ပံ့သကူသားစား တိရစ္ဆာန်

ဝီကီပီးဒီးယား မှ
‘ဆာခိုဖာဂါ နိုဒိုဆာ (Sarcophaga nodosa)’ ဟု သိပ္ပံအမည်ရသည့် ဆွေးမြေ့စပြုနေသည့် အသားများကို စားသုံးသော ယင်ကောင် မျိုးစိတ်။
ဟိုင်အီးနား အသေကောင် ပံ့သကူသားစားနေကြသော လင်းတကျောဖြူများ၊ လက်ပ် လင်းတများ နှင့် မာရာဘူ တောငန်းများ။

ပံ့သကူသားစား တိရစ္ဆာန်ဆိုသည်မှာ ၎င်းတို့ကိုယ်တိုင် အမဲလိုက်သတ်ဖြတ်ခြင်းကြောင့်မဟုတ်ဘဲ အကြောင်းကိစ္စတစ်ခုခုကြောင့် သေဆုံးသွားသော (သို့) အခြားသားရဲတိရစ္ဆာန်များ၏ အမဲလိုက်သတ်ဖြတ်မှုကြောင့် သေဆုံးသွားသော တိရစ္ဆာန်အသေကောင်များကို အာဟာရအလို့ငှါမှီဝဲစားသုံးသော သက်ရှိများကိုဆိုလိုခြင်းဖြစ်သည်။[၁] ပံ့သကူသားစားခြင်းဟူသည် ယေဘူယျအားဖြင့် သတ္တဝါအသေကောင်များကို စားသုံးခြင်းကိုသာ ရည်ညွှန်းလေ့ရှိသော်လည်း၊ ၎င်းသည် အသီးအရွက်စားခြင်းနှင့်လည်း သက်ဆိုင်သော စားသောက်ခြင်းဆိုင်ရာ အပြုအမူတစ်ခုလည်းဖြစ်လေသည်။[၂] တိရစ္ဆာန်အသေကောင်များနှင့် အပင်ထွက်ပစ္စည်းများကို စားသုံးခြင်းဖြင့် ပံ့သကူသားစား တိရစ္ဆာန်များသည် ဂေဟစနစ်တွင် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်နေကြသည်။ ဆွေးမြေ့စေခြင်းဖြင့် အာဟာရဖြိုခွဲပေးသည့် သက်ရှိများနှင့် ပုပ်သိုးဆွေးမြေ့နေသော အရာများကို အာဟာရအလို့ငှါ စားသုံးသော သက်ရှိများသည် ပံ့သကူသားစား တိရစ္ဆာန်များ စားသုံးပြီး၍ ကျန်ရစ်ခဲ့သော အကြွင်းအကျန်များကို စားသုံးခြင်းဖြင့် အစာကွင်းဆက် လုပ်ငန်းစဉ်တစ်ခုအား ပြီးမြောက်စေလေသည်။

ပံ့သကူသားစား တိရစ္ဆာန်များသည် ပတ်ဝန်းကျင်ရှိ စားနပ်ရိက္ခာ အရင်းအမြစ်များ၏ အတက်အကျကို ကျော်လွှားရာတွင် ကူညီပေးသည်။[၃] အသေကောင်အရွယ်အစား၊ ကျက်စားရာ ဒေသ၊ အပူချိန်နှင့် ရာသီဥတု ကဲ့သို့သော ဇီဝရပ်ဝန်းဆိုင်ရာ နှင့် ဇီဝရပ်ဝန်းဆိုင်ရာ မဟုတ်သော အချက်နှစ်ခုစလုံးမှ ပံ့သကူသားစားခြင်း လုပ်ငန်းစဉ်နှင့် နှုန်းထား အပေါ်သို့ သက်ရောက်မှုများရှိ၏။ [၄]

ကွဲပြားသည့် ပံ့သကူသားစား အမျိုးအစားများ[ပြင်ဆင်ရန်]

စပိန်နိုင်ငံတွင် လင်းတများသည် သမင်နီ အသေကောင်အား စားသုံးနေစဉ်၌ တွေ့ရပုံ

စွမ်းအင်အလွန်အကျွံမသုံးစွဲရဘဲ အာဟာရရယူနိုင်သည့် အသေကောင်ကိုရှာဖွေရန်မှာ ခက်ခဲသောကြောင့် ပံ့သကူသားကိုသာလျှင် အဓိကစားသုံးသော ကျောရိုးရှိသတ္တဝါဟူ၍ မရှိသလောက်ပင်ရှားပါးလေသည်။

