သွင်၊ ဦး ဆာ

ဝီကီပီးဒီးယား မှ
(ဆာဦးသွင် မှ ပြန်ညွှန်းထားသည်)
Jump to navigation Jump to search
ဆာ
ဦးသွင်
SarUThwin.gif
စက်သူဌေး ဆာဦးသွင်
မွေးဖွားဦးသွင်
နိုင်ငံလူမျိုးမွန်ဗမာလူမျိုး
အခြား အမည်များစက်သူဌေးဦးသွင်၊ ဆာဦးသွင်
နိုင်ငံသားမြန်မာနိုင်ငံ
ပညာရေးအက်(ဖ)အေ
အလုပ်အကိုင်ဆန်စက်
အိမ်ထောင်ဖက်(များ)ဒေါ်သိန်း
သားသမီးဒေါ်ခင်ခင်ကြီး
ရရှိသည့်ဆုများသတိုးသီရိသုဓမ္မဘွဲ့၊ ထိုင်းဘုရင်ချီးမြှင့်သည့် အော်ဒါအော့ဖ် ကရောင်း (ပထမဆင့်) ဘွဲ့တံဆိပ်
စက်သူဌေး ဆာဦးသွင် (၁၈၇၈- ၁၉၆၆)

ဦးသွင် (မြန်မာနှစ် ၁၂၄ဝ-၁၃၂၇၊ ခရစ်နှစ် ၁၈၇၈- ၁၉၆၆) ကို မြန်မာသက္ကရာဇ် ၁၂၄ဝ ပြည့်နှစ် နတ်တော်လပြည့်ကျော် ၅ရက်နေ့ (၁၈၇၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက် သောကြာနေ့) တွင် မွန်လူမျိုး အဘဦးဖန် (အချို့စာအုပ်များတွင် ဦးဖလ်ဟု ရေးသားကြသည်)၊ အမိဒေါ်ယဉ်တို့မှ မော်လမြိုင်မြို့ ၌ ဖွားမြင်သည်။ မွေးချင်းသုံးယောက်တွင် အကြီးဆုံးဖြစ်ပြီး ညီဖြစ်သူမှာ မော်လမြိုင် လျှပ်စစ်ဓာတ်မီး သူဌေး ဦးအုန်းဖေ၊ ညီမမှာ စက်ရှင်မင်းကြီးကတော် ဒေါ်နှင်းအိ ဖြစ်သည်။

ဦးသွင်သည် မော်လမြိုင် တောင်လေးလုံးဘုန်းကြီးကျောင်းတိုက်၊ စိန့်ပတ်ထရစ်ကျောင်း၊ ရန်ကုန် အစိုးရအထက်တန်းကျောင်း၊ ရန်ကုန်ကောလိပ်တို့တွင် ပညာသင်ခဲ့သည်။ ထို့နောက် ရန်ကုန်ကောလိပ်တွင် ပညာသင်ကြားရာ ခရစ်နှစ် ၁၉ဝ၁-ခုတွင် အက်(ဖ)အေစာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့၏။ ၁၉၀၁-၂ ခုနှစ်အတွင်းတွင် အစိုးရပညာရေးဌာနသို့ ဝင်ရောက်ကာ ပညာအုပ်အဖြစ် အမှုထမ်းခဲ့သည်။ ၁၉ဝ၂-ခုနှစ်တွင် ပညာအုပ်အလုပ်မှ နုတ်ထွက်ပြီးနောက် မော်လမြိုင်မြို့တွင် ဆန်စက်ပိုင်ရှင်အဖြစ်ဖြင့် လည်းကောင်း၊ လျှပ်စစ်ဓာတ်အား ကုမ္ပဏီပိုင်ရှင်အဖြစ်ဖြင့် လည်းကောင်း၊ စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။ ထို့နောက် ရန်ကုန်သို့ ပြောင်း၍ ရန်ကုန်တဖက်ကမ်း ခနောင်တို၌ ဆန်စက်တည်ကာ ဆန်ရောင်းဝယ်ရေး လုပ်သည်။ ဆန်ဈေးအတက်အကျ ခန့်မှန်းရာတွင် တိကျ မှန်ကန်လှသူ ဖြစ်သည်။ ဆန်အရောင်းအဝယ်ကို မလေးကျွန်းဆွယ်နှင့် စင်ကာပူသို့ သွားရောက် လုပ်ကိုင်ခဲ့ရာ ဆန်ဝိဇ္ဇာဟု ထင်ရှားခဲ့သည်။

