ယင်ကောင်

ဝီကီပီးဒီးယား မှ
ယင်ကောင်
Temporal range: 245 –0 Ma
Middle Triassic – Recent
Diptera from different families:

Housefly (Muscidae) (top left)
en:Haematopota pluvialis (Tabanidae) (top right)
Ctenophora pectinicornis (Tipulidae) (mid left)
Ochlerotatus notoscriptus (Culicidae) (mid right)
en:Milesia crabroniformis (Syrphidae) (bottom left)
en:Holcocephala fusca (Asilidae) (bottom right)

မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Arthropoda
မျိုးပေါင်း: Insecta
Superorder: Panorpida
(unranked): Antliophora
မျိုးစဉ်: Diptera
Linnaeus, 1758

ယင်ကောင်ကို ပါဏဗေဒ အလိုအရ မတ်စက ဒိုမက် စတိကဟု ခေါ်သည်။ ယခင်က ယင်ကောင်သည် ဘေးမပြု တတ်၊ အနှောင့်အယှက်ကိုသာ ဖြစ်စေနိုင်သည်ဟု ထင်မှတ်ခဲ့ ကြသည်။ နှစ်ဆယ်ရာစုနှစ်သို့ ရောက်လာသောအခါတွင်မူ ယင်ကောင်များသည် ရောဂါပိုးများကို သယ်ဆောင်လာပြီးလျှင် လူများကို သေစေနိုင်သည့် ရောဂါများ ဖြစ်စေနိုင်ကြောင်းကို သိလာကြသည်။ အမှန်မှာ ယင်ကောင်သည် လူ၏ ကြောက် မက်ဖွယ် အကောင်းဆုံး ရန်သူများတွင် ပါဝင်နေပေသည်။ ယင်ကောင်တစ်ကောင်ကိုသာ အဏုကြည့်မှန် (မိုက္ကရိုစကုပ်) ဖြင့် ကြည့်လျှင် ယင်ကောင်း၏ ခြေသည်း လက်သည်းများ၊ ခြေထောက်များ၏ အောက်ဘက်ရှိ အခံပြားကလေးများနှင့် ခန္ဓာကိုယ်တွင် အမွေးအမှင်များ ရှိနေ၍ လျှာတွင်လည်း စေးကပ်သောအရည်များ ရှိနေသည်ကို မြင်ရပေလိမ့်မည်။ ထိုအမွေးအမှင်များနှင့် လျှာတို့၌ ကပ်နေသော ဖုံမှုန့်ကလေး များတွင် တိုက်ဖွိုက် (အူရောင်ငန်းဖျား)ရောဂါပိုးများ ပါနေ သည်ကို အားကောင်းသည့်မှန်ဘီလူးဖြင့် ကြည့်က မြင်နိုင်လေ သည်။ ယင်ကောင်များသည် ထိုရောဂါပိုးများကို ရောဂါစွဲကပ် နေသူများ၏ အညစ်အကြေးများမှ ရရှိလာသည်။ လူတို့ စားသောက်မည့် အစာများသည် ထိုရောဂါပိုးများကို သယ် ဆောင်လာသည့် ယင်ကောင်များနှင့် ထိမိပြီးလျှင် စားသောက် မည့် အစာများသည်လည်း ရောဂါများကို ဖြစ်စေနိုင်တော့သည်။ ယင်ကောင်များကို သတ်ပစ်ခြင်းဖြင့် ပပျောက်၍ မသွား စေနိုင်ချေ။ ထိုသို့ဖြစ်ရသည်မှာ လူက ယင်ကောင်ကို သတ်ပစ် နိုင်သည်ထက် ယင်ကောင်၏အတိုးအပွားက ပို၍မြန်သော ကြောင့် ဖြစ်သည်။ အကယ်၍သာ ယင်မတစ်ကောင်မှ ပေါက် ပွားသော ယင်မအားလုံးနှင့် ယင်းတို့၏သားသမီးများ အားလုံး သာ အသက်ရှင်နေကြမည်ဆိုလျှင် ဧပြီလမှ စက်တင်ဘာလ အတွင်း၌ပင် ယင်အမတစ်ကောင်တည်းမှ သန်းပေါင်းများစွာ သော ယင်ကောင်များ ဖြစ်စေနိုင်ကြောင်းကို တွက်ချက်ကြည့် ခြင်းဖြင့် သိရလေသည်။ အမှန်အားဖြင့်ကား ထိုသို့မဖြစ်ချေ။ အဘယ်ကြောင့်ဆိုသော် အခြားပိုးကောင်များက ယင်ကောင်များ ကို စားသောက်ပစ်ကြခြင်းကြောင့် ဖြစ်လေသည်။

