ဂီတ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဂီတဆိုသည်မှာ သာယာနာပျော်ဖွယ်ကောင်းသော သံစဉ်များကို စည်းချက်ဝါးချက် ညီညီ သီဆိုတီးမှုတ်သော အနုပညာတစ်ရပ်ဖြစ်သည်။ ဂီတဖန်တီးရေးသားခြင်း၊ သီဆိုတီးမှုတ်ခြင်း၊ ထူးခြားချက်နှင့် အဓိပ္ပာယ် သတ်မှတ်ချက်များမှာ ယဉ်ကျေးမှုအလိုက် လူ့အဖွဲ့အစည်းအလိုက် ကွဲပြားမှုများရှိသည်။

ဂီတသည် အသံအားကြားခံအဖြစ် အချိန်တစ်ခုအတွင်း အသုံးပြုသည့် အနုပညာပုံစံတစ်ရပ် ဖြစ်သည်။ ပန်းချီတွင် ကြားခံအား ကင်းဗတ်(စ)စ၊ နံရံ စသည့် medium များကို အသုံးပြုသကဲ့သို့ပင်ဖြစ်သည်။ ဂီတတွင် ယေဘူယျအားဖြင့် pitch ဆိုသော အသံအနိမ့်အမြင့်( ထိုအထဲတွင် သံစဉ်နှင့် ဟာမိုနီ တို့အကျုံးဝင်သည်) စည်းချက်( ၎င်းထဲတွင် tempo,meter နှင့် articulation တို့ပါဝင်သည်) dynamics နှင့် timbre နှင့် texture တို့၏ အသံအရည်အသွေးစသည့် အစိတ်အပိုင်းများပါဝင်သည်။ ဂီတဆိုသော အင်္ဂလိပ်စကားလုံး music သည်ဂရိဘာသာစကား μουσική (mousike)မှဆင်းသက်လာသည်။

ဂီတ၏ ဖန်တီးမူ့၊တင်ဆက်မူ့၊ ထင်ရှားသော ဝိသေသလက္ခဏာ များနှင့် ဂီတဆိုသော အဓိပ္ပါယ်ဖွင့်ဆိုချက် ကိုယ်တိုင်ပင် မတူညီသော ယဉ်ကျေးမူ့များနှင့် လူမူ့ရေးအရ ပုံသဏ္ဍန်အမျိုးမျိုးကွဲပြားနေလေသည်။[၁]

အဓိပ္ပါယ် ဖွင့်ဆိုချက်[ပြင်​ဆင်​ရန်​]

`ဂီတ´ဝေါဟာရသည် ပါဠိဘာသာမှ ဆင်းဆက်လာပြီး `သီချင်း၊ သီဆိုခြင်း´(Song, Singing) အဓိပ္ပါယ်ရသည်။ `တူရိယာတီးမှုတ်ခြင်း´ (Music) အဓိပ္ပါယ်နှင့် တစ်ခြားစီဖြစ်သည်။ ပါဠိဘာသာအရ `တူရိယာတီးမှုတ်ခြင်း´ကို ဝါဒိတ္တဝါဒန ဟူ၍ခေါ်ဝေါ်သည်။ မြန်မာ့ကျမ်းဂန်များအရ `ဂီတ´ဆိုသည်မှာ `ဒီဃသရေန ဂါယိတဗ္ဗနကိဂီတံ´ရှည်သောအသံဖြင့် ရွတ်အပ်သောကြောင့် ဂီတမည်သည်ဟု၍၎င်း၊ `ပုဗ္ဗဘာဂဩကုဇ´ရှေ့အဖို့၌ ရင့်ရှုညည်းတွားခြင်းသည်ပင်လှျင် ဂီတဟူ၍၎င်း၊ သုံးမတြာကာလထက် လွန်အောင်ရွတ်ဖတ်ရသော အသံများကို `ပြူတသံ(ဝါ)ဂီတသံ´ ဟူ၍၎င်း ပြဆိုပေသည်။ ရှေးခေတ်ကျောက်စာများတွင် သီချင်းသီဆိုသူကို `သိခြင်းသည်´(သီချင်းသည်) ဟူ၍၎င်း၊ `ရခန်း´ဟူ၍၎င်း၊ `ရတင်သည်´ဟူ၍၎င်း အမျိုးမျိုး ခေါ်ဝေါ်ကြသည်။ ထို့ကြောင့် `ပန်ထျာဂီတ´၏ အနက်အဓိပ္ပါယ်မှာ တီးမှုတ်သီဆိုခြင်းပင် ဖြစ်သည်။

