လင်းတ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
လင်းတ
Eagle beak sideview A.jpg
Griffon vulture or Eurasian Griffon, Gyps fulvus an Old World Vulture
သိပ္ပံနည်းကျ အမျိုးအစားခွဲခြင်း
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
Families

Accipitridae (Aegypiinae)
Cathartidae

လင်းတ ဆိုသည်မှာ ငှက်အကြီးစားများ ဖြစ်ကြပြီး သတ္တဝါအသေကောင်များ၊ သေခါနီးဆဲဆဲ သတ္တဝါများကို စားသုံးကြသည်။ လင်းတများသည် သူတို့၏ ကြီးမားသော တောင်ပံများကို ခတ်ရန် မလိုအပ်ပဲ လေထဲတွင် မိုင်ပေါင်းများစွာ လေဟုန်စီး နိုင်ကြသည်။

ကမ္ဘာဟောင်း (ဥရောပအာရှ နှင့် အာဖရိက)မှ လင်းတများသည် ကမ္ဘာသစ် (မြောက်အမေရိက နှင့် တောင်အမေရိက) မှ လင်းတများနှင့် အမျိုးမတော်စပ်ကြပေ။ သူတို့သည် ပုံစံတူကြပြီး နှစ်မျိုးစလုံးတွင် ခေါင်းနှင့် လည်ပင်း၌ အမွှေးအတောင်များ မရှိခြင်းလည်း တူညီကြသည်။

ကမ္ဘာဟောင်းမှ လင်းတများသည် လင်းယုန် နှင့် သိမ်းငှက်တို့နှင့် အမျိုးတူပြီး အမြင်အာရုံကို အသုံးပြု၍ အစာရှာဖွေကြသည်။ ကမ္ဘာသစ်မှ လင်းတများမှာမူ ငှက်ကုလား (Stork)တို့နှင့် အမျိုးတော်ပြီး အနံ့ခံ၍ အစာရှာဖွေကြသည်။ စာပေတွင် လင်းတသည် သေဆုံးခြင်းကို ရည်ညွှန်းသည်။

တိုက်ခိုက်ရန် အသင့်ဖြစ်နေသော လင်းတ

လင်းတသည် လင်းယုန်၊ စွန်၊ သိမ်းတို့နှင်အတူ ဖော်လကိုနီဖောမီး မျိုးစဉ်တွင် အက်ကဆစ်ပီထရီဒီး မျိုးရင်း၌ ပါဝင်သည်။ လင်းတသည် ငှက်အကြီးစားထဲကဖြစ်၍ လူတိုင်းလိုလိုပင် မြင်ဖူးကြသည်။ ကိုယ်လုံးကိုယ်ထည်မှာ ကြီးမား၍ အချိုးမကျသည့်အပြင် ဦးခေါင်းနှင့် လည် တိုင်တို့တွင် အမွှေးမပေါက်ဘဲ ပြောင်လျက်ရှိရကား အကြည့်ရအလွန်အရုပ် ဆိုး၏။ ထို့ကြောင့် 'လင်းတလောက်တော့ ငှက်တိုင်းလှသည်' ဟု စကား တင်စား ပြောဆိုတတ်ကြသည်။ လူများအကြံအစည် အလုပ်အကိုင် ပျက်စီး သဖြင့် ငေးမှိုင်တွေဝေနေသည့်အခါ 'လင်းတကြီး မှိုင်းမိသလိုဘဲ' ဟူ၍ လည်း ပုံခိုင်းပြောဆိုတတ်ကြသေးသည်။ လင်းတကို နီးနီးကပ်ကပ် ကြည့် လေလေ ပို၍စက်ဆုပ်ဖွယ်ကောင်းလေလေဖြစ်သည်။