အရွယ်ရောက်ပြီး ယင်ကောင်တစ်ကောင်၏ အရှည်မှာ တစ်လက်မ၏ လေးပုံ တစ်ပုံခန့်ရှိ၍ တောင်ပံ တစ်ဖက်စွန်းမှ အခြားတစ်ဖက်စွန်းထိ လက်မဝက်ခန့် ကျယ်သည်။ ယင် ကောင်၏ အရောင်သည် မွဲခြောက်ခြောက်ဖြစ်သည်ဟု ထင်ရ သော်လည်း သေချာစွာ စစ်ဆေးကြည့်လျှင် ယင်း၏အတောင် နှစ်ဖက်သည် ပြတင်းပေါက်မှန်များနီးပါး အလင်းပေါက်လု မတတ် ဖြစ်နေသည်ကို တွေ့ရပေမည်။ ထိုအတောင်များပေါ်သို့ အလင်း ကျရောက်လျှင် သက်တန့်အရောင် ဖြာထွက်နေသကဲ့ သို့ ဖြစ်နေသည်ကိုလည်း တွေ့ရလေသည်။

ယင်ကောင်တစ်ကောင်တွင် အပိုင်းသုံးပိုင်း ရှိသည်။ ခေါင်းသည် ရှေ့ပိုင်း၌ရှိ၍ အလယ်ပိုင်းသည် ရင်ပိုင်းဖြစ်ကာ ထိုအပိုင်း၌ အတောင်များနှင့် ခြေထောက်များရှိသည်။ ဝမ်းပိုက်ပိုင်းသည် နောက်ဘက်ပိုင်းတွင် ရှိသည်။ ယင်ကောင်၌ အံ့ဖွယ်ကောင်းသော မျက်လုံးကြီး နှစ်လုံး ရှိရာ ထိုမျက်လုံးကြီးနှစ်လုံးသည် ခေါင်းတစ်ခု လုံးပေါ်လိုလို တွင် တည်ရှိနေသည်။ ထိုမျက်လုံးကြီးများတွင် ဖက်စက်ခေါ် မှန်ကူကွက်ကလေးများကဲ့သို့သော မျက်စိကလေးများ ရှိနေ ပြန်သည်။ ထိုအကွက်ကလေးများဖြင့် အဘက်ဘက်သို့ မြင်နိုင် သည်။ ထို့ကြောင့်လည်း ယင်ကောင်ကို အဖမ်းရခက်ခြင်း ဖြစ်လေသည်။ ခေါင်းပေါ်ရှိ မျက်လုံးကြီးနှစ်လုံး၏ ကြားတွင် အိုစဲလပ်ခေါ် အလွန်သေးငယ်သည့် မျက်လုံးကလေး သုံးလုံး ရှိသည်။ ဦးမှင်ကလည်း ထိုမျက်လုံးကြီး နှစ်လုံးကြားတွင် ရှိနေပြန်သေးသည်။ ထိုဦးမှင်သည် ထိမိသည့်အရာဝတ္ထု၏ အကြောင်းကို သိနိုင်လေသည်။ ထိုဥမှင်များသည်ပင် အနံ့ခံ သည့် အင်္ဂါများ ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။

ယင်ကောင်တွင် နှာမောင်းခေါ် စုတ်ယူနိုင်သည့် ပါးစပ် ရှိသည်။ ထိုပါးစပ်ဖြင့် အစာကို စုပ်ယူလေ့ ရှိသည်။ ရေတွင် ပျော်ဝင်နိုင်သော သကြားကဲ့သို့သော ပစ္စည်းများကို မစားမီ ပထမ တံတွေးအနည်းငယ်ကို ထုတ်ပြီးလျှင် သကြားကို အရည်ပျော်သွားစေသည်။ ထိုနောက်မှ သကြားကို စားလေ သည်။ သာမန်ယင်ကောင်တစ်ကောင်ရှိ နှာမောင်းသည် ပျော့ပျောင်းနေသဖြင့် လူကိုမကိုက်နိုင်ချေ။ သို့သော် ယင်ကောင် အမျိုးမျိုးရှိရာ စတေဗယ် ဖလိုင်းခေါ် မြင်းစောင်း ယင်ကောင် မျိုးတွင် မာကျော၍ ထိုးသွင်းနိုင်သည့် နှာမောင်းရှိသဖြင့် ယင်း တို့သည် လူများကို ကိုက်နိုင်လေသည်။

