ဣန္ဒြိယဇာတ်

ဝီကီပီးဒီးယား မှ

အဋ္ဌကနိပါတ် - (၄၂၃) - ဣန္ဒြိယဇာတ် ဣန္ဒြေအလိုလိုက်၍ ပြည့်တန်ဆာမတို့၌ တပ်စွန်းမိသဖြင့် ဈာန်လျှောသော ရသေ့အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

ရသာစွဲလျက် မယားမက်[ပြင်ဆင်ရန်]

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည် အမျိုးသား တစ်ယောက်သည် စည်းစိမ်ဥစ္စာ သားမယားကို စွန့်လွွှတ်ကာ မြတ်စွာဘုရားထံတော်၌ ရဟန်းပြုလေ၏။

ထိုအမျိုးသားရဟန်းသည် ဆရာဥပဇ္ဈာယ်တို့နှင့်တကွ နေလတန်သော် ထေရ်ဝါငယ်သဖြင့် ယုတ်ညံ့သော ပစ္စည်းလာဘ်လာကိုသာ သုံးဆောင်ရ၏။ ရဟန်းကြီးသည် ရသတဏှာဖြင့် နှောင့်ဖွဲ့အပ်သည် ဖြစ်၍ မယားဟောင်းကိုပင် မစွန့်လွှတ်နိုင်ချေ။

မယားစုံစမ်းမှု ပရိယာယ်ပြု[ပြင်ဆင်ရန်]

တစ်နေ့သောအခါ ၌ မယားဟောင်းသည် ဤရဟန်းကြီးကား ငါ့ကို နှောင်ဖွဲ့အပ်သည် မဖွဲ့သည်ကို စုံစမ်းမည်ဟု ဇနပုဒ်သားတို့ကို အိမ်၌ ဧည့်ခံကျွေးမွေးလျက် အိမ်ရှေ့ဝယ် လှည်းတို့၌ နွားတို့ကို အသင့်တပ်၍ ပြင်ဆင်လျက်ထား၏။ ထိုအခိုက်တွင် ရဟန်းကြီးသည် အိမ်ရှေ့သို့လာ၍ တံခါးတွင်ရပ်၏။

ထိုအခါ ယောကျ်ားတစ်ယောက်သည် အိမ်ရှင်မအား အိမ်ရှေ့တွင် ရဟန်းကြီးတစ်ပါး ဆွမ်းရပ်နေကြောင်း ပြောကြား၏။ အိမ်ရှင်မလည်း မသိချင်ဟန်ပြု၍ ကန်တော့ဆွမ်းပါ၊ အခြားအိမ်ကြွ၍ ရပ်တော်မူပါ-ဟု အလျှောက်ခိုင်း၏။ ယောကျ်ားလည်း အိမ်ရှင်မ ခိုင်းတိုင်း သွား၍ ရှိခိုးကာလျှောက်၏။ ရဟန်းကြီးသည် အကြိမ်ကြိမ် လျှောက်သော်လည်း မကြွဘဲ ရပ်မြဲတိုင်း ရပ်လေ၏။ ထိုယောကျ်ားသည် အိမ်ရှင်မအား ရဟန်းကြီးသည် လျှောက်သော်လည်း မရ၊ အခြားသို့ မကြွကြောင်း ပြောကြားပြန်၏။

ပရိယာယ်သဘော မယားပြော[ပြင်ဆင်ရန်]

ထိုအခါ မယားဟောင်း အိမ်ရှင်မသည် အိမ်တွင်းမှ ထွက်၍ “အို ဖခင် … အခြားရဟန်းကြီး မဟုတ်၊ ကလေးတို့အဖေ ဖြစ်သည်” ဟု ပြောဆိုလျက် အိမ်မှ ဆင်းသက်၍ သပိတ်ကို လှမ်းယူပြီးလျှင် အိမ်ပေါ်သို့ပင့်၍ ဆွမ်းလုပ်ကျွေး၏။ ဆွမ်းဘုဉ်းပေးပြီးလျှင် ရှိခိုး၍ “အရှင်ဘုရား … အရှင်တို့ကား ဤသာဝတ္ထိပြည်မှာပင် ပရိနိဗ္ဗာန်ပြုရစ်ပါ၊ အကျွန်ုပ်ကား အိမ်ထောင်ပြုပါမည်၊ အိ်မ်ထောင်မရှိက မတင့်တယ်ပါ၊ အိမ်ထောင်ပြု၍ အခြားဇနပုဒ်သို့သွားပါအံ့၊ အပြစ်ရှိက သည်းခံတော်မူပါ” ဟု ဖြားယောင်း၍ လျှောက်ထားလေ၏။

