ဖြူးဆရာတော်

ဝီကီပီးဒီးယား မှ
ဖြူးဆရာတော်
ဦးနရပတိ
ဘာသာဗုဒ္ဓဘာသာ
ဘာသာအုပ်စုထေရဝါဒ
ဓမ္မအမည်နရပတိ
ပုဂ္ဂိုလ်ရေးရာ
နိုင်ငံသား/လူမျိုးဗမာ
မွေးဖွားမောင်သိန်းအောင်
(1942-02-07)ဖေဖော်ဝါရီ ၇၊ ၁၉၄၂
ပင်စိမ်းကင်းကျေးရွာ၊ ရေဦးမြို့နယ်၊ ရွှေဘိုခရိုင်
ကွယ်လွန်နိုဝင်ဘာ ၂၄၊ ၂၀၀၉(2009-11-24) (အသက် ၆၇)
ရန်ကုန်မြို့
ကွယ်လွန်ရသည့် အကြောင်းရင်းကျောက်ကပ်ရောဂါ
ရာထူး တာဝန်
ဂုဏ်ဒြပ်နိုင်ငံကျော် ဓမ္မကထိက
သာသနဓဇ ဓမ္မာစရိယ
ဓမ္မကထိက ဗဟုဇနဟိတဓရ
ပဓာနနာယက ဆရာတော်

ဖြူးဆရာတော် ဘဒ္ဒန္တနရပတိသည် ပြည်တွင်းပြည်ပ မဟာစည်နာယက၊ ဖြူးမဟာစည်ရိပ်သာနှင့် ရန်ကုန်ဓမ္မရက္ခိတဖြူးမဟာစည်ရိပ်သာ ပဓာနနာယက ဆရာတော် ဖြစ်သည်။

ထေရုပ္ပတ္တိအကျဉ်း[ပြင်ဆင်ရန်]

မြန်မာသက္ကရာဇ် ၁၃၀၃ (ခရစ်နှစ် ၁၉၄၂ ခုနှစ်) တပို့တွဲလပြည့်ကျော် ၈ ရက် စနေနေ့ (၇ ဖေဖော်ဝါရီလ ၁၉၄၂) တွင် မြန်မာနိုင်ငံအထက်ပိုင်း ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် ပင်စိမ်းကင်းကျေးရွာတွင် အဖ ဦးဘလွင်၊ အမိ ဒေါ်မေတို့မှ မွေးဖွားသည်။ ငယ်အမည်မှာ မောင်သိန်းအောင်ဖြစ်သည်။ ငယ်စဉ်ကပင် မိဘ ၂ ပါးစလုံး ကွယ်လွန်သွားခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် ရွာဦးကျောင်းဆရာတော် ဘိုးလေးတော်သူ ဦးသုန္ဒရထံတွင် ဘုန်းတော်ကြီးကျောင်းပညာရေးကို သင်ယူသည်။ မြန်မာသက္ကရာဇ် ၁၃၁၂ (ခရစ်နှစ် ၁၉၅၁ ခုနှစ်) တွင် စစ်ကိုင်း လေးကျွန်း သာယာချောင် ဆရာတော် ဦးဇောတဝရအား ဥပဇ္ဈာယ်ပြု၍ ဆရာကြီး ဒေါ်ပညာသိင်္ဂီ (သာသနဓဇ သီရိပဝရ ဓမ္မာစရိယ)၏ ပစ္စည်းလေးပါးဖြင့် ရှင်သာမဏေပြုခဲ့သည်။ ကိုရင်ဘဝကပင် အစိုးရ ပထမငယ်တန်း အောင်မြင်သည်။ ၁၉၅၆ ခုနှစ်တွင် အစိုးရ ပထမလတ်တန်း အောင်မြင်သည်။ ၁၉၅၇ ခုနှစ်တွင် အစိုးရ ပထမကြီးတန်း အောင်မြင်သည်။ ၁၉၅၈ ခုနှစ်တွင် ဓမ္မာစရိယစာမေးပွဲ ၁ ကျမ်းအောင်မြင်သည်။ ၁၉၆၂ ခုနှစ်တွင် ဓမ္မာစရိယ ၂ ကျမ်း ထပ်မံအောင်မြင်၍ သာသနဓဇ ဓမ္မာစရိယဘွဲ့ ရသည်။ ငယ်-လတ်-ကြီး အတန်းများကို အကျအရှုံးမရှိ (၁၅ နှစ်သားဘဝ၊ ၁၆ နှစ်သားဘဝ၊ ၁၇ နှစ်သားဘဝ ဖြင့်) အောင်မြင်ခဲ့သည်မှာ ယနေ့ကိုရင်လေးများ စံနမူနာယူစရာ ဖြစ်သည်ဟုဆိုသည်။ ထိုနှစ်တွင်ပင် စစ်ကိုင်းတောင် လေးကျွန်းသာယာချောင်၌ စာပေများပို့ချခဲ့သည်။

