တယော

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
တယော

တယောသည် ကြိုးတပ်တူရိယာတွင် အပါအဝင်ဖြစ်သည်။ တူရိယာ မူလက တယောသည် ယနေ့ကျွန်ုပ်တို့ အသုံးပြု နေကြသော တယောလောက် သာယာနာပျော်ဖွယ်ရှိသောအသံ ကိုမပေးနိုင်ချေ။ သို့ရာတွင် ခရစ် ၁၆ဝဝ ပြည့်နှစ်လောက်က ပေါ်သောတယောလုပ်သမား နိကိုလော အားမားတီနှင့် အန်တိုး နီးယပ် စထရား ဒီဗဲရီယပ်တို့ လက်ရာကောင်းခြင်းကြောင့်၊ ယခုအခါ တယောသံသည် အလွန်သာယာ နာပျော်ဖွယ်ရှိလေ သည်။ တယောလုပ်ရာ၌ လက်ရာကောင်းသဖြင့် နာမည်ကျော် ကြားသော အခြားပုဂ္ဂိုလ်မှာ ဂျူဇက်ပေ ဂွါနိယဲရီဖြစ်လေ သည်။


တရာသံကောင်းမကောင်းမှာ အသုံးပြုသော သစ်သား အပေါ်၌တည်သည်။ တယောလုပ်ရန် သစ်သားကို အသားသေ အောင် နှစ်ချို့ထားရသည်။ သစ်သားအမျိုးအစားကိုလည်း အထူးရွေးချယ်ရသည်။ သို့မှသာလျှင် တယောလုပ်ရာ၌ပါဝင် သော သစ်သားအစိတ်အပိုင်းတို့သည် ခုံးခြင်း၊ အက်ခြင်း၊ လိမ်ခြင်း၊ ကွဲခြင်းမဖြစ်ဘဲ ရှိနိုင်သည်။ တယောလုပ်ရာ၌ သစ်သားအစိတ်အပိုင်း အမျိုးပေါင်း ၇ဝ ကျော်မျှဖြင့် ပြုလုပ် ရသည်။ လိုရာပုံစံ အတိုင်း သစ်သားကို ခွဲခြမ်းစိတ်ဖြာ၍၊ အပိုင်းအစတို့ကို အံကျအောင် ကော်ဖြင့်ဆက်စပ်ရသည်။ အပြီးသတ်၌ တယောကို အရောင်တင်ပေးရသည်။


တယောတွင် ပါဝင်သော အစိတ်အပိုင်းတို့တွင် အရပ် စကားဖြင့် တယောအိုးဟုခေါ်သော ကိုယ်ထည်သည် အရေး အကြီးဆုံးဖြစ်သည်။ တယောကိုယ်ကို ပါးလွှာသောပျဉ်ပြားဖြင့် ပြုလုပ်ရသည်။ တယောကိုယ်၌ ကျောပိုင်းနှင့် ဝမ်းပိုင်းဟူ၍ ရှိသည်။ ထိုကျောပိုးနှင့်ဝမ်းပိုက်ကိုဘေးပတ်လည်၌ သစ်သား ဘောင်ဖြင့် ဆက်စပ်ထားလေရာ၊ ထိုဘောင်ကို ဘေးပတ်ဟု ခေါ်သည်။ ပျဉ်နှစ်ချပ်ကို အရှည်လိုက်စပ်၍ ကျောပိုင်းကိုလုပ် ရမြဲ ဖြစ်သည်။ သို့သော် တစ်ခါတစ်ရံ ပျဉ်တစ်ချပ်တည်းနှင့် စပ်၍ လုပ်သည်လည်း ရှိသည်။


