၊ သာသနာပြု မစ်ရှင်ကျောင်းများနှင့် အပြိုင် မြို့မ အမျိုးသား အထက်တန်းကျောင်း (ယခု ဒဂုံ အထက ၂) ကို ဦးဆောင် တည်ထောင်ခဲ့ခြင်းသည် ထင်ရှားလှသည်။

ကျောင်းသားဘဝ[ပြင်ဆင်ရန်]

ရန်ကုန်မြို့ တိုင်းရင်းမြန်မာကျောင်း၌ စတင် ပညာသင်သည်။ ၁၉ဝဝ ပြည့်နှစ်တွင် ရန်ကုန် ဟိုက်စကူးကျောင်း၊ ၁၉ဝ၈ ခုနှစ်တွင် မော်လမြိုင်တွင် စိန့်ပက်ထရစ် အထက်တန်းကျောင်းတို့တွင် ပညာသင်သည်။ ၁၉၁၁ ခုနှစ်တွင် ကာလကတ္တား ယူနီဗာစီတီ၏ မက်ထရစ်ကူလေးရှင်း စာမေးပွဲကို ပထမအဆင့်မှ အောင်သည်။ တက္ကသိုလ်တွင် ဂျူနီယာ ပညာသင်ဆုနှင့် စီနီယာ ပညာသင်ဆုများ ရသည်။ အိုင်အေ အောင်ပြီး အိမ်ထောင်ကျကာ ရန်ကုန်ကောလိပ်မှ ထွက်ခဲ့သည်။

၁၉၁၅ ခုနှစ်တွင် ကြို့ပင်ကောက်မြို့ ဦးဖိုးစော၊ ဒေါ်ဖွားနှစ် တို့၏ သမီး မသန်းညွန့်နှင့် အိမ်ထောင်ကျပြီး သာယာဝတီ ဝိုင်အမ်ဘီအေ ဗုဒ္ဓဘာသာ အထက်တန်းကျောင်းအုပ်၊ ၁၉၁၈ ခုနှစ်တွင် ရမည်းသင်း ပညာဝန်ထောက်၊ ၁၉၁၉ ခုနှစ်တွင် ကွမ်းခြံကုန်း ပညာဝန်ထောက်၊ ၁၉၂ဝ ပြည့်နှစ်တွင် ပုဇွန်တောင် အမျိုးသား အထက်တန်းကျောင်း အကျိုးဆောင် ကျောင်းအုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ကလေးသုံးယောက် ဖခင်ဖြစ်ပြီးမှ ၁၉၂၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘီအေဘွဲ့ကို အင်္ဂလိပ်ဘာသာ ဂုဏ်ထူးဖြင့် ရရှိခဲ့သည်။ ၁၉၂၂ ခုနှစ်တွင်မြို့မ အထက်တန်းကျောင်း၊ ရန်ကုန်တွင်ကျောင်းအုပ် အဖြစ် ဆောင်ရွက်သည်။ ထိုသို့ ဆောင်ရွက်နေစဉ် ၁၉၂၉ ခုနှစ်တွင် အစိုးရ ပညာတော်သင် အဖြစ် လန်ဒန် ဒေးထရိန်နင် ကောလိပ်တွင် ပညာ ဆက်လက် ဆည်းပူးခဲ့သည်။ သင်တန်း တနှစ်တက်အပြီး မျက်စိရောဂါကြောင့် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ရသည်။ လန်ဒန်မှ ပညာရေး ဒီပလိုမာ ရခဲ့သည်။

မြို့မကျောင်းအုပ်ဆရာကြီးဦးဘလွင်[ပြင်ဆင်ရန်]