လူသိများသော ပံ့သကူသားစားသည့် ကျောရိုးမဲ့သတ္တဝါ များထဲတွင် အာဟာရအလို့ငှါ ပံ့သကူသားကို အဓိကစားသုံးသည့် မွေးရာပါ ပံ့သကူသားစား တိရစ္ဆာန်များဖြစ်သော မြေတူး ပိုးတောင်မာများနှင့် ယင်ကောင်များအပြင် အဝါစင်း နကျယ်ကောင်များလည်းပါဝင်သည်။ ယင်ကောင် ပိုးလောင်းများသည် ရေချို ရေထု အောက်ခြေရှိ ပံ့သကူသား သက်ရှိ(အော်ဂဲနစ်)ပစ္စည်းများကို အဓိကစားသုံးသော ပံ့သကူသားစားများဖြစ်သည်။ ဥပမာအားဖြင့်၊ Tokunagayusurika akamusi ဆိုသည့် ခြင်ကဲ့သို့ ပုံသဏ္ဍန်ရှိသော ယင်ကောင်ငယ်များသည် ရေကန်အောက်ခြေတွင် ပံ့သကူသားစားများအဖြစ် ရှင်သန်နေထိုင်ကြပြီး အရွယ်ရောက်သည့်အခါတွင်မူ အစာအာဟာရမှီဝဲခြင်းမရှိဘဲ ရက်သတ္တပတ်အနည်းငယ်သာ ရှင်သန်ကြလေသည်(အရွယ်ရောက်သည့် ဘဝ ကာလအပိုင်းအခြားသည် မျိုးပွားရန်အတွက်သာဖြစ်သောကြောင့်)။

ပံ့သကူသားစား တိရစ္ဆာန်အများစုသည် အခြားသောနည်းလမ်းများမှတဆင့် အထူးသဖြင့် အမဲလိုက်သတ်ဖြတ်ထားခြင်းမှတဆင့် ၎င်းတို့၏ အစာအာဟာရ အများစုကို ရရှိကြခြင်းဖြစ်သည်။ ဟိုင်အီးနားများနှင့် ခွေးအများကဲ့သို့ အစာရရှိရန် အခြားသားကောင်များကို အမဲလိုက်လေ့ရှိကြသည့် ပုံမှန်အရွယ်အစားရှိသော သားရဲတိရစ္ဆာန်များသာမက ပံ့သကူသားစားခြင်းပြုလုပ်ခဲသည်ဟု မှတ်ထင်ရသော အာဖရိက ခြင်္သေ့များ၊ ကျားသစ်များနှင့် ဝံပုလွေ ကဲ့သို့ အရွယ်အစားကြီးမားသည့် သားရဲတိရစ္ဆာန်များသည်လည်း အခွင့်အလမ်းရရှိပါက ပံ့သကူသားစားလေ့ရှိကြလေသည်။ မူလအမဲလိုက်ထားသူ သားရဲတိရစ္ဆာန်များကို အနိုင်ကျင့်ခြိမ်းခြောက်ရန်အတွက် ၎င်းတို့၏ အရွယ်အစားနှင့် ရက်စက်ကြမ်းကြုတ်မှုများကိုလည်း အသုံးပြုလေ့ရှိကြသည် (သစ်ကျုတ်များသည် ဤအမှုကိစ္စမျိုးအပြုမူခံရဆုံးသော သားရဲတိရစ္ဆာန်ဖြစ်သည်)။ အင်းဆက်ပိုးကောင် အရွယ်အစားထက် ပိုကြီးမားသော ပံ့သကူသားစား တိရစ္ဆာန်အားလုံးနီးပါးသည် သားရဲတိရစ္ဆာန်မုဆိုးများဖြစ်ကြပြီး အစာအာဟာရမှီဝဲစားသုံးရန် အသေကောင် လုံလောက်စွာမရရှိခဲ့ပါက အမဲလိုက်ခြင်းအား လုပ်ဆောင်ကြမည်သာဖြစ်လေသည်။ တောခွေးများနှင့် ကျီးကန်းများသည် ကားလမ်းများပေါ်တွင် ကားဖြင့်တိုက်မိ၍ သေဆုံးသွားသော တိရစ္ဆာန်အသေကောင်များကို စားသုံး၍ အများအားဖြင့် အဆုံးသတ်ပေးလေ့ရှိကြသည်။

