ကဗျာလင်္ကာ

Wikipedia မှ
(ကဗျာ မှ ပြန်ညွှန်းထားသည်)
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ကဗျာလင်္ကာ ဟူသည်ကား လူတို့နေ့စဉ် သုံးစွဲပြောဆိုနေသော သာမန်စကားများကို တေးဂီတပမာ ပြေပြစ်ချောမောစွာ ချိုသာငြိမ့်ငြောင်းအောင်စီကုံးရေးသား ထားသောစာ ဖြစ်သည်။ ထို့ပြင် ပဒဒေါသ၊ ဝါကျဒေါသ စသော ဒေါသတို့မှ ကင်းလွတ်၍ ပသာဒဂုဏ်၊ ဩဇဂုဏ်စ သော ဂုဏ်တို့နှင့် ပြည့်စုံအောင် ဖွဲ့သီကုံးသမျှသော သက္ကဋဘာသာ မဂဓဘာသာတွင် ဂါထာ၊ မြန်မာဘာသာတွင် လင်္ကာသီချင်းများကို ကဗျာလင်္ကာဟု ခေါ်ဝေါ်ကြသည်။

ကဗျာလင်္ကာကို မြန်မာဘာသာ စာပေသာမဟုတ်၊ ကမ္ဘာပေါ်ရှိ ဘာသာစာပေ အသီးသီးတို့၌လည်း တွေ့ရှိနိုင်သည်။ ထိုသို့ဖြစ်သော် ကဗျာလင်္ကာသည် မည်ကဲ့သို့ စတင်ပေါ်ပေါက်လာသနည်းဟု စဉ်းစားဖွယ်ရှိသည်။ ကဗျာလင်္ကာကို မည်သူကစ၍ ရေးလိုက်သည်ကို ကျွန်ုပ်တို့ အတိအကျ မပြောနိုင်ချေ။ သို့သော် ကဗျာလင်္ကာ မည်သို့စတင်ဖြစ်ပေါ်လာသည်ကိုမူ ခန့်မှန်း ချိန်ဆနိုင်ပေသည်။ ကဗျာလင်္ကာဟူသည် တေးဂီတပမာ ချိုသာငြိမ့်ငြောင်းအောင် စီကုံးထားသော စာဖြစ်သည်ဟု အထက်ကဆိုခဲ့ပြီ။ ထို့ကြောင့် ကဗျာလင်္ကာ၏ ရေသောက်မြစ်ဖြစ်သော တေးဂီတများကို ပြန်လည် စဉ်းစား သင့်ပေသည်။ တေးဂီတများမည်ကဲ့သို့ စတင်ပေါ်ပေါက်လာသနည်း။

ကမ္ဘာလောကကြီး၌ သာယာသောအသံ ဆိတ်သုန်းနေသည့် အချိန်ဟူ၍ မည်သည့် အခါကမ မရှိခဲ့ချေ။ သတ္တလောကကြီးမဖြစ်တည်မီ လောကဓါတ်ကြီးတစ်ခွင်လုံး ရေပြင်အတိ ဖုံးလွှမ်းနေသော ကမ္ဘာပျက်နေချိန်၌ပင် ရေယာဉ်လှိုင်းတို့ခွပ်သံ၊ လျှပ်စစ်ပြက်၍ မိုးကြိုးထစ်သံ စသော အသံများ ရှိခဲ့ပေသည်။ ထိုနောက် ရေများခန်းခြောက်၍ မြေပြင်ပေါ်ထွန်း လာသောအခါ လေဖြင့် တိုက်ခတ်အပ်သော ရေလှိုင်းသံသည်လည်းကောင်း၊ ပင်ထက်မှ သစ်ရွက် သစ်ခက်ကလေးများ လှုပ်ရှားသံသည်လည်းကောင်း၊ ချောင်း မြောင်း အင်းအိုင်တို့မှ ရေပွက်သံသည် လည်းကောင်း၊ ပိုးမွှားတိရစ္ဆာန် တို့၏ အော်မြည်သံသည်လည်းကောင်း၊ ကျေးငှက် သာရကာတို့၏ ရင့်ရူသံသည် လည်းကောင်းအသီးသီး ရှိခဲ့ကြပေသည်။ ထိုအသံများမှာ စင်စစ် သဘာဝ၏ တေးဂီတပင် ဖြစ်လေသည်။ ဂီတသံနွှယ်သည့် သာယာငြိမ့်ငြောင်းသော ထိုသဘာဝသံကို ကမ္ဘာဦးသူတို့ အာရုံပြုမိကြသည်။ ကလေးသူငယ်များသည် အိမ်၌မွေးထားသောကြောင်ကလေး၊ ခွေးကလေးတို့၏ အသံကိုအတုယူအော်ကြည့်ကြသကဲ့သို့ ကမ္ဘာဦးသူ တို့သည်လည်း ထိုသဘာဝ ဂီတသံများကို အတုယူကြသည်။ ဦးစွာ သူတို့အနီးပတ်ဝန်းကျင်ရှိ တိရစ္ဆာန်များ အော်သံကို အတုယူသည်။ အထူးသဖြင့် ငှက်ကလေးများ၏အသံကို မတူ တူအောင် လေ့ကျင့် ကြည့်ကြ၏။ ငှက်မြည်သံမှာ လူတို့အတုယူရန် အလွယ်ဆုံးသော အသံဖြစ်လေသည်။