တယော၌ သေးသွယ်သော လည်တံရှိ၏။ လည်တံအထက် ပိုင်း၌ အောက်ဖက်သို့ အနည်းငယ်ကော့၍ ဆင်းသော ခေါင်း ပိုင်းရှိသည်။ ထိုခေါင်းပိုင်း၏ ဘေးတစ်ဘက် တစ်ချက်တွင် အပေါက်နှစ်ခုစီရှိရာ၊ ပေါင်းလေးပေါက်ဖြစ်သည်။ ထိုလေး ပေါက်တွင် သော့ဟူသော တယောကြိုးချည်တံ လေးခုရှိသည်။ လည်တံထိပ်မှစ၍ ဝမ်းပိုက်၏ သုံးပုံတပုံကျော်ထိ ရောက်၍၊ ရှည်လျားသော လက်ပေါက်ပျဉ်သည် ဝမ်း၌ကပ်လျက်တည်ရှိ သည်။ ကိုယ်ထည်၏ ခါးလယ်မှာ အတွင်းသို့ ဝိုက်နေသည်။ ဝိုက်နေသော နှုတ်ခမ်းတစ်ဘက် တချက်တွင် သံချိတ်သဏ္ဍန် လေပေါက်တစ်ပေါက်စီရှိသည်။ ဝမ်းပိုက်၏ အဆုံးပိုင်းတွင် ကိုယ်ထည် သုံးပုံတစ်ပုံ နီးပါးမျှ ရှည်သော မြီးပိုင်းရှိသည်။ မြီးပိုင်းနှင့်လက်ပေါက်ပျဉ်အကြားတွင် ကြိုးခုံရှိသည်။သော့ လေးချောင်းမှစ၍ချည်လိုက်သောတယောကြိုးလေးချောင်းသည် လက်ပေါက်ပျဉ် တစ်လျှောက် ဆင်းသွားပြီးလျှင်၊ ကြိုးခုံကို ကျော်ကာ မြီးပိုင်း၌ တစ်ဖန်ချည်လျက်သားရှိရသည်။အသံ အတင်းအလျော့ လိုရာကို သော့လှည့်ကာ ကြိုးညှိပေးရ သည်။


တယောကိုယ်ထည်အတွင်း၌ အသံဩဇာဖြစ်စေသော အသံ ထောက်ပါရှိသည်။ ထိုအသံထောက်သည် ကြိုးခံညာဖက် အောက်နားတွင်ရှိ၍၊ ဝမ်းပိုက်နှင့်ကျောကို အံကျအောင် ထောက်လျက်ရှိသည်။ အသံထောက်ကို နေရာအတိအကျ ထောက်မထားလျှင်၊ တယောသံပျက်သည်။


ရှေးအခါက တယောကြိုးများကို သိုးအူနှင့် အခြားတိရစ္ဆာန် အူတို့ဖြင့် ပြုလုပ်ခဲ့ကြ၏။ သို့သော် ကာလပေါ်တယောများ၌ ကား ပထမကြိုးကို သတ္တုဖြင့်ပြုလုပ်ကြသည်။ တတိယနှင့် စတုတ္ထကြိုးကို၎င်း၊ ရံဖန်ရံခါ ဒုတိယကြိုးကို၎င်း၊ ငွေနန်း ကြေးနန်း ဒန်သတ္တုနန်းဖြင့် ကွပ်ထားသော တိရစ္ဆာန်အူကြိုး ဖြင့်ပြုလုပ်ကြသည်။


တယောကို ထိုးတံဖြင့် ထိုးရ၏။ ထိုးတံသည် ၂၇ လက်မ ခန့်ရှည်၏။ ထိုးတံ၌ မြင်းမြီးမျှင်ပေါင်း ၁၅ဝ ခန့်ကိုစုစည်း၍ ဆွဲချည်ထားသည်။ ယခုခေတ်သုံး ထိုးတံကို ဖရန်ဆွာတူးအတ် ဆိုသူ ပြင်သစ်လူမျိုးတစ်ဦးက ခရစ် ၁၇ဝဝ ပြည့်နှစ်နောက် ပိုင်းတွင် တီထွင်ခဲ့သည်။ ထိုတီထွင်ချက်ကြောင့် ရှေးက ထိုးတံ ကို ခပ်ကွေးကွေး ပြုလုပ်ကြသော်လည်း၊ ယခုအခါ ထိုးတံကို ခပ်စန့်စန့်ပြုလုပ်ကြသဖြင့်၊ အနည်းငယ်ရှည်လျား ပေါ့ပါး လာ လေသည်။


