အစာကွင်းဆက်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

 

ဆွီဒင်ရေအိုင်မှသက်ရှိများ၏ အစာကွင်းဆက်။ အခွံမာရေနေသတ္တဝါများကို စားသော ဘလိခ်ငါးသည် ပါ့ချ်ငါး၏ အဓိကအစာ သားကောင်ဖြစ်ပြီး၊ ၎င်းသည်လည်း မြောက်ပိုင်း ပိုက်ငါး၏ အဓိက အစာဖြစ်နေပြန်ကာ ၎င်းပိုက်ငါးကိုယ်တိုင်သည်လည်း ဝန်လက်ငှက်၏ အစာအဖြစ် အဓိက အမဲလိုက် စားသုံးသော သားကောင်ဖြစ်နေလေသည်။

အစာကွင်းဆက်ဆိုသည်မှာ လမ်းကြောင်းတစ်ခုတည်းချိတ်ဆက်နေသော အစာကွန်ယက်အတွင်းမှ ကွင်းဆက်တစ်ခုဖြစ်ပြီး ၎င်းသည် အစာ မူလထုတ်လုပ်သူ သက်ရှိရုပ်စုများ(မြက် သို့မဟုတ် အပင်များကဲ့သို့ နေရောင်ခြည်ကိုအသုံးပြု၍ ကိုယ်ပိုင်အစာထုတ်လုပ်နိုင်သော သက်ရှိများ) ထံမှ စတင်မြစ်ဖျားခံကာ ထိပ်တန်းသားရဲမျိုးစိတ်များ(ကျား သို့မဟုတ် သားသတ်ဝေလငါးကဲ့သို့သော)၊ အဆွေးအမြေ့စားသုံးသော ပိုးမွှားများ(တီကောင်များ သို့မဟုတ် သစ်ပိုးများကဲ့သို့သော) သို့တည်းမဟုတ် အပုပ်အသိုးအညစ်အကြေးစားသော မျိုးစိတ်များ(မှို သို့မဟုတ် ဘက်တီးရီးယားကဲ့သို့သော) အစရှိသည့် သက်ရှိမျိုးစိတ်များထံတွင် အဆုံးသတ်လေ့ရှိသည်။ အစာကွင်းဆက်တစ်ခုသည် သက်ရှိများအချင်းချင်း ၎င်းတို့ စားသုံးသော အစားအစာအရ မျိုးစိတ်တစ်ခုနှင့် တစ်ခု မည်ကဲ့သို့ဆက်စပ်နေသည်ကိုလည်း ပြသပေးနိုင်၏။ အစာကွင်းဆက်တစ်ခုစီ၏ အဆင့်တိုင်းသည် မတူညီသော အာဟာရတန်ဖိုး(trophic) အဆင့်များကို ကိုယ်စားပြုသည်။ အစာကွင်းဆက်သည် မတူညီသော သက်ရှိများ၏ အစာအာဟာရမှီဝဲခြင်းဆိုင်ရာ ရှုပ်ထွေးသော ကွန်ယက်ချိတ်ဆက်မှုကို စုစည်းထားပြီး ကွင်းဆက်တစ်ခုချင်းစီသည် ၎င်းတို့၏ သက်ဆိုင်ရာလမ်းကြောင်းအတိုင်းသာ လိုက်နာချိတ်ဆက်သွားသောကြောင့် အစာကွင်းဆက်များသည် ကွဲပြားသွားရခြင်းဖြစ်သည်။ ၎င်းအစာကွင်းဆက်များအကြားရှိ သဘာဝအတိုင်း အပြန်အလှန်ချိတ်ဆက်မှုများကြောင့် သက်ရှိအားလုံး၏ အစာကွန်ယက်ကို ဖြစ်လာစေလေသည်။

အယူအဆနှင့် သဘောတရားရေးရာ[ပြင်ဆင်ရန်]