သေဆုံးသွားသော အပင် အစိတ်အပိုင်းများကို စားသုံးသော သတ္တဝါများထဲတွင် မြက်ခင်းများ၌ အသိုက်ဆောက်၍ စားသုံးရန်အလို့ငှါ ၎င်းအသိုက်ထဲသို့ အပင် အစိတ်အပိုင်းများကို ယူဆောင်စုဆောင်းလေ့ရှိသည့် ခြ ကဲ့သို့သော အင်းဆက်ပိုးကောင်များလည်း အပါအဝင်ဖြစ်၏။

သမိုင်းမတင်မီခေတ်ကာလများ၌ ရှင်သန်တည်ရှိခဲ့သော ‘တိုင်ရန်နိုဆောရတ်စ် ရက်ဇ် (Tyrannosaurus Rex)’ ဟုအမည်ရသည့် ဒိုင်နိုဆော သားရဲတစ်မျိုးသည် ထိုခေတ်အချိန်ကာလများ၏ ထိပ်တန်းသားရဲတိရစ္ဆာန်ဖြစ်နိုင်ပြီး ဟဒ္ဒါရိုဆောစ်စီရတ်တော့ပ်ဆီယံ ကဲ့သို့သော ဒိုင်နိုဆောများကို အမဲလိုက်လေ့ရှိကာ ထိုသို့ အမဲလိုက်ခြင်းခံရသော သားကောင်များထဲ၌ အရွယ်ရောက်စ ဆော်ရိုပေါ့များလည်း ပါဝင်နိုင်သည်ဟု သိပ္ပံပညာရှင်အများစုက ယူဆကြသော်လည်း အချို့သော ကျွမ်းကျင်ပညာရှင်များကမူ ဒိုင်နိုဆောများသည် ပံ့သကူသားစားများသာလျှင်ဖြစ်ကြောင်း အကြံပြုကြလေသည်။[၅] ၎င်း တိုင်ရန်နိုဆောရတ်စ်၏ ထိပ်တန်းသားရဲတိရစ္ဆာန်ဖြစ်ခြင်း/ မဖြစ်ခြင်းဆိုသည့် ကိစ္စရပ်အပေါ် ငြင်းခုံမှုသည် နိခါတကဗေဒပညာရပ်တွင် ကာလအရှည်ကြာဆုံး ဖြစ်ပွားလျှက်ရှိသော အငြင်းပွားမှုများထဲမှတစ်ခု ဖြစ်လေသည်။ သို့ပါသော်လည်း လက်ရှိ၌ တိုင်ရန်နိုဆောရတ်စ် (Tyrannosaurus) သည် အခွင့်ကောင်းယူတတ်သော အသားစားသတ္တဝါဖြစ်ပြီး အများစုမှာ သားရဲတိရစ္ဆာန်အဖြစ် အခြားတိရစ္ဆာန်များကို အမဲလိုက်လေ့ရှိသော်လည်း တတ်နိုင်သမျှ ပံ့သကူသားစားခြင်းကိုသာ ပြုလုပ်လေ့ရှိခဲ့ကြသည်ဟု ပညာရှင်အများစုက သဘောတူလက်ခံခဲ့ကြပြီးဖြစ်လေသည်။[၆][၇]

ဂေဟဗေဒဆိုင်ရာ လုပ်ဆောင်မှု[ပြင်ဆင်ရန်]

ပံ့သကူသားစား တိရစ္ဆာန်များသည် ဆွေးမြေ့နေသောသက်ရှိများကို ဖယ်ရှားပေးခြင်းဖြင့် သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေးကို လုပ်ဆောင်ပေးသောကြောင့် ဂေဟစနစ်တွင် အခြေခံကျသော အခန်းကဏ္ဍမှပါဝင်နေကြလေသည်။[၈][၉]

ရောဂါဘယ ကူးစက်ခြင်း[ပြင်ဆင်ရန်]

