မြစိန်
ဒေါ် မြစိန် | |
---|---|
မွေးဖွား | မေ (ငယ်အမည်) ၁၃ အောက်တိုဘာ ၁၉၀၄ ခု မော်လမြိုင်မြို့၊ ဗြိတိသျှဘားမား |
ကွယ်လွန် | ၁၀ နိုဝင်ဘာ ၁၉၈၈ ခု |
နိုင်ငံလူမျိုး | မြန်မာနိုင်ငံသား မွန်လူမျိုး |
မိခင်ကျောင်း | ရန်ကုန်တက္ကသိုလ် အောက်စ်ဖိုဒ် တက္ကသိုလ် (B. Litt.) |
အလုပ်အကိုင် | သမိုင်းပညာရှင်၊ စာပေသင်ကြားသူ၊ စာရေးဆရာမ |
ကျော်ကြားမှုအရင်းခံ | မြန်မာလူမျိုး စာရေးဆရာမ |
အိမ်ထောင်ဖက်(များ) | အိုင်စီအက်စ် ဦးရွှေဘော် (အိမ်ထောင်သက်- ၁၉၃၃~၁၉၃၇ခု) |
သားသမီး | ဦး မြဘော် ဒေါ် မြသန္တာ |
မိဘ(များ) | ဦး မေအောင် ဒေါ် သိန်းမြ |
ဆွေမျိုးသားချင်း | သာဒိုးအောင် (အစ်ကို) ထွန်းလှအောင် (အစ်ကို) စစ်ကဲ မောင်ထော်လေး (အဘီ) |
ဒေါ်မြစိန် (၁၉ဝ၄-၁၉၈၈) သည် နှစ်ဆယ်ရာစုအတွင်း မြန်မာအမျိုးသမီးများ၏ ထူးချွန်ထက်မြက်မှုကို ကမ္ဘာ့အလယ်တွင် ပညာရည်ဖြင့်ထင်ရှားစေခဲ့သူတဦးမှာ သမိုင်းပညာရှင် တစ်ဦးဖြစ်လေသည်။ ကိုလိုနီခေတ် မြန်မာအမျိုးသမီးလောကတွင် ပညာရည်အားဖြင့် လည်းကောင်း၊ မျိုးရိုးဂုဏ်ရည်အားဖြင့် လည်းကောင်း၊ ပင်ကိုထူးချွန် ထက်မြက်မှုအရည်အသွေးအားဖြင့် လည်းကောင်း “ ဒေါ်မြစိန် (M.A., B.Litt. Oxford) ” ကို ယှဉ်နိုင်သူမရှိဟုပင် ဆိုရပါမည်။ မမြစိန်မှာ မြန်မာနိုင်ငံသား အမျိုးသမီးများထဲမှ ပထမဦးဆုံး အမ်အေ (သုတေသန အထူးပြု) ဘွဲ့၊ အောက်စဖို့ဒ် တက္ကသိုလ်မှ ဘီလစ်ဘွဲ့များ ရခဲ့သော သမိုင်းပညာရှင် တဦး ဖြစ်သည်။
ဒေါ်မြစိန် (၁၉ဝ၄-၁၉၈၈)
[ပြင်ဆင်ရန်]ဒေါ်မြစိန် သည် မော်လမြိုင်မြို့၌ ၁၉ဝ၄တွင်ဖွားမြင်ခဲ့သည်။ မိခင်ဒေါ်သိန်းမြမှာ ကုန်းဘောင်ခေတ် မြန်မာဘုရင် ဗဒုံမင်း(ခေါ်) ဘိုးတော်ဘုရား နှင့် ဘကြီးတော်(စစ်ကိုင်းမင်း) လက်ထက်တွင် "မင်းကျော်သီဟသူ" "ကျော်ထင် သီဟသူ" ဟူသော ရွှေဘွဲ့တော်များ ချီးမြှင့်ခြင်းခံရသော ဒလမြို့စား မွန်လူမျိုးစစ်ကဲကြီး မောင်ထော်လေး (နောင်အခါ မော်လမြိုင်မြို့ စစ်ကဲ တရားသူကြီး) ၏ မြစ်ဖြစ်သည်။ ဖခင် ဦးမေအောင်(M.A., L.L. M. Cambridge, Barrister at Law) မှာ ကိုလိုနီခေတ် အုပ်ချုပ်ရေး၊ တရားရေး၊ ပညာရေး၊ နိုင်ငံရေး လောကတို့တွင် ဘက်စုံ ထူးချွန် ထက်မြက်ခဲ့သူတဦး ဖြစ်သည်။ ဘိလပ်ပြန် ဝတ်လုံတော်ရ၊ တရားသူကြီး၊ ဥပဒေ ပါမောက္ခ၊ မြန်မာ့ ဓလေ့ထုံးတမ်း ဥပဒေပညာရှင်၊ မြန်မာနိုင်ငံ သုတေသန အသင်း တည်ထောင်သူ၊ သုတေသန အသင်း ဂျာနယ်အယ်ဒီတာ၊ ဝိုင်အမ်ဘီအေ အသင်း ဥက္ကဋ္ဌ၊ ဒိုင်အာခီခေတ် ပြည်ထဲရေး ဝန်ကြီးချုပ် စသည်ဖြင့် စွယ်စုံထင်ရှားသည်။ ထိုခေတ် အုပ်ချုပ်သူ ဗြိတိသျှတို့ကပင် သူ၏ ထူးချွန်ထက်မြက်မှုကို အသိအမှတ်ပြု၍ လေးလေးစားစား ဆက်ဆံခဲ့ရသော ပုဂ္ဂိုလ်တဦး ဖြစ်သည်။ ထို့အတူ ဒေါ်မြစိန်သည် ကိုလိုနီခေတ် အတွင်း မြန်မာ အမျိုးသမီးများထဲမှ မဟာဝိဇ္ဇာဘွဲ့နှင့် ဘီလစ်ဘွဲ့ကို ပထမဦးဆုံး ရခဲ့သူ၊ မြန်မာ့အုပ်ချုပ်ရေးသမိုင်းကို အင်္ဂလိပ်ဘာသာဖြင့် အစောဆုံး ရေးသားခဲ့သူ၊ ၁၉၃၁ ခုနှစ်၊ ဂျီနီဗာတွင် နိုင်ငံပေါင်းချုပ်အသင်းကြီးက ကြီးမှူးကျင်းပသည့် အမျိုးသမီးများ အခွင့်အရေး စိစစ်မှု ကော်မတီသို့ တက်ရောက်ခဲ့သူ၊ ၁၉၃၁-၃၂ တွင် လန်ဒန်မြို့၌ ကျင်းပသည့် မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်သော မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်ရသူ စသည်ဖြင့် ထင်ရှားသည်။
