ချန်ကေရှိတ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ချန်ကေရှိတ်
ချန်ကေရှိတ်
အမည်​ရင်း 蔣中正
မွေး​သက္ကရာဇ် ၂၀ မေလ ၁၈၈၇
ကျဲ့ကျန်းပြည်နယ်၊ တရုတ်
ကွယ်လွန် ၅ မေလ ၁၉၇၅ (ထိုင်ပေ)
နိုင်ငံသား တရုတ်သမ္မတနိုင်ငံ၏ အလံတော် တရုတ်သမ္မတနိုင်ငံ (ထိုင်ဝမ်)
လူမျိုး တရုတ်
ပညာရေး ဂျပန်တော်ဝင်စစ်တက္ကသိုလ်
အလုပ်အကိုင် ဗိုလ်ချုပ်၊ နိုင်ငံရေးသမား၊
ကြင်ဖော် မောင်ဖူဟိုင် (၁၉၀၁-၁၉၂၁)
ယောင်ကျိချိန် (၁၉၁၁-၁၉၂၁)
ချန်ကြယ်ရူ (၁၉၂၁-၁၉၂၇)
ဆုန့်မေလင် (၁၉၂၇-၁၉၇၅)
သားသမီး ကျန်ကျင်းကော်၊ ကျန်ဝေကော်

ချန်ကေရှိတ် (ခရစ် ၁၈၈၇-၁၉၇၅)[ပြင်​ဆင်​ရန်​]

ချန်ကေရှိတ် (蔣介石 - သားယောက်ျားများ အရွယ်ရောက်ချိန်တွင် ပေးသည့်အမည် ချန်ကေရှိတ်မှာ ကွမ်တုန်းအသံထွက်ဖြစ်ပြီး ရုံးသုံးတရုတ်ဘာသာ အသံထွက်မှာ ကျန်ကျဲ့ရှီ ဖြစ်သည်။ အမည်ရင်းမှာ 蔣中正 - ကျန်ကျုံးကျိန့် ဖြစ်သည်။) (၃၁ အောက်တိုဘာ ၁၈၈၇ - ၅ ဧပြီ ၁၉၇၅) သည် ၂၀ ရာစုနှစ် တရုတ်ပြည်၏ နိုင်ငံရေးနှင့် စစ်ရေး ခေါင်းဆောင် တစ်ဦးဖြစ်သည်။ သူသည် ဩဇာသက်ရောက်မှုရှိသည့် ကွန်မင်တန်ပါတီဝင်ဖြစ်သည့်အပြင် ချင်းမင်းဆက် (မန်ချူးတရုတ်) နှင့် သက်ဦးဆံပိုင် ဧကရာဇ်စနစ်ကို တွန်းလှန်ခဲ့သူ ဒေါက်တာဆွန်ယက်ဆင်၏ လက်ရုံးတစ်ဦးဖြစ်သည်။ သူသည် ကွန်မင်တန် အစိုးရ၏ ဟွမ်ဖူ စစ်တက္ကသိုလ် ကျောင်းအုပ်အဖြစ် ထမ်းဆောင်ခဲ့ပြီး ၁၉၂၅ ခုနှစ် ဆွန်ယက်ဆင် ကွယ်လွန်ပြီးနောက် ကွန်မင်တန်ပါတီကို ဆက်ခံခဲ့သည်။

၁၉၂၈ ခုနှစ်တွင် ချန်ကေရှိတ်သည် တရုတ်ပြည် မပြိုကွဲရေးအတွက် မြောက်အရပ်သို့ စစ်ဆင်ရေးကို ဦးဆောင်ခဲ့ပြီး တရုတ်ပြည်၏ အကြီးအကဲ ဖြစ်လာသည်။ [၁] ယင်းစစ်ဆင်ရေး၏ အဓိက ရည်ရွယ်ချက်မှာ တရုတ်ပြည် မြောက်ပိုင်းဒေသတွင် တစ်မင်းတစ်ချင်း ကြီးစိုးနေသည့် စစ်နယ်ရှင်များအား နှိမ်နင်းရန်ဖြစ်သည်။