လင်းတသည် ကောင်းကင်၌ ပျံဝဲနေရင်း အစာကို ရှာဖွေသည်။ ရှာဖွေရာ၌ အနံ့ခံ၍ ရှာဖွေသည်မဟုတ်ပေ။ မြေပေါ်တွင် တိရစ္ဆာန်အသေ တစ်ကောင်ကို ကျီးများ၊ ခွေးများက စတင်တွေ့ရှိရာ မကြာမီပင် ကျီးအုပ်၊ ခွေးအုပ်များ ရောက်ရှိလာတတ်ကြသည်။ ထိုကျီးအုပ်၊ ခွေးအုပ်ကို ကောင်း ကင်၌ပျံဝဲနေသော လင်းတများက တွေ့ရှိရာမှ အခြားလင်းတများပါ ရောက် လာကြပြီးနောက် အသေကောင်ကို အရိုးသာကျန်အောင် အလုအယက် စား သောက်ကြသည်။ စားသောက်ပြီး၍ ဝသောအခါ နားနေလေ့ရှိသော နေရာသို့ ပြန်၍ အပန်းဖြေရင်း ငိုက်မြည်းနေတတ်ကြသည်။ လင်းတသည် အသေ ကောင်ပုပ်များကို စားသောက်သဖြင့် အပုပ်အသိုး သုတ်သင်ရှင်းလင်းရာတွင် များစွာအကူအညီရသည်။ အကူအညီရသော်လည်း မင်္ဂလာမရှိသောငှက်ဟု ယူဆထားကြသည်။ အိမ်များ၊ ဘုရားများပေါ်တွင်လင်းတနားမိပါက မုချ ပျက်စီးသွားတတ်သည်ဟု ယူဆကြသည်။ လင်းတသည် အပုပ်အသိုးကိုမှ နှစ်နှစ်ခြိုက်ခြိုက် စားသောက်လေ့ရှိသည့်အားလျော်စွာ ယင်းကိုယ်မှထွက် သော အနံ့မှာ မခံမရပ်နိုင်အောင် ပုပ်ဟောင်လေသည်။ ထိုဆိုးရွားလှသော အနံ့သည် အသိုက်နှင့်ဥများ၌ပင် စွဲနေလေသည်။

လင်းတများသည် သူရဲဘောနည်းသောကြောင့်တကြောင်း၊ ပျင်းရိ သောကြောင့်တစ်ကြောင်း အသက်ရှင်နေသော သတ္တဝါတစ်ကောင်ကို စွန့် စွန့်စားစား ထိုးသုတ်တိုက်ခိုက်လေ့မရှိကြပေ။ မြေပေါ်ရှိ အသေကောင်ကို သာ ရှာဖွေစားသောက်ကြသည်။ သို့သော် တစ်ခါတစ်ရံ ဝံ့ဝံ့စားစားဖြင့် အင်အားချည့်နဲ့သော မွေးခါစ ဝက်ကလေး၊ သိုးကလေးနှင့် နာမကျန်းဖြစ် နေသော ဆိတ်များကို တိုက်ခိုက်သတ်ဖြတ်နိုင်ကြသည်။

လင်းတများသည် အသိုက်ကို လက်ပံပင်ကဲ့သို့ မြင့်မားသော သစ်ပင်ကြီးများပေါ်တွင် ပြုလုပ်၍ အသိုက်ဟောင်းကို နှစ်စဉ် ပြန်လည် အသုံးပြုကြသည်။ အသိုက်ကို သစ်ကိုင်းသစ်ခက်ကြီးများနှင့် သစ်ရွက်များ ဖြင့် ပြုလုပ်ကြသည်။ လင်းတသည် တစ်ကြိမ်လျှင် တစ်ဥသာအုသည်။ လင်းတဟူသောအမည်မှာ လင်းတနှုတ်သီးရှည်၊ လင်းတကျောဖြူ၊ လင်းတထိပ်နီ စသောလင်းတအမျိုးမျိုးကို သိမ်းကျုံးခေါ်သောအမည်ဖြစ် သည်။ မြန်မာနိုင်ငံတွင် လင်းတထိပ်နီမှာ လူသိအများဆုံးဖြစ်သည်။ လင်းတထိပ်နီကို ပါဏဗေဒအလိုအားဖြင့် တောဂို့ကဲလဗက် ဟုခေါ်သည်။ အလျား ၃၂ လက်မရှိသည်၊ မြေကြီးပေါ်တွင်ရှိစဉ် မည်းနက်သော အမွှေး အတောင်၊ နီရဲနေသော ဦးခေါင်းပြောင်နှင့် လည်ပင်းရှိ အသားတွဲများကို အထင်အရှားမြင်နိုင်သည်။ ပျံသန်းနေစဉ်တွင် ပေါင်မှ အဖြူကွက်များကို ကောင်းမွန်စွာ မြင်နိုင်သည်။