တယောထိုးရာ၌ တယောမြီးပိုင်းကို ဗယ်ပခုံးပေါ်တွင်တင်၍ မေးဖြည့်ည|ပ်ပြီးလျှင်၊ ဗယ်ဖက်လက်သည် လက်ပေါက်ပျဉ်ကို တယော၏ လည်တံအောက်မှလျှို၍ ကိုင်ရသည်။ လက်လေး ချောင်း၏ထိပ်သည် ကြိုးလေးချောင်းကို လိုရာ၌နှိပ်ပေးရသည်။ လက်မမှာ ထိန်းရုံသာ ထိန်းပေးရ၏။တယောထိုးတံကိုကြိုးခုံ ရှေ့ တစ်လက်မခန့်တွင် ကြိုးခုံနှင့် မျဉ်းပြိုင်ထားကာ တယော ကြိုးပေါ်တင်၍ ရှေ့တိုးနောက်ငင်ဆွဲရသည်။ထိုအခါထိုးတံ၏ မြင်းမြီးသည် ကြိုးဖြင့်ထိ၍ အသံထွက်လေသည်။


တူရိယာသံစုံ တီးဝိုင်းကြီးများတွင် တယောထိုးသူသည် ခေါင်းဆောင်ဖြစ်သည်။ထိုတူရိယာသံစုံတီးဝိုင်းတဝိုင်းလုံးကိုမူ အသံ အကျယ်အတိုး အနှေးအမြန် စသည်တို့၌တူရိယာသမား များအားလုံး သဘောပေါက်အောင် နည်းပြရသော စည်းပြ ခေါင်းဆောင်က ခေါင်းဆောင်ပြုရ၏။

တပင်တိုင်အတီးဖက်တွင် တယောသည် ခေတ်အစားဆုံး တူရိယာဖြစ်၍၊ ကြိုးတပ်တူရိယာများတွင်လည်းမူလဘူတဖြစ် ၏။ ရိုးရာဂီတတို့ကိုတီးမှုတ်ရာ၌ တယောသည်အဓိကဖြစ်၏။ သို့ရာတွင် ယခုခေတ် ကာလပေါ် ကပွဲတီးဝိုင်းများ၌မူကား၊ တယောကို များစွာမသုံးကြချေ။ အဘယ်ကြောင့်ဆိုသော်၊တယော သည် ရှေးခေတ်ရိုးရာဂီတဆိုင်ရာ ရိုးရာယဉ်ကျေးမှုတို့ကို ဖော် ထုတ်ပေးရာ၌ အဓိကဖြစ်သောကြောင့်တည်း။


တယောကို နှစ်ကြာရှည်စွာ အသုံးပြုလေလေ၊ အသံပို၍ကောင်းလေလေဖြစ်၏။နှစ်ချို့တယောတို့သည်အလွန် တန်ဖိုးရှိ၏။ အထက်ကဖေါ်ပြခဲ့သောအားမားတီ၊ စထရားဒီ ဗဲရီယပ်၊ ဂွါနိယဲရီတို့ပြုလုပ်ခဲ့သော တယောများသည်ယခုခေတ် ၌ ပေါင်ထောင်သောင်းများစွာ အဖိုးထိုက်တန်ပေသည်။