တဏှာနှစ်သက် ရဟန်းထွက်[ပြင်ဆင်ရန်]

ရဟန်းကြီးသည် မယား စကားကို ကြားလျှင် နှလုံးကွဲသကဲ့သို့ ဖြစ်၍ “ရှင်မ … သင့်ကို ငါ စွန့်ခြင်းငှာ မတတ်နိုင်၊ အိမ်ထောင်မပြုပါလင့်၊ သွားလည်း မသွားပါလင့်၊ ငါ ယခုပင် လူထွက်မည်၊ ငါ့အဝတ် ပုဆိုးတို့ကို ပေးလော့၊ သပိတ် သင်္ကန်းတို့ကို ဆရာဥပဇ္ဈာယ်တို့ထံ အပ်နှင်းကာ အကျိုးအကြောင်းကို လျှောက်ထား၍ ပြန်လာမည်” ဟု ပြောဆိုမှာထားပြီးလျှင် ကျောင်းသို့ပြန်ခဲ့၏။

ကျောင်းသို့ရောက်လျှင် ဆရာဥပဇ္ဈာယ်တို့ကို အကြောင်းစုံ လျှောက်ထားလေ၏။ ဆရာဥပဇ္ဈာယ်တို့လည်း လူထွက်လိုသော ရဟန်းကြီးကို ခေါ်ဆောင်လျက် မြတ်စွာဘုရားထံ သွားကြကုန်၏။ မြတ်စွာဘုရားလည်း လူထွက်လိုကြောင်းကို သိတော်မူလျှင် “ရဟန်း … သင့်ကို သာသနာတော်၌ အဘယ်သူ ငြီးငွေ့စေသနည်း” ဟု မေး၏။ “အရှင်ဘုရား … မယားဟောင်း ငြီးငွေ့စေပါသည်” ဟု လျှောက်၏။ “ရဟန်း … ထိုမိန်းမသည် ယခုအခါ၌ သာလျှင် သင်၏ အကျိုးမဲ့ကို ပြုသည် မဟုတ်၊ ရှေးအခါ၌ လည်း ပြုဖူးပြီ၊ ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

လူ့ဘောင်စွန့်မှု ရသေ့ပြု[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ပုရောဟိတ်ပုဏ္ဏား၏ ပုဏ္ဏေးမဝမ်း၌ ဖြစ်၍ ဖွားမြင်တော်မူသောနေ့၌ တစ်မြို့လုံး လက်နက်ရောင် တောက်သောကြောင့် ဇောတိပါလဟု အမည်မှည့်ကုန်၏။

ထိုဇောတိပါလ လုလင်သည် အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အတတ်ပညာ သင်ကြားပြီးလျှင် မင်းကြီးအား အတတ်ပညာတို့ကို ပြ၍ စည်းစိမ်ဥစ္စာတို့ကို ပယ်စွန့်ပြီးလျှင် တစ်စုံတစ်ယောက်ကိုမျှ မသိစေဘဲ မြို့မှထွက်၍ တောသို့ဝင်ကာ သိကြားပေးသော ကဝိဋ္ဌက မည်သော ကျောင်း၌ ရသေ့ရဟန်းပြု၍ ဈာန်အဘိညာဉ်ကို ဖြစ်စေ၏။ များစွာသော ရသေ့အရာတို့သည် ခြံရံကြကုန်၏။ အစည်းအဝေးကြီးလည်း ဖြစ်၏။ တပည့်ကြီး ခုနစ်ဦးတို့လည်း ရှိကုန်၏။

အခြံအရံစုံစွာ ပျော်မွေ့ကာ[ပြင်ဆင်ရန်]

