အသင်္ကိယဇာတ်

ဝီကီပီးဒီးယား မှ

ဧကကနိပါတ် - ၈။ ဝရုဏဝဂ် -၇၆ - အသင်္ကိယဇာတ်။ ။ ဗြဟ္မဝိဟာရတရား နေ့ညမပြတ် အားထုတ်နေသဖြင့် ကုန်သည်များ ခိုးသားဘေးမှ ကင်းရသော ရသေ့အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

ကိုယ်ကျင့်ပြည့်စုံ များလုံခြုံ[ပြင်ဆင်ရန်]

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိမြို့နေ သောတာပန် သီတင်းသည်တစ်ယောက် ရှိလေ၏။ ထိုသီတင်းသည်သည် တစ်စုံတစ်ရာ ပြုဖွယ်ကိစ္စဖြင့် လှည်းကုန်သည်တို့နှင့် ခရီးသွားသည်ရှိသော် လှည်းကုန်သည်တို့သည် တောတစ်ခုဝယ် လှည်းတို့ကိုချွတ်ကာ လှည်းစခန်းချကြကုန်၏။ သီတင်းသည်လည်း ညည့်အခါ သစ်ပင်ရင်း တစ်ခုဝယ် ညဉ့်သုံးယံပတ်လုံး စင်္ကြံသွားကာနေ၏။

လှည်းကုန်သည်တို့ကို လုယက်မည်လာသော သူခိုးငါးရာတို့သည် သီတင်းသည် အိပ်လိမ့်နိုး စောင့်နေရာ တစ်ညဉ့်လုံး မအိပ်သဖြင့် မလုယက်နိုင်ဘဲ ပြန်ကြရကုန်၏။

ကိုယ်ကျိုးစောင့်က သူလည်းရ[ပြင်ဆင်ရန်]

ထိုသီတင်းသည် ပြုဖွယ်ကိစ္စပြီး၍ သာဝတ္ထိပြည်သို့ ပြန်ရောက်လျှင် မြတ်စွာဘုရားထံရောက်၍ “အရှင်ဘုရား ... မိမိကိုယ်ကို စောင့်ရှောက်သောသူမှာ သူတစ်ပါးကိုလည်း စောင့်ရှောက်သည် မည်ပါသလော၊ သူတစ်ပါးကို စောင့်ရှောက်သော သူသည်လည်း မိမိကိုယ်ကို စောင့်ရှောက်သည် မည်ပါသလော” ဟု လျှောက်ထားလေ၏။

မြတ်စွာဘုရားလည်း သီတင်းသည် ... နှစ်ပါးစုံ စောင့်ရှောက်သည် မည်ကြောင်းကို မိန့်တော်မူလျှင် “အရှင်ဘုရား ... မှန်ပါ၏၊ တပည့်တော် လှည်းကုန်သည်များနှင့် လိုက်သွားရာ ညဉ့်အခါ သစ်ပင်ရင်း၌ စင်္ကြံသွားကာ မိမိကိုယ်ကို စောင့်ရှောက်ရာ သူခိုးငါးရာတို့ မလုယက်နိုင်ဘဲ ပြန်ကြရသဖြင့် သူတစ်ပါးကိုလည်း စောင့်ရှောက်သည်မည်ကြောင်း” ကို လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားသည် “သီတင်းသည် ... ရှေးပညာရှိတို့သည် မိမိကိုယ်ကို စောင့်ရှောက်ကာ သူတစ်ပါးကို စောင့်ရှောက်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

ကုန်သည်နားကြ လှည်းဝိုင်းချ[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်ရောက်သောအခါ ရသေ့ရဟန်း ပြုပြီးလျှင် ဟိမဝန္တာ၌ နေလေ၏။

တစ်နေ့သ၌ ချဉ်၊ ဆား မှီဝဲရန် အလို့ငှာ ထိုထို ဇနပုဒ်သို့ ဒေသစာရီ လှည့်လည်သည်ရှိသော် လှည်းကုန်သည်များနှင့် ကြုံကြိုက်၍ အတူတကွသွားရာ လှည်းကုန်သည်တို့သည် တောအုပ်တစ်ခု၌ လှည်းတို့ကိုဖြုတ်ကာ လှည်းစခန်းချကြလေ၏။