ကမ္ဘာဦးသူတို့သည် တစ်နေ့လုံး အမဲလိုက် ငါးမျှားစသည်ဖြင့် အစာရှာဖွေခဲ့ရ၍ ပင်ပန်းနွမ်းလျကြသည့် အလျောက်ညချမ်းအချိန်ဝယ် စုဝေးလျက် ကျေးငှက်အသံ၊ မိုးသံ၊ လေသံ၊ သစ်ပင်သစ်ရွက် လှုပ်ရှားသံစသော သဘာဝ ဂီတသံတို့ကို တစ်ယောက်တစ်လှည့်စီ အတုယူအော်မြည်၍ ဖျော်ဖြေကြပေလိမ့်မည်။ အချို့သော သူများကလည်း အနားယူချိန်တွင် မိမိတို့တစ်နေ့တာ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက် ဗဟုသုတတို့ကို တစ်ဆင့်စကား တစ်ဆင့်နားရောက်အောင် ပြောကြား ကြပေမည်။ ယင်းသို့ ပြောကြားရာတွင် ပတ်ဝန်းကျင် သဘာဝဂီတသံကို အားကျ၍ ရိုးရိုး စကားနှင့် မပြောဘဲ ဂီတသံနှောသည့် စကားလုံးတို့ဖြင့် ကြံဖန်ပြောသည့်အလေ့ ဖြစ်လာခဲ့ဟန်တူသည်။ ဝိုင်းဖွဲ့ စကားပြောရာတွင် ပျော်ရွှင်မြူးတူးကြသည့် အလျောက်လက်ခုပ်တီးခြင်း၊ ခြေဆောင့်ခြင်း၊ စည်းလိုက်ခြင်း၊ လေချွန်ခြင်းစသော အမှုတို့ကိုပြုလျက် စကားပြောသူကလည်း ဂီတသံနွှယ်သည့် ချိုသာသော စကားများကို ပြောပေလိမ့်မည်။ ဤသို့ စကားရိုးရိုးမှ ဂီတသံကိုမှီးလျက် သာယာနာပျော်ဖွယ်ဖြစ်အောင် စီကာပတ်ကုံး ပြောခြင်းသည်ပင်လျှင် ကဗျာလင်္ကာ သန္ဓေစွဲလာနေပြီဟုဆိုရပေမည်။ သို့သော် ဤသည်ကား နှုတ်ကဗျာ သာလျှင် ဖြစ်သေး၏။ စာအက္ခရာမပေါ်ပေါက်မီကပင်လျှင် လူတို့သည် မိမိတို့ စိတ်နှလုံး၌တွေ့ကြုံခံစားမှုတို့ကို ထုတ်ဖေါ်ပြောဆိုကြသော ကဗျာတေးများ ရှိခဲ့ကြသည်။ ထို့ကြောင့် အက္ခရာစာများ ပေါ်ပေါက်လာသောအခါ ကဗျာလင်္ကာ အရေးအသားဟူ၍ ပေါ်ထွန်းလာမည်မှာ ကျိုးကြောင်း ဆက်စပ်ကြည့်ကသိနိုင်ပေသည်။

မိမိစိတ်၌ ခံစားမှု၊ လှုပ်ရှားမှု၊ တွေးကြံမှုတို့ကို သူတပါးစိတ်၌ ထိုနည်းနှင်နှင် တွေ့ကြုံခံစား လှုပ်ရှားလာနိုင်အောင် ကူးဆက်ပေးသောအရာကား ကဗျာလင်္ကာပင် ဖြစ်သည်။ ယင်းသို့ မိမိခံစားရမှုကို သူတစ်ပါးကိုယ်တွေ့ ခံစားမှုဖြစ်သွားအောင် ကူးပြောင်းပေးရသည်မှာ မလွယ်ကူချေ။ မိမိသိသလို သူတစ်ပါးသိအောင်၊ မိမိမြင်သလို သူတစ်ပါးမြင်အောင် ပြစားဖို့ရာ လက်နက်ကောင်း လိုပေသည်။ ထိုလက်နက်ကောင်းကား ကဗျာလင်္ကာတည်းဟူသော တန်ဆာဖြစ်မြောက်အောင် ထောက်မကူညီပေးသော အသံကာရန်၊ စပ်ပုံဟပ်ပုံ၊ စပုံချပုံ အနက်အဓိပ္ပါယ် စသည်တို့ဖြစ်ကြ၏။

ကဗျာလင်္ကာဟူသည် ကာရန်ကလေးများ ဟပ်ထားရုံနှင့် ကဗျာလင်္ကာမြောက်ပြီဟု မဆိုသာချေ။ သဒ္ဒလင်္ကာရ၊ အတ္တလင်္ကာရ စသောတန်ဆာများဖြင့် ဝေဝေ ဆာဆာဆင်မြန်းပေးဖို့ လိုသေးသည်။ မည်သည့် ဘာသာစာပေ၌ မဆို ကာရန်ချိတ်ဆက်ပုံ၊ အသံနေအသံထားယူပုံ၊ အလင်္ကာရသပေါ်အောင် ဖွဲ့ပုံစသော ကဗျာဥပဒေစည်းကမ်းများရှိပေသည်။ ထိုစည်းကမ်းများဖြင့် စံနစ်တကျ ကုံလုံပြည့်ဝအောင် ဖွဲ့စီသီကုံးတတ်မှသာ ကဗျာလင်္ကာ ဖြစ်ပေမည်။ ကဗျာစာဆိုသည် ထိုထို လက်နက် ကရိယာများကို မှန်ကန် အောင် သုံးတတ်ပါမှ စာဆိုကိုယ်တိုင် သိရှိခံစားရသော အရသာကို စာဖတ်သူသည် တင်းပြည့်ကျပ်ပြည့် ခံစားနိုင်ပေမည်။ ကာရန်သာညီ၍ ကဗျာ့အရသာ မထိမိသော ကဗျာကလေး တစ်ပိုဒ်ကို ပုံစံပြလိုသည်။

