မောင်ကြီး၊ ဆာ(ရဲတပ်ဗိုလ်ချုပ်)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ဤဆောင်းပါးသည် ရဲတပ်ချုပ် အကြောင်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပထမဆုံးဘုရင်ခံ အတွက် မောင်ကြီး၊ ဆာ ဂျေအေ ကို ကြည့်ပါ။ အခြားအသုံးအနှုန်းများ အတွက် မောင်ကြီး (သံတူကြောင်းကွဲ) ကို ကြည့်ပါ။

ဆာမောင်ကြီး (၂၁ ဖေဖော်ဝါရီ ၁၈၈၆ - ၁၆ ဇူလိုင် ၁၉၇၁) သည် မြန်မာပြည် အပျော်တမ်း ရဲတပ်ဖွဲ့ကို ဖွဲ့စည်းကာ ရဲတပ်ချုပ်အဖြစ် တာဝန်ယူခဲ့သူတစ်ဦး ဖြစ်သည်။

YMBAဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီးကို ရှေ့ဆောင် တည်ထောင်ပေးခဲ့သည့် မျိုးချစ်ပုဂ္ဂိုလ် အမ်၊ အေ ဦးမောင်ကြီး

ငယ်ဘဝ[ပြင်ဆင်ရန်]

ဆာမောင်ကြီးကို ၁၈၈၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်၊ တနင်္ဂနွေနေ့တွင် ပဲခူးဒိစကြိတ် ရွှေကျင်မြို့၌ ဖွားသည်။ အဖ ကျောင်းဒါယကာ ကုန်သည် ဦးစံဦး၊ အမိ ဒေါ်လှိုင် ဖြစ်သည်။ ရန်ကုန် အစိုးရ ဟိုက်စကူးကျောင်း၊ ရန်ကုန်ကောလိပ်၊ ကာလကတ္တား တက္ကသိုလ် ရစ်ပွန်းကောလိပ်၊ အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ်နှင့် မစ်ဒယ်တန်ပယ် ဥပဒေကျောင်း တို့တွင် ပညာသင်ခဲ့သည်။

၁၉ဝ၂ ခုနှစ်တွင် ရန်ကုန် အစိုးရ ဟိုက်စကူးကျောင်းမှ မက်ထရစ် စာမေးပွဲကို ဂုဏ်ထူးများဖြင့် အောင်သည်။ စကောလားရှစ် ရ၍ ၁၉ဝ၆ ခုနှစ်တွင် ရန်ကုန်ကောလိပ်မှ ဘီအေဘွဲ့ကို အင်္ဂလိပ်စာ ဒုတိယတန်း ဂုဏ်ထူးဖြင့် ရရှိသည်။ ဘီအေ စာမေးပွဲကို ကာလကတ္တား တက္ကသိုလ်မှ စစ်ဆေးရာ ကာလကတ္တား တက္ကသိုလ် တခုလုံးတွင် အဆင့် ၄ ရခဲ့သည်။ ရန်ကုန်ကောလိပ်နှင့် ကာလကတ္တား တက္ကသိုလ် ရစ်ပွန်းကောလိပ် တို့တွင် ဥပဒေပညာ ဆက်လက် ဆည်းပူးသည်။ ၁၉ဝ၇ ခုနှစ်တွင် အပြင်ဖြေ အဖြစ်နှင့် ကာလကတ္တား တက္ကသိုလ်မှ အမ်အေဘွဲ့ ရသည်။

၁၉ဝ၈ ခုနှစ်တွင် အင်္ဂလန်သို့ ပညာသင်ရန် သွားရောက်သည်။ အင်္ဂလန်တွင် မစ်ဒယ်တန်ပယ် ဥပဒေကျောင်းနှင့် အောက်စ်ဖိုဒ် တက္ကသိုလ်တို့တွင် တပြိုင်တည်း ပညာသင်ခဲ့သည်။ ၁၉၁၁ တွင် ဘာရစ်စတာ ဝတ်လုံဘွဲ့ ရသည်။ အောက်စဖို့ဒ် တက္ကသိုလ်မှ ဘီစီအယ်လ်ဘွဲ့ မရမီ ဖခင် ကွယ်လွန်၍ မြန်မာပြည်သို့ ပြန်ခဲ့သည်။