ထိုတပည့်ကြီးတို့တွင် သာလိဿရ ရသေ့သည် အရှေ့ဇနပုဒ် သောတောဒိက မြစ်နား၌ အထောင်မကသော ရသေ့တို့ ခြံရံလျက်နေ၏။ မဏ္ဍိဿာရ ရသေ့သည် ပဉ္စာလမင်းနိုင်ငံ ကလမ္ဗစူဠက နိဂုံးကိုမှီ၍ အထောင်မကသော ရသေ့တို့ ခြံရံလျက်နေ၏။ ပဗ္ဗတရသေ့သည် တောအုပ်၌ ရှိသော ဇနပုဒ်ကိုမှီ၍ အထောင်မကသော ရသေ့တို့ ခြံရံလျက်နေ၏။ ကာလဒေဝိလ ရသေ့သည် အဝန္တီဒက္ခိဏပထ၌ တစ်ခဲနက်သော တောအုပ်ကိုမှီ၍ အထောင်မကသော ရသေ့တို့ကို ခြံရံလျက်နေ၏။ ကိဿဝစ္ဆရသေ့သည် ဒဏ္ဍကီမင်း၏ ကုမ္ဘဝတီမြို့ကိုမှီ၍ ဥယျာဉ်တော်ဋ တစ်ယောက်တည်းသာ နေ၏။ အနုပိယရသေ့သည် ဆရာဖြစ်သော သရဘင်္ဂ ရသေ့ကို လုပ်ကျွေးလျက်နေ၏။ ကာလဒေဝီလ ရသေ့၏ ညီဖြစ်သော နာရဒရသေ့သည် မဇ္ဈိမဒေသ အဉ္စနဂိရိ တောင်ကွန်ရက်ကြားတွင် လိုဏ်ဂူတစ်ခု၌ တစ်ယောက်တည်းသာနေ၏။

ပြည့်တန်ဆာတပ်စွမ်း ရသေ့စွဲလမ်း[ပြင်ဆင်ရန်]

အဉ္စနဂိရိတောင်၏အနီး၌ လူတို့ဖြင့် ရောပြွမ်းသောနိဂုံးရွာတစ်ခု ရှိ၏။ တောင်နှင့် နိဂုံး အကြား၌ လည်း မြစ်ကြီးရှိ၏။ ထိုမြစ်ကြီး၌ လူများစွာတို့သည် ကူးကုန်၏။ ပြည့်တန်ဆာမတို့လည်း ဝတ်စားတန်ဆာတို့ကို ဆင်ယင်ကြလျက် လာလာသမျှ ယောကျ်ားတို့ကို ဖြားယောင်းသွေးဆောင်၍ မြစ်ကမ်းနားမှာပင် နေကြကုန်၏။

ထိုအခါ နာရဒရသေ့သည် ပြည့်တန်ဆာမတစ်ယောက်၌ တပ်စွမ်းသော စိတ်ရှိသည်ဖြစ်၍ ဈာန်ကို ကွယ်စေလျက် ကိလေသာ၏အလိုသို့ လိုက်လျက် ခြောက်ကပ်သောကိုယ်ရှိသည်ဖြစ်၍ အစာအာဟာရကိုပင် မသုံးဆောင်တော့ဘဲ ခုနစ်ရက်ပတ်လုံး ကျောင်းတွင်သာ အိပ်လျက်နေ၏။

မိတ်ဆွေကယ်မ တောမှကြွ[ပြင်ဆင်ရန်]

ကာလဒေဝီလ ရသေ့သည် အဘိညာဉ်ဖြင့် ဆင်ခြင်လတ်သော် ထိုအကြောင်းကိုသိ၍ နာရဒရသေ့ထံလာကာ လိုဏ်ဂူသို့ ဝင်၏။ နာရဒရသေ့သည် ကာလဒေဝီလရသေ့ကိုမြင်၍ “အရှင် … အဘယ်ကြောင့် လာသနည်း” ဟု မေး၏။ “အရှင် … အချမ်းသာသည်ကို ကုစားရန်လာ၏” ဟု ပြော၏။ “အရှင်သည် … မဟုတ်မမှန်သော စကားကို ဆို၏” ဟု မုသာဝါဒဖြင့် နှိပ်စက်၏။

ကာလဒေဝီလ ရသေ့သည် သာလိဿရ ရသေ့၊ မဏ္ဍိသာရ ရသေ့၊ ပဗ္ဗတရသေ့တို့ကို ပင့်ပြန်၏။ ထိုရသေ့ သုံးဦးတို့ကို လည်း မုသာဝါဒဖြင့် နှိပ်စက်ပြန်၏။