ဒေါ်မြစိန်၏ လူသိနည်းသော စွမ်းဆောင်ချက်တရပ်မှာ ဒုတိယ ကမ္ဘာစစ်ပြီးချိန် ဖဆပလ အဖွဲ့ချုပ်သည် မြန်မာ့ လွတ်လပ်ရေး အတွက် ဗြိတိသျှ အစိုးရနှင့် စေ့စပ် အရေးဆိုရသော အခါ မြန်မာ့ သဘောထား အမှန်ကို ဗြိတိသျှတို့ သဘောပေါက် နားဝင်စေရန် ဟောပြော ဆောင်ရွက်ခဲ့ရခြင်းပင် ဖြစ်သည်။ ၁၉၄၆ ခုနှစ်၊ ပါရီ ယူနက်စကို ကွန်ဖရင့် တက်ရောက်ခဲ့စဉ် ဗြိတိသျှ လေဘာပါတီ၏ အမတ်အချို့နှင့် တွေ့ဆုံ၍ မြန်မာတို့၏ လွပ်လပ်ရေးနှင့် ပတ်သက်သော သဘောထားကို ရှင်းလင်း တင်ပြခဲ့သည်။ ဒေါ်မြစိန်သည် ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေး ရပြီးနောက် ကုလသမဂ္ဂ ညီလာခံ အစည်းအဝေးများတွင် နိုင်ငံ ကိုယ်စားပြု၍ တက်ရောက်ခဲ့ရရာ သူ၏ ထူးချွန် ထက်မြက်မှု၊ အင်္ဂလိပ်ဘာသာ အဟောအပြော ကျွမ်းကျင်မှုတို့ကြောင့် အလွန်ထင်ရှားခဲ့သည်။ ကုလသမဂ္ဂ စင်မြင့်တွင် ဒေါ်မြစိန် တွင်ကျယ်ခဲ့ပုံကို အငြိမ်းစား သံအမတ်ကြီး ဦးအောင်သန့်က အောက်ပါအတိုင်းပြန်လည်ပြောပြခဲ့သည်။
ကုလသမဂ္ဂ ဇာတ်စင်ပေါ်က မြန်မာ့ စိန်ဗေဒါကြီးများ
[ပြင်ဆင်ရန်]နှစ်ပတ်လည် အထွေထွေ ညီလာခံ အချိန်ဟာ ကုလသမဂ္ဂ ဌာနချုပ်မှာ ပျားပန်းခတ်မျှ အလုပ်များတဲ့ အချိန်ပဲ။ တရားဝင် ပုံမှန် အစည်းအဝေးကြီးတွေ ၆ ခု၊ ၇ ခု တပြိုက်နက် နေ့စဉ် ရှိသလို၊ အလွတ်သဘော ဆွေးနွေးတဲ့ ကျိတ်ဝိုင်းကလေးတွေကလည်း အများကြီး ရှိတယ်။ ပုံမှန် အစည်းအဝေးကြီးတွေ အရေးကြီးသလို၊ အလွတ်သဘော ကျိတ်ဝိုင်း အစည်းဝေးတွေမှာ စေ့စပ် ညှိနှိုင်းကြတာကလည်း တော်တော်အရေးကြီးတယ်။ ပိုလို့တောင် အရေးကြီး တတ်သေးတယ်။ ပုံမှန် အစည်းအဝေးတွေမှာတော့ ကိုယ်စားလှယ်တိုင်း ပါနိုင်တာပဲ။ ကန့်လန့်ကာ နောက်ကွယ်က ကျိတ်ဝိုင်း ညှိနှိုင်းစေ့ စပ်ပွဲတွေမှာတော့ လူတိုင်း မပါနိုင်ဘူး။ ကိုယ်စားလှယ် အဖွဲ့တွေရဲ့ (၁၅/ ၂ဝ) ရာနှုန်းလောက် ပါရင် များလှပြီ။ အသေးစိတ် ဆွေးနွေးပြီး ညှိကြရတဲ့ အတွက် သာမန် ကျွမ်းကျင်ရုံနှင့် ကျိတ်ဝိုင်း ညှိနှိုင်းပွဲတွေမှာ မပါဝင်နိုင်ဘူး။ အဲဒီလို မပါနိုင်တဲ့ ကိုယ်စားလှယ်ကတော့ တခြားလူတွေ ပျားကောင်တွေလို လှုပ်ရှား နေကြတဲ့ အချိန်မှာ သူတို့ အဖို့တော့ နတ်ကရာ ကျီးမောပါပဲ။
ကျွန်တော့် အတွေ့အကြုံအရ တချို့ မြန်မာ ကိုယ်စားလှယ်တော်တွေဟာ ပုံမှန် အစည်းအဝေးမှာလည်း တွင်ကျယ်တယ်။ ကျိတ်ဝိုင်းနဲ့ အသေးစိတ် ညှိနှိုင်းရာမှာလည်း သူတို့ပါတယ်။ တခါတရံမှာ သူတို့ပဲ ဦးဆောင်တယ်။ အဲဒီ ကျိတ်ဝိုင်း ညှိနှိုင်းပွဲတွေက ပုံမှန် အစည်းအဝေးကြီးတွေ မရှိတဲ့ အချိန်မှာ လုပ်ရတယ်။ ဒီတော့ သူတို့ အဖို့ အားရတယ်လို့ မရှိဘူး။ အချို့ မြန်မာ ကိုယ်စားလှယ်များဟာ (ရှားတော့ ရှားပါတယ်) တော်တော် အခရာကျတဲ့ နေရာက ပါကြတယ်။ သူတို့ ခေါင်းဆောင်မှု ပေးတယ်။ ဒီတော့ သူတို့ မပါရင် အစည်းအဝေး စလို့ မရဘူး။ ဆရာ မပါရင် ပွဲမဖြစ်နိုင်တဲ့ စိန်ဗေဒါကြီးတွေလို ဖြစ်ခဲ့တယ်။ အဲဒီလို မြန်မာကိုယ်စားလှယ် စိန်ဗေဒါကြီးတွေထဲက ကျွန်တော် မှတ်မှတ်ရရ ရှိတာ တယောက်ကတော့ ၁၉၆ဝ လောက်က လူမှုရေး ကော်မတီ တက်ခဲ့တဲ့ မြန်မာ ကိုယ်စားလှယ်မကြီး ဒေါ်မြစိန်ပဲ။