ရှည်သောအသံဖြင့်သီဆိုအပ်သော စကားအဖွဲ့သီချင်း လို့ အဓိပ္ပါယ်ရသည်။ စည်း၊ ဝါး စသော တူရိယာတို့ဖြင့် တီးမှုတ်သီဆိုရသော ကဗျာမျိုးကို ဂီတ ဟုခေါ်သည် ရယ်လို့ ဦးသော်ဇင်ရဲ့ ကဗျာ့လမ်းညွှန် စာအုပ်ထဲမှာ ဆိုထားပါတယ်။ ရှည်လျားသော အသံဖြင့်သီဆိုရသောသီချင်းလို့ ဆိုပါတယ်။ ဘယ်လောက်အထိရှည်ရမလဲဆိုရင် အချိန်ကာလအားဖြင့် သုံးမတြာထက် ကျော်လွန် ရှည်လျားပြီး စည်းဝါး အစရှိတဲ့ တူရိယာတွေနဲ့ သီဆိုရရင် ဂီတလို့ခေါ်ပါတယ်။ ('မတြာ' ဆိုတာ အသံရှိန်ကို တိုင်းတာတဲ့ မြန်မာယူနစ် (Dimensional unit) ဖြစ်ပါတယ်။ မျက်စိတမှိတ်၊ လှျပ်တပြက်၊ နွားနို့တညှစ်စာ ကာလကို တစ်မတြာ ကြာတယ်လို့ တိုင်းတာပါတယ်)

မြန်မာဂီတ (သီချင်း) အမျိုးအစား[ပြင်​ဆင်​ရန်​]

မြန်မာ့ဂီတတွင် အကြမ်းအားဖြင့် သောတာလင်္ကာရသီချင်းနှင့် ဝစနာလင်္ကာရသီချင်း ဟူ၍ အမျိုးအစားနှစ်မျိုးရှိသည်။

သောတာလင်္ကာရသီချင်း[ပြင်​ဆင်​ရန်​]

သောတာလင်္ကာရသီချင်းကို စည်းဝါးများ၊ တူရိယာအတီးအမှုတ်များနှင့်အတူ သီဆိုရသည်။ သောတာလင်္ကာရ သီချင်းများမှာ ကြိုး၊ ဘွဲ့၊ သီချင်းခံ၊ ပတ်ပျိုး၊ ယိုးဒယား၊ မွန်၊ ဒိန်းသံ၊ တေးထပ်၊ ဘောလယ်၊ လေးထွေသံကပ်၊ မြင်းခင်း၊ နတ်ချင်း စသည့်သီချင်းများ၊ ရိုးရာသီချင်းများ(Folk-Songs)၊ ရှေးသံဆန်းသီချင်းများ၊ ခေတ်ဟောင်းသီချင်းများ၊ နှစ်၂၀-သီချင်းများ၊ ကာလပေါ်သီချင်းများ၊ စတီဒီယိုသီချင်းများပင် ဖြစ်သည်။ အဆိုပါသီချင်းများကို သောတာလင်္ကာရသီချင်း၏ အဓိပ္ပါယ်မှာ ဂီတအားဖြင့် နားသောတကို တန်ဆာဆင်ထားသည့် သီချင်းပင် ဖြစ်သည်။

အမျိုးအစားများမှာ-

  1. ကြိုးသီချင်း
  2. ဘွဲ့ သီချင်း
  3. သီချင်းခံ သီချင်း
  4. ပတ်ပျိုး သီချင်း
  5. ယိုးဒယား သီချင်း
  6. မွန်သီချင်း
  7. ဒိန်းသံ
  8. တေးထပ်
  9. ဘောလယ်အရိုး
  10. လေးထွေသံကပ်
  11. မြင်းခင်း
  12. နတ်ချင်း

ရိုးရာသီချင်းများ(Folk-Songs)မှာ-

  1. အိုးစည်သံ သီချင်း
  2. ကရင်ဩသံ သီချင်း
  3. လှေတော်သံ သီချင်း
  4. မွန်သံ သီချင်း
  5. စည်တော်သံ သီချင်း
  6. ဗြော သီချင်း
  7. ဗုံကြီးသံ သီချင်း
  8. ဒိုးပတ်သံ သီချင်း