တိုင်းပြည်အကျိုးပြုလုပ်ငန်းများ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံအမျိုးသား အာမခံကုမ္ပဏီလီမိတက်၏ အုပ်ချုပ်သူလူကြီးများအဖွဲ့တွင်လည်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ရန်ကုန်မြို့၌ ၁၉၁၁-ခုနှစ်တွင် သူရိယသတင်းစာတိုက်ကို စတင်တည်ထောင်သောအခါ ဦးသွင်သည် သတင်းစာတိုက်တည်ထောင်သူများတွင် တစ်ဦးအပါအဝင်ဖြစ်သည့်အပြင် သူရိယသတင်း စာတိုက်အုပ်ချုပ်သူလူကြီးများအဖွဲ့၏ ပထမဆုံးဥက္ကဋ္ဌအဖြစ်လည်း ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရပေသည်။ ဦးသွင်သည် ရန်ကုန်မြို့ အတွင်းဝန်များရုံးကို ကျောင်းသားတို့ဝိုင်းဝန်းကြသည့် အရေးအခင်းတွင် ကျောင်းသားများကို ပုလိပ်တို့ ရိုက်နှက်သည့်အမှု စုံစမ်းရေးကော်မတီတွင် လည်းကောင်း၊ အစိုးရအမှုထမ်းတို့ လာဘ်စားမှုကော်မတီတွင်လည်းကောင်း၊ ရန်ကုန်တက္ကသိုလ် ထောက်ပံ့ရေးအဖွဲ့တွင် လည်းကောင်း၊ မြန်မာနိုင်ငံအဆုတ်ရောဂါနှင့် အနာကြီးရောဂါ ပပျောက်ရေးအသင်းတွင် လည်းကောင်းပါဝင်ကာ တိုင်းပြည်၏အကျိုးကိုသယ်ပိုး ရွက်ဆောင်ခဲ့ပေသည်။ ၁၉၁၄ ခုနှစ်တွင် ပထမကမ္ဘာစစ်အတွင်းက မြန်မာပြည်အစိုးရသည်ဆန်စပါး ရောင်းဝယ်ရေးကို ချုပ်ကိုင်လိုက်ရာမှ ဥရောပတိုက်သား ဆန်စက်ပိုင်ရှင်ကြီးများသာ အကျိုးခံစားခွင့် ရကြလေရာ ဦးသွင်သည် ဆန်စက်ငယ်များအသင်းကို တည်ထောင်ပြီးလျှင် အစိုးရကို အတိုက်အခံပြုခဲ့၏။ ထိုသို့ဆောင်ရွက်ခဲ့ခြင်းကြောင့် မြန်မာ့တောင်သူလယ်သမားတို့ အကျိုးခံစားခဲ့ကြရပေသည်။