တတိယ ကော်မတီလို့ ခေါ်တဲ့ လူမှုရေး ကော်မတီ ပုံမှန် အစည်းအဝေးတွေမှာ သူပါသလို၊ စောစောက ပြောခဲ့တဲ့ ကန့်လန့်ကာ နောက်ကွယ်က ကျိတ်ဝိုင်း အသေးစိတ် ညှိနှိုင်းပွဲတွေ မှာလည်း ပါနိုင်တယ်။ သူ မပါရင် အစည်းအဝေး လုပ်လို့ မရဘူး။ သူ မရောက်မချင်း အားလုံး ထိုင်စောင့်ရတယ်။ အဲဒါ ကိုယ်တွေ့ပဲ။ တခြား တနေရာမှာ သူ အလုပ်များနေရင် သူလာမှ အစည်းအဝေး စနိုင်မှာမို့ သူ့ကို စောင့်ရတယ်။ လှမ်းခေါ်ရတယ်။ မကြာခဏ အသံချဲ့စက်က ကြေညာသံ ကြားရတယ်။ ရယ်စရာလည်း ကောင်းတယ်။ ‘မြန်မာ ကိုယ်စားလှယ် မစ္စတာ ဒေါ်မြစိန် (Mr. Daw Mya Sein) အစည်းအဝေးခန်း အမှတ် … ဒီလောက် ဒီလောက်ကို အမြန်လာပါ။ အစည်းအဝေး စပါတော့မယ်’ အဲဒီလို ကြေညာသံ မကြာခဏ ကြားရတဲ့ မြန်မာ ကိုယ်စားလှယ်တွေနဲ့ မြန်မာတို့ရဲ့ ထူးခြားတဲ့ ဦး … ဒေါ် စတဲ့ နာမည်ခေါ်ပုံကို နားလည်တဲ့ နိုင်ငံခြားသား ကိုယ်စားလှယ်တွေ ပြုံးကြ ရယ်ကြတယ်။ ဘယ်နေရာမှ သူ မပါရင် မပြီးတဲ့ ပုဂ္ဂိုလ်မျိုးပဲ။ အဲဒီလို အစည်းအဝေးတွေ ကြားထဲက အချိန် မရရအောင် ယူပြီး ကိုလံဘီယာ တက္ကသိုလ် လို အမေရိကန် တက္ကသိုလ်တွေ သွားပြီး ဟောပြော ပို့ချလိုက်သေးတယ်” ဟု မှတ်တမ်း တင်ခဲ့သည်။
ထူးချွန် ထက်မြက်သော ဖခင်၏ ပြုစု ပျိုးထောင်မှု အောက်တွင် ဒေါ်မြစိန်သည် ငယ်စဉ်ကပင် ပညာချွန်ခဲ့သည်။ အသက် ၁၅ နှစ် အရွယ်တွင် ဟိုက်စကူး ဖိုင်နယ်ကို ဘာသာရပ် အားလုံး ဂုဏ်ထူးဖြင့် အောင်၍ တနိုင်ငံလုံး တတိယ ရခဲ့သည်။ ရန်ကုန်ကောလိပ် အိုင်အေ အထက်တန်းကို လေးဘာသာ ဂုဏ်ထူးဖြင့် ပထမ ရသည်။ ဂျားဒင်းဆု ချီးမြှင့်ခံရသည်။ ဝိဇ္ဇာဘွဲ့ကို ရာဇဝင် ဂုဏ်ထူးဖြင့် အောင်မြင်ပြီးနောက် မဟာဝိဇ္ဇာဘွဲ့ အတွက် ဖခင် ဦးမေအောင်နှင့် သမိုင်း ပါမောက္ခ ဒီ၊ ဂျီ၊ အီး၊ ဟော (D. G. E. Hall) တို့၏ အကြံပေးချက်အရ မြန်မာ အုပ်ချုပ်ရေး သမိုင်းကို သုတေသနပြု စာတမ်း တင်သွင်းခဲ့သည်။ စာတမ်းအမည်မှာ Myothugyiship in Upper Burma “အထက်မြန်မာပြည် မြို့သူကြီးတို့၏ တာဝန် ဝတ္တရားများ” ဖြစ်သည်။ စာတမ်း အမည်ကို ကြေးတိုင်မင်းကြီးဟောင်း ဂျေ၊ အက်စ်၊ ဖာနီဗယ် (J. S. Furnival) က ရွေးချယ်ပေးခဲ့သည်။ စာတမ်းအတွက် မြန်မာပညာရှိ ပုံဂံဝန်ထောက် ဦးတင်၏ မှတ်စုများနှင့် ဘားနာ့ဒ် ပိဋကတ်တိုက်မှ စစ်တမ်း၊ ပေ၊ ပုရပိုက် ၃ဝဝ ကျော်ကို ကိုးကား အသုံးပြုခဲ့သည်။
မဟာဝိဇ္ဇာဘွဲ့အတွက် ကျမ်းပြုနေစဉ် ၁၉၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ပြင်ဦးလွင်မြို့၌ ဖခင် ဦးမေအောင် ရုတ်တရက် ကွယ်လွန်ခဲ့သည်။ ၁၉၂၇ ခုနှစ်တွင် ဒေါ်မြစိန်သည် မဟာဝိဇ္ဇာဘွဲ့ကို ဂုဏ်ထူးတန်း ပထမ အဆင့်မှ ပထမ စွဲ၍ အောင်မြင်ခဲ့သည်။ ထို့နောက် အစိုးရပညာတော်သင် အဖြစ် အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ်မှ ဆရာဖြစ်သင် ဒီပလိုမာနှင့် ဘီလစ်ဘွဲ့ ရရှိခဲ့သည်။ ဘီလစ်ဘွဲ့ အတွက် တင်သွင်းသည့် စာတမ်းမှာ ကိုလိုနီခေတ်ဦး ဗြိတိသျှ အုပ်ချုပ်ရေးကို လေ့လာသော Sir Charles Crosthwaite and the Consolidation of Burma “ဆာ ချားလ် ခရော့စ်ဝိတ်နှင့် မြန်မာပြည် အုပ်ချုပ်ရေး အုတ်မြတ်ချခြင်း” ဖြစ်သည်။ ထိုစာတမ်း အတွက် ဒေါ်မြစိန်သည် လန်ဒန်ရှိ အိန္ဒိယ အော့ဖစ် (India Office) ရုံးနှင့် ရန်ကုန်ရှိ အတွင်းဝန်ရုံး အစိုးရ မှတ်တမ်းများကို အသုံးပြုခွင့် ရခဲ့သည်။