နိုင်ငံခြားမှ ပြန်ရောက်ပြီး မြို့မ အမျိုးသား အထက်တန်းကျောင်းအုပ် အဖြစ် ပြန်လည် ဆောင်ရွက်ရာ ဒုတိယကမ္ဘာစစ် ဖြစ်ပွားလာသည့်တိုင် ဖြစ်သည်။ ဂျပန်ခေတ်တွင် အသက်မွေးဝမ်းကျောင်း ပညာ သင်ကြားမှု ကျောင်းအုပ် အဖြစ် တာဝန်ယူခဲ့သည်။ စစ်ပြီးခေတ်တွင် ၁၉၄၆ ခုနှစ်မှ ၁၉၅၃ ခုနှစ်တိုင် မြို့မ အမျိုးသား ကျောင်းဆရာကြီး အဖြစ် ဆက်လက် ဆောင်ရွက်သည်။ ၁၉၅၃ ခုနှစ်တွင် နိုင်ငံတော် အစိုးရက သီဟိုဠ် (သီရိလင်္ကာ) နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး အဖြစ် တာဝန်ပေး၍ ၆ နှစ်တိုင်တိုင် ထမ်းဆောင်ခဲ့သည်။ သံအမတ်ကြီး ဘဝမှ အငြိမ်းစားယူပြီးနောက် ၁၉၆ဝ ပြည့်နှစ်မှ ကွယ်လွန်သည့်တိုင် မြို့မ အမျိုးသား၊ အမျိုးသမီးကျောင်း အကျိုးဆောင် ညွှန်ကြားရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။

ဦးဘလွင် ငယ်စဉ်ကပင် လူချစ်လူခင်များ၍ စည်းရုံးရေး ထူးချွန်လှရာ 'ငွေဖလားဘလွင်' ဟု အမည်တွင်သည်။ မြိုမ အမျိုးသားကျောင်းကြီးသည် ကျောင်းအဆောက်အအုံ ထည်ဝါရုံမျှမက ပညာရေး၊ စည်းကမ်း၊ စိတ်ဓာတ် တို့တွင်ပါ အလွန်ထင်ရှား အောင်မြင်ခဲ့ရာ 'မြို့မဖခင် ဦးဘလွင်' ဟု ဂုဏ်ပြုခဲ့ကြသည်။

ဦးဘလွင်သည် ပညာရေး လောကတွင် အလွန်အရေးပါ၍ ကိုလိုနီခေတ် ၁၉၃၈ ခုနှစ်တွင် ပညာမင်းကြီး အေ၊ ကင်းဘဲလ် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည့် မြန်မာနိုင်ငံ ကျောင်းသုံးစာအုပ် စုံစမ်းရေး ကော်မတီ အဖွဲ့ဝင်၊ ဂျပန်ခေတ် ဂျပန်ပြည် လေ့လာရေးအဖွဲ့ ခေါင်းဆောင်၊ စစ်ပြီးခေတ် ၁၉၄၆ ခုနှစ်တွင် ပညာရေးဝန်ကြီးဟောင်း ဦးဘရင် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သော ပညာရေး ပေါ်လစီ စုံစမ်းရေး ကော်မတီ အဖွဲ့ဝင်၊ ၁၉၄၈ ခုနှစ်၊ ပြင်သစ်ပြည် ပါရီမြို့တွင် ကျင်းပသော ယူနက်စကို ညီလာခံ အဖွဲ့ဝင်၊ ၁၉၅၂ ခုနှစ်တွင် ပညာရေးဝန်ကြီး ဦးသန်းအောင် သဘာပတိ အဖြစ် ဆောင်ရွက်သည့် ပြည်တော်သာ ဘဝသစ် ဖန်တီးမှု ပညာရေး စီမံကိန်း ရေးဆွဲရေး ကော်မတီ အဖွဲ့ဝင်၊ ၁၉၆၁-၆၂ တွင် အနောက်နိုင်ငံများသို့ ပညာရေး လေ့လာရေး အဖွဲ့ဝင် အဖြစ် ဆောင်ရွက်ခဲ့သည်။

စာပေရေးသားခြင်း[ပြင်ဆင်ရန်]

ဦးဘလွင်သည် အိုင်အေအောင်ပြီးနောက် သူရိယ သတင်းစာနှင့် သူရိယတိုက်မှ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် သည်ဘားမား အော့ဗဇားဘား သတင်းစာတို့တွင် လက်ထောက်အယ်ဒီတာ၊ သူရိယ မဂ္ဂဇင်း အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့သည်။ စစ်ပြီးနောက် ၁၉၄၆ ခုနှစ်တွင် ဂိုးလ်ဒင်းလင့်ခ် ဟူသော အင်္ဂလိပ် မဂ္ဂဇင်း အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့သည်။ ဦးဘလွင်သည် အင်္ဂလိပ်ဘာသာဖြင့် အရေးများ၍ မြန်မာဘာသာဖြင့် ပညာရေး၏ အခြေခံ သဘောတရားများ (၁၉၆၁) နှင့် အင်္ဂလိပ် မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေသော ကုလသမဂ္ဂ အကြောင်း (၁၉၆ဝ) စာအုပ်များ ပြုစုခဲ့သည်။

