ဂျင်မီ ကာတာ

ဝီကီပီးဒီးယား မှ
ဂျင်မီကာတာ
Jimmy Carter
[[Image:
ရွေးကောက်ပွဲလှုပ်ရှုားမှုတွင် တွေ့မြင်ရသော ကာတာ
|225px|ဂျင်မီကာတာ
Jimmy Carter
]]
မွေးသက္ကရာဇ် ၁၉၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့

နိုင်ငံသား အမေရိကန် နိုင်ငံ
မွေးရပ်ဇာတိ ဂျော်ဂျီယာ ပြည်နယ်၊ ပလိန်းမြို့
လက်မှတ်

အမေရိကန် ပြည်ထောင်စု၏ ၃၉ ယောက်မြောက် သမ္မတအဖြစ် တင်မြှောက်ခံရသူ ဂျင်မီကာတာသည် မြေပဲခင်းများ၊ ထင်းရူးတောများနှင့် လယ်ကူလီလူမည်းများ အလယ်တွင် ကြီးပြင်းလာခဲ့သော ကျေးတောသားတစ်ဦး ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု တောင်ဘက်စွန်းရှိ ဂျော်ဂျီယာ ပြည်နယ်၊ ပလိန်းမြို့ငယ်အနီးမှ အာချီရီ တောရွာကလေးတွင် ကာတာကို ၁၉၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့၌ ဖွားမြင်ခဲ့သည်။ မြေပဲ စိုက်ပျိုး ရောင်းဝယ်ရေးသမား ဂျိမ်းအားလကာတာဂျူနီယာနှင့် လက်မှတ်ရ သူနာပြုဆရာမ မစ္စလီလီယင်တို့၏ သားသမီး လေးယောက်အနက် အကြီးဆုံးသား ဖြစ်သည်။

ကာတာ၏ ဘိုးဘွားများမှာ ၁၈ ရာစုတွင် အင်္ဂလန်ပြည် အိုင်ယာလန်နယ်မှ အမေရိကန်ပြည်ထောင်စု ကယ်ရိုလီးနားပြည်နယ် မြောက်ပိုင်းသို့ အမေရိကန် တော်လှန်ရေးအမီ ရောက်လာသူများ ဖြစ်ကြသည်။ ထိုမှတစ်ဆင့် ပလိန်းမြို့သို့ ပြောင်းရွေ့လာခဲ့ခြင်း ဖြစ်သည်။ ကာတာ၏ဖခင်သည် အလုပ် အလွန်ကြိုးစားသူ တစ်ဦး ဖြစ်သည်။ အလုပ်ကြိုးစားသော ဖခင်၏ အုပ်ချုပ်မှု အောက်တွင် ကာတာသည် ရေတစ်ပုံးနိုင်သည့် အရွယ်မှစ၍ လယ်လုပ်သားများနှင့်အတူ အလုပ်ခွင်သို့ ဝင်ခဲ့ရသည်။

အလုပ်လုပ်သည့် အလေ့အကျင့်၊ ချွေတာစုဆောင်းတတ်သည့် အလေ့အကျင့်နှင့် စီးပွားရေးလုပ်ငန်းများတွင် လိမ္မာပါးနပ် လာဘ်မြင်တတ်မှုတို့ကို ဂျင်မီကာတာသည် ဖခင်ဖြစ်သူထံမှ အမွေရခဲ့သည်။ စာပေဝါသနာနှင့် လူမည်းများအပေါ် ကြင်နာသနားတတ်သည့် စိတ်ထားများကိုလည်း စိတ်သဘော သိမ်မွေ့နူးညံ့၍ စာအလွန်ဖတ်သော မိခင်ထံမှ ဆက်ခံ ရရှိခဲ့သည်။

