သော်၊ ဦး (ပန်းကန်စက်)

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ပန်းကန်စက် ဦးသော်
UThaw(Paganset).gif
နိုင်ငံလူမျိုး ဗမာ
နိုင်ငံသား မြန်မာနိုင်ငံ
ပညာရေး တက္ကသိုလ် ကျောင်းသား
အလုပ်အကိုင် ဆန်စက်ပိုင်ရှင်၊ ပန်းကန်စက်ပိုင်ရှင်၊ ဂျီစီဘီအေ လူကြီး၊ ဝိုင်အမ်ဘီအေ နာယက၊ သမာဓိ မြို့ဝန်၊ မြို့မကျောင်း အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊
ကျော်ကြားမှုအရင်းခံ ပန်းကန်စက်လုပ်ငန်း
အိမ်ထောင်ဖက်(များ) ဒေါ်လှခင်
ရရှိသည့်ဆုများ တိုင်းကျိုးပြည်ကျိုးဆောင်ဘွဲ့ (တီ၊ ပီ၊ အက်စ်)၊ နိုင်ငံ့ဂုဏ်ရည် ဘွဲ့ (ပထမဆင့်)

ပန်းကန်စက် ဦးသော် ကို ၁၈၉၃ ခုနှစ် ၊ စက်တင်ဘာလ ၅ ရက်နေ့တွင် ပေါင်းတည်မြို့ ၌ မွေးဖွားသည်။ အဖ ဆန်စက်ပိုင်ရှင် သူဌေး ဦးဘိုးဆင့်၊ အမိ ဒေါ်သက် ဖြစ်သည်။ မွေးချင်း သုံးယောက် ( ဦးသော်၊ ဒေါ်တင်လှနှင့် ဦးမောင်မောင်) တို့တွင် ဦးသော်သည် အကြီးဆုံးသား ဖြစ်သည်။ ဦးသော်သည် မြန်မာ့သမိုင်းတွင်ထင်ရှားသော ဆင်ဖြူရှင်မင်းနှင့်မြန်မာစစ်သူကြီး မင်းကြီးမဟာသီဟသူရ[၁]တို့၏ (၂) ဆက်မြောက် မြေးတော်ဖြစ်သည်။ (ဝန်ကြီး မဟာသီဟသူရ နှင့် ဆင်ဖြူရှင်မင်းသည် ခမည်းခမက် တော်စပ်သည်)[၂][၃][၄][၅] ဆင်ဖြူရှင်မင်း နှင့် မဟာသီဟသူရတို့၏ (၂) ဆက်မြောက်မြေးတော် တစ်ဦးအနေဖြင့် သာမန်မြန်မာပြည်သူများထက် အမျိုးသားရေးဇာတိမာန် လွန်စွာထက်သန်သူဖြစ်သည်။[၄] စဉ့်ကူးမင်း နှင့် ပထမ မြောက်နန်းမိဖုရားကြီး သီရိမဟာမင်္ဂလာဒေဝီ တို့၏ မြေးတော် ဘိုးရွှေကွန် ၏ သားတော် ဦးဘိုးဆင့်(ပန်းကန်စက်ဦးသော် ၏ဖခင်) ရေးသားခဲ့သည့် ကိုယ်ရေးအတ္ထုပ္ပတ္တိ ဘဝဖြစ်ရပ်မှတ်တမ်း၊ ဦးဘိုးဆင့် ၏မြေးအရင်းဖြစ်သူ စာပြုအရာရှိ ဦးနေဝင်း B.A (History) ၁၉၇၄ ခုနှစ်တွင် ရေးသားပြုစုခဲ့သည့် Family pedigree chart (Genealogy research paper) မှတ်တမ်းတို့တွင်လည်းရေးသားဖော်ပြထားခဲ့သည်။