ထို့ပြင် ၁၉၂၄ ခုနှစ်မှ ၁၉၄၁ ခုနှစ်အတွင်း ရန်ကုန်ဆိပ်ကမ်းအုပ်ချုပ်ရေးအဖွဲ့တွင် အဖွဲ့ဝင်၊ ရန်ကုန်စည်ပင်သာယာရေးအဖွဲ့တွင်အဖွဲ့ဝင်၊ မြန်မာပြည် ဘိလတ်မြေကုမ္ပဏီလီမိတက်၏အုပ်ချုပ်သူ လူကြီး၊ မြန်မာပြည်ဆိုင်ရာ အိန္ဒိယသီးသန့်ဘဏ်လီမိတက်၏ အုပ်ချုပ်သူလူကြီး၊ မြန်မာပြည်ကုန်သည်ကြီးများအသင်း၏ ဥက္ကဋ္ဌစသည့် တာဝန်များကိုလည်း ထမ်းဆောင်ခဲ့ပေသည်။ မြန်မာပြည်ဥပဒေပြုလွှတ်တော် အထက်လွှတ်တော်အမတ် (၁၉၃၇-၁၉၄၁) အဖြစ်လည်းရွေးကောက်တင်မြှောက် ခြင်းခံခဲ့ရ၏။ ဦးသွင်သည် စီးပွားကုန်သွယ်မှုလုပ်ငန်းများတွင် ကျွမ်းကျင်သူဖြစ်၍ မြန်မာလူမျိုးကုန်သည်တို့၏ ဦးစီးဦးကိုင်ပုဂ္ဂိုလ်ကြီး ဖြစ်ခဲ့ပေသည်။ မြန်မာလူမျိုးတို့သည် ကုန်သွယ်ဖောက်ကားခြင်းအမှု၌ ထိုးထွင်းဉာဏ်ထက်သန်ခြင်း မရှိဟူ၍လည်းကောင်း၊ စွမ်းစွမ်းတမံ လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်း မရှိဟူ၍လည်းကောင်း၊ နိုင်ငံခြားသားတို့က အထင်သေးခဲ့ကြရာ ဦးသွင်၏ဆောင်ရွက်ချက်များက ထိုအထင်သေးမှုကို ပျက်ပြားစေခဲ့သည်။

ဦးသွင်သည် ၁၉၄၁-ခုနှစ်တွင် ဗြိတိသျှအစိုးရက ချီးမြှင့်ခဲ့သော ဆာဘွဲ့ကိုရရှိခဲ့သဖြင့် ဆာဦးသွင် ဟူ၍ ထင်ရှားလေသည်။ ဦးသွင် ဆာဘွဲ့ရရှိခြင်းမှာ ဗြိတိသျှအစိုးရအမှုတွင် ကျိုးနွံစွာ ထမ်းဆောင်ခဲ့ခြင်းကြောင့်မဟုတ်၊ ဗြိတိသျှအစိုးရ၏အထူးထူးသောကျေးဇူးဂုဏ်ကို တိုးပွားအောင် ဆောင်ရွက်ခြင်းကြောင့်လည်း မဟုတ်ပေ။ တိုင်းသူ ပြည်သားတို့၏ အားထားယုံကြည်ခြင်းကိုခံယူရရှိခြင်း၊ သစ္စာသမာဓိနှင့်ပြည့်စုံခြင်း၊ အဂတိတရားလေးပါး မလိုက်စားခြင်း စသည့်ဂုဏ်ပုဒ်များကို လေးစားအသိအမှတ်ပြုသောအားဖြင့်ဦးသွင်ကို ဗြိတိသျှအစိုးရက ဆာဘွဲ့ပေးအပ်ခဲ့ခြင်းဖြစ်၏။