မိတ်ဆွေဆုံးမ တရားပြ[ပြင်ဆင်ရန်]

ထိုအခါ သရဘင်္ဂ ရသေ့ကြီးကို ပင့်ဆောင်ပြန်၏။ သရဘင်္ဂ ရသေ့သည် နာရဒရသေ့ကို ဣန္ဒြေတို့၏ အလိုသို့ လိုက်သည်ကိုသိ၍ -

“အို- နာရဒရသေ့ … ကိလေသာ၏ အစွမ်းဖြင့် ဣန္ဒြေတို့၏အလိုသို့ လိုက်မှားသောသူသည် နှစ်ပါးသော လူ့ပြည် နတ်ပြည်တို့ကို စွန့်၍ ငရဲစသည်တို့၌ ဖြစ်ရ၏၊ အသက်ရှည်စဉ် လည်း ခြောက်ကပ်ပိန်ချုံး၏” –

ဟု နာရဒရသေ့ကို ဆုံးမ၏။ ထိုအခါ နာရဒရသေ့သည် “ဆရာ … ကာမကို မှီဝဲခြင်း မည်သည်ကား ချမ်းသာ၏၊ ဤသို့သော ချမ်းသာကို ဆရာသည် အဘယ်ကိုရည်၍ ဆင်းရဲသည်ဟု ဆိုဘိသနည်း” ဟု လျှောက်ထားလေ၏။

တဏှာဖြစ်ပြော တရားဟော[ပြင်ဆင်ရန်]

သရဘင်္ဂ ဆရာသည် ကာမချမ်းသာသည် အပါယ်ငရဲစသော မကောင်းသော ဒုဂ္ဂတိသို့သာ ခံစားရကြောင်း ပြောလို၍ -

“အို- နာရဒရသေ့ … သတ္တဝါတို့သည် ကာမချမ်းသာ၏ အဆုံး၌ ငရဲ စသော ဆင်းရဲသို့ ရောက်ရကုန်၏၊ သီလကို စောင့်ရှောက်သော ဆင်းရဲ၏အဆုံး၌ လူ့ပြည် နတ်ပြည် နိဗ္ဗာန်ချမ်းသာသို့ ရောက်ရကုန်၏၊ သတ္တဝါ ဖြစ်သော သင်လည်း ဈာန်ချမ်းသာ၏ အဆုံး၌ ကာမချမ်းသာကို မှီ၍ ဖြစ်သော စိတ်ဆင်းရဲခြင်းသို့ ရောက်ရ၏၊ မြတ်သော ဈာန်ချမ်းသာကို အလိုရှိဦးလော့” –

ဟု ဆုံးမပြန်၏။ နာရဒရသေ့သည် ဆရာ၏ဆင်းရဲကား သည်းခံနိုင်ခဲ၏၊ အကျွန်ုပ် သည်းမခံနိုင်ဟု လျှောက်ထားပြန်၏။

တဏှာစွန့်မှ ချမ်းသာရ[ပြင်ဆင်ရန်]

ထိုအခါ သရဘင်္ဂ ရသေ့သည် ကိလေသာ၏ အလိုသို့ လိုက်ခြင်းသည် ဆုတ်ယုတ်၏။ စွန့်ခြင်းသည် ဆင်းရဲအပေါင်းမှ လွန်မြောက်၏ဟု ပြောလို၍ -

“အို- နာရဒရသေ့ … ဆင်းရဲ ဖြစ်လာသောအခါ ၌ ထိုဆင်းရဲကို သည်းခံလျက် ဆင်းရဲ၏အလိုသို့ မလိုက်သော ပညာရှိသည် ဆင်းရဲ၏အဆုံးဖြစ်သော ယောဂ ဟူသော ချမ်းသာကို ကောင်းစွာရနိုင်၏” –

ဟု ဆုံးမပြန်၏။ နာရဒရသေ့သည် “ဆရာ … ကာမချမ်းသာကား မြတ်သော ချမ်းသာ ဖြစ်၏၊ ထိုချမ်းသာကို အကျွန်ုပ် မစွန့်နိုင်ပါ” ဟု လျှောက်ထားပြန်၏။ ထိုအခါ သရဘင်္ဂရသေ့သည် -