၁၉၀၀ ပြည့်နှစ်တွင် စတင် ပညာသင်သည်။ ၁၉၁၂ ခုနှစ်၌ ပြည်မြို့ အစိုးရ အထက်တန်းကျောင်းမှ မက်ထရစ် စာမေးပွဲ အောင်သည်။ ကျောင်းသားဘဝ ငယ်စဉ်ကပင် မိဘများ၏ ဆန်စပါး ရောင်းဝယ်ရေးနှင့် ဆန်စက်လုပ်ငန်းများကို ကူညီ လုပ်ကိုင်ပေးခဲ့သည်။

Ymba nayakas.jpg
Baganset U Thaw.jpg

စီးပွားရေးလုပ်ဆောင်ခြင်း[ပြင်ဆင်ရန်]

၁၉၁၃ ခုနှစ်တွင် စီးပွားရေး လောကသို့ ဝင်ရောက်သည်။ ယင်းနှစ်မှာပင် ဒေါ်လှခင်နှင့် လက်ထပ်သည်။ ပေါင်းတည်၊ ဇီးကုန်း၊ ရွှေတောင်၊ နတ်တလင်း၊ ဟင်္သာတရှိ ဖခင်၏ ဆန်စက်များကို စီမံအုပ်ချုပ်ရသည်။ အိမ်ထောင်ကျပြီးနောက် ဟင်္သာတ ဆန်စက်ကို သီးခြားတာဝန်ယူ ဆောင်ရွက်သည်။ ပထမကမ္ဘာစစ် အတွင်း ၁၉၁၄ ခုနှစ်တွင် အမ်ဒင်အမည်ရှိ ဂျာမန်ကရူဇာစစ်သင်္ဘောတစ်စင်း (The cruise of the Emden) သည်လည်း သမုဒ္ဒရာ ပင်လယ်ပြင်တစ်လျောက် လှည့်လည်သွားလာကာ ဒေါ်လာ တစ်ကုဋေခန့် တန်ဖိုးရှိသော သင်္ဘောများနှင့် အိန္ဒိယသမုဒ္ဒရာ ဘင်္ဂလားပင်လယ်အော်တွင် သင်္ဘောများကို နှစ်မြှုပ် ဖျက်ဆီးခဲ့၏။[၆][၇] သို့သော် အသက်၂၁ နှစ် အရွယ်သာရှိသော ပန်းကန်စက် ဦးသော်သည် ပထမကမ္ဘာစစ် အတွင်း ၁၉၁၄ ခုနှစ်တွင် ဂျပန်သင်္ဘောအား စင်းလုံးငှား၍ အိန္ဒိယ သမုဒ္ဒရာ ကိုဖြတ်ပြီး အိန္ဒိယနိုင်ငံသို့ သူကိုယ်တိုင် ဦးဆောင်ကာ ဆန်တင်ပို့ ရောင်းချခဲ့သည်။

၁၉၁၅ ခုနှစ်တွင် ဇီးကုန်းဆန်စက်ကို တာဝန်ယူ အုပ်ချုပ်သည်။ ပြုတ်ဆန်ကို စမ်းသပ်တင်ပို့ရာ အောင်မြင်ခဲ့သည်။ အိန္ဒိယသို့ ဆန်တင်ပို့ ရောင်းချသည့် လုပ်ငန်းကိုလည်း ဆက်လက် ဆောင်ရွက်သည်။ ကာလကတ္တားမြို့ အထိ သွားရောက်ပညာသင်ကြားခဲ့ဖူးသူဖြစ်ရာ အင်္ဂလိပ်စာကို ကောင်းစွာတတ်ကျွမ်းသူ ဖြစ်သည်။

ပန်းကန်စက်လုပ်ငန်း[ပြင်ဆင်ရန်]