ဦးသွင်သည် ၁၉၁ဝ ပြည့်နှစ်ခန့်မှစ၍ ဝံသာနုလုပ်ငန်းများတွင်လည်း ပါဝင်ဆောင်ရွက်ခဲ့ပေသည်။ မြန်မာပြည်တွင်အစိုးရအရာရှိများကို ရှိခိုးဦးနှိမ်ရသောအလေ့၊ အစိုးရအရာရှိတို့ရှေ့မှောက်တွင် ဖိနပ်ချွတ်ရသောအလေ့၊ စသည်အလေ့ဆိုးများကို ပပျောက်အောင် ခုခံတိုက်ခိုက်ခဲ့၏။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသပိတ်ကြီး ဖြစ်ပွားစဉ်ကလည်း နှစ်ဦးနှစ်ဖက် တင်းမာလျှက်ရှိသော အခြေအနေကို ဦးသွင်ကိုယ်တိုင်စေ့စပ်ဖြန်ဖြေ၍ ငြိမ်းအေးစေခဲ့ပေသည်။ အမျိုးသားတက္ကသိုလ် တည်ထောင်ရေးတွင်လည်း ငွေကြေးမတည် လှူဒါန်းခဲ့ပါသည်။ ဆာဦးသွင် သည် မြို့မကျောင်းဆောက်လုပ်ရေးအတွက် ငွေကြေး မ တည် လှူဒါန်းခဲ့သည်။၁၉၃ရ ခုနှစ်တွင်ကျင်းပသော ဆဌမမြောက် ဂျော့ဘုရင်၏ဘိသိက်ပွဲသို့တက်ရောက်ရန်အတွက် ဦးသွင်သည် အစိုးရအရာရှိ မဟုတ်သူ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရပေသည်။ ၁၉၄၆ ခုနှစ်တွင် ကန္နီစာချုပ် ချုပ်ဆိုရန် သီဟိုဠ် (သီရိလင်္ကာ) သို့ သွားရောက်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ကိုယ်စားလှယ်တော်အဖွဲ့ကို ခရီးစရိတ် ငွေတသောင်း လှူဒါန်းခဲ့သည်။ ဦးသွင်သည်မြန်မာပြည်၏ ပထမဆုံး နိုင်ငံရေးအသင်းကြီး ဖြစ်သော မြန်မာပြည်သဟာယအသင်းကို စတင်တည်ထောင်သူဖြစ်၍ အသင်း၏ပထမဆုံးဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်ခဲ့၏။ ဂျပန်ခေတ် (၁၉၄၃-၄၅) တွင် မြန်မာအစိုးရ အတိုင်ပင်ခံအဖွဲ့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် မော်လမြိုင်မြို့ မွန်အမျိုးသား အထက်တန်းကျောင်း တည်ဆောက်ရေး အဖွဲ့ ဥက္ကဋ္ဌ၊ ရန်ကုန်မြို့ မြို့မ မိန်းကလေးကျောင်း တည်ဆောက်ရေး အဖွဲ့ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သည်။

သာသနာအကျိုး[ပြင်ဆင်ရန်]

ဆာဦးသွင်သည် ဘာသာရေးလုပ်ငန်းများကိုလည်း အားပေးဆောင်ရွက်ခဲ့၏။ ရွှေတိဂုံစေတီတော်၏ ဘဏ္ဍာတော်ထိန်း လူကြီးတစ်ဦးဖြစ်သည်သာမက မဟာဗောဓိအသင်း၏ ဒုတိယဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်ခဲ့ပေသည်။ အိန္ဒိယနိုင်ငံ ဗာရာဏသီ၊ မိဂဒါဝုန်၌ ဓမ္မာရုံတည်ဆောက်လှူဒါန်းခြင်း၊ ဂျပန်နိုင်ငံ မိုဂျီမြို့ရှိ ကမ္ဘာအေးစေတီတော်အတွက် စိန်ဖူးတော်လှူဒါန်းခြင်းစသည့် နိုင်ငံခြားသာသနာပြု လုပ်ငန်းများကိုလည်းလုပ်ကိုင်ခဲ့သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက်တွင် ဦးသွင်သည် ဆဋ္ဌသင်္ဂါယနာဖြစ်မြောက်ရေးအဖွဲ့၊ မြန်မာနိုင်ငံ ဗုဒ္ဓသာသနာ့ကောင်စီ၊ တိပိဋကဓရ ရွေးချယ်ရေးအဖွဲ့ စသည်တို့တွင် ပါဝင်ကာ သာသနာရေးရာတာဝန်များကို ထမ်းဆောင်ခဲ့သည်။