ယင်ကောင်၏ ခြေထောက်ခြောက်ချောင်း အောက်ဘက် တွင် ပါးလဗီးယပ်ခေါ် အခံပြားကလေးများ ရှိသည်။ ထိုအခံ ပြားကလေးများကြောင့် ယင်ကောင်သည် ချောမွတ်သည့် မျက်နှာပြင်ပေါ်တွင် တွယ်ကပ်၍ နေနိုင်လေသည်။ မျက်နှာ ကြက်များပေါ်၌ ယင်ကောင်များ အောက်သို့မကျဘဲ တွယ်ကပ် နေကြသည်ကို မြင်ဖူးကြပေမည်။

အသက်ရှူရာတွင် ယင်ကောင်သည် နှာခေါင်းဖြင့် အသက် မရှူချေ။ စပီရက်ကယ်ခေါ် အပေါက်ကလေးများဖြင့်သာ အသက်ရှုသည်။ ထိုအပေါက်ကလေးများသည် ယင်ကောင်၏ ရင်ပိုင်းနှင့် ဝမ်းပိုက်ပိုင်း တစ်ဘက်တစ်ချက်စီတွင် တန်းစီ၍ ရှိ ကြလေသည်။

အစာရှာစားရာတွင် ယင်ကောင်သည် နေရာမရွေးချေ။ ယင်မများကမူ ဥအုရန်နေရာကို ရွေးချယ်ကြသည်။ ယင်မများ သည် လတ်ဆတ်သည့် မြေဩဇာများ၊ မီးဖိုအမှိုက်များနှင့် ဆွေး မြေ့နေသော ဟင်းသီးဟင်းရွက်များကို ရွေးချယ်တတ်ကြသည်။ ယင်မတစ်ကောင်သည် တစ်ခါဥလျှင် ဥပေါင်း ၁၃ဝ ခန့် ဥတတ်သည်။ ယင်မတစ်ကောင်သည် အသက်ရှင်စဉ် နှစ်ကြိမ်မှ နှစ်ဆယ့်တစ်ကြိမ်ထိ ဥဥတတ်သည်။ ဥများကို ဥပြီး၍ နောက် တစ်ရက် နှစ်ရက်ကြာလျှင် ဥများမှ အကောင်လောင်းခေါ် ခြေ မရှိသည့် လောက်ကောင်ကလေးများ ဖြစ်လာကာ ပတ်ဝန်းကျင် ရှိ အစာများကို စ၍စားကြတော့သည်။ ထိုသို့ ညစ်ညမ်းသည့် အစာများကို စားနေကြရာ လေးရက်မှ ရက်သတ္တနှစ်ပတ်အကြာ တွင် ဝဖြိုးလာကြသည်။ ထိုသို့ ကြီးထွားလာရာတွင် အရေပြား သည် အကောင်ကြီးထွားလာခြင်းကို မခံနိုင်တော့သဖြင့်ကွဲသွား လေသည်။ ထိုသို့အရေပြားကွဲသွားသောအခါ အကောင်လောင်း သည် တွန့်လိမ်ကာ ထွက်လာလေသည်။ အကောင်လောင်း ကလေး အရေပြားကို နှစ်ကြိမ်မျှ ခွာထုတ်ပြီးလျှင် တစ်ရက် နှစ်ရက်မျှ အစာကို စားသည်။ ထို့နောက်တွင် မြေဩဇာ၏ အောက်ဘက်ရှိ မြေကြီးထဲသို့ တွားသွားသည်။ ထိုနောက် အရေပြားသည် မာလာပြီးလျှင် ပိုးတုံးလုံး၏အခြေသို့ ရောက်ရှိ သွားသည်။ ထိုအခြေတွင် အကောင်လောင်းသည် တစ်ကြိမ် အရေပြားကိုလဲ၍ ပိုးတုံးလုံးဘဝသို့ ရောက်ရှိသွားသည်။ နွေ အခါတွင် ထိုဘဝ၌ သုံးရက်မှ ခြောက်ရက်အထိ နားနေပြီးလျှင် ခြေထောက်မရှိသော လောက်ကောင်အဖြစ်မှ အတောင်ရှိသော ယင်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ပိုးတုံးလုံး အခြေမှ အရွယ်ရောက်သည့် ယင်ကောင်တစ်ကောင် ဖြစ်မလာမီ လွန်စွာ စိတ်ဝင်စားဖွယ်ကောင်းသည့် အဖြစ်အပျက်တစ်ခုကို တွေ့ရလေ သည်။ ယင်ကောင်၏ ဦးခေါင်းလောက် ကြီးမားသောဘောလုံး နှင့်တူသည့် အင်္ဂါတစ်ခုသည် ယင်ကောင်လောင်း၏ ခေါင်းရှေ့ တွင် ထွက်လာသည်။ မာကျောသည့် ပိုးတုံးလုံး၏ အခြေမှ လွတ်မြောက်စေရန် ယင်ကောင်လောင်းက ထိုအင်္ဂါကို အသုံးပြု လေသည်။ ထိုအခြေမှ လွတ်မြောက်ရန် ကြိုးစားနေချိန်တွင် ထိုအင်္ဂါသည် ဖောင်းလိုက် ရှုံ့လိုက် ဖြစ်နေသည်။ ယင်ကောင် အခွံတွင်းမှ လုံးဝလွတ် ထွက်သွားသောအခါတွင် ထိုအင်္ဂါသည် ယင်ကောင်၏ ခေါင်းအတွင်းသို့ ပြန်၍ ဝင်သွားသည်။ ထို့နောက်တွင် ယင်ကောင်သည် မြေဩဇာ၏ အပေါ်ဘက်သို့ တက်လာပြီးလျှင် အခြောက်ခံခြင်းနှင့် အတောင်များကို ဖြန့် ခြင်းများ ပြုလုပ်သည်။ ထိုသို့ဖြစ်လာပြီးနောက်တွင် ယင်ကောင် သည် နောက်ထပ်၍ မကြီးတော့ချေ။ လူအများက ယင်ကောင် ကလေးများသည် ယင်ကောင်ကြီးများ ဖြစ်လာမည့် ယင်ကောင် ကလေးများ ဖြစ်သည်ဟု ထင်မှတ်ကြသည်။ အမှန်အားဖြင့် အခြားယင်ကောင်ကလေးမျိုးမှ အရွယ်ရောက်ပြီးယင်ကောင်ကြီး များသာ ဖြစ်လေသည်။