ကာလကတ္တားတွင် ဝန်မင်း ဦးဘတူ၊ ဒေါက်တာသိန်းမောင်၊ ကာလကတ္တား ပန်းကန်စက်ပိုင်ရှင် မဟာရာဇာစော်ဘွား ကာဆင်ဗဇား တို့နှင့် ရင်းနှီးခင်မင်ရာမှ ပန်းကန်စက် လုပ်ငန်းကို စိတ်ဝင်စားလာသည်။ သမားရိုးကျ ဆန်ကုန်သည် စီးပွားရေး လုပ်ငန်းမှ စက်မှုလက်မှု လုပ်ငန်းရှင် အဖြစ် စွန့်စား ဆောင်ရွက်ရန် ဖခင် ဦးဘိုးဆင့်ထံ ခွင့်ပြုချက် တောင်းခဲ့သည်။ ဖခင်၏ငွေငါးသိန်း (ထိုခေတ်က ရွှေတစ်ကျပ်သားကို မြန်မာကျပ် ၁၀ ကျော်သာရှိ) ခွင့်ပြုချက်ဖြင့် ဇီးကုန်းမြို့ မှ ကိုဖိုးမြိုင်ကို ကာလကတ္တားသို့ ပို့၍ မဟာရာဇာ ၏ ပန်းကန်စက်တွင် သုံးနှစ် ပညာသင်စေခဲ့သည်။ လစဉ် စရိတ်ငွေ ၂၅ဝ ကျပ် ထောက်ပံ့ခဲ့ရသည်။

၁၉၂၀ ပြည့်နှစ်တွင် ရန်ကုန်မြို့ သမိုင်းနှင့် ကြို့ကုန်းကြားတွင် မြေ ၁ဝ ဧက ဝယ်ယူ၍ ပန်းကန်စက် လုပ်ငန်း စတင်ခဲ့သည်။ တနှစ် အတွင်း ငွေ ငါးသောင်းခန့် ဆုံးရှုံးခဲ့သည်။ ၁၉၃၃ ခုနှစ်တွင် ရန်ကုန်သို့ ပြောင်းရွှေ့ နေထိုင်ကာ ပန်းကန်စက် လုပ်ငန်းကို ကိုယ်တိုင် ကြီးကြပ်သည်။ ပန်းကန်စက် လုပ်ငန်း အတွက် မြေစေး စမ်းသပ်သည့် လုပ်ငန်းကို ဦးဖိုးမြိုင်၊ လုပ်သား ငါးယောက်တို့နှင့် အတူ ကြိုးစား လုပ်ဆောင်သည်။ ၁၉၂၃ ခုနှစ်တွင် ဖခင် ဦးဘိုးဆင့်နှင့် အတူ ကာလကတ္တားသို့ ထပ်မံ သွားရောက်ပြီး ပန်းကန်စက် လုပ်ငန်းကို လေ့လာသည်။ ထို့နောက် အိန္ဒိယမှ စက်ပညာရှင် မစ်စတာဒတ်ကို ငှားရမ်း၍ သမိုင်း ပန်းကန်စက်ကို စတင်သည်။ ဂျာမန် စက်ပစ္စည်းများကို မှာယူ၍ တည်ဆောက်ရာ ၁၉၂၅ ခုနှစ်၊ မတ်လတွင် ပြီးစီးသည်။ ငွေငါးသိန်းခန့် ကုန်ကျခဲ့သည်။ ပန်းကန်စက် လုပ်ငန်းကို ဦးသော် တာဝန်ယူခဲ့သည်။ သို့သော် နည်းပညာ အခက်အခဲကြောင့် အောင်မြင်မှု မရခဲ့ချေ။ နောက်ဆုံးတွင် ဦးသော်ကိုယ်တိုင် လူမျိုးခြားပိုင် ဆန်စက်တွင် တလလျှင် လခ ၂၅ဝ ကျပ်ဖြင့် မန်နေဂျာ ဝင်လုပ်ခဲ့ရသည်။