တို့ကျောင်းတောင်က စိန်ပန်းတော၊
အပျိုလေးတွေ လက်နဲ့ခေါလို့၊
ရွှေမုဌောတဲ့တင်ကြရှာ။

ဤ၌ကာရန်ကိုသာ ညီအောင်စပ်ထား၍ အနက်အဓိပ္ပါယ်လုံးဝမပေါ်ခဲ့ချေ။ တော၊ ခေါနှင့် ဌောတို့မှာ ကာရန် ဟပ်မိသော်လည်း လက်နဲ့ခေါဆိုသော စကားမှာ အဓိပ္ပါယ်မရှိချေ။ အတ္တလင်္ကာရ မပေါ်သောစာဖြစ်၏။ ဤသို့ အဓိပ္ပါယ်မရှိသည့် စကားလုံးကိုသုံးခြင်းဖြင့် ဘာသာစကားကိုများစွာထိခိုက်ပေသည်။ ကဗျာလင်္ကာသို့လည်း မကျရောက်သည်ကို သတိပြုဖွယ်ဖြစ်သည်။ ကာရန်လည်းမိ၊သဒ္ဒလင်္ကာရ၊ အတ္တလင်္ကာတို့နှင့်လည်းပြည့်စုံ၊ ကဗျာ့ အရသာလည်း မြောက်လှသောကဗျာတစ်ပုဒ်ကို ပုံစံပြဦးအံ့။

လနေအစွန်၊ မြမြေမွန်ဝယ်၊ လေသွန်ပင့်မှုတ်၊
ရွက်ရင့်ပြုတ်က၊ ကျေးနှုတ်ဖူးဆင့်၊
လွတ်ကျူးတင့်သည်၊
နူးခွင့်ခါမှီ၊ သရဖီလည်း၊ ရာသီသိဆုံး၊ စီဘိကုံးသို့၊
တောလုံးလျှမ်းမောက်၊ ပန်းပိတောက်မူ၊
နွမ်းခြောက်ကြွေ ရော်၊ မချွေသော်လည်း
မြေပေါ်အတိ၊ ပုံလျက်ရှိ၏။
ဤ၌ ကာရန်များမှာ နှစ်ချက်သုံးချက်ပင် မိအောင်

စပ်ဆိုထား၏။ လနှင့်မြ၊နေနှင့်မြေ၊စွန်နှင့်မွန်၊သုံးချက်စလုံးမိ၏။ အနက်အဓိပ္ပါယ်ရှင်းလှ၏။ အခါရာသီ အလျောက် လူက မချွေရဘဲနှင့် အလိုလိုပင်ထက်မှ နွမ်းခြောက် ကြွေကျလာသော သရဖီပန်းနှင့် ပိတောက်ပန်းပွင့်တို့မှာ မြေပြင်ပေါ်ဝယ် တပုံတခေါင်းကြီး ပုံလျက်သားဖြစ်နေသည်ကို ကွက်ကွက်ကွင်းကွင်း သိမြင်နိုင်သည်။ ဤ၌စာဆို ပြသလိုသောသူ၏ ပန်းကမ္ပလာ မြေမွေ့ရာကို စာဖတ်သူသည် စာဆို၏ လက်နက်ကောင်းဖြစ်သော ကဗျာ့အရာမြောက်သည့် စာလုံးကလေးများကို သုံးသပ်ရုံနှင့် စာဆို မြင်သကဲ့သို့ မြင်နိုင်ပေသည်။

ကဗျာလင်္ကာ စပ်ဆိုရာ၌ ကာရန်သာမက မတြာ(မီတာ)ဟုခေါ်သည့် အသံကိုလည်း သတိမူ ရပေသေးသည်။ ရှည်သောဒီဃသံ၊ တိုသော ရဿသံ၊ လေးသော ဂရုသံ၊ ပေါ့သောလဟုသံစသည်များကို ညီညာပြေပြစ်အောင် ထည့်သွင်းစပ်ဆိုမှလည်း ကဗျာလင်္ကာ မည်ပေမည်။ စာဆိုတို့သည် ကဗျာလင်္ကာ ဖွဲ့ရာ၌ ကာရန် ရွေးသကဲ့သို့ပင် အသံကိုလည်း ရွေးချယ် ရလေသည်။ ရှည်သောဒီဃသံဖြင့် ဖွဲ့နွဲ့၍ အနက်ပေါ်အောင် ဖေါ်ထားသော အောက်ပါကဗျာလင်္ကာကို ကြည့်နိုင်ပေသည်။

ကြည့်၍မမြင်၊ ခေါ်လျှင်မကြား၊ အိမ်ရှေ့ဖျားကြောင့်၊
သနားစရာ ငိုကြွေးရှာ၏။

ဤစာကြောင်း၌ကာရန်သာ ညီသည်မဟုတ်၊ အသံအားဖြင့်လည်းသိမ်မွေ့သည့် အနက်ကို ဖေါ်ထားလေသည်။ မြင်၊ လျှင်၊ ကြား၊ ဖျား၊သနား၊ စရာ၊ ရှာဟူသော ကာရန်များမှာ အသံရှည် အသံလေး များချည်းဖြစ်သဖြင့် ရွတ်ဆိုရာတွင် ဆွဲငင်ရှည်တွဲ၍ စာဆိုပြလိုသော သနားဖွယ် အဖြစ်နှင့် သိမ်မွေ့သည့်အနက်ကို ရှင်းလင်းစွာ မြင်သိ နိုင်လေသည်။