ပံ့သကူသားစားမှုသည် တိရစ္ဆာန်များအကြားတွင် ရောဂါဘယကူးစက်မှုအား တိုက်ရိုက်အဖြစ်ရော သွယ်ဝိုက်၍ပါ ဖြစ်ပွားစေနိုင်စွမ်းရှိသည်။[၁၀] ရောဂါပိုးမွှားရှိသည့် ပံ့သကူသား အသေကောင်များကို စားသုံးသော တိရစ္ဆာန်များသည် အချို့သော ရောဂါပိုးမွှားများကို သယ်ဆောင်သူဖြစ်လာနိုင်ပြီး အကျိုးဆက်အနေဖြင့် ကိုယ်တိုင်ပါ ကူးစက်ခံရနိုင်ခြေရှိလာနိုင်လေသည်။[၁၀] ဤဖြစ်စဉ်၏ သာဓကတစ်ခုမှာ ကူးစက်ခံထားရသည့် အသေကောင်များကို စားသုံးသော ပံ့သကူသားစားများကြောင့် တီဘီရောဂါ ကူးစက်မှုနှုန်းတိုးလာခြင်းဖြစ်သည်။[၁၁] အလားတူဖြစ်စဉ် နောက်တစ်ခုမှာ ခွေးရူးပြန်ရောပိုး ကူးစက်ခံထားရသည့် လင်းနို့ အသေကောင် ပံ့သကူသားများကို စားသုံးသော မြောက်အမေရိကတိုက်မှ မြွေပါမျိုးစိတ် (Mephitis mephitis) များကြောင့် အဆိုပါရောဂါပိုးကူးစက်မှုများ တိုးပွားလာခြင်းပင်ဖြစ်သည်။

ခြိမ်းခြောက်ခံနေရမှုများ[ပြင်ဆင်ရန်]

ကမ္ဘာတဝှမ်းလုံးတွင်ရှိသော ပံ့သကူသားစား တိရစ္ဆာန်အများစုသည် မျိုးသုဉ်းမှုအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရလျှက်ရှိကြ၏။[ကိုးကားချက်လိုသည်] အထူးသဖြင့် လင်းတငှက်များသည် လူသားများ၏ မယုံနိုင်လောက်အောင် နှိပ်စက်ညှဉ်းပန်းမှုနှင့် ခြိမ်းခြောက်မှုများကို ရင်ဆိုင်ခဲ့ရလေသည်။ ၂၀၀၆ ခုနှစ် ဒေသဆိုင်ရာအစိုးရများ၏ တားမြစ်ပိတ်ပင်ခြင်းမပြုမီတွင် တိရစ္ဆာန်ကုသဆေး Diclofenac ကြောင့် အာရှတိုက်တွင် ဂျစ်ပ် လင်းတများ အကောင်ရေ အနည်းဆုံး ၉၅% ဆုံးရှုံးမှုကို ဖြစ်ပေါ်စေခဲ့လေသည်။ လူဦးရေ များပြားလာခြင်း၊ လင်းတများ၏ အစားအစာ အရင်းအမြစ်များကို လူသားများမှ လွန်ကဲစွာ အမဲလိုက်ခြင်းနှင့် တိရစ္ဆာန် မွေးမြူရေးစနစ်များပြောင်းလဲမှုတို့ ကြောင့် အနောက်အာဖရိကရှိ လင်းတမျိုးစိတ်များမှာ အကောင်ရေကျဆင်းလာကာ နေရပ်ဇာတိမြေဆုံးရှုံးခြင်းနှင့် အစာရေစာ ပြတ်လပ်ခြင်းတို့ကို ဖြစ်ပေါ်စေလေသည်။ လူသားများ၏ ဖျော်ဖြေရေးတစ်ခုအနေဖြင့် အပျော်တမ်းအမဲလိုက်လေ့ရှိသော တိရိစ္ဆာန်မျိုးစိတ်များ၏ အရေအတွက်တိုးပွားလာစေရန် ၎င်းတို့ကိုအမဲလိုက်​လေ့ရှိသည့် အချို့သော သားရဲတိရစ္ဆာန်များကို အဆိပ်ခတ်ခြင်းသည် ဥရောပတွင် သမရိုးကျ အမဲလိုက်ခြင်းဆိုင်ရာ ဓလေ့တစ်ခုအဖြစ်ရှိနေဆဲဖြစ်ပြီး ထိုသို့အဆိပ်ခပ်ခြင်းကြောင့် အဆိပ်သင့်၍ သေဆုံးသွားသော အသေကောင်များကို စားသုံးသည့် လင်းတများတွင်လည်း ထပ်ဆင့်၍ အဆိပ်သင့်ခြင်းကို ဖြစ်စေလေသည်။