အစာကွန်ယက်အား တည်ဆောက်ထားသော အစာအာဟာရတန်ဖိုး(Trophic)ကို တိုင်းတာရာတွင် အသုံးပြုလေ့ရှိသော မက်ထရစ်မှာ ၎င်းအစာကွင်းဆက်၏ မည်မျှအထိ အကျိုးသက်ရောက်မှုရှိသည်ဆိုသော အတိုင်းအတာ အထွာပင်ဖြစ်သည်။ အရိုးရှင်းဆုံးပုံစံဖြင့် ကွင်းဆက်တစ်ခု၏ သက်ရောက်မှုအတိုင်းအတာ အထွာသည် အာဟာရမှီဝဲစားသုံးသူနှင့် ကွန်ယက်၏အောက်ခြေအဆင့် အကြားတွင်ရှိသော ချိတ်ဆက်နေမှု အရေအတွက်ပင်ဖြစ်သည်။ ကွန်ယက်တစ်ခုလုံး၏ ကွင်းဆက်ပျမ်းမျှ အတိုင်းအတာပမာဏသည် အစာကွင်းဆက် တစ်ခုချင်းစီ၏ ဂဏန်းသင်္ချာဆိုင်ရာ ပျှမ်းမျှပမာဏဖြစ်၏။[၁][၂] ထိုမျှသာမက သဘောတရားရေးရာအရ အစာကွင်းဆက်သည် စွမ်းအင်အရင်းအမြစ်ဆိုင်ရာ ပုံကြမ်းတစ်ခုလည်း ဖြစ်နေလေ၏။ အစာကွင်းဆက်တစ်ခုသည် ကနဦးစားသုံးသူများမှ အာဟာရအလို့ငှာ မှီဝဲစားသုံးသော မူလအစာထုတ်လုပ်သူများမှ စတင်သည်ကို ကျွန်ုပ်တို့ သိခဲ့ကြပြီးဖြစ်လေသည်။ ကနဦးစားသုံးသူအဆင့်ထိ ပါဝင်သော မျိုးစိတ်များကို ယေဘူယျပုံသေမှတ်ယူ၍ ရနိုင်ပြီး ၎င်းအားထပ်မံ စားသုံးသူ အဆင့်ဆင့်သော အဆင့်များကို ကျွန်ုပ်တို့ ပုံသေမှတ်ယူ၍မရနိုင်ပေ။ ဥပမာအားဖြင့် အစိမ်းရောင်ရှိသော အပင်တစ်ပင်မှစတင်သည့် အစာကွင်းဆက်တစ်ခုတွင် ၎င်းအပင်သည် အစာမူလ ထုတ်လုပ်သူဖြစ်ပြီး ၎င်းကိုစားသော ခရုသည် ကနဦးစားသုံးသူဖြစ်၏။ ထို့နောက် ခရုကိုစားသုံးသော အဆင့်တွင် မြွေများလည်း ဖြစ်နိုင်သကဲ့သို့ ဖား ကဲ့သို့သော သတ္တဝါများလည်း ဖြစ်နိုင်လေ၏။

အစာ မူလ ထုတ်လုပ်သူ သက်ရှိများ[ပြင်ဆင်ရန်]