အဖန်ဖန်လျှင်၊ တသန္ဓေဓေ၊ တပေလျဉ်းလျဉ်း
တညှဉ်းဆိုးဆိုး၊တညှိုးလျလျ၊တတလွမ်းလွမ်း၊တသမ်း
ဟယ်ဟယ်၊တတွယ်တာတာ၊တဟာလှိုက်လှိုက်၊
တရှိုက်ငင်ငင်၊ တပင်ပန်းပန်း၊ တဝန်းလျားလျား။

ဤကဗျာပိုဒ်မှာ သဒ္ဒလင်္ကာရနှင့် ပြည့်စုံလှ၍ အထူးသဖြင့် အသံများကို မဓုရတာဂုဏ်မြောက်အောင် ချိုသာစွာ ဖွဲ့စီထားပေသည်။ အနက်အားဖြင့်လည်း မချို့တဲ့၊ ဘာသာစကားလုံးများကိုလည်း ရေလဲနှင့် ဆင့်ထက်ကဲ လှလှကြီး သုံးထားပေသည်။ ကဗျာတွင် ကာရန်ငြိရုံသာ မဟုတ်ဘဲအသံများကို ဆိုလိုသည့် အဓ္ဓိပါယ်နှင့် ညီညွတ်အောင် ရွေးချယ်သုံးထားပုံကို အောက်ပါပုံစံ၌ တွေ့ရ၏။

ငါ၏ခွန်အား၊ တန်းခိုးများကို ထင်ရှားကြည့်ကြ၊
ကေသရသို့၊ မဒ္ဒနန်းလုံး၊ ရွှံ့ကြောက်ချုံးအောင်၊
လက်ရုံးနှစ်ရပ်၊ ဖြောင်းဖြောင်းခတ်လျက်၊
ဆင်မြတ်ယဉ်သာ၊ ကျောက်ကုန်းမှာလျှင်၊
ပဘာကိုတင်၊ မြေပြင်တလင်း၊ စစ်ပွဲကျင်းသည်
ငါမင်းကုသ လာပြီတည်း။

ဤစာပိုဒ်၏ ကာရန် အသံများကို ကြည့်လျှင် ရှေးဦးစွာအား၊ များ၊ ရှားဟူသော ဒီဃသံရှည်ဖြင့် အစပြု၍ ရုတ်ခြည်းပင် ကြ၊ ရ၊ ဒဟူသော လဟုသံပေါ့တို့သို့ ပြောင်းကာလုံး၊ ချုံး၊ ရုံး၊ ရပ်၊ ခတ်၊ မြတ်ဟူသော အသံလေးများဖြင့် သယ်ယူသွားပြီးသော် အသံရှည် သာ၊ မှာ၊ကာ တို့ထည့်သွင်းလျက် တဖန် ဂရု အသံလေး ဖြစ်သော လင်း၊ ကျင်း၊မင်းတို့ဖြင့် အဆုံး သတ်ထားလေသည်။ ဤတွင် ဂရုသံအသံလေးများ၊ ပြတ်တောင်းသော ရဿအသံတိုများ ဒီဃသံရှည်များ မျှတစွာ အနက်ပေါ်အောင် ဖေါ်စပ်သွားသဖြင့် ကုသမင်း၏ ရဲရင့်သော ကြုံးဝါးသံ ကိုစာဖတ်သူတို့၏ နားထဲ၌ စာဆို ကြားစေလိုသကဲ့သို့ ထင်ထင်ရှားရှားကြားနေဘိ၏။ ဤသို့ ခံစားရပေသည်။

စာဆို၏ စိတ်နှလုံး၌ ခံစားရသော အာရုံများကို သူ၏ စကားလုံးအသံများက အဓ္ဓိပါယ်ဖေါ်ပေးစေမှသာ ကဗျာလင်္ကာ အစစ်ဖြစ်နိုင်ပေသည်။ ကဗျာလင်္ကာ အမျိုးအစားများမှာ ဘာသာစာပေအသီးသီးကိုလိုက်၍ အမျိုးမျိုး ကွဲပြားလေသည်။ မြန်မာစာပေတွင် ကဗျာလင်္ကာ အမျိုးအစားများမှာ ဘာသာစာပေ အသီးသီးကိုလိုက်၍ အမျိုးမျိုး ကွဲပြားလေသည်။ မြန်မာစာပေတွင် ကဗျာလင်္ကာကို လင်္ကာနှင့်သီချင်းဟူ၍ နှစ်မျိုး ခွဲခြားထားသည်။ လင်္ကာမှာ (၁) လင်္ကာ၊ (၂) ပျို့၊ (၃) မော်ကွန်း၊ (၄) သံပိုင်း၊ (၅) သမိုင်း၊ (၆) ရဲတင်း၊ (၇) တမ်းချင်း၊ (၈)ဧချင်းသံတိုင်၊ (၉) ဧချင်းသံပေါက်၊ (၁၀) ရတု၊ (၁၁) လူးတား၊ (၁၂)အန်၊ (၁၃) သံပေါက်၊ (၁၄) ဝဲရိုက်ဝဲသွင်းဟူ၍ ၁၄ မျိုး ရှိ၏။ သီချင်းတွင်(၁) ရကန်၊ (၂) ဟောစာ၊ (၃) သာချင်း၊ (၄) ကာချင်း၊(၅) အဲချင်း၊ (၆) အိုင်ချင်း၊ (၇) လေးချိုး၊ (၈) သံချို၊ (၉) ယိုးဒယား၊ (၁၀) ပတ်ပျိုး၊ (၁၁) ကြိုး၊ (၁၂) ဘွဲ့၊ (၁၃) ဘောလယ်အရိုး၊(၁၄) တေးအရိုးအဆန်း၊ (၁၅) သဖြန်အရိုးအဆန်း၊ (၁၆) ငိုချင်းအရိုးအဆန်း၊ (၁၇) တုံးချင်း အရိုးအဆန်း၊ (၁၈) ဟန်ချင်း အရိုး အဆန်း၊ (၁၉) လှေချင်း အရိုးအဆန်း၊(၂၀) နတ်သံ၊ (၂၁) မှာတမ်း၊ (၂၂) ဇာတ်စကားစပ်ပုံဟူ၍ ၂၂ မျိုးပါဝင်သည်။