ဒေါ်မြစိန်သည် အင်္ဂလန်မှ ပြန်လာပြီးနောက် ကိုလိုနီခေတ် မြန်မာ့ကျေးရွာ အုပ်ချုပ်ရေးကို လက်တွေ့ လေ့လာသည်။ ထို့နောက် စာတွေ့ နှီးနှော၍ အင်္ဂလိပ်ဘာသာဖြင့် Administration of Burma “မြန်မာပြည် အုပ်ချုပ်ရေး” စာအုပ် ရေးသား ပြုစုသည်။ ယင်းစာအုပ်ကို ၁၉၃၈ ခုနှစ်တွင် ရန်ကုန်မြို့ ဇဗ္ဗူ့မိတ်ဆွေ ပိဋကတ်တိုက်မှ ပုံနှိပ် ထုတ်ဝေခဲ့သည်။ အမှန်စင်စစ် ဤစာအုပ်သည် ဒေါ်မြစိန်၏ ရန်ကုန် တက္ကသိုလ် မဟာဝိဇ္ဇာဘွဲ့ စာတမ်းနှင့် အောက်စဖို့ဒ် တက္ကသိုလ် ဘီလစ်ဘွဲ့ စာတမ်း နှစ်စောင်ကို အခြေခံ၍ စာတွေ့ လက်တွေ့ ညှိနှိုင်း တင်ပြထားသော မြန်မာ့ အုပ်ချုပ်ရေးသမိုင်း သုတေသနကျမ်းတစောင် ဖြစ်သည်။ ထိုစဉ်က မြန်မာပြည်ဘုရင်ခံ ဆာ အာချီဘော ဒေါက်ဂလပ်စ် (Sir Archibald Douglas Cochrane) က စာအုပ်ကို အမှာ ရေးထားသည်။ စာအုပ်တွင် အခန်း ၉ ခန်း ပါဝင်၍ အခန်း (၁) တွင် မြန်မာနိုင်ငံ နောက်ခံ သမိုင်းကြောင်း၊ အခန်း (၂) တွင် ဗြိတိသျှ မသိမ်းပိုက်မီ မြန်မာဘုရင်များ၏ နေပြည်တော် အုပ်ချုပ်ရေး၊ အခန်း (၃) တွင် ဗြိတိသျှ မသိမ်းပိုက်မီ မြန်မာဘုရင်များ၏ အဝေးမြို့ အုပ်ချုပ်ရေး၊ အခန်း (၄) တွင် မြို့သူကြီး ရာထူး ခန့်အပ်ခြင်းနှင့် ရိုးရာ ဆက်ခံနိုင်ခွင့်၊ အခန်း (၅) တွင် မြို့သူကြီး တာဝန် ဝတ္တရားနှင့် အခွန်တော် ကောက်ခံခြင်း၊ အခန်း (၆) တွင် ၁၈၈၅ မတိုင်မီ အောက်မြန်မာနိုင်ငံ အုပ်ချုပ်ရေး၊ အခန်း (၇) တွင် ၁၈၈၅ မတိုင်မီ အောက်မြန်မာနိုင်ငံ ကျေးရွာ အုပ်ချုပ်ရေး၊ အခန်း (၈) တွင် ၁၈၈၅-၉ဝ မြန်မာပြည် အုပ်ချုပ်ရေး၊ အခန်း (၉) တွင် ၁၈၈၅ နောက်ပိုင်း ကျေးရွာ အုပ်ချုပ်ရေး ဟူ၍ ခွဲခြား တင်ပြထားသည်။ ဤစာအုပ်ကို ၁၉၇၃ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ် ပုံနှိပ်တိုက်မှ ထပ်မံ ပုံနှိပ် ထုတ်ဝေခဲ့သည်။
ဒေါ်မြစိန်သည် ၁၉၂၇ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့၊ ၁၉၃ဝ ခုနှစ်တွင် အောက်စဖို့ဒ်တက္ကသိုလ်မှ ဆရာဖြစ်သင် ဒီပလိုမာနှင့် ဘီလစ်ဘွဲ့များ ရခဲ့သော်လည်း ကိုလိုနီခေတ် ပညာရေးဌာန၌ အလုပ် လျှောက်သောအခါ အခက်အခဲများနှင့် ကြုံတွေ့ ခဲ့ရသည်။ ဒေါ်မြစိန်၏ အလုပ်လျှောက်လွှာကို ရန်ကုန် တက္ကသိုလ်မှ ပညာရေး ဌာနသို့ လွှဲအပ်လိုက်သည်။ ပညာရေး ဌာနလည်း ဒေါ်မြစိန်၏ ဘီလစ်ဘွဲ့မှာ ပညာရေးဌာန အတွက် အဆင့်မြင့်နေ၍ ရန်ကုန် တက္ကသိုလ်သို့ ပြန်လည် လွှဲအပ်ပြန်သည်။ ဤသို့ မတင်မကျ ဖြစ်နေရာ နောက်ဆုံးတွင် အမ်အေ ဦးမောင်ကြီး၏ ယောက္ခမ ဒေါ်ကြီးကြီး တည်ထောင်သော နေရှယ်နယ် အမျိုးသမီး အထက်တန်းကျောင်း၌ ကျောင်းအုပ် အဖြစ် ဝင်ရောက် လုပ်ဆောင်သည်။ ထိုသို့ ဆောင်ရွက်နေစဉ် အမျိုးသား ပညာရေး ကောင်စီ (Council of National Education)၊ မြန်မာ အမျိုးသမီး နေရှင်နယ် ကောင်စီ (National Council of Burmese Women) တို့တွင် ပါဝင်ခဲ့သည်။