ဝစနာလင်္ကာရသီချင်း[ပြင်​ဆင်​ရန်​]

ဝစနာလင်္ကာရသီချင်းသည် ဂီတထက် ကဗျာကို ပို၍ အလေးပေးကာ စပ်ဆိုသီကုံးထားသော သီချင်းမျိုးများဖြစ်သည်။ ထို့ကြောင့် ၎င်းသီချင်းစာသားများကို ရွတ်ဖတ်သီဆိုရာတွင် ခန့်ခန့်ညားညား၊ လေးလေးနက်နက်၊ ပီပီသသ ပြတ်သားကြည်လင်စွာ ရွတ်ဖတ်သီဆိုရပြီး အသံအဖြတ်အတောက် အဆွဲအငင် အရစ်အဝဲ လေယူလေသိမ်းများကို သောတာလင်္ကာရ သီချင်းများထက် ပို၍ နိုင်နင်းစွာ ရွတ်ဖတ်သီဆိုကြရသည်။ ဝစနာလင်္ကာရသီချင်းများမှာ ဒွေးချိုး၊ တြိချိုး၊ လေးချိုး၊ ခွန်းတောက်၊ လွမ်းချင်း၊ သဖြန်၊ ပုလဲပေါက် စသည်များနှင့် ထီးနန်းသုံး ကဗျာသီချင်းများဖြစ်သော ရတု၊ လူးတား၊ ရကန်၊ အဲချင်း၊ အိုင်ချင်း၊ သာချင်း၊ အန်ချင်း၊ ဧချင်း၊ သံချို၊ လေးချိုးကြီး၊ ပျို့၊ လင်္ကာ၊ မော်ကွန်း၊ သမိုင်း တမ်းချင်း၊ မှာတမ်း စသည့် သီချင်းများပင် ဖြစ်သည်။ ဝစနာလင်္ကာရသီချင်း၏ အဓိပ္ပါယ်မှာ စကားကို တန်ဆာဆင်ထားသော သီချင်းပင် ဖြစ်သည်။

  1. ရတု
  2. ရကန်
  3. အဲချင်း
  4. အန်ချင်း
  5. အိုင်ချင်း
  6. လူးတား
  7. ဧချင်း
  8. လေးချိုးကြီး
  9. သာချင်း
  10. ပျို့ [၂]

ဦးသော်ဇင်၏ ကဗျာ့လမ်းညွှန်စာအုပ်တွင် မြန်မာဂီတ (သီချင်း) အမျိုးအစားများမှာ-

  1. ရကန်၊
  2. ဟောစာ
  3. သာချင်း၊
  4. ကာချင်း
  5. အဲချင်း၊
  6. အိုင်ချင်း၊
  7. လေးချိုး
  8. သံချို
  9. ယိုးဒယား(ဂီတ)၊
  10. ပတ်ပျိုး၊
  11. ကြိုး၊
  12. ဘွဲ့(ဂီတ)၊
  13. ဘောလယ်အရိုး၊
  14. တေး- အရိုးအဆန်း၊
  15. သဖြန်- အရိုးအဆန်း၊
  16. ငိုချင်း - အရိုးအဆန်း၊
  17. တုံးချင်း - အရိုးအဆန်း၊
  18. ဟန်ချင်း - အရိုးအဆန်း၊
  19. လှေချင်း - အရိုးအဆန်း၊
  20. နတ်သံ၊
  21. မှာတမ်း
  22. ဇာတ်စာ ဟူ၍ ၂၂ မျိုး ရှိသည်ဟု ဖော်ပြသည်။ [၃]

ခေတ်ပေါ်ဂီတ[ပြင်​ဆင်​ရန်​]

အကိုးအကား[ပြင်​ဆင်​ရန်​]

  1. အင်္ဂလိပ်ဝီကီမှ
  2. သန်လျင်မြဦး၏ ပန်တျာဂီတလမ်းညွှန်မှ ၁၉၈၉-ခု၊ (စာပေဗိမာန်စာမူဆုရ)
  3. ဦးသော်ဇင်၏ ကဗျာ့လမ်းညွှန်စာအုပ်