ကမ္ဘာပေါ်တွင် ပြောဆိုသုံးစွဲကြသော ဘာသာစကားများ ကွဲပြားသော်လည်း ကဗျာ့ဉာဏ် အာဘော်များမှာမူအားဖြင့် ခပ်ဆင်ဆင် တူသည်ကို တွေ့ရသည်။ အနောက်နိုင်ငံ၏ ကဗျာလင်္ကာများကိုကြည့်လျှင် အနောက်လောက ယဉ်ကျေးမှု၏ ဖိုးအေဟု ခေါ်ဆိုရသော ဂရိနှင့် ရောမနိုင်ငံများ၏ အဆက်အနွယ်များကို တွေ့ရပေသည်။ ဂရိစာပေတွင် အော့ဒီဆီခေါ် လင်္ကာကြီးမှာ ရှေးစစ်တိုက်ခန်း၊ စွန့်စားခန်းများကို ဖွဲ့ဆိုထားသဖြင့် ထိုလင်္ကာ ကြီးမျိုးကို အက်ပစ်ရဲတင်း လင်္ကာ ဟူ၍ ခေါ်ဆိုထား လေသည်။ ထိုလင်္ကာကြီးကိုဥရောပ စာပေတွင် ဘာသာမပြန် ရသေးသော ဘာသာဟူ၍ မရှိချေ။ စာပေ အမွေအနှစ်အဖြစ် ခံယူကြ လေသည်။ ကျွန်ုပ်တို့ အရှေ့နိုင်ငံ၌ သက္ကဋဘာသာဖြင့် ရေးစပ်ထားသော ရာမယန လင်္ကာကြီးမှာလည်း အက်ပစ်လင်္ကာ အမျိုးအစားပင် ဖြစ်သည်။ အော့ဒိဆီနှင့် ရာမယနလင်္ကာကြီးများမှာ ကမ္ဘာတွင် ယခုတိုင် ကျော်ကြားလျက် ရှိလေသည်။

ရာသီဥတု တောတောင် ရေမြေတို့ကိုဖွဲ့ဆိုကြရာ၌ နတ်များပင်ဖန်ဆင်းသကဲ့သို့လည်းကောင်း မိုးနတ်သား၊ လေနတ်သားစသည်တို့ ထင်ရှားစွာရှိသကဲ့သို့လည်းကောင်း၊ ဖွဲ့ဆိုကြ၏။ ရှေးဂရိ လူမျိုးများသည် မိုးဦးကျရာသီ ပန်းများ ပွင့်သည်ကို ဘုမ္မစိုးနတ်သမီး၏ ချစ်သမီး သေမင်းထံမှ ပြန်လာ၍ ပျော်ရွှင်သော အထိမ်းအမှတ်ဖြင့် ပွင့်လေဟန်ဖွဲ့ဆို ခဲ့လေသည်။ အရှေ့တိုင်းနိုင်ငံ၌လည်း အသူရာနှင့်သိကြားတို့ စစ်တိုက် ကြ၍ မိုးရွာလေဟန် ဖွဲ့ဆိုကြသည်။ ရာသီဘွဲ့၊ တောဘွဲ့၊ တောင်ဘွဲ့၊ မယ်ဘွဲ့၊ မောင်ဘွဲ့စသော အဖွဲ့အမျိုးမျိုးတို့ကို မြန်မာစာပေ၌ ရှိသကဲ့သို့ အခြားစာပေများ၌လည်း ရှိပေသည်။ ထိုထိုအဖွဲ့မျိုးကို ဂရိတိုင်းသားတို့က လစ်ရစ်ဟူ၍ အမည်တပ်ထား၏။ မြန်မာစာပေ၌ တေးထပ်ဟူသော ကဗျာအမျိုးအစားမျိုးကို အနောက်တိုင်းစာပေ၌ ဆွန်းနက်ဟူ၍ တွေ့ရ၏။ ဆွန်းနက်မှာ စာကြောင်း ရေ ၁၄ ကြောင်းဖြင် ကာရန်၊ အသံ၊ စည်းမှန်အောင် စပ်ဆိုရသော ကဗျာမျိုးဖြစ်၏။ မြန်မာ တေးထပ်တွင်လည်း ၁၈ ပိုဒ်ပြည့်အောင် အခံအအုပ် ကာရန်များဖြင့် စနစ်ကျအောင် ဖွဲ့ဆို ရပေသည်။ ထို့အပြင် မြန်မာအဲချင်း၊ အိုင်ချင်း၊ တေးအရိုးအဆန်းများနှင့် ခပ်ဆင်ဆင်တူသော အနောက်တိုင်း ကဗျာတစ်မျိုးကို ဗဲလက်ဟု ခေါ်ထားကြောင်း တွေ့ရလေသည်။ ဤသို့လျှင် ဘာသာစာပေ အမျိုးမျိုး၌ ကဗျာအမျိုးအမည် အမျိုးမျိုးရှိလေသည်။ စပ်ပုံဟပ်ပုံ စည်းစံနစ်နှင့် အမျိုးအမည်များ ကွဲပြားခြားနားသော်လည်းဘာသာ စာပေတိုင်း၏ ကဗျာလင်္ကာမှာ သာယာနာပျော်ဖွယ်ဖြစ်အောင် ပညာရှိတို့ ဖွဲ့စီသီကုံးထားသောစာဟုပင် အဓိပ္ပါယ် တညီတည်း ရလေသည်။