“အို- နာရဒရသေ့ … ဝတ္ထုကာမတို့ကို တောင့်တသဖြင့် တရားမှ ရွေ့လျောခြင်းငှာ မထိုက်၊ အကျိုးမဲ့ဖြစ်သဖြင့် တရားမှ ရွေ့လျောခြင်းငှာ မထိုက်၊ ဤမည်သော အကျိုး ဖြစ်လိမ့်မည်ဟု အကျိုးကို လိုချင်ခြင်း အကြောင်းကြောင့်လည်း တရားမှ ရွေ့လျောခြင်းငှာ မထိုက်၊ ဖြစ်ပြီးသောဈာန်ကို ဖျက်ဆီး၍ တရားမှ ရွေ့လျောခြင်းငှာ မထိုက်” –

ဟု သရဘင်္ဂ ဆရာသည် လေးဂါထာတို့ဖြင့် ဆုံးမပြီး၍ -

ဆင်းရဲချမ်းသာ သည်းခံရာ[ပြင်ဆင်ရန်]

ကာလဒေဝီလ ရသေ့သည် ကိလေသာကိုမှီ၍ ငိုကြွေးဆင်းရဲခြင်းကို တားမြစ်လိုသဖြင့် -

“အို- နာရဒရသေ့ … အိမ်ရှင်တို့၏ မပျင်းမရိ လိမ္မာခြင်းသည် ကောင်း၏၊ တရားစောင့်သော ရသေ့ ရဟန်းတို့နှင့် ဝေဖန် သုံးဆောင်ခြင်းသည် ကောင်း၏၊ စည်းစိမ်ဥစ္စာ ရသောအခါ မပေါ်လွင် မရွှင်လန်းခြင်းသည် ကောင်း၏၊ စည်းစိမ်ဥစ္စာ ပျက်စီးသောအခါ ၌ လည်း မဆင်းရဲ မပင်ပန်းခြင်းသည် ကောင်း၏” –

ဟု နာရဒရသေ့ကို ဆုံးမပြန်၏။ ထိုနောက် သရဘင်္ဂဆရာသည် နာရဒရသေ့ကိုခေါ်၍ “အို- နာရဒရသေ့ … ရှေးဦးစွာ ပြုလုပ်ထားရမည့် လုပ်ငန်းကိစ္စကို ပြုလုပ်မထားသောသူသည် တောသို့ဝင်ကာ လုလင်ကဲ့သို့ စိုးရိမ်ပူဆွေး ငိုကြွေးရ၏” ဟု ပြောဆိုပြီးလျှင် အတိတ်ကို ဆောင်ပြန်၏။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

လုလင်ယောကျ်ား သားသတ်စား[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ကာသိနိဂုံးဝယ် ကုဏ္ဏားလုလင်တစ်ယောက် ရှိသတတ်။ အဆင်းလှ၏။ ဆင်ပြောင်အားကဲ့သို့ အားနှင့် ပြည့်စုံ၏။ ထိုလုလင်သည် လယ်လုပ်ခြင်းစသော အမှုကို ပြုလုပ်ကာ မိဘကို လုပ်ကျွေးသဖြင့် အကျိုးရှိအံ့နည်း၊ သားမယားကို လုပ်ကျွေးသဖြင့် အကျိုးရှိအံ့နည်း၊ ကုသိုလ်ကောင်းမှုကို ပြုသဖြင့် လုပ်ကျွေးသဖြင့် အကျိုးရှိအံ့နည်း၊ ငါသည် တောသို့ဝင်ကာ သားတို့ကို သတ်၍ စားလျက် မိမိကိုယ်ကိုသာ မွေးမြူအံ့ဟု ကြံစည်ပြီးလျှင် လက်နက်ငါးပါးကို ယူဆောင်လျက် တောသို့ဝင်ကာ သားတို့ကို သတ်၍ မီးကျီးတွင်ကပ်၍ စားသောက်လျက် အသက်မွေးလေ၏။

အကုကျိုးပြစ် ပြိတ္တာဖြစ်[ပြင်ဆင်ရန်]