၁၉၆၃ ခုနှစ်တွင် မန္တလေးမြို့၌ ဥပုသ်ဇရပ်တရားပွဲ၊ အလှူတရားပွဲများ ဟောကြားသည်။ ၁၉၆၆ ခုနှစ်တွင် မန္တလေးမြို့၊ ဥပုသ် တော်ကုန်းရပ် ဒေါ်သောင်းစိန်၊ ဒေါ်မမတို့၏ ပစ္စယာနုဂ္ဂဟဖြင့် ရဟန်းဘဝသို့ရောက်ရှိခဲ့သည်။ မန္တလေး မြတောင်ကျောင်းတိုက် ရွှေဝါဝင်းကျောင်းဆရာတော်နှင့် မန္တလေး ပေါက်မြိုင်ဆရာတော် ဆရာမြတ် ၂ ပါးတို့၏ ကျေးဇူးတော်များမှာလည်း လွန်စွာကြီးမားခဲ့ကြောင်း ဆရာတော်မကြာခဏမိန့်ကြားခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် ပခုက္ကူမဟာဝိသုတာ ရာမတိုက်သို့ ရောက်ရှိခဲ့ပြီး တိပိဋကဓရ ဆရာတော် ဦးနေမိန္ဒထံတွင် ပိဋကတ်သုံးပုံ နိကာယ် ငါးရပ်တို့ကို ကျမ်းကြီးပေါက်အောင် သင်ယူခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် မြင်းခြံမြို့ရှိ မဟာစည်ရိပ်သာသို့ ကြွရောက်ပြီး တရားများအားထုတ်ကာ ဓမ္မကထိက တာဝန်ယူခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးကိုယ်တိုင် မြင်းခြံမှခေါ်ယူပြီး မဟာစည်ရိပ်သာပူဇော်ပွဲတွင် ဦးနရပတိအား ပလ္လင်ပေါ်တက်ပြီး တရားဟောစေခဲ့သည်။ ၆ လကြာ နယ်လှည့်ဓမ္မကထိက တာဝန်ယူခဲ့သည်။ နောက်တစ်နှစ်တွင် ဖြူးမြို့၊ ပင်စင်လမ်း မဟာစည်ရိပ်သာ၌ ပဓာန နာယက ကမ္မဋ္ဌာနာစရိယအဖြစ် မဟာစည်ဆရာတော်ကြီးမှ အပ်နှင်းတော်မူခဲ့သည်။ ၁၉၇၇ ခုနှစ်မှစ၍ ဖြူးမြို့၊ မဟာစည်ရိပ်သာတွင် သီတင်းသုံးတော်မူခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ ဓမ္မကထိက ဗဟုဇနဟိတဓရဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခဲ့သည်။ ထိုင်းမလေးရှားစင်ကာပူဩစတေးလျဂျပန်အင်္ဂလန်ကနေဒါအမေရိကန်အိန္ဒိယနီပေါသီရိလင်္ကာနိုင်ငံများသို့ကြွကာ တရားဟော တရားပြတော်မူခဲ့သည်။ ကျမ်းပြုစုခဲ့သည်မှာ ၁၃ ကျမ်းဖြစ်ပြီး တရားတော် ၁၅၀ ပုဒ်ကို မှတ်တမ်းတင် ပြုစုထားနိုင်ခဲ့သည်။

ပျံလွန်တော်မူခြင်း[ပြင်ဆင်ရန်]

ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် သွားရောက်ဆေးကုခဲ့သည်။ ထိုင်းနိုင်ငံတွင် နောက်ဆုံးအခေါက် ဆေးကုသရာ၌ တစ်နေ့လျှင် ဘတ် ၁ သိန်း (မြန်မာငွေ ကျပ် သိန်း ၃၀)၊ တစ်လကြာသောကြောင့် ဘတ် သိန်း ၃၀ (မြန်မာငွေ ကျပ် သိန်း ၁,ဝ၀ဝ) ကုန်ကျခဲ့သည်။ ထို့အပြင် ရန်ကုန်မြို့၊ အာရှတော်ဝင်ဆေးရုံတွင် ဆေးကုသခံယူရင်း မြန်မာသက္ကရာဇ် ၁၃၇၁ (ခရစ်နှစ် ၂၀ဝ၉ ခုနှစ်) နိုဝင်ဘာလ ၂၄ ရက်၊ အင်္ဂါနေ့ နံနက် ၆:၅၀ မိနစ်၊ သက်တော် ၆၉ နှစ်၊ သိက္ခာတော် ၄၉ ဝါတွင် ဘဝနတ်ထံ စံလွန်တော်မူခဲ့သည်။ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး (အငြိမ်းစား) ဦးညွန့်ဆွေ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်သိန်း၊ နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူ (ရုပ်ရှင်မင်းသား) စသော ပုဂ္ဂိုလ်များ၊ လှူဒါန်းကြသော ကျောင်းဒကာ ကျောင်းအမများ၊ တပည့်ယောဂီများ၊ စေတနာရှင်များကလည်း အဘက်ဘက်မှ ပံ့ပိုးခဲ့ကြသည်။ ဒယ်အိုးဆရာတော် ဦးသုမင်္ဂလ မှလည်း ဆရာတော်ကြီး၏ ဆေးကုသစရိတ် ကျပ်သိန်း ၁၀ဝ လှူဒါန်းခဲ့သည်။ သက်တော် ၆၉ နှစ်တွင် ပျံလွန်တော်မူသည်ကို တပည့်သံဃာတော်အရှင်သူမြတ်များနှင့် ပြည်သူများက နှမြောတသလွန်စွာဝမ်းနည်းကြေကွဲလျက်ရှိကြသည်။ သာသနာရေး ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မဟာစည်သာသနာ့ရိပ်သာကြီးရှိ နုဂ္ဂဟအဖွဲ့ကြီးမှ တပည့်များကလည်း လိုအပ်သည်များကို လှူဒါန်းကူညီခဲ့ကြသည်။ ရပ်ဝေးရပ်နီးရှိ တပည့်သာဝကများ၊ ယောဂီများကလည်း လာရောက်ဂါရဝပြုခဲ့ကြသည်။

ကြွရောက်တော်မူကြသော ဆရာတော်များ[ပြင်ဆင်ရန်]

မဟာစည်နာယကဆရာတော် ဦးဇဋိလ၊ သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ မဇ္ဈိမဂုဏ်ရည်ဆရာတော် ဒေါက်တာအရှင်ကောဝိဒ၊ မန္တလေးမြတောင်ဆရာတော် အရှင်သာသနာ ဘိဝံသ (အဘိဓဇ မဟာရဋ္ဌဂုရု)၊ ပေါက်မြိုင်ဆရာတော် အရှင်အဂ္ဂဝံသာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ)၊ ၁၁ ဘွဲ့ရ ကျိုက်ထိုဆရာတော် အရှင်နန္ဒဘာသာဘိဝံသ၊ ဆရာတော် ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်)၊ တွံတေးဆရာတော် အရှင်ဣန္ဒက (ဓမ္မကထိက ဗဟုဇနဟိတဓရဘွဲ့)၊ ရွှေဘိုမင်းသုခ၊ မြစ်သားဆရာတော် ဦးဝါသဝ စသော ဆရာတော်ကြီးများ၊ မြင်းခြံ မဟာစည်ရိပ်သာဆရာတော် ဦးသုန္ဒရ (တိပိဋက)၊ ဝါခင်းကုန်း ဦးတိက္ခ၊ ပဲနွယ်ကုန်း ဦးစန္ဒာဝရ၊ ရွှေမင်းဝန် ဦးသောဘန၊ ရဝေနွယ် (အင်းဝ) စသော ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံအရပ်ရပ်ရှိ ပရိယတ္တိစာသင်တိုက်အသီးသီး၊ ရိပ်သာအသီးသီးမှ ဆရာတော်သံဃာတော်များ၊ တပည့်သံဃာတော်များ ကြွရောက်တော်မူခဲ့ကြလေသည်။ ကျေးဇူးတော်ရှင် ဖြူးဆရာတော်ကြီး၏ ဈာပနကို ဝမ်းနည်းကြေကွဲသူတို့က လမ်းအသီးသီး၊ မြို့နယ်အသီးသီးမှ ပန်းစည်းပန်းငယ်များ ပွေ့ပိုက်ထွက်လာကာ ပူဇော်ကြပြန်ပါသည်။ ရန်ကုန်မြို့လှိုင်မြို့နယ် အမှတ် (၅) ရပ်ကွက် (ကမာရွတ်ဘူတာရုံနောက်ဘက်ခြမ်း) ဓမ္မရက္ခိတဖြူးမဟာစည်ရိပ်သာမှ ရေးဝေးသုဿာန်သို့မီးသင်္ဂြိုဟ်ရန် ပင့်ဆောင်ခဲ့သောလမ်းတစ်လျှောက်တွင် ပြည်သူအများက ဆရာတော်ကြီး၏ရုပ်ကလာပ်အား နောက်ဆုံးအနေဖြင့် ဖူးမြော်ခဲ့ကြသည်။ ဆရာတော်ကြီး၏အရိုးပြာအိုးများကို ရန်ကုန်မြို့မှဖြူးမြို့သို့ ပင့်ဆောင်ပြီး ဖြူးချောင်းတွင် ပူဇော်ခဲ့ကြသည်။ ယခုအခါ ဆရာတော်ကြီး၏တူတပည့်ဖြစ်သော ပဓာန နာယက ဆရာတော် ပဓာန နာယက ကမ္မဋ္ဌာနာစရိယ ဒေါက်တာဘဒ္ဒန္တအဂ္ဂဝရ (M.A., Ph.D ဗာရာဏသီ) (ဖြူးမဟာစည်ဆရာတော်)၊ တိုက်အုပ်ဆရာတော် ဦးစန္ဒာသီရိ၊ ဆရာတော် ဦစန္ဒောဘာသ တို့က ဖြူးဆရာတော်ကြီး ပျံလွန်တော်မူသည့်နောက်ပိုင်းတွင်လည်း ဆရာတော်ကြီးချမှတ်ခဲ့သော လမ်းစဉ်အတိုင်း ယနေ့တိုင် ဆက်လက်ဆောင်ရွက်တော်မူကြလေသည်။

နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီး ဒေါက်တာအရှင်ကုမာရာဘိဝံသက ဖြူးဆရာတော်သည် ကိုယ်နှင့်အသက်ငဲ့ကွက်ညှာတာမှုမထားပဲ သာသနာတော်အရေးရှေ့တန်းပေး၍ မနားမနေ သာသနာတော်တည်တံ့ပြန့်ပွားရေး ကြီးမားသောလုံ့လဝီရိယဖြင့် နေ့ညမအားလပ်အောင် ဆောင်ရွက်တော်မူပေသည်။ ပါရမီရှင် အာဇာနည်ရဟန်းတော်တစ်ပါးဖြစ်ပေသည်ဟု ၂၀၁၀ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်နေ့ ရက်စွဲဖြင့် မှတ်ချက်ပြုခဲ့သည်။

ဆရာတော်၏ အမျိုး-ဘာသာ-သာသနာဆိုင်ရာတရားတော်များ၊ သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးတရားတော်များ၊ အယူဝါဒစင်ကြယ်ရေး ယုံကြည်မှုခိုင်မာရေးတရားတော်များ၊ လူမျိုးခြား ဘာသာခြားတို့၏ သွေးနှောဖျက်ဆီးမှု မခံကြရလေအောင် ပညာပေးလမ်းညွှန်ချက်တရားတော်များ၊ တိုင်းပြည်နှင့်လူမျိုး၏အကျိုးကို အကောင်းဆုံးဆောင်ရွက်ရေးတိုက်တွန်းချက်တရားတော်များ၊ ဟောပြောချက်များတို့သည် နှစ်ပေါင်းများစွာတိုင်အောင် ရှင်သန် ခိုင်မြဲနေမည်ဟု တပည့်များကဆိုကြသည်။[၁]

ရေးသားထုတ်ဝေခဲ့သော ဓမ္မဒါနစာအုပ်များ[ပြင်ဆင်ရန်]

  1. မီးလောင်ပြင်မှာ ပွင့်သောပန်း
  2. နတ်တို့တမ်းတ လူ့ဘဝ
  3. ဘေးလွတ်ရာသွား အို-လူသား
  4. ရတနာထိုက်တဲ့ ချစ်သမီး
  5. မဂ္ဂင်ရှစ်တန် ရထားပျံ
  6. ဝိပဿနာအကျိုး ချစ်မြတ်နိုး
  7. ဖေဏပိဏ္ဍုပမ သုတ္တန် အနိစ္စတရားတော်
  8. ပါရမီ တရားတော်
  9. သာသနာ့အောင်ပွဲ အသက်နှင့်လဲ၍
  10. မိဘကျေးဇူးမကျေ ငါမသေဘူး
  11. တရားဂုဏ်တော်ရှိပူဇော်
  12. လှသောည၏ တရားအလင်္ကာ
  13. လှူကထိန်မြတ် သင်္ကန်းရယ်နှင့် မဂ်လမ်းကိုရွယ်[၁]

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Narita သောင်းညွန့် (နာရီတာသောင်းညွန့် ) (၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလ)။ ဖြူးဆရာတော်၏ ဘဝဖြစ်စဉ် သာသနာဝင် (ပထမအကြိမ် ed.)။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)