သူသည် တရုတ်သမ္မတနိုင်ငံ အစိုးရ၏ အမျိုးသား စစ်ရေးကောင်စီ ဥက္ကဋ္ဌ အဖြစ် ၁၉၂၈ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ တာဝန်ယူခဲ့သည်။ ချန်ကေရှိတ်သည် ဂျပန်တော်လှန်ရေးကို ဦးဆောင်ခဲ့သည့် ဗိုလ်ချုပ်ကြီးလည်း ဖြစ်သည်။

ချန်ကေရှိတ်ဦးဆောင်သည့် ကွန်မင်တန်ပါတီသည် တရုတ် ပြည်တွင်းစစ်ပွဲတွင် မော်စီတုန်းဦးဆောင်သည့် တရုတ် ကွန်မြူနစ်ပါတီနှင့် ကာလကြာမြင့်စွာ တိုက်ပွဲဝင်ခဲ့ရသည်။ ၁၉၄၅ ခုနှစ် ဒုတိယ ကမ္ဘာစစ်ကြီး ပြီးနောက် ချန်ကေရှိတ်သည် တရုတ်ကွန်မြူနစ်များကို ချေမှုန်းနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ကွန်မြူနစ်ဘက်မှ ဆိုဗီယက် ရုရှားတို့က ထောက်ခံအားပေးခဲ့ရာ ကွန်မြူနစ်ကို စစ်ရှုံးခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် ချန်ကေရှိတ်သည် ထိုင်ဝမ်သို့ တိမ်းရှောင်ခဲ့ပြီး ကွန်မြူနစ်လက်ထဲမှ တရုတ်ပြည်မကြီးအား ပြန်လည်တိုက်ယူနိုင်ရန် ထိုင်ဝမ်တွင် ခြေကုတ်ယူခဲ့သည်။ သို့သော်လည်း သူကွယ်လွန်သည်အထိ အကောင်အထည် မဖော်နိုင်ခဲ့ချေ။ ချန်ကေရှိတ်သည် ထိုင်ဝမ်သို့ ရောက်ရှိပြီးနောက် တရုတ်သမ္မတနိုင်ငံ၏ သမ္မတအဖြစ် အုပ်စိုးခဲ့သည်မှာ သူကွယ်လွန်သည့် ၁၉၇၅ ခုနှစ်အထိ ပင်ဖြစ်သည်။

ငယ်စဉ်ဘဝ[ပြင်​ဆင်​ရန်​]

တရုတ်နိုင်ငံ၏ သမ္မတဟောင်းဖြစ်သော ရှန်ကေရှိတ်သည် ကိုယ်ပိုင်မြေကို ကိုယ်တိုင်လုပ်သော တောင်သူလယ်သမား မျိုးရိုးမှ ဆင်းသက်ပေါက်ဖွားလာသူဖြစ်၍၊ ၁၈၈၇ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင် တရုတ်နိုင်ငံ ချီကျန်နယ် ဝူလင်းမြို့ကလေး၌ ဖွားမြင်လေသည်။ အသက် ၁၈ နှစ် အရွယ်တွင် စစ်အတတ်ကို လေ့လာဆည်းပူးခဲ့သည်။ ၁၉ဝ၉ ခုနှစ်တွင် စစ်တက္ကသိုလ်မှဆင်း၍ ဂျပန်စစ်တပ်ထဲသို့ ဝင်ရောက် အမှုထမ်းခဲ့သည်။ ဂျပန်နိုင်ငံ၌ နေထိုင်ခဲ့စဉ်က တရုတ် အမျိုးသားခေါင်းဆောင်ကြီး ဒေါက်တာဆွန်ယက်ဆင်နှင့် တွေ့ဆုံခဲ့ရာ ဆွန်ယက်ဆင်၏ နိုင်ငံရေးတရားများကို ကြားနာရ သဖြင့် အထူးနှစ်သက်ပြီးလျှင် ဆွန်ယက်ဆင်၏ ကွန်မင်တန်ဟု နောင်အခါ အမည်တွင်လာသည့် ထုံမုန်ဟွေ့ (同盟會) ခေါ် တရုတ် တော်လှန်ရေး လျှို့ဝှက်ဂိုဏ်းထဲသို့ ဝင်ရောက်ခဲ့လေသည်။