တစ်နေ့သ၌ ငါကား အခါခပ်သိမ်း အားနှင့် ပြည့်စုံနေမည် မဟုတ်၊ အားနည်းသောအခါ စားဖို့ဟု အထူးထူးသော သားတို့ကို တောင်ကွန်ရက်သို့ သွင်းလျက် တံခါးဖွဲ့ကာ လှောင်၍ ထားပြီးလျှင် လိုရာသားကို ပစ်၍ စားလေ၏။ နောက်အခါ သားတို့ကို သတ်သော အကုသိုလ်ကံသည် အထွတ်အထိပ်သို့ရောက်၍ မျက်မှောက်မှာပင် အကျိုးပေးလေ၏။ လက် ခြေတို့သည် ထိုထိုဤဤ ရွေ့လျားရန် မတတ်နိုင်ကုန်။ တစ်စုံတစ်ခုသော ခဲဖွယ်ဘောဇဉ် သောက်ရေကို မမြင်။ ကိုယ်အလုံးသည် ညှိုးနွမ်းလျက် လူပြိတ္တာဖြစ်လေ၏။ နွေအခါ တစ်ကိုယ်လုံး မြေကြီးကဲ့သို့ အက်ကွဲ၏။ အရေတို့လည်း စုတ်ပြတ်ကုန်၏။ ကြီးစွာသော ဆင်းရဲကို ခံရ၏။

မင်းနှင့်တွေ့ကာ လူပြိတ္တာ[ပြင်ဆင်ရန်]

တစ်နေ့သ၌ သိဝိမင်းကြီးသည် တောသို့ဝင်ကာ သမင်သားကို မီးကျီဖြင့်ကင်၍ စားမည်ဟု ကြံစည်လျက် တိုင်းပြည်ကို အမတ်တို့အား အပ်နှင်းခဲ့၍ တောသို့ဝင်ကာ လူပြိတ္တာနှင့် တွေ့လေ၏။ ကြောက်၍ ထွီထွီဟု တံတွေးထွေး၏။ မင်းကြီးသည် ထိုလူပြိတ္တာအား “အမောင် … အဘယ်သူနည်း” ဟု မေး၏။ “အရှင် … အကျွန်ုပ်ကား လူပြိတ္တာဖြစ်ပါ၏၊ သမင်သားကို သတ်၍ စားသဖြင့် ဤကဲ့သို့ ဒိဋ္ဌဓမ္မ အကျိုးခံစားရပါ၏၊ အရှင်လည်း အဘယ်သူနည်း” ဟု ပြန်၍ မေး၏။ “အမောင် … ငါကား သိဝိမင်း ဖြစ်၏” ဟု ပြောသောအခါ “အရှင် … မင်းဖြစ်ပါလျက် အဘယ်ကြောင့် ဤအရပ်သို့ လာသနည်း” ဟု မေး၏။ “အမောင် … သမင်သားကို စားလို၍ လာသည်” ဟု ပြောသောအခါ “အရှင် … အကျွန်ုပ်လည်း သမင်သားကို စာလို၍ လာသောကြောင့် ဤကဲ့သို့ လူပြိတ္တာ ဖြစ်ရသည်” ဟု အကြောင်းစုံကို ပြောဆိုလေ၏။

အကုသိုလ်ကံများ မင်းလျှောက်ထား[ပြင်ဆင်ရန်]