နွေရာသီတွင် အရွယ်ရောက်ပြီး ယင်ကောင်သည် ရက် ပေါင်း ၃ဝ ခန့် အသက်ရှည်သည်။ ပို၍အေးသော အခါများ တွင် ယင်ကောင်သည် ပို၍ အသက်ရှည်သော်လည်း နွေးသော အခါကကဲ့သို့ လှုပ်လှုပ်ရှားရှား မပြုလုပ်ချေ။ အေးသည့် ရာသီ ဥတုသို့ ရောက်သောအခါတွင် ယင်ကောင်များ ပျောက်ကွယ် ကုန်ပြီဟု ထင်ရပေသည်။ ထိုအခါမျိုးတွင် အရွယ်ရောက်ပြီး ယင်ကောင်များသည် များသောအားဖြင့် သေကုန်ကြသည်။ သို့သော် အကောင်လောင်း အမြောက်အမြားနှင့် ပိုးတုံးလုံး အမြောက်အမြားကား ဆောင်းရာသီအတွင်း၌ အသက်မသေဘဲ ရှင်နေကြသည်။ ရာသီဥတုကောင်းမွန်သောအခါတွင် အရွယ် ရောက်သည့် ယင်ကောင်များ အဖြစ်သို့ ထိုအကောင်လောင်းနှင့် ပိုးတုံးလုံးအဖြစ်မှ ပြောင်းလဲကုန်ကြပြန်သည်။