ဆုတံဆိပ်များ[ပြင်ဆင်ရန်]

၁၉၅ဝ ပြည့်နှစ်တွင် သတိုးသီရိသုဓမ္မ ဘွဲ့ကိုရရှိခဲ့၏။ ၁၉၅၅ ခုနှစ်တွင် ယိုးဒယားဘုရင်၏ အော်ဒါအော့ဖ် ကရောင်း (ပထမဆင့်) ဘွဲ့တံဆိပ်များ ချီးမြှင့်ခံရသည်။[၁] သတိုးသီရိသုဓမ္မဆာဦးသွင်သည် အသက် ၈၈ နှစ်အရွယ် ၁၃၂၇ ခုနှစ်တပို့တွဲလဆန်း ၁၂ ရက်၊ ၁၉၆၇ ခုနှစ် ဖေဖေါ်ဝါရီလ ၂ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့လေသည်။[၂]

အိမ်ထောင်ရေး[ပြင်ဆင်ရန်]

၁၉၁၁ ခုနှစ်တွင် ရန်ကုန်မြို့ ဦးဖေ၊ ဒေါ်မိန်းကလေး တို့၏ သမီး မသိန်းနှင့် လက်ထပ်သည်။ သမီး ဒေါ်ခင်ခင်ကြီး (တရားလွှတ်တော် ဝန်ကြီး၊ အိုင်စီအက်စ် ဦးစံမောင်) ထွန်းကားသည်။

အခြားသူများ၏ ချီးမွမ်းခန်း[ပြင်ဆင်ရန်]

"ကိုလိုနီခေတ် မြန်မာ့ စီးပွားရေး လောက၌ ထင်ရှားသည်။ ဆန်လုပ်ငန်း ကျွမ်းကျင်သူ ဆန်စက်ပိုင်ရှင်၊ မြန်မာကုန်သည်ကြီးများ အသင်း(မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း)ကို စတင် တည်ထောင်သူ၊ မြန်မာကုန်သည်လောကကို ဦးဆောင်သည့် စီးပွားရေးလုပ်ငန်းရှင် တဦး ဖြစ်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး လှုပ်ရှားမှုများတွင် မြို့မိမြို့ဖတဦး အဖြစ် ပါဝင်၍ အစိုးရနှင့် ပြည်သူ နှစ်ဦးစလုံး၏ ယုံကြည် ကိုးစားခြင်းခံရသူ ဖြစ်သည်။ ဆာဘွဲ့ ချီးမြှင့်ခံရခြင်းနှင့် ပတ်သက်၍ 'ဦးသွင်သည် ဗြိတိသျှ အစိုးရ၏ အမှုကို ကျိုးနွံစွာ ထမ်းဆောင်ခြင်း၊ ဗြိတိသျှတို့၏ အကျိုးစီးပွား ဂုဏ်ကျေးဇူးကို တိုးပွားအောင် ဆောင်ရွက်ခြင်းတို့ကြောင့် ဆာဘွဲ့ ပေးခံရခြင်း မဟုတ်။ တိုင်းသူပြည်သားများ၏ အားထား ယုံကြည်မှုခံရခြင်း၊ သစ္စာ သမာဓိနှင့် ပြည့်စုံခြင်း၊ အဂတိ မလိုက်စားခြင်း စသည့် ဂုဏ်များကြောင့်သာ ဖြစ်သည်' ဟု ဒီးဒုတ်ဂျာနယ်က မှတ်တမ်းတင်ခဲ့ပါသည်"


ကိုးကား[ပြင်ဆင်ရန်]

  1. မောင်ဇေယျာ (မတ် ၂၀၁၀). မြန်မာလူကျော် ၁ဝဝ (ပထမအုပ်) စာအုပ်. UNITY စာပေ။ 
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)