လူသားများအပေါ် ကောင်းကျိုးချမ်းသာဖြစ်စေမှုများ[ပြင်ဆင်ရန်]

ကြီးစိုးသော (သို့) အထွဋ်အထိပ် ပံ့သကူသားစားများ ဟူ၍ လူသိများသည့် စွမ်းဆောင်ရည်မြင့် ပံ့သကူသားစား တိရစ္ဆာန်များသည် လူသားများအပေါ် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ ပေးစွမ်းနိုင်စွမ်းရှိကြသည်။ လင်းတများကဲ့သို့ ကြီးစိုးသော ပံ့သကူသားစား တိရစ္ဆာန် အကောင်ရေ တိုးပွားလာခြင်းသည် ကြွက်ကဲ့သို့ အခွင့်ကောင်းယူတတ်သည့် အကောင်ငယ် ပံ့သကူသားစား အရေအတွက်အား ကျဆင်းစေနိုင်၏။[၁၂] ထိုအကောင်ငယ် ပံ့သကူသားစား တိရစ္ဆာန်များသည် များသောအားဖြင့် ကူးစက်ရောဂါပိုးမွှားများ သယ်ဆောင်ခြင်းနှင့် ရောဂါဘယများဖြစ်ပွားစေခြင်းကို ဖြစ်စေနိုင်ကြသည်။

လူသားများအတွင်း၌[ပြင်ဆင်ရန်]

ဒုတိယကမ္ဘာစစ်အတွင်း (ဘာလင်တိုက်ပွဲအပြီး)၊ Tempelhof borough ရှိ Manfred-von-Richthofen-Straße ဒေသတွင် ဒုတိယကမ္ဘာစစ်အတွင်း မြင်းအသေကောင်တစ်ကောင်အား စားသုံးရန်အလို့ငှါ ယူဆောင်နေကြသော အမျိုးသားများ

၁၉၈၀ ခုနှစ်များတွင် လူးဝစ် ဘင်ဖို့ဒ် (Lewis Binford) ဟုအမည်ရသော ရှေးဟောင်းသုတေသနပညာရှင်တစ်ဦးက အစောပိုင်းခေတ်ကာလများ၌ လူသားများသည် အမဲလိုက်ခြင်းမှမဟုတ်ဘဲ ပံ့သကူသားစားခြင်းကဲ့သို့ အခြားသောနည်းလမ်းများမှနေ၍လည်း အသားများကို အဓိကရရှိခဲ့ကြောင်း အဆိုပြုခဲ့ဖူးသည်။[၁၃] ၂၀၁၀ ခုနှစ်တွင် ဒန်းနစ် ဘရမ်ဘဲလ် (Dennis Bramble) နှင့် ဒန်နီယယ် လိုင်ဘာမန် (Daniel Lieberman) ဆိုသည့် ပညာရှင်နှစ်ဦးကလည်း အစောပိုင်းကာလများမှ အသားစားသည့် လူသား ဘိုးဘေးများတွင် ပံ့သကူသား ရှာဖွေခြင်းနှင့် အမဲလိုက်ခြင်းစွမ်းရည်ကို တိုးတက်လာစေသည့် ခရီးဝေးပြေးနိုင်ခြင်းကဲ့သို့သော အမူအကျင့်များပြောင်းလဲဖွံ့ဖြိုးလာမှုကြောင့် လူသားများသည် အသေကောင် ပံ့သကူသားရှိရာ နေရာများဆီသို့ ပိုမိုလျင်မြန်စွာရောက်ရှိနိုင်စွမ်းရှိလာကြသည့်အပြင် တိရစ္ဆာန်တစ်ကောင်နောက်သို့လိုက်လံ၍ အမဲလိုက်ရာတွင်လည်း ဝေးကွာစွာ ပြေးလွှားရမှုကြောင့် အပူလွန်ကဲမှုနှင့် မောပန်းမှုဖြစ်ပေါ်နေသော ၎င်း သားကောင် တိရစ္ဆာန်အား သတ်ဖြတ်နိုင်ရန် သေချာသော အကွာအဝေးသို့ နီးကပ်စွာ ရောက်သည်အထိ အမဲလိုက်နိုင်စွမ်းရှိလာကြခြင်းဖြစ်နိုင်ကြောင်း အဆိုပြုခဲ့ကြသည်။[၁၄]