ရသေ့လည်း လှည်းတို့အနီးဝယ် ဈာန်ချမ်းသာဖြင့် နေပြီးလျှင် သစ်ပင်ရင်းတစ်ခုဝယ် စင်္ကြံသွားကာ ဆောက်တည်လျက် နေလေ၏။ ထိုအခါ သူခိုးငါးရာတို့သည် လှည်းကုန်သည်တို့ ညစာထမင်းစားစဉ် လုယက်မည်ဟု လာ၍ လှည်းတို့ကို ဝန်းရံကြကုန်၏။

သူခိုးတို့ပြေး သတိပေး[ပြင်ဆင်ရန်]

သူခိုးတို့လည်း သစ်ပင်ရင်းဝယ် စင်္ကြံသွားနေသော ရသေ့ကို မြင်လျှင် လှည်းကုန်သည်တို့ကို ပြောကြားပေလိမ့်မည်ဟု ကြံစည်ကာ ရသေ့ အိပ်ခြင်းကိုသာ စောင့်ဆိုင်း၍နေကြကုန်၏။

ရသေ့လည်း တစ်ညဉ့်ပတ်လုံး စင်္ကြံသွားလေ၏။ ထိုအခါ သူခိုးတို့သည် လုယက်ခွင့် မရတော့ဘဲ ဆောင်ယူခဲ့သော လက်နက်တို့ကို စွန့်ပစ်ကာ “အို လှည်းကုန်သည်တို့ ... သစ်ပင်ရင်းတွင် စင်္ကြံသွားနေသော ရသေ့မြတ်မရှိပါမူ သင်တို့ ပစ္စည်းတွေကို လုယက်ယူကာ သင်တို့ ပျက်စီးကြရာသည်၊ သို့အတွက် နက်ဖြန် ရသေ့မြတ်ကို ပူဇော်သက္ကာရ များများပြုကြကုန်” ဟု ဟစ်အော်ကာ သွားကြကုန်၏။

ဘေးရန်ကင်းရ တရားပြ[ပြင်ဆင်ရန်]

လှည်းကုန်သည်တို့သည် နံနက်လင်းသောအခါ သူခိုးတို့ စွန့်ပစ်ခဲ့သော လက်နက်တို့ကို မြင်သဖြင့် ကြောက်ရွံ့ကာ ရသေ့ထံလာကြ၍ ရှိခိုးပြီးလျှင် “အရှင်ဘုရား ...သူခိုးတို့ကို မြင်ပါသလော” ဟု လျှောက်ကြ၏။ “ဒါယကာတို့ .... မြင်ပါသည်” ဟု ပြောသောအခါ၊ “အရှင်ဘုရား ... ဤမျှ များပြားသော သူခိုးတို့ကို မြင်ပါလျက် မကြောက်ရွံ့ပါသလော” ဟု လျှောက်ကြရာ “ဒါယကာတို့ ... သူခိုးတို့ကိုမြင်၍ ဥစ္စာရှိသူတို့သာ ကြောက်ရွံ့ခြင်း ဖြစ်ကြသည်၊ ငါ့မှာ ဥစ္စာမရှိသဖြင့် အဘယ်မှာ ကြောက်ရွံ့ခြင်းဖြစ်မည်နည်း၊

“အို ဒါယကာတို့ ... ငါ့မှာ ရွာ၌ လည်းကောင်း၊ တော၌ လည်းကောင်း ကြောက်ရွံ့ ထိတ်လန့်ခြင်းမရှိ၊ မေတ္တာ ကရုဏာ ဗြဟ္မဝိဟာရတရားကို ပွားများကာ ဗြဟ္မာပြည်သို့ ဖြောင့်ဖြောင့်သွားနေသူ ဖြစ်သည်” - ဟု ဒါယကာတို့အား တရားဟောလေ၏။ ဒါယကာ တို့လည်း နှစ်သက်ဝမ်းမြောက်ကြ၍ အရိုအသေပြုကာ ပူဇော်ကြကုန်၏။ ရသေ့လည်း သေသည့်အခြားမဲ့၌ ဗြဟ္မာ့ပြည်သို့ လားရ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ လှည်းကုန်သည်များသည် - ယခုအခါ ငါဘုရားပရိသတ်။

ရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) ဥစ္စာမဲ့ပြန်၊ သူခိုးရန်၊ ဧကန်မကြောက်ပေ။

(၂) မေတ္တာ, ကရုဏာ၊ ပွားများပါ၊ ကြောက်ရာမရှိပေ။

အသင်္ကိယဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