ပညာရှိများ ဖွဲ့စည်းထားသော ကဗျာ လင်္ကာ၏ အရသာကို ခံစားနိုင်သောနည်း ရှိပါသလောဟု စဉ်းစားစရာဖြစ်ပေသည်။ ဘာသာစာပေမရွေးကဗျာ၊ လင်္ကာဟူသောအရသာကို သိနိုင်ရန် ခံစားနိုင်ရန်နည်းရှိကြောင်းတွေ့ရသည်။ ချိုချဉ်ခဲဖွယ်တို့၏ အရသာသည် လျှာ၌ ထင်၏။ အဆင်းသည် မျက်စိ၌ထင်၏။ ထိုနည်းနှင်နှင် ကဗျာ လင်္ကာအရသာသည် နား၌ ထင်၏။ ဂီတသံများကို နားလည်နိုင်ရန်၊ ဂီတအရသာကို ခံစားနိုင်ရန် လေ့ကျင့်ထားရသကဲ့သို့ ကဗျာအရသာကို သိနိုင်ရန်လည်း နားကိုပင်လေ့ကျင့်ထားရပေမည်။ ထိုကြောင့်လည်း ကဗျာစပ်ဆိုရာ၌ သဒ္ဒ လင်္ကာရဂုဏ်ကို ထည့်သွင်းထားပေသည်။ ကဗျာဟူသည် စိတ်ထဲက ဖတ်ရုံနှင့် အရသာ မပြည့်စုံချေ။ သူတစ်ပါးအသံထုတ်၍ ဖတ်ကြားခြင်းကို နားထောင်ခြင်း၊ ကိုယ်တိုင်အသံထွက်၍ ဖတ်ခြင်းတို့ကို ပြုမှသာလျှင် ပြည့်စုံသော အရသာ ပေါ်နိုင်လေသည်။ ကဗျာလင်္ကာ အသံများသည် မည်မျှခရီးရောက်သည်ကို အထက်၌ ဖေါ်ပြခဲ့ပြီးလေပြီ။ ထို့နောက် ကဗျာ၊လင်္ကာဟူသည် စာလုံးစကားများထက် စိတ်အပေါ်တွင်ပို၍ တည်သည်ဟု ဆိုကြသည်။ စိတ်ကူးသည် ကဗျာလင်္ကာဖြစ်၍ စာ၊စကားစသည်တို့မှာ ထိုစိတ်ကူးကို အကောင်အထည် ဖြစ်စေသော လက်နက်မျှသာ ဖြစ်လေသည်။ ထိုကြောင့် ဘာသာစကား ကွဲပြားကြစေကာမူ ကဗျာဉာဏ် စိတ်ကူးမှာ အတူတူဖြစ်သည်ကို တွေ့ခဲ့ကြရသည်။ ကျွန်ုပ်တို့၏ မြန်မာစာပေ အလင်္ကာ ကျမ်းများ၌ ပါရှိသော ဥပစာ၊ ရသဂုဏ်တို့မှာ မဂဓဘာသာများမှ ဆင်း သက်ရရှိသကဲ့သို့ အနောက်တိုင်းကဗျာ စာပေများတွင် ဂရိရောမဘာသာတို့မှ ဆင်းသက်လာသော ဥပစာတင်စား နည်းအသုံးအနှုန်းတို့ ရရှိကြလေသည်။ စာပေအမျိုးမျိုးကို နှိုင်းရှည့်လေ့လာသောအခါ ကဗျာဉာဏ်စိတ်ကူးများ တူပုံကို တွေ့ရှိကြရသည်။ မြန်မာစာပေသမိုင်းတွင် ရတုအရေးအသား၌ တံခွန်စိုက်ခဲ့သော တောင်ငူဘုရင်နတ်ရှင်နောင်၏ရတု တစ်ပိုဒ်တွင်။

နှစ်ပြိုက်ဖက်ရှာ၊ ဝတိံသာမှ၊ စံရာစံထား
ရွေးခဲ့ခြား၍၊ သိကြားတမျှ၊ ပြိုင်လှာသလည်း
သော်တာ့ရောင်သွင်၊ ကြယ်နှယ်ထင်ဟု၊
သခင်ကကို၊ များမိန့်ဆိုလိမ့်။

ဟူ၍ တွေ့ရ၏။ ဤနေရာတွင်မိန်းမတစ်ဦး၏အလှကို မျက်လုံး၊ မျက်ခုံး၊ နှာတံ၊ ကိုယ်နေကိုယ်ထားစသော အင်္ဂါ အစိတ်အပိုင်းတို့ကိုတိုက်ရိုက် ချီးကျူးခြင်း မပြုဘဲ ထိုမိန်းကလေး၏ အလှရုပကာကို ဂုဏ်တင်၍ တစ်နည်းလည်းတင်စား၍ သိကြားမင်းစံရာ၊ ဝတိံသာမှ၊ နတ်ကညာ၏ အလှနှင့် နှိုင်းရှည့်လျှင် မိန်းကလေး အလှကပင် သာပေလိမ့်မည်ဟု ဖွဲ့ဆိုထားသည်ကို တွေ့ရသည်။ ဤကား တင်စားဖွဲ့ဆိုသော နည်းဖြစ်၏။