အစာကွင်းဆက်များသည် မျိုးစိတ်အများစု၏ ရှင်သန်မှုအတွက် အလွန်အရေးကြီးလှပေသည်။ အကယ်၍များ အစာကွင်းဆက်တစ်ခုတွင်ပါဝင်သော အစိတ်အပိုင်းတစ်ခုမျှလောက်သာ ဖယ်ရှားမိလိုက်ပါက အချို့သောသက်ရှိမျိုးစိတ်များ မျိုးသုဉ်းသွားစေနိုင်သည်အထိ သက်ရောက်မှုရှိ၏။ အစာကွင်းဆက်၏ အခြေခံအုတ်မြစ်မှာ မူလထုတ်လုပ်သူများပါဝင်သော အစုအဖွဲ့ဖြစ်သည်။ မူလထုတ်လုပ်သူများ သို့မဟုတ် အလိုအလျှောက် အာဟာရတန်ဖိုးရှိသော မူလထုတ်လုပ်သူများသည် နေရောင်ခြည်မှရရှိသော စွမ်းအင်ကိုအသုံးပြု၍ ရှုပ်ထွေးသော သက်ရှိရုပ်စုဒြပ်ပေါင်းများကို ဖန်တီးနိုင်သော်လည်း ၎င်းတို့ထက် အစာအာဟာရတန်ဖိုး ပိုမြင့်မားသော အဆင့်တွင်ရှိသည့် မျိုးစိတ်များသည် ထိုကဲ့သို့ ပြုလုပ်နိုင်စွမ်းမရှိသောကြောင့် ၎င်းတို့အား အာဟာရအလို့ငှာ မှီဝဲစားသုံးရလေသည်။ နေ၏အလင်းရောင်သည် အစာချက်ခြင်း လုပ်ငန်းစဉ်အတွက် လိုအပ်သောကြောင့် နေရောင်ခြည်ပျောက်ကွယ်သွားပါက သက်ရှိအများစုသည် တည်ရှိနိုင်မည်မဟုတ်ပေ။ သို့ပါသော်လည်း အချို့သော ဓာတုစွမ်းအင်သုံး၍ အစာထုတ်လုပ်သည့် ဇီဝမျိုးစိတ်များသည် (Hydrothermal Vent) ဟုခေါ်သည့် နက်ရှိုင်းသော ပင်လယ်ရေအောက်ကြမ်းပြင်ရှိ ကမ္ဘာ့အတွင်းပိုင်းမှ ထွက်ပေါ်လာသော အပူစွမ်းအင်မှတဆင့် chemosynthesis ဟုခေါ်သော ဓာတုဓာတ်ပေါင်းကို အသုံးပြု၍ အစာချက်လုပ်ခြင်းလုပ်ငန်းစဉ်ကို လုပ်ဆောင်နိုင်စွမ်းရှိကြသည်ကို မကြာသေးမီကာလများက သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိခဲ့ကြလေသည်။ ထိုသက်ရှိများ၏ အစာကွင်းဆက်ဆိုင်ရာ အာဟာရတန်ဖိုးအား ဓာတုအာဟာရတန်ဖိုးအဆင့်များ (chemotrophs) ဟုခေါ်လေသည်။ ထို့ကြောင့် အချို့သော သက်ရှိများသည် ၎င်းတို့ရှင်သန်ရန်အတွက် နေရောင်ခြည်စွမ်းအင် မလိုအပ်ကြောင်းကို ပြသနေလေသည်။

စွမ်းအင် ပြန်လည်ကူးပြောင်းပေးသည့် သက်ရှိများ[ပြင်ဆင်ရန်]

သေဆုံးသွားသော ဇီဝရုပ်ကြွင်းများကို စားသုံးသည့် အဆွေးအမြေ့စားများသည် ဇီဝဒြပ်ပေါင်းများကို စွမ်းအင်အသွင်ကူးပြောင်း၍ မြေဆီလွှာသို့ အာဟာရပြန်လည်ဖြည့်တင်းပေးသည့် ရိုးရှင်းသော အစာအာဟာရဆိုင်ရာလုပ်ငန်းစဉ်များကို လုပ်ဆောင်ကြသည်။ ထိုအရာများသည် အပင်များ သက်ရှိရုပ်စုဒြပ်ပေါင်းများဖန်တီးရန်အတွက် လိုအပ်သော ရိုးရှင်းသည့် အာဟာရများဖြစ်လေ၏။ ကွဲပြားခြားနားသော အဆွေးအမြေ့စား မျိုးစိတ်များ ၁ သိန်းကျော်ခန့် ရှိကြောင်း ခန့်မှန်းထားကြသည်။

အက္ခရာ မျိုးစိတ်များ[ပြင်ဆင်ရန်]