ဒေါ်မြစိန်သည် အင်္ဂလိပ်လို အဟောအပြော အရေးအသား ထင်ရှားရာ ထိုခေတ် အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေသော စာနယ်ဇင်းများတွင် ဒေါ်မြစိန်၏ လက်ရာများကို တွေ့နိုင်သည်။ သာဓက ပြရသော် ‘အမျိုးသား ပညာရေး’ မဂ္ဂဇင်း၊ အတွဲ(၁)၊ အမှတ် (၅) National Educationist, Vol. 1, No. 5 တွင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သော The School as a Nation Maker (နိုင်ငံပြု စာသင်ကျောင်း) နှင့် အတွဲ (၂)၊ အမှတ် (၈) တွင် King Mindon’s Reign (မင်းတုန်းမင်းခေတ်) ဆောင်းပါးများ ဖြစ်သည်။ အထူးသဖြင့် အင်္ဂလိပ်စကားပြောကောင်းသူ တဦးအဖြစ် ထင်ရှားရာ ရန်ကုန် တက္ကသိုလ်မှ ကျင်းပသော ဟောပြောပွဲများတွင် ဒေါ်မြစိန်ကို တွေ့ရလေ့ရှိသည်။ ၁၉၃၉ ခုနှစ်တွင် ဂျဒ်ဆင်ကောလိပ် သမိုင်းအသင်းမှ ကြီးမှူး၍ ခေတ်သစ် အရှေ့ဖျားသမိုင်း (The Far East in modern Times) ခေါင်းစီးဖြင့် ဟောပြောပွဲ ကျင်းပရာ ဒေါ်မြစိန်သည် အင်္ဂလိပ်ဘာသာဖြင့် Thailand and French Indo-China (ထိုင်းနှင့် ပြင်သစ် အင်ဒိုချိုင်းနား) အကြောင်း ဟောပြောခဲ့သည်။ ယင်းဟောပြောချက်ကို ဂျဒ်ဆင် ကောလိပ် သမိုင်း အသင်းမှ ၁၉၄၁ ခုနှစ်တွင် The Far East in Modern Times အမည်ဖြင့် စာအုပ်ဖြင့် စာအုပ် ထုတ်ဝေခဲ့သည်။ ထိုစာအုပ်တွင် မြန်မာ အမျိုးသားများထဲမှ ဒေါ်မြစိန်အပြင် ဆရာ အတတ်သင် ကျောင်းအုပ်ကြီး ဦးဘ၏ မြန်မာပြည်အကြောင်း ဟောပြောချက်လည်း ပါဝင်သည်။
ဒေါ်မြစိန်သည် ကိုလိုနီခေတ် အမျိုးသမီးများ၏ လူမှုရေး၊ နိုင်ငံရေး လှုပ်ရှားမှုတွင် ပါဝင် ဆောင်ရွက်ခဲ့ရာ ၁၉၃၁ ခုနှစ်တွင် အိန္ဒိယနိုင်ငံ လာဟိုမြို့၌ ကျင်းပသော အာရှ အမျိုးသမီး ကွန်ဖရင့်သို့ လည်းကောင်း၊ နိုင်ငံပေါင်းချုပ် အသင်းမှ ကြီးမှူး ကျင်းပသော ဂျီနီဗာ အမျိုးသမီး ကွန်ဖရင့်သို့ လည်းကောင်း၊ လန်ဒန်မြို့ မြန်မာနိုင်ငံ အုပ်ချုပ်ရေးနှင့် ပတ်သက်သော မျက်နှာစုံညီ အစည်းအဝေးသို့ လည်းကောင်း တက်ရောက် ဆွေးနွေးခဲ့သည်။ ပထမအကြိမ် မြန်မာနိုင်ငံလုံး ဆိုင်ရာ လန်ဒန် မျက်နှာစုံညီ အစည်းအဝေး (The Round Table Conference) သို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ် ၂၄ ဦး တက်ရောက်ခဲ့ရာ ဒေါ်မြစိန်သည် တဦးတည်းသော အမျိုးသမီး ကိုယ်စားလှယ် ဖြစ်သည်။ ထိုကွန်ဖရင့်သို့ မြန်မာ့နိုင်ငံရေး ခေါင်းဆောင် ဦးဘဘေ၊ ဦးချစ်လှိုင်၊ အမ်အေ ဦးမောင်ကြီး၊ သာယာဝတီ ဦးပု တို့လည်း တက်ရောက်သည်။ ကွန်ဖရင့်တွင် ဒေါ်မြစိန်သည် တွဲရေး ခွဲရေးနှင့် ပတ်သက်၍ ဗြိတိသျှ အုပ်ချုပ်ရေး အပေါ် မြန်မာတို့၏ သဘောထားကို ပွင့်ပွင့်လင်းလင်း ရဲဝံ့ဝံ့ တင်ပြခဲ့သည်။ ထိုဖြစ်ရပ်များကို နှစ်ပေါင်း ၄ဝ အကြာ ရန်ကုန် ပညာရေး တက္ကသိုလ် သမိုင်း ဟောပြောပွဲ၌ ပြန်လည် ဟောပြောခဲ့သည်။ ၁၉၆၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် “မျက်နှာစုံညီ အစည်းအဝေး” The Round Table Conference အမည်ဖြင့် လည်းကောင်း၊ ၁၉၆၉ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့တွင် “တွဲရေး ခွဲရေး ပြဿနာ” အမည်ဖြင့် လည်းကောင်း ဟောပြောခဲ့သည်။