ဦးဘလွင်သည် ငယ်စဉ်ကပင် ပညာရေးနှင့် လူမှုရေး အသင်းအဖွဲ့များတွင် စိတ်ဝင်စား၍ တက်တက်ကြွကြွ ပါဝင် ဆောင်ရွက်လေ့ရှိသည်။ ငယ်စဉ်က အသင်းအဖွဲ့ပေါင်း ၃၂ ခုတွင် ပါဝင်ခဲ့သည်။ ပါဝင်ခဲ့သော အသင်းအဖွဲ့ အချို့မှာ အမျိုးသား ပညာရေး ကောင်စီ၊ မြန်မာပြည်လုံးဆိုင်ရာ အမျိုးသား ကျောင်းဆရာများ အသင်း၊ ရန်ကုန်တက္ကသိုလ် ဆီးနိတ်၊ မြန်မာနိုင်ငံ သုတေသန အသင်း၊ ရန်ကုန်မြို့တော် ပညာရေး ဘုတ်အဖွဲ့၊ ရာမခရစ်ရှန် မစ်ရှင်အသင်း၊ ဝိုင်အမ်ဘီအေ အသင်း၊ လူငယ်များ ကြီးပွားရေးအသင်း၊ သုစရိတယုဝ အသင်း (ခေါ်) သေရည်သေရက် ရှောင်ကြဉ်ရေးအသင်း၊ စကောက်အဖွဲ့တို့ ဖြစ်သည်။ စကောက်အသင်း မင်းကြီးအဖြစ် စကောက် လုပ်ငန်းများကို ဦးဆောင်ခဲ့သောကြောင့် ၁၉၂၇ ခုနှစ်တွင် အင်္ဂလိပ် ဘုရင်ခံက ကေအိုင်အိပ်ချ်ဘွဲ့ ချီးမြှင့်ခဲ့သည်။

နိုင်ငံရေးလုပ်ဆောင်ခြင်း[ပြင်ဆင်ရန်]

ထို့ပြင် အစိုးရခန့် အထက်လွှတ်တော် အမတ်အဖြစ် လည်းကောင်း၊ အထက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ အဖြစ် လည်းကောင်း ချီးမြှင့်ခံခဲ့ရသည်။ ထိုသို့ ဆောင်ရွက်နေစဉ် ၁၉၃၈ ခုနှစ်၊ ကျောင်းသားသပိတ်တွင် ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော် သွေးမြေကျခဲ့ရသည့် အစိုးရ၏ အပြုအမူကို ကန့်ကွက်သည့် အနေဖြင့် လွှတ်တော်အမတ် အဖြစ်မှ နုတ်ထွက်ခဲ့သည်။ ကေအိုင်အိချ်ဘွဲ့ကိုလည်း အစိုးထံ ပြန်လည် ပေးအပ်ခဲ့သည်။ ၁၉၃၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်တွင် တရုတ်ပြည် မိတ်ဆက်အဖွဲ့ကို ဦဆောင်၍ တရုတ်ပြည်သို့ ချစ်ကြည်ရေး သွားခဲ့သည်။ ဦးဘလွင်နှင့်အတူ ဒီးဒုတ်ဦးဘချိုသခင်နုဒေါ်မြစိန် (ဒိုင်အာခီခေတ် ပြည်ထဲရေးဝန်ကြီး ဦးမေအောင်၏သမီး) စသော ပုဂ္ဂိုလ်များလည်း လိုက်ပါသွားခဲ့ကြသည်။ ဦးဘလွင်က မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းရေးအတွက် မြန်မာလူငယ်များအား တရုတ်တပ်မတော်မှ စစ်ပညာသင်ကြားပေးရန်အတွက် တရုတ်စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီး ချန်ကေရှိတ် နှင့် ဆွေးနွေးတိုင်ပင်ခဲ့သည်။ ဗိုလ်ချုပ်ကြီး ချန်ကေရှိတ်ကလည်း သဘောတူလက်ခံခဲ့သည်။