အစာကွန်ယက်များတွင် အဓိကအခန်းကဏ္ဍမှပါဝင်သော အက္ခရာမျိုးစိတ်များ (Keystone Species) အသီးသီးရှိကြသည်။ ၎င်းအက္ခရာမျိုးစိတ်များ၏ တည်ရှိခြင်း / ပျောက်ကွယ်ခြင်း ကိစ္စရပ်များသည် ယင်းတို့နှင့် သက်ဆိုင်သည့် ပတ်ဝန်းကျင်အသိုင်းအဝိုင်းအပေါ်သို့ ကြီးမားသော အကျိုးသက်ရောက်မှုရှိရုံသာမက အစာကွင်းဆက်သို့ပါ တိုက်ရိုက်သက်ရောက်စေနိုင်လေသည်။ အက္ခရာမျိုးစိတ်များ မျိုးသုဉ်းသေဆုံးသွားပါက အစာကွင်းဆက်တစ်ခုလုံးအား ဟန်ချက်ညီအောင် ထိန်းထားနိုင်ခြင်း ရှိမည်မဟုတ်ပေ။ အက္ခရာမျိုးစိတ်များသည် ၎င်းတို့ပတ်ဝန်းကျင်ရှိ တိရစ္ဆာန်များ၊ အပင်များ အစရှိသည့် ဇီဝမျိုးစိတ်အားလုံးကို မပျက်စီးစေရန်နှင့် အစုလိုက်အပြုံလိုက် မျိုးသုဉ်းခြင်းများ မဖြစ်ပေါ်စေရန် ကာကွယ်ပေးသည်။[၃]

အယူအဆနှင့် သဘောတရားရေးရာ အတွေးအခေါ် ပညာရှင်များ[ပြင်ဆင်ရန်]

အစာကွင်းဆက်ဆိုင်ရာ အယူအဆများကို ၁၀ ရာစုခန့်က အာရပ်သိပ္ပံနှင့် တွေးခေါ်ပညာရှင် အယ်ဂျာဟစ် (Al-Jahiz) ဆိုသူမှ စတင်မိတ်ဆက်ခဲ့ပြီး ချားလ် အယ်တန် (Charles Elton) ဆိုသူမှလည်း ၁၉၂၇ ခုနှစ်တွင် သူထုတ်ဝေခဲ့သော စာအုပ်၏ နောက်ပိုင်းတွင် အစာကွန်ယက်ဆိုင်ရာ အယူအဆကို မိတ်ဆက်ပေးခဲ့သည်။[၄][၅][၆]

အစာကွင်းဆက်အတိုင်းအတာ[ပြင်ဆင်ရန်]

Chesapeake ပင်လယ်အော် မှ ရေငှက်များ၏ အစာကွန်ယက်သည် အစာကွင်းဆက်များ၏ ကွန်ယက်တစ်ခုဖြစ်သည်။

အစာကွင်းဆက်တစ်ခု၏ အရှည်သည် အနိမ့်ဆုံးမှ အမြင့်ဆုံး အာဟာရတန်ဖိုး အဆင့် (စားသုံးခြင်း) အထိ ချိတ်ဆက်မှုများမှတစ်ဆင့် တိုးပွားလာသည့် စွမ်းအင်ကူးပြောင်းရယူမှုနှင့် ဂေဟဗေဒဆိုင်ရာ ဖွဲ့စည်းပုံနှင့် အညွှန်းကိန်းများကို ပေးဆောင်သည့် စဉ်ဆက်မပြတ် ပြောင်းလဲနိုင်သောပုံစံတစ်ခုဖြစ်သည်။[၇]