၁၉၃၁ ခုနှစ်တွင်သူဌေး ဦးသော်၏ ပန်းကန်စက်မှ မြေစိုက်ပန်းအိုးနှင့် လက်ဖက်ရည်ကရားများ စတင် ထုတ်လုပ်နိုင်ခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် အင်္ဂလန်၌ ပန်းကန်စက်ပညာ သင်ခဲ့သော ဦးကျင်၏ အကူအညီဖြင့် ခေါင်းပွကြွေထည်များ ထုတ်လုပ်နိုင်၍ အောင်မြင်မှု စတင် ရရှိလာခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ဒေါက်တာဘမော် နန်းရင်းဝန် အဖြစ် ဆောင်ရွက်စဉ် ဘဏ္ဍရေးဝန်ကြီး ဒေါက်တာသိန်းမောင် (၉၁ ဌာနခေတ် ဝန်ကြီး၊ ဂျပန်ခေတ်ဝန်ကြီးနှင့် ပထမဆုံး ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးဖြစ်သော ဒေါက်တာသိန်းမောင် (၁၈၉၁ ခုနှစ် ဇန်နဝါရီ ၂ – ၁၉၄၆ ခုနှစ် မေ ၂၃))[၈][၉]၏ အကူအညီဖြင့် အစိုးရချေးငွေ တစ်သိန်းရခဲ့သဖြင့် အင်္ဂလန်မှ ပန်းကန်ပြားစက် အသစ်မှာယူကာ လုပ်ငန်းကို တိုးချဲ့သည်။

၁၉၄၀ ပြည့်နှစ်တွင် ပန်းကန်ချောများ အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီး တစ်လလျှင် ပန်းကန်ပြား ဒါဇင်ပေါင်း တသောင်းကျော် ထုတ်လုပ်နိုင်ခဲ့သည်။ သို့သော် ဒါဇင် ငါးထောင်ခန့်သာ ဈေးကွက် ရှိသည်။ ထိုစဉ်က ဦးသော်၏ ပန်းကန်ပြားများသည် ဂျပန် ပန်းကန်ပြားများကို အသာရခဲ့သည်။

သမိုင်းရှိ ဦးသော်၏ ပန်းကန်စက်သည် ကိုလိုနီခေတ်တွင် တစ်ခုတည်းသော ဗမာတိုင်းရင်းသားပိုင် ပန်းကန်စက်ဖြစ်သည်။ ဦးသော်ပန်းကန်စက် တည်နေရာမှာ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းမြို့သစ် မီးရထားဘူတာရုံအနီး ဖြစ်သည်။ ဦးသော်ပန်းကန်စက်တွင် လုပ်ငန်းများတွင် ဂျပန်များက အဓမ္မဝင်ရောက်ဦးစီးလုပ်ကိုင်သည်။ သို့ရာတွင် ဦးသော်ပန်းကန်စက်တွင်လည်း ဂျပန်များက အစုစပ်အဖြစ်ပါဝင်၍ ဦးစီးလုပ်ကိုင်သည်ဟု ဂျပန်အလိုတော်ရိများက မဟုတ်မမှန် ဝါဒဖြန့်ချီခဲ့သည်။

အမှန်စင်စစ်အားဖြင့် ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်သားတို့သည် ဦးသော်ပန်းကန်စက်ကို အတင်းအဓမ္မသိမ်းယူလိုက်ခြင်းဖြစ်သည်။ ဂျပန်စစ်တပ်အတွက် လိုအပ်သော ပစ္စည်းများ၊ ဟင်းချိုသောက် မြေပန်းကန်များ၊ အခြားကြွေထည်အသေးအဖွဲများနှင့် စစ်မြေပြင်သုံးကြွေသီးများ သိန်းသန်းချီ၍ ထုတ်လုပ်ကြသည်။ စက်ရုံဝင်းအတွင်း၌ လက်ပစ်ဗုံးများလည်း ထုတ်လုပ်သည်။ စက်ရုံပိုင်ရှင်ဦးသော်သည် အမည်ခံသာဖြစ်၍ ပန်းကန်စက်မှာ ဂျပန်စစ်သားများ၏ အတင်းအဓမ္မကြီးစိုးပိုင်ဆိုင်မှုအောက်တွင် ရှိခဲ့သည်။ နောက်ပိုင်းတွင် မဟာမိတ်တို့၏ ဗုံးကြဲတိုက်ခိုက်မှုကိုခံရ၍ လုပ်ငန်းရပ်ဆိုင်းသွားသည်။ ၁၉၄၅ ခုနှစ်တွင် ဂျပန်တို့အရေးနိမ့်၍ စစ်ဆုတ်ရသောအခါ ဦးသော်ပိုင်သော သမိုင်းပန်းကန်စက်ရုံရှိစက်များကို ဂျပန်စစ်သားများကမီးရှို့ဖျက်ဆီးခဲ့ကြသည်။[၁၀] [၁၁] [၁၂] [၁၃]