၁၉၁၁ ခုနှစ်တွင် တရုတ်နိုင်ငံ၌ တော်လှန်ရေးကြီး ဖြစ်ပွားသောအခါ ချန်ကေရှိတ်သည် တရုတ်နိုင်ငံသို့ ပြန်လာ ခဲ့ပြီးလျှင် ဆွန်ယက်ဆင်နှင့် ကူညီလုပ်ကိုင်ခဲ့ရာ ဆွန်ယက်ဆင်၏ အားထားခြင်းကို ခံခဲ့ရသည်။ ၁၉၁၂ ခုနှစ်တွင် ဆွန်ယက်ဆင်သည် တရုတ်သမ္မတနိုင်ငံ၏ ယာယီသမ္မတအဖြစ်နှင့် ဆောင်ရွက်စဉ်၊ ဟင်နရီပုယီ (溥儀) အမည်တွင်သော မန်ချူးမင်းဆက်မှ ဆင်းသက်လာသည့် တရုတ်ပြည်ဘုရင်ဆူအံတုံသည် ထီးနန်းစွန့်လေသည်။ ထိုအခါ ဆွန်ယက်ဆင်ဦးစီးသော တော်လှန်ရေးအဖွဲ့က ယွမ်ရှီခိုင် (袁世凱) ကို သမ္မတအဖြစ်ဖြင့် တင်မြောက်လေသည်။ သို့သော် ၁၉၁၃ ခုနှစ်၌ကား ယွမ်ရှီခိုင်သည် တရုတ်အမျိုးသားသမဂ္ဂကို အာဏာနှင့် ဖိနှိပ်လာသောကြောင့် ဆွန်ယက်ဆင်သည် ယွမ်ရှီခိုင်ကို တော်လှန်ရန် စီမံလေသည်။

ထို့နောက် ချန်ကေရှိတ်သည် ရှန်ဟိုင်းမြို့မှနေ၍ ယွမ်ရှီခိုင်ကို တော်လှန်လေသည်။ ဆွန်ယက်ဆင်မှာမူ ကန်တုန်မြို့ (ကွမ်ကျိုးမြို့) ကို သိမ်းပိုက်၍ တရုတ်ပြည်ရေကြောင်း ကြည်းကြောင်းဆိုင်ရာ သေနာပတိအဖြစ်ကို ခံယူကာ ပီကင်းအစိုးရနှင့် စင်ပြိုင်အစိုးရ အဖွဲ့ ဖွဲ့သည်။ ချန်ကေရှိတ်လည်း ကန်တုန်သို့လာ၍ ဆွန်ယက်ဆင်၏ နိုင်ငံရေးကြိုးပမ်းမှုတွင် ကိုယ်ထိလက်ရောက် ပူးပေါင်း ပါဝင်ခဲ့သည်။

၁၉၂၄ ခုနှစ်တွင် ချန်ကေရှိတ်သည် ဟွမ်ဖူစစ်တက္ကသိုလ်တွင် ကျောင်းအုပ်ဖြစ်ခဲ့သည်။ ထို့နောက် ဆွန်ယက်ဆင်၏ အကူအညီဖြင့် တရုတ်နိုင်ငံတောင်ပိုင်းရှိ တရုတ်အမျိုးသား စစ်တပ်များ၏ သေနာပတိရာထူးကို ရရှိသည်။ ထိုအချိန်မှစ၍ တရုတ်နိုင်ငံကြီး တစ်စည်းတစ်လုံးတည်းဖြစ်ရေးကို ကြိုးပမ်း တိုက်ခိုက်လာခဲ့ရာ ကမ္ဘာကျော်သော ပုဂ္ဂိုလ်ကြီးတစ်ဦးအဖြစ်သို့ ရောက်ရှိခဲ့လေသည်။ ချန်ကေရှိတ်သည် ဤကဲ့သို့ အောင်ပန်း အသီးသီးကို ဆွတ်လှမ်းနိုင်ခဲ့ခြင်းမှာလည်း ဆိုဗီယက်တို့၏ အကူအညီရရှိသောကြောင့်ပင် ဖြစ်ပေသည်။