ယင်ကောင်၌ အတောင်နှစ်ခုသာရှိခြင်းကြောင့် ယင်ကောင် ကို အခြားအင်းဆက်ပိုးများမှ ခွဲပြား၍သိနိုင်လေသည်။ အင်း ဆက်ပိုးများတွင် များသောအားဖြင့် အတောင်လေးခုရှိကြသည်။ ယင်ကောင်သည် အမှန်အားဖြင့် အတောင်တစ်စုံ ပိုးမျိုးစဉ်တွင် ပါဝင်လေသည်။ သို့သော် ယင်ကောင်၌ အတောင်တစ်စုံအပြင် မောလတီးရီးခေါ် ညိ|ပေးသည့်အရာ တစ်စုံပါရှိသည်။ ထိုညိ|ပေး သည့် အရာများသည် အတောင်၏နောက်ဘက်တွင် ကပ်လျက် တည်ရှိကြသည်။

ယင်ကောင်များသည် အရွယ်တွင် အမျိုးမျိုး ကွဲလွဲလျက် ရှိကြလေသည်။ ဖရုဖလိုင်းခေါ် သစ်သီးယင်ကောင်သည် အတောင်တစ်စုံ ပိုးမျိုးစဉ်တွင်ရှိသော ယင်ကောင်အငယ်ဆုံး များတွင် ပါဝင်သည်။ ဟော့(စ)ဖလိုင်းခေါ် မြင်းယင်ကောင် အမည်းသည် အကြီးဆုံးယင်ကောင်မျိုးတွင် ပါဝင်သည်။ ယင် များသည် အရွယ်တွင် ကွဲလွဲသည်ထက် အလေ့အကျင့်တွင် ပို၍ ကွဲလွဲကြသည်။

ဗလိုးဖလိုင်းခေါ် ယင်ကောင်ကိုလည်း အိမ်များတွင် တွေ့ရတတ်သည်။ ထိုအနှောင့်အယှက် ပေးတတ်သည့် ယင် ကောင်၏အရောင်မှာ အပြာသော်လည်းကောင်း၊ အစိမ်းသော်လည်းကောင်း ဖြစ် တတ်သည်။ ထိုယင်ကောင်မျိုးသည် သာမန်ယင်ကောင် ထက်လည်း ပို၍ကြီးသည်။ ဝီဝီ ဝီဝီ မြည်တတ်သဖြင့် ထို ယင်ကောင်မျိုး အိမ်၌ရှိသည်ကို သိနိုင်သည်။ ထိုယင်ကောင် မျိုးကိုသာ လူက ဝါးမျိုမိလျှင် လူကို အလွန်နာကျင်စေခြင်း၊ သို့မဟုတ် နာမကျန်း ဖြစ်စေခြင်း ဖြစ်တတ်သည်။ ယင်ကောင်လောကတွင် ဟော့(စ)ဖလိုင်းခေါ် မြင်းယင် ကောင်မျိုးနှင့် ဒီးယားဖလိုင်းခေါ် ချေသူငယ် မှက်မျိုးတို့သည် လူကို အနာကျင်ဆုံး ကိုက်နိုင်သည့် ယင်ကောင်မျိုးများ ဖြစ် သည်။ အာဖရိကတိုက်တွင် စက်စီယင်ကောင်ခေါ် ယင်ကောင် တစ်မျိုး၏ အကိုက်ကို ခံရလျှင် ဦးနှောက်ရောင်အိပ်မဝရောဂါ ဖြစ်တတ်သည်။ အိမ်သာများတွင် ပေါက်ဖွားသည့် ယင်ကောင် များ၏ အကိုက်ကို ခံကြရလျှင် ဝမ်းသက်သည့်ရောဂါကို ခံရ တတ်သည်။