ရှေးဂရိစာဆို ဟိုးမားဖွဲ့ဆိုသော အော့ဒီဆီ လင်္ကာကြီးတွင် လည်းဟယ်လင်မိဖုရား လှပပုံကို သင်္ဘော တစ်ထောင်ကို စစ်တိုက်ရန် လွှင့်စေသောမျက်နှာဟု တင်စား ထားသည်ကို တွေ့ရသည်။ မိန်းကလေး တစ်ယောက်၏ အလှဂုဏ်မှာစာဆို၏ စိတ်ကူးပေါ်၌ တည်နေ ပေသည်။ မည်သည့်စာဆိုမဆို စာဆိုသူတို့၏ စိတ်ကူးချင်းမှာ ဆင်ဆင်ပင် ဖြစ်သည်။ သူတို့၏ အတွေးနှင့် အမြင်မှာ သာမန်လူများနှင့်မတူထူးခြားနေပေသည်။ နံနက်ချိန်ခါ ထွက်ပြူလာသော နေမင်းကြီးကိုသာမန်လူ၏ မျက်စိတွင် အဝိုင်းသဏ္ဎာန်မှ ဝါဝါ အရောင်များ ထွက်နေသည်ဟုပင် သာမန် မြင်ပေမည်။ ကဗျာ့စာဆို၏ မျက်စိ၌ကား ဤသို့ရုန့်ရင်းစွာ မမြင်၊ ယုဂန္ဓိုရ်တောင်ထိပ်ဖျားမှ နေရထားစကြာသည် ရောင်မျိုးထွေဖြာ ထွက်ပေါ်လာ၍ ကမ္ဘာသူ ကမ္ဘာသား အများအားနှုတ်ဆက်သည့်အလားကဲ့သို့ ရှိသည်ဟု မြင်ပေမည်။ ထို့ကြောင့် ကဗျာကို ကြားနာလေ့လာခြင်းဖြင့် မိမိတို့ ကြားဘူးနေကျ စကားလုံးများ၊ အသံများနှင့် မြင်ဘူးနေကျပုံဏ္ဎာန်များသည် အသွင်တစ်မျိုး ပြောင်း၍ အမြင် သစ်တစ်မျိုး မြင်လာနိုင်ပေသည်။

ကဗျာလင်္ကာ စာပိုဒ်များမှာ လူ၏ စိတ်ကို စစ်ခရာသံတံပိုး ကဲ့သို့တက်ကြွ လှုံ့ဆော်နိုင်သော သတ္တိလည်း ရှိသည်။ လူ၏ စိတ်ကို ယိုဖိတ်အောင် ညွတ်နူးစေနိုင်သော သတ္တိလည်း ရှိသည်။ ဤ သတ္တိတို့မှာ စာဆို၏ စိတ်ကူးများသာ ဖြစ်လေသည်။ ကဗျာလင်္ကာသည် တခမ်းတနားရှည်လျားစွာ ဖွဲ့ဆိုထားမှသာ ကဗျာလင်္ကာ ဖြစ်သည်ဟု မဆိုရချေ။ မည်မျှပင် တိုစေကာမူ ကဗျာဂုဏ် မြောက်အောင်ဖွဲ့ဆိုလျှင် ကဗျာလင်္ကာဖြစ်နိုင်သည်။ ကဗျာလင်္ကာမှာအရသာရှိသော စာပေမျိုးဖြစ်၍ လူ၏စိတ်ကိုသူကြိုက်သည့်ဖက်သို့ ယိမ်းယိုင်လာအောင် ဆွဲငင်နိုင်သော သတ္တိထူးလည်း ရှိပေသည်။ ယင်းသို့ အရသာ တွေ့နိုင်သောစာပေ၏ အမျိုးမျိုးသော အရသာတို့ကို ကျွန်ုပ်တို့ သိထားဖို့ကောင်း၏။ သာယာမှုမှာ လူ့သဘာဝ၏ အကြိုက်ပင်ဖြစ်ရာ၊ သာယာစွာ ဖွဲ့နွဲ့ စီကုံးထားသော ကဗျာ လင်္ကာကိုလည်းလူတို့ ကြိုက်နှစ်သက် စွဲလမ်းကြပေမည်။ ထို့ကြောင့်ပင်လျှင်

စာပေဝတ္ထု၊ ရတုကဗျာ၊ပျို့လင်္ကာနှင့်၊သာသည့်သီချင်း
အဲစောင်းငြင်းနှင့်မကင်းမပြတ်၊ဖတ်ရွတ်လေ့ကျက်၊
တီးမှုတ်လျက်သာ၊ နေကောင်းစွာ။

ဟု ဝန်ကြီး ပဒေသရာဇာသည် မြွက်ဆိုခဲ့လေသည်။

ကဗျာ အမျိုးအစား[ပြင်​ဆင်​ရန်​]

  • ကဗျာ

“ကဝီနံ ဣဒံ ကဗျံ” ဟူသော သီလက္ခန် ဋီကာနှင့်အညီ စိန္တာသုတ၊ အတ္ထပဋိဘာန်၊ အသိသန်တော်မူကြသော၊ ကဝိခံပုဂ္ဂိုလ် ၄-ဦးတို့၏၊ ထူးမြတ်သောဥစ္စာ၊ အဆိုအမိန့်, နှစ်သိမ့်ဖွယ်သော သဒ္ဒပဗန္ဓ အစဉ်အလာကို ကဗျာဟု ခေါ်ဝေါ်ကြောင်း။

  • ဂန္ဓ

၎င်းကဗျာကို “နာနာဘေဒဘိန္နာ ဂီယန္တိ ဥစ္စာရီယန္တိ ဧတ္ထ ဧတေနာတိ ဝါ ဂေါ၊ နာနာအတ္ထံ ဓာရေတီတိ ဓော၊ ဂေါစ သောဓေါစာတိ ဂန္ဓော” ဟု ဝစနတ် လှစ်ကြူးရကား၊ အထူးထူးအပြားပြားသော သဒ္ဒါတို့ကို ဆိုရာဆိုကြောင်း ဖြစ်၍ အထူးထူးသော အနက်ကို ဆောင်တတ်သောကြောင့် ဂန္ဓခေါ်ဆိုသည်။