၁၉၄ဝ ပြည့်နှစ်တွင် ဒေါ်မြစိန်သည် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေသော “ကမ္ဘာ့ ရုပ်စုံဂျာနယ်” (World Pictorial) ၌ အယ်ဒီတာ အဖြစ် ဆောင်ရွက်သည်။ ရုပ်စုံဂျာနယ်မှာ ထိုခေတ်က အလွန် ခေတ်ရှေ့ပြေးနေသော စွမ်းဆောင်ချက်ဟု ဆိုရပါ မည်။ ဒေါ်မြစိန်သည် အမျိုးသမီးများ၏ အခွင့်အရေးကို စိတ်အားထက်သန်သူ၊ ဦးဆောင်သူဖြစ်ရာ “မိန်းမ” အမည်ဖြင့် ဝတ္ထုဟန် အမျိုးသမီး အခွင့်အရေး ဆိုင်ရာ ပညာပေး စာအုပ် တအုပ် ရေးသားခဲ့သည်။ ၁၉၄၁ ခုနှစ်တွင် ထွန်းအေး စာပေမှ ထုတ်ဝေခဲ့သည်။ ယင်းစာအုပ်တွင် ဒီးဒုတ် ဦးဘချိုက နိဒါန်း ရေးသည်။ ထိုနှစ်မှာပင် ရန်ကုန်မြို့တော် မြူနီစီပယ် ရွေးကောက်ပွဲ၌ လွယ်အိပ်ကြီး ဦးဘလှိုင်နှင့် ယှဉ်ပြိုင် အရွေးခံခဲ့ရသည်။ သတင်းစာများတွင် “ကြက်မ တွန်၍ မိုးမလင်း၊ ကြက်ဖ တွန်မှ မိုးလင်းသည်” ဟူသော ဆိုရိုးကို ဒေါ်မြစိန်က လက်တွေ့ ချေဖျက် လိုက်သည်ဟု ရေးသားခဲ့ကြသည်။
ဒုတိယ ကမ္ဘာစစ်မီး မြန်မာပြည် ကူးလာချိန်တွင် အင်္ဂလိပ်တပ်များ အိန္ဒိယသို့ ဆုတ်ခွာခဲ့ရာ ဒေါ်မြစိန်သည်လည်း တရုပ်ပြည်နယ်စပ် ချုံကင်းမှ အိန္ဒိယသို့ ကူးခဲ့သည်။ ထိုကိုယ်တွေ့ စစ်ပြေး အတွေ့ကြုံများကို စစ်ပြီးစ ၁၉၄၆ ခုနှစ်တွင် ဦးတင်ထွတ် ဦးဆောင် ထုတ်ဝေသော Burmese Review (ဘားမီးရီဗြူး) အင်္ဂလိပ်စာစောင်တွင် “Retreat to China, the war adventure of a Burmese lady” မြန်မာ အမျိုးသမီးများ၏ စစ်အတွင်း အတွေ့အကြုံ အမည်ဖြင့် အခန်းဆက် မှတ်တမ်းတင်ခဲ့သည်။ စစ်အတွင်း အိန္ဒိယ၌ နေထိုင်စဉ် ဆင်းမလား စစ်ပြေး အစိုးရ ထုတ်ဝေသော Burma To-Day Vol. 1, No. 8 (June 1944) တွင် မြန်မာ အမျိုးသမီး ဘဝကို ဖော်ကျူးသော Little Lovely Diamond: the story of Kin Sein Hla ဝတ္ထုတို့ကို ရေးဖွဲ့သည်။ ဒေါ်မန်စမစ် ဦးဆောင်သော မြန်မာပြည် စစ်ပြေး အစိုးရ၏ မြန်မာပြည် ဆိုင်ရာ အကြံပေး အဖြစ် ဆောင်ရွက်၍ Burma၊ ပြည်မြန်မာနှင့် The Future of Burma မြန်မာပြည်၏ အနာဂတ် စာအုပ်ငယ် နှစ်အုပ်ကို အင်္ဂလိပ် ဘာသာဖြင့် ရေးသားခဲ့သည်။
ပြည်မြန်မာကို Oxford Pamphlets on Indian Affairs စာစဉ်အမှတ် (၁၇) အဖြစ် အိန္ဒိယနိုင်ငံ ဘုံဘေမြို့မှ ၁၉၄၃ ခုနှစ်တွင် ဒုတိယအကြိမ် ထပ်မံ ထုတ်ဝေရသည်။ “မြန်မာပြည်၏ အနာဂတ်” စာအုပ်ကို အိန္ဒိယနိုင်ငံ ဘုံဘေမြို့ အောက်စဖို့ဒ် ယူနီဗာစီတီ ပုံနှိပ်တိုက်မှ ၁၉၄၅ ခုနှစ်တွင် ပုံနှိပ် ထုတ်ဝေသည်။ ယင်းစာအုပ်ငယ်တွင် မြန်မာ့ လွတ်လပ်ရေးနှင့် ပတ်သက်၍ မြန်မာတို့၏ ဆန္ဒသဘောထားကို ဖော်ထုတ် ဆွေးနွေး တင်ပြထားသည်။ စစ်ပြီးပါက ခေတ်သစ်တွင် မြန်မာနိုင်ငံသည် လွတ်လပ်သော နိုင်ငံငယ် တနိုင်ငံ အနေဖြင့် ကြုံတွေ့ရမည့် ပြဿနာများ၊ မြန်မာနိုင်ငံ အနေဖြင့် ဗြိတိသျှ ဓနသဟာယ အတွင်း နေထိုင်ရေးနှင့် သီးခြား လွတ်လွတ်ကင်းကင်း ရပ်တည်ရေးတို့တွင် ကြုံတွေ့လာရမည့် အခက်အခဲ ပြဿနာများကို ကမ္ဘာ့နိုင်ငံရေး အခြေအနေများနှင့် နှိုင်းယှဉ် တင်ပြထားသည်။ ထို့ကြောင့် ဒုတိယ ကမ္ဘာစစ်ပြီးနောက် ဖဆပလ အဖွဲ့ချုပ် အနေဖြင့် မြန်မာ့ လွတ်လပ်ရေး အတွက် မြန်မာ့ သဘောထား အမှန်ကို ဗြိတိသျှ အစိုးရနှင့် စေ့စပ် အရေးဆိုသော နှလုံးရည် အရေးတော်ပုံတွင် မြန်မာ့ သဘောထား အမှန်ကို ဗြိတိသျှတို့ နားဝင် သဘောပေါက်လာစေရန် အင်္ဂလိပ်ဘာသာ စကားဖြင့် ဟောရေးပြောရေးတွင် ဖဆပလဥက္ကဋ္ဌကိုယ်တိုင် ဒေါ်မြစိန်အား အကူအညီ တောင်းခံခဲ့ရသည်။
၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင်မူ ဒေါ်မြစိန်သည် ရန်ကုန် တက္ကသိုလ် သမိုင်းဌာန ကထိက အဖြစ် ဆောင်ရွက်သည်။ ၁၉၆ဝ ပြည့်နှစ်တွင် ဝန်ထမ်းဘဝမှ အငြိမ်းစား ယူခဲ့သည်။ ထို့နောက် သက်ကြီး တက္ကသိုလ်တွင် သမိုင်း ကထိက အဖြစ် ခေတ္တ ဆောင်ရွက်၍ ဥရောပနှင့် အမေရိက တက္ကသိုလ်များတွင် အရှေ့အာရှ သမိုင်းနှင့် မြန်မာ့ ယဉ်ကျေးမှု ဆိုင်ရာ ဧည့်ပါမောက္ခ အဖြစ် ဟောပြော ပို့ချသည်။ ထိုသို့ ဆောင်ရွက်နေစဉ် လန်ဒန်မှ ထုတ်ဝေသော Asian Affairs (London) အာရှရေးရာ စာစောင်တွင် Towards Independence in Burma; The role of women (မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ)၊ Hemisphere စာစောင်တွင် Pagodas of Pagan (Bagan) (ပုဂံဘုရားများ စာတမ်း) များ ရေးသားခဲ့သည်။
ဒေါ်မြစိန်ကို ၁၉ဝ၄ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့တွင် မော်လမြိုင်မြို့၌ ဖွားသည်။ အဖ ပြည်ထဲရေး ဝန်ကြီးချုပ် ဦးမေအောင်၊ အမိ ဒေါ်သိန်းမြ ဖြစ်သည်။ ဖခင် ဦးမေအောင်မှာ ရခိုင် အမျိုးသား ငွေစာရင်းမင်းကြီး (အိန္ဒိယ ငွေတိုက်ဝန်) ဦးလှအောင်၏ တူဖြစ်သည်။ မိခင် ဒေါ်သိန်းမြမှာ မွန်လူမျိုး စစ်ကဲကြီး ဦးထော်လေး၏ မြစ် ဖြစ်သည်။ ဒေါ်မြစိန်မှာ မွေးချင်း သုံးယောက်တွင် အထွေးဆုံး ဖြစ်၍ ငယ်မည်မှာ မေ ဖြစ်သည်။ အစ်ကို သာဒိုးအောင်နှင့် ထွန်းလှအောင်တို့မှာ ထိုခေတ်က ထင်ရှားလှသော ရနောင်း ပညာထူးချွန်ဆု (Renoun Prize) ရသည်။ ဖခင် ဦးမေအောင်လည်း ဤဆုကို ရခဲ့သည်။ အစ်ကိုကြီး သာဒိုးအောင်မှာ ပညာ ထူးချွန်သော်လည်း ငယ်စဉ်ကပင် ကျန်းမာရေး ချို့တဲ့၍ ဘီအေ နောက်ဆုံးနှစ် ပညာ သင်ကြားနေစဉ် ကွယ်လွန်ခဲ့သည်။ သာဒိုးအောင်ကို အကြောင်းပြု၍ ရန်ကုန် တက္ကသိုလ် သိပ္ပံ ဥပစာတန်း ပထမဆု ရသူများကို “သာဒိုးအောင်ဆု” ဖခင် ဖြစ်သူက တီထွင်ပေးခဲ့သည်။ အစ်ကို ထွန်းလှအောင်မှာ လွတ်လပ်ရေးခေတ်ဦး ရဲမင်းကြီး ဦးထွန်းလှအောင် အဖြစ် ထင်ရှားသည်။
ငယ်ရွယ်စဉ်ကပင် အိမ်တွင် အင်္ဂလိပ်စာနှင့် ပြင်သစ်စာကို သီးသန့် သင်ခဲ့ရသည်။ ခရစ်ယာန် ဘာသနာပြု ဒိုင်အိုဆီဇင် မိန်းကလေးကျောင်း (Diocesan Girl’s High School)တွင် ၇ တန်း ပထမ ရသည်။ သို့သော် ခရစ်ယာန် ဘာသာဝင် မဟုတ်၍ ပညာသင်ဆု (Scholarship) မရခဲ့ချေ။ ထို့ကြောင့် ဖခင်က ရှင်မာရီကျောင်း (St. Mary’s SPG High School) သို့ ပြောင်းရွှေ့ ပညာ သင်စေသည်။ အသက် ၁၅ နှစ် အရွယ် ၁၉၁၉ ခုနှစ်တွင် ဟိုက်စကူးဖိုင်နယ် စာမေးပွဲကို မြန်မာစာ၊ အင်္ဂလိပ်စာ၊ ရာဇဝင်၊ အပိုသင်္ချာ၊ အိမ်တွင်းမှု သိပ္ပံ ဘာသာရပ် အားလုံးတွင် ဂုဏ်ထူးဖြင့် အောင်မြင်သည်။ တနိုင်ငံလုံးတွင် တတိယ ရခဲ့သည်။ ရန်ကုန် ကောလိပ်တွင် ပညာ ဆက်လက် သင်ကြားရာ အိုင်အေ အထက်တန်းကို အင်္ဂလိပ်၊ သင်္ချာ၊ ရာဇဝင်၊ ရူပဗေဒ ၄ ဘာသာ ဂုဏ်ထူးဖြင့် ပထမ ရသည်။ ဂျားဒင်းဆု (Jardin Prize) ချီးမြှင့် ခံရသည်။ ဤဆုကို ဖခင် ဦးမေအောင်လည်း ရရှိခဲ့သည်။ ၁၉၂၇ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ကို ပထမဆင့်မှ ပထမ ရခဲ့သည်။ ၁၉၂၈-၃ဝ တွင် အစိုးရပညာတော်သင် အဖြစ် အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ်၌ ပညာ ဆက်လက် ဆည်းပူးရာ ဆရာဖြစ်သင် ဒီပလိုမာနှင့် ဘီလစ်ဘွဲ့ (B. Litt.) ရခဲ့သည်။