ဆွန်ယက်ဆင်၏ အရိုက်အရာကို ဆက်ခံခြင်း[ပြင်​ဆင်​ရန်​]

၁၉၂၅ ခုနှစ်တွင် ဆွန်ယက်ဆင် ကွယ်လွန်ပြီးနောက် ချန်ကေရှိတ်သည် ကွန်မင်တန်အဖွဲ့၏ ဗဟိုအမှုဆောင်အဖွဲ့ဝင် ဖြစ်လာသည်။ ၁၉၂၇ ခုနှစ်တွင်ကား ချန်ကေရှိတ်နှင့် ကွန်မျူနစ်တို့ နှစ်ခြမ်းကွဲပြီးလျှင် ထိုအချိန်မှ စ၍ ပြည်တွင်းစစ်ပွဲကြီး ဖြစ်ပွားခဲ့ လေသည်။ ၁၉၂၈ ခုနှစ်တွင် ချန်ကေရှိတ်သည် တရုတ်အမျိုးသား အစိုးရအဖွဲ့ဥက္ကဋ္ဌ ဖြစ်လာလေရာ၊ အာဏာရှင်တမျှ တန်ခိုးတက်ခဲ့သည်။

ထိုအတောအတွင်း ချန်ကေရှိတ်သည် မိမိ၏ ပထမဇနီးကို ကွာရှင်းလိုက်ပြီးနောက် ၁၉၂၇ ခုနှစ်တွင် ဆုန့်မေလင် (宋美齡) အမည်ရှိ ချောမောလှပသော မိန်းမပျိုတစ်ဦးနှင့် လက်ထပ်လိုက်သည်။ ပထမဇနီးနှင့် ကျန်ကျင်းကော် (蔣經國) အမည်ရှိ သားတစ်ယောက် ထွန်းကားခဲ့သည်။ ဆုန့်မေလင်မှာ ဒေါက်တာဆွန်ယက်ဆင်၏ ခယ်မ ဖြစ်၍၊ ခရစ်ယာန်အယူဝါဒီ အထက်တန်းစား တရုတ်ဆွေမျိုးမှ ပေါက်ဖွားလာသူ ဖြစ်သည်။ ၁၉၃ဝ ပြည့်နှစ်တွင် ချန်ကေရှိတ်လည်း ခရစ်ယာန်အယူကို ယူလိုက်လေသည်။

စစ်ပွဲကာလအတွင်း ဦးဆောင်မှု[ပြင်​ဆင်​ရန်​]

ချန်ကေရှိတ်ဦးစီးသော ကွန်မင်တန်ပါတီနှင့် ကွန်မျူနစ်တို့ အာဏာလုပွဲ အခြေအနေမှာ တစ်နေ့တစ်ခြား ပြင်းထန်လာသည်။ ၁၉၃၆ ခုနှစ် အောက်တိုဘာလတွင် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းတွင် စစ်တာဝန်ခံဖြစ်သော မာရှယ် ကျန်းရွှယ်လျန် (張學良) က ချန်ကေရှိတ် ရှီးအန်းမြို့ (西安) သို့အလာတွင် ဖမ်းဆီး၍ အကျယ်ချုပ်ထားပြီးလျှင် ကွန်မျူနစ်များနှင့် ပူးပေါင်း၍ ဂျပန်အား ပြန်လည်တိုက်ခိုက်ရန် နားချလေသည်။ ချန်ကေရှိတ်သည် ၁၅ ရက်ကြာမှ လွတ်လာ၏။