မြန်မာလူငယ်များစစ်သင်တန်း တက်ရောက်ရေးကိစ္စအတွက်သခင်အောင်ဆန်း နှင့် ဆွေးနွေးတိုင်ပင်ခဲ့သည်။ သခင်အောင်ဆန်းသည် လက်နက်ကိုင်တိုက်ပွဲဆင်နွှဲရန် လိုအပ်ကောင်းလိုအပ်မည်ဟု ယူဆခဲ့သည်မှာ ကာ လအတန်ကြာကပင် ဖြစ်ပါသည်။ ထိုစဉ်က မြန်မာ့တပ်မတော် နှင့်ရဲဘော်သုံးကျိပ် မပေါ်ပေါက်သေးပါ။ [၁]

၁၉၄၀ ခုနှစ် ဩဂုတ်လတွင် သခင်အောင်ဆန်းနှင့် သခင်လှမြိင် (နောင်အခါ ဗိုလ်ရန်အောင်ဟုထင်ရှားသူ)တို့ မြန်မာပြည်မှ ဟိုင်လီအမည်ရှိ သင်္ဘောနှင့် ထွက်ခွာခဲ့ရာ တရုတ်နိုင်ငံ အမွိုင်မြို့ရှိ ‘အပြည်ပြည်ဆိုင်ရာဒေသ’ ဖြစ်သော ကူလန်စုသို့ ရောက်သွားကြပါသည်။ ထိုနေရာ၌ သူတို့နှစ်ဦး လအနည်းငယ်မျှ သောင်တင်နေပြီး တ ရုတ်ကွန်မြူနစ်များနှင့် ဆက်သွယ်ရန် ကြိုးစားချက်များလည်း အောင်မြင်ခြင်းမရှိခဲ့ပါ။ တရုတ်ကွန်မြူနစ်များနှင့် အဆက်အသွယ် မလုပ်နိုင်ခဲ့သော်လည်း ဂျပန်ကိုယ်စားလှယ်တဦး သူတို့အား ချဉ်းကပ်ပြီး ဂျပန်တပ်မတော် အရာရှိတဦးဖြစ်သူ ဗိုလ်မှူးကြီးစူဇူကီကေအီဂျီနှင့်တွေ့ရန် တိုကျိုသို့ လေယာဉ်နှင့်ပို့လိုက်ပါသည်။ ထိုဗိုလ်မှူးကြီး သည် နောင်အခါ၌ ‘မြန်မာပြည်လွတ်လပ်ရေးကို ကူညီရန်နှင့် တရုတ်မြန်မာလမ်းမကြီးကို ပိတ်ဆို့ရန်’ ရည် ရွယ်ချက်များနှင့် တည်ထောင်သော မီနာမီကီကန် လျှို့ဝှက်အသင်း၏ ခေါင်းဆောင်အဖြစ် ထင်ရှားမည့်သူဖြစ် ပါသည်။

၁၉၅၁ ခုနှစ်တွင် မြန်မာနိုင်ငံတော် အစိုးရက မဟာသရေစည်သူဘွဲ့ ချီးမြှင့်ခဲ့သည်။

နိဂုံး[ပြင်ဆင်ရန်]

ဆရာကြီး ဦးဘလွင်သည် ၁၉၆၈ ခုနှစ်၊ ဧပြီလ ၇ ရက် နံနက် ၅:၁၅ နာရီတွင် မြို့မကျောင်းဝင်းအတွင်း နေအိမ်၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်၌ ဇနီး ဒေါ်သန်းညွန့်နှင့် သား ၇ ယောက်၊ သမီး ၁ ယောက် ကျန်ရစ်သည်။ [၂]

ဓာတ်ပုံများ[ပြင်ဆင်ရန်]

အခြားကြည့်ရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. မြို့မ-မြင့်ကြွယ် (၂၀၀၃). မြို့မ ဆရာကြီး ဦးဘလွင် (သို့မဟုတ်) အမျိုးသားပညာရေးနိဒန်းအစ. 
  2. မောင်ဇေယျာ (မတ် ၂၀၁၀). မြန်မာလူကျော် ၁၀၀, ပထမအကြိမ်, ပထမအုပ်, UNITY စာပေ.