ဦးသော်၏ထပ်မံ ငွေစိုက်ထုတ်ကြိုးစားမှုကြောင့် ၁၉၄၇-၄၈ ခုနှစ်တွင် ဦးသော်၏ ပန်းကန်လုပ်ငန်း တစ်ဖန် ပြန်လည် အောင်မြင်လာသည်။ သို့ရာတွင် ၁၉၄၉ ခုနှစ်တွင် ပြည်တွင်းစစ်ဒဏ်ကြောင့် ဦးသော်၏ ပန်းကန်စက်မှာ ထပ်မံ အဖျက်အဆီးခံရပြန်သည်။ လွတ်လပ်ရေးရပြီးကာစ ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလမှ မေလအတွင်း ပြည်တွင်းသောင်းကျန်းမှု တိုက်ပွဲများ မြန်မာပြည်အနှံ့ ဖြစ်ပွားလျက်ရှိရာ ရန်ကုန်မြို့မှအပ မြန်မာနိုင်ငံတစ်နိုင်ငံလုံးနီးပါး KNDO (The Karen National Defense Organization) များ လက်ဝယ်သို့ ကျရောက်နေသောအချိန်ဖြစ်သည်။

မြန်မာ့တပ်မတော်နှင့် ကေအင်ဒီအိုအဖွဲ့တို့ အပြန်အလှန်တိုက်ပွဲများ အကြိမ်ကြိမ်ဖြစ်ခဲ့ရာ အင်းစိန် ခဝဲခြံနှင့် လွန်စွာ နီးကပ်လျက်ရှိသော ဦးသော်၏ ပန်းကန်စက် (ယခု-မရမ်းကုန်းမြို့နယ်သမိုင်းမြို့သစ် မီးရထားဘူတာရုံအနီး) မှာ မြန်မာ့တပ်မတော် (ရေ) ၏ ဘိုဖာအမြှောက်[၁၄] နှင့် ဗုံးဒဏ်များကြောင့် ရစရာမရှိအောင် ပျက်စီးသွားခဲ့သည်။[၁၄] ဦးသော်၏ ပန်းကန်စက်အဖျက်အဆီးခံရခြင်းနှင့်စပ်လျဉ်း၍ ထိုစဉ်က နေ့စဉ်ထုတ်သတင်းစာများတွင် အထင်အရှား ပါရှိပြီးဖြစ်သည်။ ဦးသော်ကိုယ်တိုင် ထပ်မံ ငွေစိုက်ထုတ်ကြိုးစားဦးစီး၍ စက်ကို ပြန်လည် လည်ပတ်ခဲ့သည်။ ၁၉၅၁ ခုနှစ်တိုင် လုပ်ငန်း အောင်မြင်လာခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် ထိုစဉ်က အစိုးရ၏ အခွန်ကောက်နှုန်းများကြောင့် ဂျပန် ပန်းကန်ပြားများကို မယှဉ်ပြိုင်နိုင်တော့ချေ။ နောက်ဆုံး ၁၉၅၂ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် စက်ရုံ ရပ်နားခဲ့ရသည်။ ၁၉၅၆-၅၇ တွင် ရင်းနှီးသော မိတ်ဆွေ သင်္ဂဟများနှင့် အတူ ပြန်လည် လုပ်ကိုင်နိုင်ခဲ့သည်။