စကရူးဝမ်းခေါ် ယင်ကောင်တစ်မျိုးသည် အိမ်မွေးတိရစ္ဆာန် များကို ဒုက္ခဖြစ်စေနိုင်သည်။ နွား၊ မြင်းကဲ့သို့သော အိမ်မွေး တိရစ္ဆာန်များရှိ အနာများတွင် ထိုယင်ကောင်မျိုး၏ အမများက ဥများကို အုလေ့ရှိကြသဖြင့် ဥများမှ ပေါက်လာကြသော လောက်ကောင်အဖြူကလေးများက အနာအတွင်းသို့ လှိုက်စား ကြပြီးလျှင် တစ်ရှူးများကို ပြတ်သွားစေကာ တိရစ္ဆာန်များကို ဒုက္ခဖြစ်စေသည်။ သို့မဟုတ် သေစေသည်။ ထို့ကြောင့် ထိုယင် ကောင်မျိုး မပွားစေရန် ထိန်းပေးဖို့အရေးကြီးသည်။ သွန်းဖလိုင်း ခေါ် ယင်ကောင်တစ်မျိုးသည် တိရစ္ဆာန် တစ်ကောင်ပေါ်တွင် ယင်ကောင်ပေါင်း ၄ဝဝဝ ခန့်က ဝိုင်းအုံ၍ ထိုးခြင်းနှင့် စုတ်ခြင်းများကို ပြုလုပ်တတ်ကြသည်။ ထိုသို့ အကိုက်ခံရသည့် နွားမတစ်ကောင်အဖို့ ကိုယ်အလေးချိန်သည် လျော့သွားပြီးလျှင် ခါတိုင်း ထွက်နေကျနို့၏ တစ်ဝက်မျှကိုသာ ရနိုင်တော့သည်။ အပင်များကို ဒုက္ခပေးသည့် ယင်ကောင်မျိုးလည်း ရှိသေး သည်။ အမေရိကန်ပြည်ထောင်စုအတွင်း၌ ဂျုံပင်များကို စိုက် ပျိုးကြရာတွင် ဟက်ဆီယန်ဖလိုင်းခေါ် ယင်ကောင်တစ်မျိုးသာ ရှိလျှင် ဂျုံပင်တို့သည် ဖြစ်ထွန်းနိုင်မည် မဟုတ်ချေ။ အဘယ် ကြောင့်ဆိုသော် ထိုယင်ကောင်မျိုး၏ အကောင်လောင်းကလေး များသည် ဂျုံပင်တို့၏ ပင်စည်များကို စားသောက်ကြသဖြင့် ပင်စည်များ ကျိုးပြတ်ကုန်ကြခြင်းကြောင့် ဖြစ်သည်။ ယင်ကောင်သည် များသောအားဖြင့် လူကို ဒုက္ခပေးတတ် သော်လည်း လူကို အကျိုးပြုတတ်သည့် ယင်ကောင်မျိုးများ လည်း ရှိပေသေးသည်။ ဟိုဗာဖလိုင်းခေါ် ယင်ကောင်မျိုးသည် အပင်များ၏ ပန်းပွင့်များ ရှိရာသို့ ပျံသန်းသွားပြီးလျှင် ဝတ်မှုန် များကို ပန်းတစ်ပွင့်မှ တစ်ပွင့်သို့ သယ်ဆောင်ပေးကြသည်ဟု သိရသည်။ ထိုယင်ကောင်မျိုး၏ အကောင်လောင်း ကလေးများ ကလည်း အပင်များ၏ အရည်များကို စုတ်ယူလေ့ ရှိကြသော ပျကောင်များကို စားသောက်ပစ်ကြသည်။ ထိုနည်းဖြင့် လူကို အကူအညီပေးကြလေသည်။

ယင်ကောင်များကို ရှင်းလင်းကြရာတွင် နည်းအမျိုးမျိုးကို အသုံးပြုကြသော်လည်း အထိရောက်ဆုံးနည်းမှာ အပေါက်ပွား မခံဘဲ ထားခြင်းဖြစ်သည်။ လယ်ကွင်းများအတွင်း၌ မြေဩဇာ အသစ်များကို ပါးပါးခင်းထားလျှင် ထိုမြေဩဇာပေါ်၌ ရှိသော ယင်ဥ၊ သို့မဟုတ် လောက်ကောင်ကလေးများသည် သွေ့ခြောက် မှု၊ အပူ၊ သို့မဟုတ် အအေး၏ဒဏ်ကြောင့် သေကုန်ကြပေ လိမ့်မည်။ သို့မဟုတ် မြေဩဇာကို ယင်လုံသည့် သေတ္တာ၊ သို့မဟုတ် တွင်းတွင်ထားကာ အပေါ်တွင် ကတော့ပုံ ယင် ထောင်ခြောက်များကို ထားကြသည်။ ထိုထောင်ခြောက်က မြေဩဇာမှ ထွက်လာသမျှသော ယင်ကောင်များကို ဖမ်းယူလေ သည်။ ထို့ပြင် ဓာတ်ပစ္စည်းများကို အသုံးပြုခြင်းဖြင့်လည်း ယင်ကောင်များကို နှိမ်နင်းကြလေသည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)