ကြီးကြီး၊ မ၊ စေတနာရှင်

ဝီကီပီးဒီးယား မှ
စေတနာရှင် မကြီးကြီး

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ် အတွင်းတွင် မကြီးကြီးလမ်းခု ခေါ်သော အထင်ကရလမ်းမကြီး တစ်လမ်းတည်ရှိသည်။ မကြီးကြီးလမ်းသည် ပြည်လမ်းနှင့် ရှမ်းလမ်းကို ဆက်သွယ်ထားသည့် လမ်းမကြီးလည်း ဖြစ်သည်။ မကြီးကြီးလမ်းဟု ဂုဏ်ပြုမှည့်ခေါ်ခံခဲ့ရခြင်းမှာ မိမိပိုင်မြေများထဲမှ လမ်းဖောက်လုပ်ရန် မြေလှူဒါန်းခဲ့သောကြောင့် ဖြစ်သည်။ မကြီးကြီးသည် မိဘဘိုးဘွားများ လက်ထက်ကပင် ချမ်းသာကြွယ်ဝခဲ့သူ ဖြစ်သည်။

မိဘဆွေမျိုး[ပြင်ဆင်ရန်]

၁၈၇၀ ပြည့်နှစ်၊ အောက်တိုဘာလတွင် ဦးရိုး၊ ဒေါ်ရွှေသီး တို့မှ ဖွားမြင်သည်။ ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်အတွင်း ထင်ရှားသည့် ဦးကြွယ်ဟိုးလမ်း ဟု ဂုဏ်ပြုခေါ်ခံရသူ သင်္ကန်းပရိက္ခရာ တိုက်ပိုင်ရှင် ဦးကြွယ်ဟိုး နှင့် ဒေါ်စုံ တို့မှာ မကြီးကြီး၏ ဘိုးဘွားများ ဖြစ်သည်။

ပိုင်မြေများ[ပြင်ဆင်ရန်]

ပိုင်ဆိုင်သော မြေဧက ၄၀ ခန့်ပင်ရှိသည်။ မုန့်လုပ်ဆောင်းကုန်း၊ ဝေဠုဝန်၊ စိန့်မေရီကျောင်း၊ ပြည်တော်သာ တိုက်ခန်း၊ ကမာရွတ် အထိ ပိုင်ဆိုင်သည်။ မြေယာ အများအပြား ပိုင်ဆိုင်သော်လည်း အများအကျိုးအတွက် လှူဒါန်းခဲ့သူ ဖြစ်သည်။ ရွှေတိဂုံ စေတီတော်ကို ၁၀ ဧက လှူဒါန်းဖူးသော်လည်း စေတီတော် နှင့် ဝေးကွာသည့် အတွက် လူနေရပ်ကွက်များ ဖြစ်သွားခဲ့သည်။ ဟံသာဝတီ ဘူတာ ဘက်တွင် စာသင်ကျောင်းတစ်ကျောင်း ဆောက်လုပ်လှူဒါန်းပြီး ကျောင်းအုပ် အဖြစ်လည်း တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

ဦးကြာညွန့် နှင့် လက်ဆက်ကာ ဦးကျော်စိန်၊ ဆာမောင်ကြီး ကတော် ဖြစ်လာပြီး လေဒီမောင်ကြီး ဟု ထင်ရှားသူ ဒေါ်ဧရီ၊ ဒေါ်ထားတင် တို့ကို ဖွားမြင်ခဲ့သည်။ ဒေါ်ကြီးကြီးသည် အသက် (၈၂)နှစ်အရွယ် ၁၉၅၂-ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ သမီး ဒေါ်ဧရီနှင့် ခင်ပွန်း ဆာမောင်ကြီးတို့မှ ဒေါ်ခင်ဆွေအေး၊ ဦးမျိုးအောင်၊ ဒေါ်ခင်ဆွေတင့်၊ ဒေါ်ခင်ဆွေစစ်တို့ကို ဖွားမြင်ခဲ့သည်။ သမီးများဖြစ်ကြသော ဒေါ်ခင်ဆွေအေးသည် ဦးသန်းတင်နှင့်၎င်း၊ ဒေါ်ခင်ဆွေတင့်သည် ဒေါက်တာကြည်ပေါနှင့်၎င်း၊ ဒေါ်ခင်ဆွေစစ်သည် ဆေးတပ်မှူးကြီး ဒေါက်တာကျော်စိန်ထွန်းနှင့်၎င်း လက်ထပ်ခဲ့ကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. တင်နိုင်တိုး (၂၀၁၂၊ စက်တင်ဘာ)။ ကိုလိုနီခေတ် ထင်ပေါ်ကျော်ကြား မြန်မာအမျိုးသမီးများ။ မဇ္ဈိမစာစဉ် ၇၀။ မဇ္ဈိမစာပေ၊ ၂၃၇၊ ၃၉လမ်း၊ ရန်ကုန်။ |year= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)