ချန်ကေရှိတ်သည် ၁၉၂၈ ခုနှစ်မှ ၁၉၃၁ ခုနှစ်အထိ တရုတ်နိုင်ငံ၏ သမ္မတအဖြစ် ဆောင်ရွက်ခဲ့၍ ဝန်ကြီးချုပ်အဖြစ်ကား အကြိမ်ပေါင်းများစွာ ဆောင်ရွက်ရသည်။ ၁၉၃၇ ခုနှစ်တွင် တရုတ်နိုင်ငံကို ဂျပန်က စတင်တိုက်ခိုက်ရာ ချန်ကေရှိတ်သည် တရုတ်နိုင်ငံ၏မြို့တော်ကို တရုတ်နိုင်ငံအတွင်းပိုင်းဒေသ အနောက်တောင်ဘက်ရှိ ချုံကင်းမြို့ (ချုံချင့်မြို့) သို့ ရွေ့ပြောင်းပြီးလျှင် စစ်သေနာပတိချုပ်အဖြစ် ဂျပန်တို့ကို ခုခံတိုက်ခိုက်ခဲ့၏။ ၁၉၄၂ ခုနှစ်တွင် တရုတ်နိုင်ငံ စစ်မျက်နှာရှိ မဟာမိတ်တပ်ပေါင်းစု၏ သေနာပတိချုပ်အဖြစ် ခန့်ထားခြင်းခံရသည်။

၁၉၄၃ ခုနှစ်တွင် သမ္မတလင်းဆင်း ကွယ်လွန်သဖြင့် ကွန်မင်တန်ပါတီက ချန်ကေရှိတ်အား သမ္မတအဖြစ် ရွေးကောက် တင်မြောက်ခဲ့ကြသည်။ ချန်ကေရှိတ်သည် သမ္မတအဖြစ် ခန့်ထားခြင်းခံရသော်လည်း ဝန်ကြီးချုပ်အဖြစ်လည်းကောင်း၊ စစ်သေနာ ပတိချုပ်အဖြစ်လည်းကောင်း ဆက်လက်ဆောင်ရွက်သည်။ ၁၉၄၃ ခုနှစ်တွင် ကိုင်ရိုမြို့၌ အမေရိကန် သမ္မတ ရူးဇဗဲ့၊ ဗြိတိသျှ ဝန်ကြီးချုပ် ချာချီတို့နှင့် တွေ့ဆုံခဲ့လေသည်။

၁၉၄၅ ခုနှစ်တွင် တရုတ်နိုင်ငံရှိ ဂျပန်တို့သည် ချန်ကေရှိတ်ထံ လက်နက်ချကြသည်။ ၁၉၄၆ ခုနှစ် မေလတွင် တရုတ်အစိုးရအဖွဲ့ကို နန်ကျင်းမြို့သို့ ရွေ့ပြောင်းခဲ့ပြီးနောက် အမျိုးသားလွှတ်တော်အတွက် ရွေးကောက်ပွဲကြီး ကျင်းပစေ ခဲ့သည်။ ထိုအမျိုးသားလွှတ်တော်က ပါလီမန်အုပ်ချုပ်ရေး စံနစ်ကို လျာထားသော အခြေခံဥပဒေကို အတည်ပြု ပြဋ္ဌာန်းခဲ့၏။ ချန်ကေရှိတ်ကိုလည်း သမ္မတအဖြစ် ပြန်လည် တင်မြောက်ခဲ့သည်။ ထိုအချိန်အခါက ချန်ကေရှိတ်အစိုးရနှင့် တရုတ်ပြည် မြောက်ဘက်အစွန်ဖြစ်သည့် မန်ချူးရီးယား ပြည်နယ်ကို လက်ဝယ်ရနေသော မော်စီတုံးခေါင်းဆောင်သည့် တရုတ်ကွန်မျူနစ်များ ပူးပေါင်းညီညွတ်ရန် စေ့စပ်ခဲ့သေးသည်။ သို့သော် စေ့စပ်မှု မအောင်မြင်ခဲ့ချေ။

ထိုင်ဝမ်သို့ ပြောင်းရွှေ့ခြင်း[ပြင်​ဆင်​ရန်​]

ဂျပန်တို့ လက်နက်ချပြီး ချိန်မှစ၍ ကိုမင်တန်နှင့် ကွန်မျူနစ် ပြည်တွင်းစစ်များမှာ တစ်ဖန် ပြည်လည်ဖြစ်ပွားခဲ့ရာ ချန်ကေရှိတ်၏ ကွန်မင်တန်တပ်များ တစ်ရှုံးတည်း ရှုံးခဲ့၍ ကွန်မျူနစ်တို့က တစ်နယ်ပြီး တစ်နယ် သိမ်းပိုက်ခဲ့ပြီးလျှင် နောက်ဆုံး ၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁ ရက် နေ့တွင် တရုတ်နိုင်ငံ တစ်နိုင်ငံလုံးကို သိမ်းပိုက်မိကြလေသည်။