လင်းတထိပ်နီသည် လင်းတစ်မျိုးထဲတွင် ရဲရင့်၍ ဘုရင်တစ်ဆူပမာ မင်းမူကာ အစာကို မိမိဝအောင်စားပြီးမှ အခြားလင်းတများကို စားစေသည်။ လင်းတထိပ်နီသည် အအုပ်အသင်းနှင့်မနေချေ။ အသေကောင်များအနား တွင် နှစ်ကောင်၊ သုံးကောင်လောက်သာ စုရုံးနေတတ်ကြသည်။ အချို့ လင်းတထိပ်နီများသည် အောက်တိုဘာလမကုန်မီ အသိုက်များကို ပြန်လည် ပြင်ဆင်ကြသည်။ သို့သော် များသောအားဖြင့် ဥများကို ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် အုကြသည်။ လင်းတထိပ်နီများသည် အရှေ့တိုင်း နိုင်ငံများတွင် အနှံ့အပြားရှိ၍ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့တွင် အမြဲ တမ်းနေသော ငှက်များဖြစ်ကြသည်။ နွေရာသီတွင်ကား ယူနန်နယ်တွင် တွေ့ရတတ်သည်။

လင်းတနှုတ်သီးရှည်မျိုးကို ပါဏဗေဒအလိုအားဖြင့် ဂျစ်အင်ဒီကပ် ဟုခေါ်သည်။ အလျား ၃၅ လက်မရှိသည်။ လည်ပင်းနှင့် နှုတ်သီးသည် အခြားလင်းတမျိုးထက်ရှည်၏။ လည်ကုတ်တွင် အမွှေးဖြူများ ပတ်လျက်ရှိ သည်။ လင်းတနှုတ်သီးရှည်သည် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတွင် အနှံ့ အပြားလောက်ပင်ရှိသည်။ သို့သော် အခြားလင်းတမျိုးတို့လောက် မများချေ။ မြန်မာနိုင်ငံ မြောက်ဘက်စွန်းနှင့် ယူနန်နယ်တို့တွင် မတွေ့ရချေ။ ရခိုင် တိုင်းတွင်ကား အမြောက်အမြားတွေ့ရသည်။

လင်းတကျောဖြူ၏ ပါဏဗေဒအမည်မှာ ဆူဒိုဂျစ်ဗင်ဂါလင်ဆစ် ဖြစ်သည်။ အလျား ၃၅ လက်မရှိသည်။ မြေပေါ်တွင် နားနေစဉ် တင်ပါးမှ အဖြူကွက်နှင့် ပျံသန်းနေစဉ် တောင်ပံရှေ့ပိုင်းတစ်လျှောက်မှ အဖြူတန်းများ ကို အထင်အရှား မြင်နိုင်သည်။ အခြားလင်းတမျိုးထက် စောစော သား ပေါက်ကြသည်။ စက်တင်ဘာလ တတိယအပတ်လောက်တွင် အသိုက်များ ပြင်ဆင်ကြသည်ကို တွေ့ခဲ့ရဖူးသည်။ မြစ်ကြီးနားခရိုင်တွင် နိုဝင်ဘာလ၊ သို့မဟုတ် ဒီဇင်ဘာလအတွင်းတွင် သားပေါက်ကြသည်။ အိန္ဒိယ၊ မြန်မာ၊ ယိုးဒယား၊ မလ္လာယုကျွန်းဆွယ်မြောက်ပိုင်းနှင့် အင်ဒိုချိုနင်းနား နိုင်ငံများတွင် တွေ့နိုင်သည်။ မြန်မာနိုင်ငံတွင် အများဆုံးတွေ့ရသည်။ လွင်တီးပြင်များ တွင် အနှံ့အပြားတွေ့ရသော်လည်း တောင်ပေါ်များတွင် တစ်ခါတစ်ရံမှသာ တွေ့ရသည်။ ရခိုင်တိုင်းတွင်မူ လင်းတကျောဖြူမျိုးကို တွေ့ရခဲသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)