ဂျင်မီကာတာ လူလားမြောက်ချိန်တွင် စီးပွားရေး ကပ်ဆိုးနှင့် ကြုံရသည်။ ထိုကြောင့် ကာတာ အထက်တန်း ပညာ အောင်သောအခါ ပြည်နယ်ကောလိပ်များတွင် နှစ်နှစ်တာမျှ ပညာသင်ယူပြီးနောက် အခမဲ့ တက်ရမည့် ရေတပ် ဗိုလ်သင်တန်းကျောင်းကို ဝင်ရန် လျှောက်ထားခဲ့သည်။

၁၉၄၃ ခုနှစ်တွင် အင်ဒီယာနာပိုလစ်မြို့ ရေတပ်ဗိုလ် သင်တန်းကျောင်းသို့ ဝင်ခွင့်ရခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် ရေတပ်ကောလိပ်ဘွဲ့ရ စာမေးပွဲကို ပထမဆင့် အုပ်စုမှ အောင်မြင်ခဲ့သည်။ ဗိုလ်သင်တန်းကျောင်းမှ ဘွဲ့ရပြီးနောက် ဂျင်မီကာတာသည် မွေးရပ်မြေ ပလိန်းမြို့မှ စက်ပြင်ဆရာ တစ်ဦး၏ သမီးဖြစ်သူ အသက် ၁၉ နှစ်အရွယ်ရှိ ရိုစလင်စမစ်နှင့် လက်ထပ်လိုက်သည်။

ထို့နောက် ကာတာသည် ရေငုပ်သင်္ဘောသင်တန်း ကျောင်းသို့ တက်သည်။ သင်တန်းမှ ဆင်းခဲ့ပြီးနောက် ရေငုပ်သင်္ဘော တပ်ဖွဲ့တွင် လေးနှစ်တာမျှ တက်ကြွစွာ အမှုထမ်းခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် ရေတပ်ဗိုလ်ချုပ်ကြီး ဟိုင်းမင်းရစ်ကိုဗာ၏ အနုမြူ ရေငုပ်တပ်ဖွဲ့သို့ ပြောင်းရွေ့ အမှုထမ်းပြန်သည်။ ဗိုလ်ချုပ်ကြီး ရစ်ကိုဗာ၏ အုပ်ချုပ်မှု အောက်တွင် ဂျင်မီကာတာသည် ခေါင်းဆောင်တတ်မှု၊ ကြံ့ခိုင်မှု၊ စည်းကမ်းသေဝပ်မှုနှင့် အလုပ်ခွင်တွင် အကောင်းဆုံး ကြိုးစားတတ်မှု စသော အရည်အသွေးများကို ရရှိခဲ့သည်။ ထိုစဉ် ပြည်ထောင်စုကောလိပ်၌ အနုမြူသိပ္ပံနှင့် စက်မှုပညာ ရပ်များကို သင်ယူခဲ့သေးသည်။

၁၉၅၃ ခုနှစ်တွင် ပလိန်းမြို့ရှိ ဖခင်၏လုပ်ငန်းများကို ဦးစီးလုပ်ကိုင်ရန် အလုပ်မှ နုတ်ထွက်ခဲ့သည်။ ကာတာ လုပ်ငန်းခွင့်သို့ ဝင်သည့် ပထမနှစ်မှာ မိုးခေါင်သည့်ကာလနှင့် ကြုံသဖြင့် အခက်အခဲများစွာ တွေ့ခဲ့ရသည်။ နောက်ပိုင်း နှစ်များတွင် သူသည် လယ်ယာမြေများကို စက်မှုတပ်ဆင်၍ ထုတ်လုပ်ခဲ့ရာ ဖခင်လက်ထက်ကထက် ၂၅ ဆ အထိ စီးပွားတိုးတက်လာခဲ့သည်။ ပလိန်းမြို့တွင် အောင်မြင် ကြီးပွားသော မြို့မျက်နှာဖုံး စီးပွားရေးသမားတစ်ဦး ဖြစ်လာခဲ့သည်။ လူမှုရေးလုပ်ငန်းများတွင် ဘုရားရှိခိုးကျောင်း သင်းထောက်ဆရာအဖြစ်လည်းကောင်း၊ ဒေသန္တရ ကျောင်းအုပ်ချုပ်ရေး အဖွဲ့ဝင် လူကြီးအဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့သည်။ ပြည်နယ်အချို့၌ သာသနာပြု ဘုရားရှိခိုးကျောင်းများ ဆောက်လုပ်ရေးတွင်လည်း တက်ကြွစွာ ဦးဆောင် ပါဝင်ခဲ့သည်။