၁၉၃ဝ-၃၁ တွင် ဒေါ်ကြီးကြီး နေရှယ်နယ် အမျိုးသမီး အထက်တန်း ကျောင်းအုပ်၊ ၁၉၃၁-၃၂ တွင် ဂျီနီဗာ အမျိုးသမီး ကွန်ဖရင့် ကိုယ်စားလှယ်၊ လန်ဒန် ပထမအကြိမ် မျက်နှာစုံညီ အစည်းအဝေး ကိုယ်စားလှယ်၊ ၁၉၃၈-၄၂ တွင် ဝိတိုရိယ ဘုရင်မ အထိမ်းအမှတ် အစိုးရ အထက်တန်းကျောင်းအုပ်၊ ရန်ကုန်မြို့တော် မြူနီစပယ် အဖွဲ့ဝင်၊ ရန်ကုန် ပညာရေး ဘုတ်အဖွဲ့ ဥက္ကဋ္ဌ၊ အမျိုးသမီး ကာကွယ် စောင့်ရှောက်ရေး အသင်း ဒါရိုက်တာ၊ ၁၉၃၉ ခုနှစ်တွင် တရုတ်ပြည် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင်၊ ၁၉၄၁-၄၂ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ အမျိုးသမီး ဌာနခွဲ အုပ်ချုပ်သူ၊ စစ်ပြေး ဒုက္ခသည်များ ကယ်ဆယ်ရေး အဖွဲ့ လူကြီး၊ ၁၉၄၂-၄၅ အိန္ဒိယနိုင်ငံ ဆင်းမလာမြို့ မြန်မာ စစ်ပြေးအစိုးရ အဖွဲ့ အကြံပေး၊ ၁၉၄၆ ခုနှစ်၊ ပါရီ ယူနက်စကို ကွန်ဖရင့် ကိုယ်စားလှယ်၊ ၁၉၅၁-၆ဝ ရန်ကုန် တက္ကသိုလ် သမိုင်း ကထိက၊ ၁၉၅၄ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု လေ့လာရေး အဖွဲ့ဝင်၊ ၁၉၅၆ ခုနှစ်တွင် အာရှဖောင်ဒေးရှင်း အစီအစဉ်ဖြင့် အမေရိကန် တက္ကသိုလ် ကောလိပ် ၁၄ ခုတွင် မြန်မာ့ရေးရာ ဟောပြော ပို့ချရေး ပညာရှင်၊ ၁၉၆ဝ ခုနှစ်တွင် ဝါရှင်တန် အပြည်ပြည် ဆိုင်ရာ အမျိုးသမီး ကွန်ဖရင့် သဘာပတိ မိန့်ခွန်း ပြောကြားသူ၊ အမေရိကန် ပြည်ထောင်စု ဆွစ်တာရီ ကောလိပ် အရှေ့တောင်အာရှ ဆိုင်ရာ ဧည့်ပါမောက္ခ၊ ကိုလံဘီယာ တက္ကသိုလ်တွင် မြန်မာ့ ယဉ်ကျေးမှုနှင့် သမိုင်း ဧည့်ပါမောက္ခ၊ ၁၉၇ဝ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ် စိန့်ဟောက် ကောလိပ်၌ သုတေသန ပညာရှင် စသည်ဖြင့် ဆောင်ရွက်ခဲ့သည်။
၁၉၃၃ ခုနှစ်တွင် အိုင်စီအက် ဦးရွှေဘော် (Ph.D., M.A.B.L.) နှင့် လက်ထပ်၍ သားတဦး (ဦးမြဘော်)၊ သမီးတဦး (ဒေါ်မြသန္တာ) ထွန်းကားခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ခင်ပွန်းသည်နှင့် ပြတ်စဲ၍ ပညာရေး၊ လူမှုရေး၊ စာပေရေးရာ လုပ်ငန်းများတွင် တက်တက်ကြွကြွ ဦးဆောင် ပါဝင်ခဲ့သည်။
၁၉၈၈ ခုနှစ်၊ နိုဝင်ဘာ ၁ဝ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ မောင်ဇေယျာ [မိုးဂျာနယ်၊ အမှတ် ၇၊ ဇူလိုင် ၂ဝဝ၅။][၁]
အညွှန်း
[ပြင်ဆင်ရန်]- စောမုံညင်း “ဒေါ်မြစိန်”၊ ဗမာ (မြန်မာ) အမျိုးသမီးများ။ ရန်ကုန်၊ ပိတောက်လှိုင် စာပေ၊ ၁၉၇၆၊ ၂၂၈-၂၃၄။
- “ဒေါ်မြစိန်”၊ ရှုမဝ၊ အတွဲ ၈၊ အမှတ် ၉၄ (မတ် ၁၉၉၅)၊ ၁၉-၃ဝ။
- ဘုန်းမြင့်၊ ရွှေမင်းဝန်၊ “မြန်မာ့ ဂုဏ်ဆောင် အမ်အေ ဒေါ်မြစိန်” … လူရည်ချွန်၊ ရန်ကုန်၊ သရဖူစာပေ၊ ၁၉၈၅၊ ၂၃-၂၈။
- အောင်သန့်၊ ဦး၊ “သံတမန် ဝန်ထမ်းပေါက်စ ဘဝ”၊ သားကောင်း တမန်၊ ၂ဝဝဝ ပြည့်နှစ်၊ ၅၅။
- ဓမ္မဗျူဟာ ငွေရတုစာစောင်၊ (ဇူလိုင် ၁၉၈၆)။
- May sein, Daw. The Future of Burma (Manmar)- Bombay: Oxford University Press, 1945.
- “Who’s who in Burma” The Guardian Magazine. (September 1959) 34.
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလမှာ Unity စာပေက ပထမ အကြိမ် အဖြစ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ မောင်ဇေယျာရဲ့ ‘ကမ္ဘာသိ မြန်မာများနှင့် ကမ္ဘာသိ မြန်မာ စာအုပ်များ’ မှ