ရန်ကုန်တက္ကသိုလ်၌ ဘီအေ နောက်ဆုံးနှစ် ပညာ သင်ယူနေစဉ်ကပင် မိတ်ဆွေ မောင်ဘဖေမောင်ဘရင်တို့နှင့် အတူ ၁၉ဝ၆ ခုနှစ်တွင် ဝိုင်အမ်ဘီအေ အသင်းကို စတင် တည်ထောင်ခဲ့သည်။ အင်္ဂလန်မှ ပြန်ရောက်လာပြီးနောက် ဝိုင်အမ်ဘီအေ၊ နောက် ဂျီစီဘီအေ (ခေါ်) မြန်မာ အသင်းချုပ်ကြီးတွင် ဝင်ရောက် ဆောင်ရွက်ကာ ဝတ်လုံတော်ရ အဖြစ် အသက်မွေးသည်။

ဝန်ထမ်းဘဝ[ပြင်ဆင်ရန်]

၁၉၁၈-၂၁ တွင် ရန်ကုန်ကောလိပ် ဥပဒေကထိက၊ ၁၉၁၉-၂ဝ တွင် ချိကုတ် တရားဝန်ထောက် အဖြစ် အမှုထမ်းသည်။ ဂျီစီဘီအေ ခေါင်းဆောင် သမာဓိ မြို့ဝန်ဦးသော် (ပန်းကန်စက်)ဆာဦးသွင် တို့နှင့် ရင်းနှီး သည်။၁၉၂ဝ ပြည့်နှစ်တွင် ပထမအကြိမ် တက္ကသိုလ် ကျောင်းသားသပိတ်နှင့် အတူ ပေါ်ပေါက်လာသည့် အမျိုးသား ပညာရေး အဖွဲ့ချုပ်တွင် ဥက္ကဋ္ဌ အဖြစ် ၁၉၂၂ ခုနှစ်တိုင် ဆောင်ရွက်ခဲ့သည်။ လစာ တထောင်ကျော်ရသော ချိကုတ် တရားဝန်ထောက် ရာထူးနှင့် ဥပဒေ ကထိက ရာထူး နှစ်ရပ်စလုံးကို စွန့်၍ အမျိုးသား ပညာရေးကို ဦးဆောင်ခဲ့သည်။ ယောက္ခမဖြစ်သူ ဒေါ်ကြီးကြီးကလည်း ကြည့်မြင်တိုင်ဘက်တွင် မိန်းကလေးကျောင်း အဆောက်အအုံနှင့် မြေနေရာကို လှူဒါန်းရာ ဒေါ်ကြီးကြီး မိန်းကလေးကျောင်းဟု အမည်တွင်သည်။

နိုင်ငံရေးလုပ်ကိုင်ခြင်း[ပြင်ဆင်ရန်]

၁၉၂၁ ခုနှစ်တွင် ဘားမားရီဖောင်းလိဂ်၏ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည်။ ဒိုင်အာခီ အုပ်ချုပ်ရေးနှင့် ပတ်သက်၍ ဂျီစီဘီအေမှ ၂၁ ဦး ခွဲထွက်ရာတွင် ၂၁ ဦး အဖွဲ့ဝင် ဖြစ်လာသည်။ ၁၉၂၂ ခုနှစ်၊ ဒိုင်အာခီ ရွေးကောက်ပွဲ၌ တောင်ငူ တောင်ပိုင်းမှ အမတ်အဖြစ် အရွေးခံရသည်။ ၁၉၂၃-၂၅ တွင် အစိုးရအဖွဲ့၌ ပညာရေးဝန်ကြီး ဖြစ်လာသည်။ ပညာရေးဝန်ကြီး အဖြစ် အမျိုးသားကျောင်းများကို အစိုးရ အထောက်အပံ့ ရရန်၊ အစိုးရ အသိအမှတ်ပြု ကျောင်းများ ဖြစ်လာစေရန် ကြိုးပမ်းခဲ့သည်။ ရန်ကုန်တက္ကသိုလ် ဆီးနိတ် အဖွဲ့ဝင် တဦး အနေဖြင့် ဝန်ကြီးဘဝတွင် တက္ကသိုလ် ကောင်စီကို အာဏာတိုးပေးခဲ့သည်။ သပိတ်မှောက် ကျောင်းသားများ ရန်ကုန်တက္ကသိုလ် ပြန်တက်နိုင်ရန်လည်း စီစဉ်ပေးခဲ့သည်။