  • ဗန္ဓ

ထိုဂန္ဓ အမည်ရှိသည်ကိုလည်း “ကဝီဟိ ဗန္ဓိတဗ္ဗောတိ ဗန္ဓော” ဟူသော ဝစနတ်နှင့်အညီ လေးရပ်သော ကဝိတို့၊ မဏိမုတ္တာ၊ ရတနာရွဲလုံး၊ ပုလဲပြုံးကို၊ တလုံးစီ ရွှေကြိုးသီသကဲ့သို့၊ ကုံးစီဖွဲ့ဆိုအပ်သော သဘာဝ ဗန္ဓဟု အမည်ရ ပြန်သည်။ ထိုဗန္ဓကား ဂါထာ, စုဏ္ဏိယ, ဝိမိဿ ဟု ၃-ဌာန ပြားချေ၏၊ ထိုသုံးပါးအနက် -

  • ဂါထာ

အက္ခရာ, ဂိုဏ်း, ဂရု, လဟု တို့ကို မှတ်၍ ဖွဲ့အပ်သော ဗန္ဓကို ဂါထာဟု ခေါ်ဆိုသည်။

  • စုဏ္ဏိယ

အက္ခရာ, ဂိုဏ်း, ဂရု, လဟု တို့ကို မမှတ်မူ၍ ဖွဲ့အပ်သော ဗန္ဓကို စုဏ္ဏိယ ဟု ခေါ်ဆိုသည်။

  • ဝိမိဿ

ထိုနှစ်ပါးစုံကို ရောနှော၍ ဖွဲ့အပ်သော ဗန္ဓကို ဝိမိဿဟု ခေါ်ဆိုသည်။

  • ဂီတ

ထို ဂါထာ, စုဏ္ဏိယ, ဝိမိဿတို့ကိုပင် “ဒီဃသရေန ဂါယိတဗ္ဗန္တိ ဂီတံ” ဟူသည်နှင့်အညီ ရှည်သောအသံဖြင့် ရင့်ကြူး သီရသောကြောင့် ဂီတဟု သမုတ်ကြောင်း။

  • လင်္ကာ

၎င်းပြဆိုခဲ့သမျှ ကဗျာစသည်တို့ကိုပင် လောကဝတ်, ဓမ္မဝတ် ညီညွတ်ပြည့်စုံရန် နားတန်ဆာဆင်တတ်ဟန်ကြောင့် “ကဏ္ဏံ အလင်္ကရော တီတိ လင်္ကာ” ဝစနတ်လာသည့်အတိုင်း လင်္ကာဟု ခေါ်ဝေါ်သမုတ် ကုန်သည်။

  • ပျို့

ပျို့ ဟူ၍ ခေါ်ဝေါ်ဟန်မှာ “မနံ ပိနေတိ ဝဎေုတီတိ ပျို့” ဟူသော ဝိဂြိုဟ်နှင့်အညီ စိတ်ကို နှစ်သက်ပွါးများစေတတ်သောကြောင့် ပျို့ဟူ၍ အမည်ပေးသည်။

  • ဧချင်း

ဧချင်းဟု ခေါ်ဝေါ်သမုတ်သည်မှာ “အတ္ထုပ္ပတ္တံ ဣယေတိ ဇနေတီတိ ဧချင်း” ဝစနတ် အကျဉ်းနှင့်အညီ မင်းမိဖုရားတို့ ရင်တော်သွေးများကို ဧယဉ်တော်ဆက် မင်္ဂလာအခါတွင် သမ္ဘာရွှေဘုန်း၊ နေနှုန်းဥက္ကဌ်၊ ဇာတိတော် ထူးမြတ်ကြောင်း မှူးမတ်စာဆိုတော် ပညာရှိတို့က သိသာတော်မူစေခြင်း ရွှေနားတော် သွင်းရသည် ဖြစ်၍ ဧချင်းဟု အမည်ရသည်။

  • အဲချင်း

အဲချင်းမှာ နေနတ်ကယ်မှ ရာဇာ စသဖြင့် ရွာတော်ရှင်, မြို့တော်ရှင်, နတ်သခင်တို့ကို လျှောက်တင်ခေါ် တိုင်တန်းသော ပုစ္ဆန်းသည်တို့၏ အရှင်ဟော အာလုပ် အယျသဒ္ဒါကို စွဲ၍ အဲချင်းဟု ခေါ်ဝေါ်သည်။

  • အန်ချင်း

အန်ချင်းမှာ အဏ္ဏဝ-သဒ္ဒါပျက်၊ တက်ရေးလှေချင်း၊ ရေသဘင်ကျင်းရာ၌၊ မင်းခန်းစီမံ၊ သီဆိုသော အရင်းခံဖြစ်၍၊ အန်ချင်းဟု အမည်ကြားသည်။

  • လူးတား

လူးတား ခေါ်သည်မှာ ပေါ်လွင်ရှည်လံသော အသံဟော ပ္လုတ သဒ္ဒါတွင် ပ-အက္ခရာကို ဖျောက်၍ ထိုနောက် လ-၌ ဥ-ကို ဦပြုကာ တ-မှာ အာသရ ကပ် ယှဉ်လျက် ယင်းတို့တွင် ဝိသဇ္ဇနီနှင့် အသံရှည် ရွတ်ဆိုရသောအားဖြင့် လူးတားဟု ခေါ်ဆိုသည်။