ထိုအခါမှစ၍ ချန်ကေရှိတ်သည် သူ၏အစိုးရအဖွဲ့ကို အလုံးအရင်းနှင့်တကွ ဖော်မိုဆာကျွန်း (ထိုင်ဝမ်) သို့ ရွှေ့ပြောင်းရန် စီစဉ်ခဲ့ရာ ၁၉၅ဝ ပြည့်နှစ် မတ်လ ၁ ရက်နေ့တွင် အပြီးတိုင် ရွှေ့ပြောင်းနိုင်ခဲ့သည်။ ချန်ကေရှိတ်၏ တရုတ်အမျိုးသား သမ္မတနိုင်ငံမှာ ကုလသမဂ္ဂတွင် ပါဝင်သောနိုင်ငံ ဖြစ်သည်။ တရုတ်ပြည်မကြီးကို ကိုယ်စားပြုလျက်ရှိသည်ဟု ချန်ကေရှိတ်၏ အစိုးရက ယူဆသည်။ ဤယူဆချက်ကို အခြေတည်၍ ချန်ကေရှိတ်သည် တရုတ်ပြည်မကြီးကို ပြန်လည်သိမ်းပိုက်ရန် လုံ့လပြုလျက် ရှိသည်။ မော်စီတုံး ခေါင်းဆောင်သော တရုတ်ပြည်သူ့သမ္မတ အစိုးရအဖွဲ့ကလည်း ဖော်မိုဆာကျွန်းသည် တရုတ်ပြည်၌ အပါအဝင် ဖြစ်သည်ဟု ယူဆကာ ထိုကျွန်းကို သိမ်းပိုက်ရန် ရည်ရွယ်သည်ဟု ကြေညာထားသည်။ [၂]

ထိုင်ဝမ်ကျွန်း၌ ရုံးစိုက်သော တရုတ်အမျိုးသား သမ္မတနိုင်ငံ၏ သမ္မတဖြစ်သူ ချန်ကေရှိတ်သည် ၁၉၇၅ ခု ဧပြီလ ၅ ရက် နေ့၌ ထိုင်ဝမ်ကျွန်း၏ မြို့တော်ဖြစ်သော ထိုင်ပေမြို့တွင် အသက် ၈၇ နှစ်အရွယ်၌ ကွယ်လွန်ခဲ့သည်။ မကွယ်လွန်မီ နှစ်နှစ်ခန့်ကတည်းက ဘီးတပ်ကုလားထိုင်နှင့် သွားလာနေခဲ့ရ၍ လပေါင်း အတန်ကြာစွာ သတိလစ်နေခြင်းက များသည်။