လူမှုရေး နှင့် နိုင်ငံရေး[ပြင်ဆင်ရန်]

သူဌေးဦးသော်သည် ငယ်ရွယ်စဉ် ဟင်္သာတ၊ ဇီးကုန်း၊ ရန်ကုန် (သမိုင်း) တွင် နေစဉ်ကပင် လူမှုရေး၊ နယ်ချဲ့ဆန့်ကျင် ရေး အမျိုးသားရေးစိတ်ဓာတ် လုပ်ငန်းများကို ဦးဆောင် ပါဝင်ခဲ့သည်။အမျိုးသားကျောင်းများ တည်ထောင်ရေးတွင်လည်း ငွေကြေးမတည် လှူဒါန်းခဲ့သည်။ ၁၉၂ဝ ပြည့်နှစ်တွင် ရန်ကုန် မြို့မအမျိုးသားကျောင်းကို စတင် တည်ထောင်ခဲ့သူများအနက် ပန်းကန်စက် ဦးသော် လည်း တစ်ဦးအပါအဝင်ဖြစ်သည်။ ဇီးကုန်း အမျိုးသားကျောင်းကို ငွေတစ်ထောင် မတည်၍ လှူဒါန်းခဲ့သည်။ ၁၉၁၈ ခုနှစ်တွင် ဇီးကုန်းမြို့ သမာဓိမြို့ဝန် အဖြစ် ဆောင်ရွက်ခဲ့သည်။ ရဲတပ်ဗိုလ်ချုပ် ဆာမောင်ကြီးဆာဦးသွင်မြို့မ ဦးဘလွင်တရားဝန်ကြီးချုပ်ဟောင်း ဦးသိမ်းမောင်၊ တို့နှင့် ရင်းနှီးသည်။ ၁၉၂၃ ခုနှစ်တွင် မိတ်ဆွေဖြစ်သူ ဦးဘစီကို အကြောင်းပြု၍ သာယာဝတီ မြောက်ပိုင်းမှ ရွေးကောက်ပွဲဝင်ကာ လွှတ်တော်အမတ် အဖြစ် ဆောင်ရွက်ခဲ့သည်။ ရန်ကုန် မြို့မ အထက်တန်းကျောင်း အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ၊ အဖြစ်လည်း နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ မီးရထား ဘုတ်အဖွဲ့ဝင် လူကြီး၊ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း နာယက၊ ပေါင်းတည်၊ ပြည်ခရိုင် အသင်းများ၏ နာယက၊ အမျိုးသားနေ့ ရွှေရတုသဘင် ကျင်းပရေး ကော်မတီ နာယက စသည့် တာဝန် အမျိုးမျိုးကို ထမ်းဆောင်ခဲ့သည်။ ဂျီစီဘီအေ ခေါင်းဆောင် သမာဓိ မြို့ဝန် ပန်းကန်စက် ဦးသော် ၏အတ္ထုပ္ပတ္တိဆောင်းပါးကို ဦးသော်၏မြေးအရင်း မြန်မာ့သမိုင်းပညာရှင် မြို့မ-မြင့်ကြွယ် ကိုယ်တိုင်စတင်ရေးသားပြုစုခဲ့သည်။ တိုင်းသူ ပြည်သားတို့၏ အားထားယုံကြည်ခြင်းကိုခံယူရရှိခြင်း၊ အမျိုးသားရေး စိတ်ဓာတ်ရှိခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ သစ္စာသမာဓိနှင့်ပြည့်စုံခြင်း၊ အဂတိတရားလေးပါး မလိုက်စားခြင်း စသည့်ဂုဏ်ပုဒ်များ ထင်ရှားလေသည်။