ဂေဟဗေဒပညာရှင်များ သည် အစာကွင်းဆက်အရှည်နှင့် ဆက်စပ်နေသော ဂေဟဗေဒပုံစံများ၏ သဘောသဘာဝနှင့် စပ်လျဉ်းသည့် ယူဆချက်ဖြစ်သည့် ဂေဟစနစ် အရွယ်အစားနှင့် သက်ရောက်မှု အတိုင်းအတာ တိုးလာခြင်း၊ အဆင့်တစ်ခုစီတွင် စွမ်းအင်လျှော့ချခြင်း သို့မဟုတ် ရှည်လျားသော အစာကွင်းဆက်အရှည် မတည်မငြိမ်ဖြစ်ခြင်း စသည့် အယူအဆများကို တီထွင်စမ်းသပ်ခဲ့ကြသည်။ စားနပ်ရိက္ခာကွင်းဆက် လေ့လာမှုများအတွက် အရေးပါသော အခန်းကဏ္ဍများ၊ အာဟာရတန်ဖိုး သက်ရောက်မှုလမ်းကြောင်းများနှင့် ခြေရာကောက်လေ့လာမှုများ အစရှိသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ လုပ်ငန်းစဉ်များအတွက် အစာကွင်းဆက်သည် လွန်စွာအရေးပါလေသည်။[၈]

အပင်များကဲ့သို့ ထုတ်လုပ်သူများသည် ကစီဓာတ်ကို ပေါင်းစပ်ရန်အတွက် နေရောင်ခြည် သို့မဟုတ် ဓာတုစွမ်းအင်ကို အသုံးပြုသည့် သက်ရှိများဖြစ်သည်။ အစားအသောက်ကွင်းဆက်အားလုံးသည် ထုတ်လုပ်သူ ဇီဝသက်ရှိများမှ စတင်ရသည်သာ ဖြစ်သည်။ စားသုံးသူများသည် အခြားသက်ရှိများကို စားသုံးသော သက်ရှိများသာဖြစ်လေသည်။ အစာကွင်းဆက်တွင် ကနဦးအစာထုတ်လုပ်သူ သက်ရှိမှလွဲ၍ ကျန်သက်ရှိအားလုံးသည် စားသုံးသူများသာဖြစ်သည်။

အစားအစာကွင်းဆက်တစ်ခု၏ ထိရောက်မှုသည် အဓိကထုတ်လုပ်သူများမှ ပထမဆုံးရယူအသုံးပြုသည့် စွမ်းအင်ပေါ်တွင်မူတည်သည်။[၉] ကနဦးစားသုံးသူများသည် အစာ မူလထုတ်လုပ်သူများထံမှ စွမ်းအင်ကိုရယူသည်။ တတိယအဆင့်စားသုံးသူသည် အစာကွင်းဆက်တွင် နံပါတ်လေးနေရာတွင်ရှိသည်။

ထုတ်လုပ်သူ → ကနဦးစားသုံးသူ → ဒုတိယ စားသုံးသူ → ကျန်စားသုံးသူအဆင့်များ

ကိုးကား[ပြင်ဆင်ရန်]

  1. "Environmental correlates of food chain length." (1987). Science 238 (4829): 956–960. doi:10.1126/science.3672136. PMID 3672136. Bibcode1987Sci...238..956B.  Archived 25 April 2012 at the Wayback Machine.
  2. "Parasites dominate food web links" (2006). Proceedings of the National Academy of Sciences 103 (30): 11211–11216. doi:10.1073/pnas.0604755103. PMID 16844774. Bibcode2006PNAS..10311211L. 
  3. The Food Chain
  4. Elton၊ C. S. (1927)။ Animal Ecology။ London, UK.: Sidgwick and Jackson။ ISBN 0-226-20639-4
  5. "A general model for food web structure." .  Archived 28 September 2011 at the Wayback Machine.
  6. "Understanding food chains and food webs, 1700-1970" . 
  7. "Patterns of food chain length in lakes: A stable isotope study." .  Archived 4 March 2016 at the Wayback Machine.
  8. Odum၊ E. P.; Barrett၊ G. W. (2005)။ Fundamentals of ecologyBrooks/Cole။ p. 598။ ISBN 978-0-534-42066-6
  9. "Light and nutrients regulate energy transfer through benthic and pelagic food chains" (2015-04-13). Nordic Foundation Oikos.