၁၉၄၉ ခုနှစ်၌ တရုတ် ကွန်မြူနစ်တို့သည် တစ်မြို့ပြီး တစ်မြို့ သိမ်းပိုက်ခဲ့ကြရာ ချန်ကေရှိတ်နှင့် သူ၏ အစိုးရအဖွဲ့သည် လက်ရွေးစင် တပ်နှစ်တပ်နှင့် ထိုင်ဝမ်ကျွန်း သို့ ရွှေ့ပြောင်းခဲ့သည်။ ထို့နောက် ထိုင်ဝမ်၌ တရုတ်သမ္မတနိုင်ငံကို ထူထောင်၍ မိမိကိုယ်တိုင် သမ္မတအဖြစ် ခံယူပြီး ပြည်မမှ ကွန်မြူနစ်တို့၏ တိုက်ခိုက်မှု မှန်သမျှကို ခုခံတွန်းလှန်ခဲ့ကြသည်။ အထူးသဖြင့် ထိုင်ဝမ်ကျွန်းအား ထောက်ပံ့ ကူညီရေးနှင့် အကာအကွယ်ပေးရေးကို အမေရိကန်က တာဝန်ယူရန် ၁၉၅ဝ ပြည့်နှစ် ကိုရီးယားစစ်ပွဲ ဖြစ်ပွားနေစဉ် အမေရိကန်သမ္မတ ထရူးမင်းက ဆုံးဖြတ်ခဲ့သည့် နောက်ပိုင်းတွင် ချန်ကေရှိတ်အစိုးရသည် တရုတ်ပြည်မှ ရန်ကို ကြံ့ကြံ့ခံ နိုင်ခဲ့သည်။ ချန်ကေရှိတ်၏ ကူမင်တန် အစိုးရသည် တရုတ်ပြည်မဆီသို့ ပြန်လည် ရောက်ရှိရမည်ဟူသော သူ၏ဝါဒကို ထပ်တလဲလဲ ပြောဆိုခဲ့သည်။ ချန်ကေရှိတ်သည် တစ်ကြိမ်လျှင် သက်တမ်း ခြောက်နှစ်ရှိသော သမ္မတရာထူးကို ငါးကြိမ် တိုင်တိုင် ပြန်လည် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသည်။ နောက်ဆုံး ရွေးချယ် တင်မြှောက် ခံရချိန်မှာ ၁၉၇၂ ခုနှစ် ဖြစ်သည်။

အမေရိကန်သမ္မတဖို့ဒ်က ချန်ကေရှိတ်သည် အလွန် ရိုးသားတည်ကြည်သူ၊ သတ္တိရှိသူ၊ နိုင်ငံရေးလာဘ် မြင်သူ၊ ဒုတိယကမ္ဘာစစ်အတွင်းက ထင်ရှားခဲ့သော ကြီးလေးကြီး မဟာမိတ် ခေါင်းဆောင်များထဲတွင် နောက်ဆုံး ကျန်ရှိသူဟူ၍ လည်းကောင်း၊ ချန်ကေရှိတ် သေဆုံးခြင်းသည် တရုတ်ပြည်၏ သမိုင်းတစ်ခေတ်ကို အပြီးသတ်သော အထိမ်းအမှတ် ဖြစ်သည် ဟူ၍လည်းကောင်း ချန်ကေရှိတ် ကွယ်လွန်သောအခါ ထုတ်ဖော် ပြောကြားခဲ့သည်။ ချန်ကေရှိတ်၏ တရုတ်အမျိုးသား သမ္မတနိုင်ငံသည် ၁၉၇၁ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့၌ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံအဖြစ်မှ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။ ၎င်း၏ နေရာတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို အစားထိုး၍ အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံခဲ့သည်။

ချန်ကေရှိတ် ကွယ်လွန်သောအခါ ဒုတိယသမ္မတဖြစ်သူ ဒေါက်တာ ယန်ကျားကန့် (嚴家淦) သည် ဖွဲ့စည်းပုံ ဥပဒေအရ သမ္မတ ရာထူးကို ၁၉၇၅ ခု ဧပြီလ ၆ ရက်နေ့၌ ကျမ်းသစ္စာ ပြု၍ ဆက်ခံခဲ့သည်။ ၁၉၇၂ ခုနှစ်၌ ဝန်ကြီးချုပ် ရာထူးကို ရရှိခဲ့သော ချန်ကေရှိတ်၏ သားဖြစ်သူ ဗိုလ်ချုပ်ကြီး ကျန်ကျင်းကော် ၆၅ နှစ်သည် ဖခင် ကွယ်လွန်သောအခါ ရာထူးမှ နှုတ်ထွက်သော်လည်း သမ္မတ ဒေါက်တာ ယန်ကျားကန့်က လက်မခံသဖြင့် ဝန်ကြီးချုပ်အဖြစ် ဆက်လက် ထမ်းရွက်လျက် ရှိသည်။[၃]


ကိုးကား[ပြင်​ဆင်​ရန်​]

  1. Zarrow, Peter Gue (2005). China in War and Revolution, 1895-1949, 230–231. 
  2. မြန်မာစွယ်စုံကျမ်း၊ အတွဲ(၂)
  3. စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၇၈)