အသက် ၃၇ နှစ်အရွယ် ၁၉၆၁ ခုနှစ်တွင်ကား ဂျင်မီကာတာသည် နိုင်ငံရေးလောကသို့ ခြေစုံပစ် ဝင်လာခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ဂျော်ဂျီယာပြည်နယ် အထက်လွှတ်တော် အမတ်အဖြစ် အရွေးခံရသည်။ ၁၉၆၆ ခုနှစ်တွင် ဂျော်ဂျီယာပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရာ ရှုံးနိမ့်ခဲ့ရသည်။ သို့သော် ၁၉၇၁ ခုနှစ် ရောက်သောအခါ ဂျော်ဂျီယာပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် အရွေးခံရရာ ၁၉၇၅ ခုနှစ် အထိဖြစ်သည်။

ထို့နောက် ဂျင်မီကာတာသည် ပြည်နယ်အုပ်ချုပ်ရေးမှူး ဘဝမှ နုတ်ထွက်လိုက်ပြီးနောက် သမ္မတအဖြစ် ရွေးကောက်ခံရန် စီမံ စိုင်းပြင်းသည်။ သူသည် ၁၉၇၂ ခုနှစ်ထိ ကာလများတစ်လျှောက် ပြည်နယ်အသီးသီး၏ ပြဿနာများကို အထူးတလည် လေ့လာထားခဲ့သည်။ ပြည်ထောင်စုတစ်ဝန်းမှ ပြည်နယ်များစွာသို့ လှည့်လည်၍ မဲဆွယ်ခဲ့သည်။

နိုင်ငံရေး ပရိယာယ်ကို ကျွမ်းကျင်လိမ်မာစွာ အသုံးချကာ လူထုပရိသတ်ကို ဆွဲဆောင် စည်းရုံးနိုင်ခဲ့သည်။ လူမည်းခေါင်းဆောင် ပြည်ထောင်စုလွှတ်တော်အမတ် အင်ဒရူးယန်းနှင့် မာတင်လူသာ ကင်း-စီနီယာ (ကွယ်လွန်သူ လူမည်းခေါင်းဆောင်ကြီး မာတင်လူသာကင်း-ဂျူနီယာ၏ဖခင်) တို့၏ အားပေးမှုကြောင့် လူမည်းထုအများစု၏ ထောက်ခံမှုကို ရရှိခဲ့သည်။ သို့ဖြင့် ဂျင်မီကာတာသည် ဒီမိုကရက်တစ်ပါတီမှ သမ္မတအဖြစ် ရွေးခံရရန် အလားအလာ အကောင်းဆုံးသော ပါတီခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သည်။

၁၉၇၆ ခု နိုဝင်ဘာလ ရွေးကောက်ပွဲတွင် ဂျင်မီကာတာ သည် အမေရိကန်ပြည်ထောင်စု၏ လက်ရှိသမ္မတဖြစ်သော ရီပတ်ဗလီကန်ပါတီ ခေါင်းဆောင် ဂျယ်ဖို့ဒ်နှင့် ယှဉ်ပြိုင် အရွေးခံသည်။ ပြည်ထောင်စု တစ်ဝန်းလုံးမှ ကိုယ်စားလှယ် မဲပေါင်း ၅၃၈ မဲအနက် ၂၉၇ မဲရရှိပြီး လက်ရှိသမ္မတ ဖို့ဒ်ကို အနိုင်ရခဲ့ကာ ၁၉၇၇ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၏ သမ္မတအဖြစ် တင်မြှောက် ခံရသည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. စွယ်စုံကျမ်း နှစ်ချုပ်၊ (၁၉၇၈)