၁၉၂၆ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယအကြိမ် ဒိုင်အာခီ ရွေးကောက်ပွဲ၌ ရန်ကုန် အနောက်ပိုင်းမှ အရွေးခံရသည်။ ၁၉၂၈ ခုနှစ်၊ နိုဝင်ဘာလ တတိယအကြိမ် ဒိုင်အာခီ ရွေးကောက်ပွဲတွင်လည်း ဥပဒေပြု အမတ် အဖြစ် အရွေးခံရ၍ လွှတ်တော်တွင် အတိုက်အခံ အဖြစ် ဆောင်ရွက်သည်။ ၁၉၃၂ ခုနှစ်၊ ရွေးကောက်ပွဲတွင် ခွဲရေးဘက်မှ အရွေးခံသည်။ ၁၉၃၆ ခုနှစ်၊ ရွေးကောက်ပွဲ၌ ငါးပွင့်ဆိုင် အဖွဲ့မှ ဥပဒေပြု အမတ် အဖြစ် အရွေးခံ၍ ၁၉၃၇ ခုနှစ်တွင် အထက်လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄ဝ ပြည့်နှစ်တွင် ဘုရင်ခံ၏ ကာကွယ်ရေး အတိုင်ပင်ခံ အဖြစ် ခန့်အပ်ခံရသည်။ ၁၉၄၂ ခုနှစ်တွင် 'ဆာဘွဲ့' ချီးမြှင့်ခံရသည်။

၁၉၃၁ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်တွင် ဒုတိယအကြိမ် မြန်မာပြည် မျက်နှာစုံညီ အစည်းအဝေး ကိုယ်စားလှယ် အဖွဲ့ဝင် အဖြစ် အင်္ဂလန်သို့ သွားရောက်ခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ဒေါက်တာဘမော်ဦးချစ်လှိုင်၊ ဦးသွင် တို့နှင့်အတူ ဆဋ္ဌမမြောက် ဂျော့ဘုရင် နန်းတက်ပွဲ အခမ်းအနား တက်ရောက်ရန် အင်္ဂလန်သို့ သွားရောက်ခဲ့သည်။

မြန်မာပြည် အပျော်တမ်း ရဲတပ် (၂၂၊ ၆၊ ၁၉၂၉) ကို ဦးဆောင် ဖွဲ့စည်းကာ ရဲတပ် ဗိုလ်ချုပ် အဖြစ် တာဝန်ယူခဲ့သည်။ ကိုလိုနီခေတ် အတွင်း မျိုးချစ်စိတ်နှင့် ဇာတိမာန် ထက်သန်စေရန် ရည်ရွယ်၍ စနစ်တကျ ဖွဲ့စည်းထားသော ရဲတပ် ဖြစ်သည်။ အစိမ်းရောင်တပ် ဟုလည်း ခေါ်ကြသည်။ မြန်မာပြည် သစ်တောများကို ရည်ရွယ်၍ အစိမ်းရောင် စစ်ဝတ်စုံကို ဝတ်ဆင်ကာ အခြေခံ စစ်ပညာ လေ့ကျင့်ပေးသည်။ ကိုယ်လက် ကြံ့ခိုင်ရေးနှင့် အားကစား လှုပ်ရှားမှုကိုလည်း အားပေးသည်။ အမျိုးသမီး အပျော်တမ်း ရဲတပ်ကိုလည်း ဖွဲ့စည်း၍ ရဲတပ် ဗိုလ်ချုပ် ဦးမောင်ကြီး၏ ဇနီး ဒေါ်အေးရီက ဦးဆောင် ကွပ်ကဲသည်။