ထိုနောက် တစ်ဖန် မိမိ၏ ပြုခဲ့သော ကုသိုလ်ကံအကျိုး ခံစားရပုံကို လျှောက်ထားလို၍ -

“အရှင် သိဝိမင်းကြီး … အကျွန်ုပ် ကဲ့သို့သော သူသည် ရန်သူလက်၌ ပျက်စီးခြင်းသို့ ရောက်သကဲ့သို့ ရောက်ရ၏။ အသက်မွေးခြင်းအမှု၊ အတတ်ပညာ၊ အလိမ္မာဉာဏ်၊ အကျင့်သီလ နူးညံ့သော အဆွေ ခင်ပွန်း ဟူသော စည်းစိမ်ကို ရစေတတ်သော သဘောတို့ကို စွန့်ပယ်၍ မိမိ ပြုလုပ်အပ်သော မကောင်းမှုကံဖြင့် အသပြာ တစ်ထောင်မှ ရှုံးသောသူကဲ့သို့ အဆွေခင်ပွန်း မရှိ၊ မှီခိုအားထားရာ မရှိဘဲ လူပြိတ္တာ ဖြစ်ရ၏၊ အကျွန်ုပ်သည် မြတ်သောအကျင့်ကို ဖယ်ကြဉ်ကာ လူပြိတ္တာ ဖြစ်ရသော အခြင်းအရာဖြင့် ချမ်းသာကို အလိုရှိသော သတ္တဝါတို့ကို ဆင်းရဲစေသောကြောင့် ယခုလို ဆင်းရဲအစုကို ရောက်ရ၏၊ မီးကျီးဖြင့် ပတ်ပတ်လည် ခြံရံသကဲ့သို့ ပူလောင်နေသဖြင့် ချမ်းသာကို မရခဲ့ပါ” –

ဟု မင်းကြီးအား ပြောဆိုပြီးလျှင် -

မင်းကိုတောင်းပန် ကသိုလ်ပြုရန်[ပြင်ဆင်ရန်]

အရှင်မင်းကြီး အကျွန်ုပ်၏ အဖြစ်ကို ကြည့်ရှုပါလော့၊ မကောင်းမှုကို မပြုပါလင့်၊ တိုင်းပြည်သို့ပြန်၍ ဒါန သီလ စသော ကုသိုလ်ကောင်းမှုတို့ကို ပြုပါလော့ ဟု တောင်းပန်လေ၏။ မင်းကြီးလည်း လူပြိတ္တာ ပြောသော စကားကို ကြားရ၍ တိုင်းပြည်သို့ ပြန်ပြီးလျှင် ကုသိုလ်ကောင်းမှုတို့ကို ပြုလျက် သေသည်၏ အခြားမဲ့၌ နတ်ပြည်သို့ လားရ၏။

ဤသို့လျှင် သရဘင်္ဂဆရာသည် အတိတ်ဝတ္ထုကိုဆောင်ကာ ဆုံးမသဖြင့် နာရဒရရသေ့သည် သံဝေဂရ၍ ပျောက်ပြီးသောဈာန်ကို တစ်ဖန်ပြန်ရအောင် အားထုတ်လေ၏။ သရဘင်္ဂဆရာလည်း နာရဒရရသေ့အား နေမြဲလိုဏ်ဂူ၌ မနေစေဘဲ မိမိနေရာသို့ ခေါ်၍ သွားလေ၏။

ဤဒေသနာတော်ကိုဆောင်၍ သစ္စာကို ပြသည်၏ အဆုံး၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

• ထိုအခါ နာရဒရသေ့သည် - ယခုအခါ ငြီးငွေ့သော ရဟန်း။

• ပြည့်တန်ဆာမသည် - မယားဟောင်း။

• သာလိဿရရသေ့သည် - သာရိပုတ္တရာ။

• မဏ္ဍိဿရရသေ့သည် - ကဿပ။

• ပဗ္ဗတရသေ့သည် - အနုရုဒ္ဓါ။

• ကာလဒေဝိလရသေ့သည် - ကစ္စည်း။

• အနုပိယရသေ့သည် - အာနန္ဒာ။

• ကိဿဝစ္ဆရသေ့သည် - မောဂ္ဂလာန်။

• သရဘင်္ဂရသေ့သည် - ငါဘုရား ဖြစ်လာပြီ

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) ဣန္ဒြေလိုလိုက်၊ ငရဲဆိုက်၊ လူ၌ ဆင်းရဲရာ။

(၂) ချမ်းသာဆုံးလည်း၊ ဆင်းရဲမြဲ၊ ဆင်းရဲဆုံးချမ်းသာ။

(၃) အိမ်နေဟူဘိ၊ မပျင်းရိ၊ ကောင်း၏ထုံးအလာ။

(၄) တရားကျင့်ခြင်း၊ ဝေဖန်လျှင်း၊ သုံးခြင်းကောင်းသည်သာ။

(၅) ဥစ္စာရလျှင် ၊ မပျော်ရွှင်၊ လူတွင်ကောင်းသည်သာ။

(၆) ဥစ္စာပျက်လည်း၊ ဝမ်းမနည်း၊ တစ်နည်းကောင်းသည်သာ။

ဣန္ဒြေိယဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