ဓာတ်ပုံများ[ပြင်ဆင်ရန်]

မှတ်စုများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. "Scavenging of dead invertebrates along an urbanisation gradient in Singapore" (2011-03-30). Insect Conservation and Diversity 5 (2): 138–145. doi:10.1111/j.1752-4598.2011.00143.x. ISSN 1752-458X. 
  2. "Biomass transformation webs provide a unified approach to consumer–resource modelling" (2011). Ecology Letters 14 (2): 113–124. doi:10.1111/j.1461-0248.2010.01566.x. PMID 21199247. 
  3. "First evidence of scavenging behaviour in the herbivorous lizard Uromastyx aegyptia microlepis" (July 2011). Journal of Arid Environments 75 (7): 671–673. doi:10.1016/j.jaridenv.2011.02.005. ISSN 0140-1963. Bibcode2011JArEn..75..671C. 
  4. "Abiotic and biotic factors modulate carrion fate and vertebrate scavenging communities" (September 2017). Ecology 98 (9): 2413–2424. doi:10.1002/ecy.1930. ISSN 0012-9658. 
  5. Switeck, Brian (April 13, 2012). "When Tyrannosaurus Chomped Sauropods".  မော်ကွန်းတင်ပြီးမိတ္တူ။ 24 August 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 February 2022 တွင် ပြန်စစ်ပြီး။
  6. Hutchinson၊ John (July 15, 2013)။ Tyrannosaurus rex: predator or media hype?။ What's in John's Freezer?။
  7. Kane (2016). "Body Size as a Driver of Scavenging in Theropod Dinosaurs". 
  8. "Dropping dead: causes and consequences of vulture population declines worldwide" (16 December 2011). Annals of the New York Academy of Sciences 1249 (1): 57–71. doi:10.1111/j.1749-6632.2011.06293.x. ISSN 0077-8923. PMID 22175274. Bibcode2012NYASA1249...57O. 
  9. "Carcass Type Affects Local Scavenger Guilds More than Habitat Connectivity" (2016-02-17). PLOS ONE 11 (2): e0147798. doi:10.1371/journal.pone.0147798. ISSN 1932-6203. PMID 26886299. Bibcode2016PLoSO..1147798O. 
  10. ၁၀.၀ ၁၀.၁ "Behaviours indicating cannibalistic necrophagy in ants are modulated by the perception of pathogen infection level" (October 2020). Scientific Reports 10 (17906). Nature Research. doi:10.1038/s41598-020-74870-8. PMID 33087857. Bibcode2020NatSR..1017906M. 
  11. "Consumption of Big Game Remains by Scavengers: A Potential Risk as Regards Disease Transmission in Central Spain" (2 March 2018). Frontiers in Veterinary Science 5. doi:10.3389/fvets.2018.00004. PMID 29552564. 
  12. "The mesoscavenger release hypothesis and implications for ecosystem and human well-being" (in en) (2019). Ecology Letters 22 (9): 1340–1348. doi:10.1111/ele.13288. ISSN 1461-0248. PMID 31131976. 
  13. "Human Ancestors: Changing Views of Their Behavior" . Elsevier. doi:10.1016/0278-4165(85)90009-1. 
  14. Lieberman၊ Daniel; Bramble၊ Dennis (2007)။ The Evolution of Marathon Running: Capabilities in Humans။ Adis Data Information BV။ p. 288။ doi:10.2165/00007256-200737040-000042017-03-15 တွင် ပြန်စစ်ပြီးHuman endurance running performance capabilities compare favourably with those of other mammals and probably emerged sometime around 2 million years ago in order to help meat-eating hominids compete with other carnivores. [...] [S]mall teeth, larger bodies and archaeological remains suggest that hominids started to incorporate meat and other animal tissues in the diet at least 2.5Ma, probably by hunting as well as scavenging. [...] [Endurance running] might have enabled hominids to scavenge carcasses from lions after they were abandoned but before hyenas arrived, as modern hunter-gatherers still do in East Africa.