ဂျပန်ခေတ် (၁၉၄၃-၄၅) တွင် လွတ်လပ်သော မြန်မာပြည် အစိုးရ၏ တရားလွှတ်တော် ဝန်ကြီး အဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၄၅ ခုနှစ်၊ ဇွန်လ ၂ဝ ရက်တွင် မြန်မာပြည်၏ အနာဂတ် အုပ်ချုပ်ရေးနှင့် လွတ်လပ်ရေး အတွက် ဆွေးနွေးသော ကမ်ဘာလင် ဆွေးနွေးပွဲသို့ ကိုယ်စားလှယ် တဦး အဖြစ် တက်ရောက်ခဲ့သည်။ ရန်ကုန်မြစ်အတွင်း ကမ်ဘာလင် စစ်သင်္ဘောပေါ်၌ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့နှင့် မြန်မာပြည် စစ်ပြေးဘုရင်ခံ ဒေါ်မန်စမစ်တို့ တွေ့ဆုံ ဆွေးနွေးခြင်း ဖြစ်သည်။

၁၉၄၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်တွင် မန်းဘခိုင် နှင့်အတူ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ်အစိုးရ အဖွဲ့တွင် ဝန်ကြီး အဖြစ် ခန့်အပ်ခဲ့ရ၍ ပြည်သူ့လုပ်ငန်းနှင့် ပြန်လည် ထူထောင်ရေး ဝန်ကြီး အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဆာမောင်ကြီးသည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်မှူးအောင်၊ ဦးအောင်ဇံဝေ၊ ဦးတင်ထွဋ်၊ မြို့မ-ဦးသန်းကြွယ်သခင်ဝတင် နှင့် အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူ ပင်လုံညီလာခံ တွင် ဦးဆောင် ခဲ့သည်။ [၁] [၂] ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်တွင် လန်ဒန်မြို့၌ မြန်မာပြည်ဆိုင်ရာ ကော်မရှင်နာ မင်းကြီး အဖြစ် ပြောင်းရွှေ့ တာဝန်ယူရသည်။ ၁၉၄၇ ခုနှစ်၊ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီတွင်လည်း ပါဝင်ခဲ့သည်။ လွတ်လပ်ရေး ရပြီးနောက် အင်္ဂလန်နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး အဖြစ် ၁၉၄၉ ခုနှစ်၊ မတ်လ အထိ ထမ်းဆောင်ခဲ့သည်။ ထို့နောက် အိန္ဒိယနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး အဖြစ် တာဝန် ထမ်းရွက်ခဲ့ပြီး၊ ၁၉၅၂ ခုနှစ်၊ မေလတွင် အငြိမ်းစားယူခဲ့သည်။

အမျိုးသားနေ့ ရွှေရတုသဘင် ကျင်းပရေး နာယက (၁၉၇ဝ) အဖြစ်လည်း ထမ်းဆောင်ခဲ့သည်။

ကွယ်လွန်ခြင်း[ပြင်ဆင်ရန်]

ဆာမောင်ကြီးသည် ၁၉၇၁ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ ခြံအမှတ် ၃၂၃ နေအိမ်၌ ကွယ်လွန်ခဲ့သည်။ မကြီးကြီး ၏ သမီးဖြစ်သူ ဒေါ်ဧရီ နှင့် လက်ထပ်ခဲ့ပြီး၊ သားတဦး (ဦးမျိုးအောင်)၊ သမီးသုံးဦး (ဦးသန်းတင် + ဒေါ်ခင်ဆွေအေး)၊ (ဒေါက်တာကြည်ပေါ + ဒေါ်ခင်ဆွေတင့်)၊ (ဆေးတပ်မှူးကြီး ဒေါက်တာကျော်စိန်ထွန်း + ဒေါ်ခင်ဆွေစစ်) တို့ ထွန်းကားသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁၉၇၂ ခုနှစ်ပထမအကြိမ် ပုံနှိပ်ထုတ်ဝေသော ပင်လုံညီလာခံ သမိုင်းစဉ်စာမျက်နှာ ၁၃၈
  2. ၁၉၈၀မေမြို့ချစ်ဆွေ ရေးသား ပြုစုခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းမှု လစဉ်မှတ်တမ်း
  3. မောင်ဇေယျာ (၂၀၁၀၊ မတ်လ). မြန်မာလူကျော် ၁၀၀ (ပထမအုပ်). UNITY စာပေ။