ဘွဲ့တံဆိပ်များ[ပြင်ဆင်ရန်]

၁၉၄၀ ပြည့်နှစ်တွင် အင်္ဂလိပ်အစိုးရက တိုင်းကျိုးပြည်ကျိုးဆောင်ဘွဲ့ (တီ၊ ပီ၊ အက်စ်)၊ ၁၉၈ဝ ပြည့်နှစ်တွင် နိုင်ငံတော် အစိုးရက နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်) များ ချီးမြှင့်ခဲ့သည်။

ကွယ်လွန်ခြင်း[ပြင်ဆင်ရန်]

ဦးသော်သည် ၁၉၈၀ ပြည့်နှစ်၊ ဇွန်လ ၂၅ ရက်တွင် ရန်ကုန်မြို့၊ အင်းလျားလမ်း အမှတ် ၇၄ (စီ) နေအိမ်၌ ကွယ်လွန်ခဲ့သည်။[၁၅]

ဆက်စပ်လေ့လာရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. (2000) History of Burma (in en). New Delhi: Asian Educational Services, 257. ISBN 9788120613652. 
  2. မြို့မ-မြင့်ကြွယ် (ဇွန် ၂၆-ဇူလိုင် ၂ ၂၀၁၆). "အမျိုးသားစီးပွားရေးရှေ့ဆောင် ပန်းကန်စက်ဦးသော်". The Dhamma Thandawsint မဂ္ဂဇင်းစာစောင် အမှတ် ၂၉. 
  3. http://ch-mm.blogspot.com/
  4. ၄.၀ ၄.၁ ပန်းကန်စက်ဦးသော် (၁၄.၁၀.၁၉၇၄). မြန်မာနိုင်ငံ ကြွေပန်းကန်အစ ဦးသော် က (၅၈၃/၇၄), ၁၂၄-ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ရန်ကုန်မြို့: နယူးစာပုံနှိပ်တိုက်. 
  5. မြို့မ-မြင့်ကြွယ် (၁၉၈၁). ကျွန်တော်သိသောဖိုးဖိုးသော်. ရတနာမွန်မဂ္ဂဇင်း. 
  6. http://www.avalanchepress.com/BengalDesign1.php
  7. http://history.feedfury.com/content/70005567-the-german-light-cruiser-emden-capured-seven-british-merchantmen-bay-of-bengal-1914.html
  8. http://wanna23-23.blogspot.com/2012/05/blog-post_3744.html
  9. https://groups.google.com/forum/#!msg/all_lifestudents/xqTVU-3ohfU/csnBJnGMJdEJ
  10. (၁၉၈၉ ဖေဖော်ဝါရီလ) "အခန်း ၄ ဂျပန်ခေတ် စက်မှုလက်မှု လုပ်ငန်း", မြန်မာနိုင်ငံစက်မှုလက်မှုလုပ်ငန်းသမိုင်း. အမှတ် (၁)စက်မှုဝန်ကြီးဌာန, ၂၂၉. 
  11. မြန်မာ့အလင်းသတင်းစာ ၁၉ ဧပြီလ ၁၉၄၄၊ စာ - ၃
  12. Burmese Economic Life, p. 158
  13. ပန်းကန်စက်ရုံအမှတ် (၂) သာယာဝတီစက်မှုလုပ်ငန်းသမိုင်း၊ စာ - ၈
  14. ၁၄.၀ ၁၄.၁ ရန်ပိုင် (၁၀ ဖေဖော်ဝါရီ ၂၀၁၄)။ အင်းစိန်တိုက်ပွဲထဲက တံမြက်စည်း။ ဧရာဝတီဘလော့ဂ်။ ၂၅ ဩဂုတ် ၂၀၁၆ တွင် ပြန်စစ်ပြီး။
  15. မောင်ဇေယျာ (မတ် ၂၀၁၀). မြန်မာလူကျော် ၁ဝဝ (ပထမအုပ်) စာအုပ်. UNITY စာပေ.