အရှေ့တိုင်းနိုင်ငံများနှင့် အစ္စလမ်အယူဝါဒ ထွန်းကားသော နိုင်ငံများတွင် တယောများသည် လည်တံရှည်ဟူချင်ဟုခေါ်သော တယောမှာ ဝါးကိုယ်ထည်နှင့် သေးသွယ်သောလည်တံရှိသည်။ ဝါးကိုယ်ထည်၏ တစ်ဘက်ကို အသံအလို့ငှာ မြွေရေခွံဖြင့် ကျက်ထားသည်။ ထိုးတံမှာ တယောနှင့်သီးခြားမဟုတ်၊ တယော ကြိုးဖြင့် ထွေးရောယှက်တင် ဆက်ထားသည်။ ဂျပန်တယောမှာမူ ကြိုးသုံးချောင်းတပ်သော ကိုကျူခေါ် တယောဖြစ်၏။ မလ္လာယု ကျွန်းဆွယ်နှ်င့် ဗာလီကျွန်းတို့တွင် အုတ်မှုတ်ခွံကို သားရေဖြင့် ကျက်ထားသော ကိုယ်ထည်တွင် လည်တံရှည်တပ်ထားသော တယောကို အသုံးပြုလေ့ရှိကြသည်။ ယင်းတယောမျိုးတွင် အလွန် ရှေးကျသော တယောတို့၌ တယောကြိုးတစ်ချောင်းသော်၎င်း၊ နှစ်ချောင်းသော်၎င်း ပါ၏။ အိန္ဒိယနိုင်ငံရှိ ဇာတ်နိမ့်သူ လူမျိုး တို့ အသုံးပြုသော တယောမှာမူ၊ ကိုယ်ထည်၏ကျောဖက်၌ လုံးဝန်း၍၊ ဝမ်းဖက်တွင် ခွက်နေပြီးလျှင်၊ အသံအလို့ငှာ သား ရေဖြင့် ကျက်ထားသည်။ အချို့တယောတို့၌ တယောကြိုးသုံး လေးချောင်းကို ထုံးစံအတိုင်း တပ်ထားသည့်အပြင်၊ တယော ဝမ်းပိုက်တွင် ကြိုးအပိုများမြုပ်၍ထည့်ထားသည်။ သဘောမှာ မူလကြိုးမှ ထွက်ပေါ်လာသော အသံအလိုက် အပိုကြိုးများက မြည်ဟည်းစေရန်ဖြစ်လေသည်။ အချို့တယောတို့မှာ ကိုယ်ထည် သည် ပုလင်းပုံသော်၎င်း၊ ပန်းသီးပုံသော်၎င်း ရှိကြသည်။


မြန်မာနိုင်ငံ၌ကား တယောတူရိယာကို ကုန်းဘောင်ခေတ် တွင် သုံးစွဲတီးမှုတ်ကြောင်း အစောဆုံးတွေ့ရှိရ၏။တယောပြား နှင့် အုန်းမှုတ်တယောဟူ၍ နှစ်မျိုးရှိ၏။ ကုန်းဘောင်ခေတ် တယောများကား ရှေးမြန်မာ တယောစစ်စစ်များ ဖြစ်ကြ၍၊ ကြိုး သုံးချောင်းတပ်ဆင်ထား၏။ တယောထိုးနည်းမှာလည်း အနောက် နိုင်ငံ တယောများ ထိုးနည်းအတိုင်းမဟုတ်ဘဲ၊ တယောခေါင်းကို အပေါ်ထောင်လျက် ထိုးကြသည်။ တယောကြိုးများကို မြင်းမြီး၊ တိရစ္ဆာန်အူ၊ ပိုးကြိုများဖြင့်ပြုလုပ်၏။ ရှေးမြန်မာ တယောပြား ကို မွန်လူမျိုးများ၏ တီးဝိုင်းတွင် ယနေ့တိုင် တွေ့မြင်နိုင်သေး သည်။ အုန်းမှုတ်တယောကိုကား ရှမ်းပြည်နယ် အချို့အရပ်ဒေသ များတွင် ယနေ့တိုင်တွေ့မြင်နိုင်လေသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)